ယွင်ချွဲ
Vol. 92 Ch. 1282
ငါးထောင့်ကြယ် ဒေသ၏ အပြင်ဘက်၊ နတ္ထိ ဟင်းလင်းပြယ် ကျယ်ကြီး၏ နယ်နိမိတ် တစ်နေရာတွင် အာကာသမှာ လှိုင်းများဖြင့် အဆက်မပြက် ပုံပျက် နေခဲ့၏။ ၎င်းတို့မှာ အချိန်နှင့် အမျှ ပိုမို၍ ပြင်းထန် လာနေကာ အဆုံးသတ်တွင် ပွက်ပွက်ဆူသည် အထိ ဖြစ်လာခဲ့သည်။
ပွက်...
မကြာခင်မှာပင် ကမ္ဘာလောကအား ကွေးညွှတ်သွားစေသည့် အင်အားနှင့် ထက်ရှသော အရာ တစ်ခုမှာ လှိုင်းများ၏ အလယ်မှ ဖောက်ထွက်လာခဲ့၏။ ၎င်းသာ ထုထည် ကြီးမားလှသည့် သံထည် တစ်ခုနှင့် တူသည်။ အနားသတ်ရုံ သွန်းလောင်းထားခြင်းကြောင့် ၎င်းကို ဓားဟု သတ်မှတ်ဖို့ပင် အလွန် ခက်ခဲလှသည်။ သို့သော်လည်း... ထိုသံထည်မှာ နှိုင်းယှဉ်၍ မရနိုင်လောက်သည့် ထက်ရှမှု အရှိန်အဝါများကို ထုတ်လွှတ် နေခဲ့၏။
ထိုအရာ ထွက်ပေါ်လာသည့် အခိုက်၌ လှိုင်းများမှာ ပိုမို၍ ပွက်ပွက်ဆူလာကာ ပတ်ဝန်းကျင် မန်နာများမှာလည်း ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် တွင်းကြီး တစ်ခုကို တွေ့မြင်လိုက်ရသည့် အလား အရှိန်အဟုန်နှင့် တိုးဝင် လာကြ၏။ အချိန်နှင့် အမျှ သံထည်ကြီး၏ ပုံပန်း သဏ္ဌာန်က ပိုမို၍ ပီပြင်လာကာ အလွန် ကြီးမားလှသည့် ဓားကြီး တစ်စင်းနှင့် ဆင်တူသော အစိတ်အပိုင်းများအဖြစ် ထုဆစ်လာခဲ့သည်။
ဟူး...
လေးပင်သည့် အသက်ရှူသံများနှင့် အတူ အနက်ရောင် ဝတ်စုံဝတ်၊ မျက်နှာဖုံးတပ် ပုံရိပ် တစ်ခုမှာ ဓားကြီးနှင့် ယှဉ်တွဲ၍ ထွက်ပေါ်လာခဲ့သည်။ သူက ဓားအရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခြင်း ဖြစ်ကာ ရင်ဘတ်မှာ အပေါ်အောက် ပြင်းထန်စွာ လှုပ်ရှားနေ၏။
ဟူး...
လေးပင်သည့် အသက် ရှူသွင်း၊ ရှူထုတ်မှုများ အပြီးတွင် ပုံရိပ်မှာ တည်ငြိမ်မှုကို ပြန်လည် ရရှိသွားခဲ့သည်။ ထို့နောက် သူက ဓားကို လက်ထဲတွင် ကိုင်ရင်း အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပျံသန်း သွားခဲ့လေသည်။ ထိုကဲ့သို့ ပျံသန်းရင်း သူက ငါးထောင့်ကြယ် ဒေသကို လှမ်ကြည့်လိုက်၏။
အရာရာက အပြောင်းအလဲ မြန်ဆန်လွန်းလှသည်။ အရိပ်ဥများမှာ သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်သလို မြေကြီး ရှန့်ထိုများမှာလည်း ဖမ်းဆီး ခံလိုက်ရလေပြီ။ အစစ်အမှန် မွေးဖွားခြင်းမှာ ဆက်လက် တည်မြဲနေဆဲ ဖြစ်သည့်တိုင် အရင်းအမြစ်ပေါင်း များစွာ အသုံးပြု၍ တည်ဆောက်ခဲ့ရသော တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကတော့ ဖျက်ဆီးခံလိုက်ရပြီဟုပင် ဆိုနိုင်ပေသည်။
“အားလုံးက သေမျိုး တစ်ယောက်ကြောင့်ပဲပေါ့...”
ပုံရိပ်က သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်၏။
“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေရာမှာ ဆက်နေလို့ ငါ့အတွက် ဘာအကျိုးအမြတ်မှ မရနိုင်တော့ဘူး... ငါ ရထားတဲ့ သတင်းတွေ အရဆိုရင် သူတို့က အဖွဲ့ဝင်တွေကို လျှို့ဝှက် ကျိန်စာနဲ့ ထိန်းချုပ်ဖို့ ကြိုးစားလာနေကြပြီ တဲ့... ဒီမှာ ဆက်နေရင် ငါ့ရဲ့ သရုပ်မှန်က ပေါ်သွားနိုင်တယ်... ဟူး... ဘယ်လောက်တောင် ကံဆိုးလိုက်လဲ... အစစ်အမှန် မွေးဖွားခြင်းက အမှိုက် အဖွဲ့အစည်း ဆိုပေမဲ့ သူတို့ရဲ့ ဆုချီးမြှင့်တဲ့ စနစ်ကတော့ လုံးဝ ထိပ်တန်း အဆင့်ပဲ”
ပုံရိပ်က လက်ကို ဆန့်ထုတ်ကာ မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ အိုမင်းရင့်ရော်နေသည့် မျက်နှာ တစ်ခု ပေါ်လွင် လာခဲ့သည်။ ထိုမျက်နှာမှာ ပိန်လှီလှကာ မေးရိုးများက အထင်းသား ပေါ်နေသည်။ မျက်နှာ အောက်ပိုင်း တစ်ဝိုက်တွင် မဲနက်သည့် သွေးကြောများက နေရာယူထား၏။ သူ၏ ပါးလွှာသည့် နှုတ်ခမ်းများက လှုပ်ရှားသွားကာ မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီခွေးသားက မိန်းမတွေကို အရသာခံတတ်တဲ့ နေရာမှာတော့ တော်တော် တော်တယ်”
အကယ်၍ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်များသာ ထိုလူအိုကြီးကို တွေ့ပါက သူတို့၏ အကြီးအကဲ တစ်ဦး ဖြစ်သည့် ရွှင်ပို ဖြစ်ကြောင်း မှတ်မိကြလိမ့်မည် ဖြစ်သည်။
ရွှင်ပို...
ရွှင်ပိုမှာ အံ့အားသင့်ဖွယ် ကောင်းအောင် ပြန်လာနိုင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ့ဘဝတွင် လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချရာ၌ တစ်ခါ ကျရှုံးခဲ့ဖူးသည်။ သို့သော်လည်း... ရွှင်ပိုမှာ ဘယ်တော့မှ အားမလျှော့ခဲ့ချေ။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျရှုံးခဲ့ပြီး နောက်တွင်မှ အဆုံးစွန်သော အားထုတ်မှု၊ အစစ်အမှန် မွေးဖွားခြင်း၏ အထောက်အပံ့များနှင့် အတူ ဒုတိယမြောက် အဆင့်ထံ တက်လှမ်းနိုင်ခဲ့သည်။
ကပ်ဘေးအား ဒုတိယ အကြိမ်မြောက် စိန်ခေါ်နိုင်ရန် အတွက် ရွှင်ပိုမှာ သူ၏ သက်တမ်းကို မရမက ဆွဲဆန့်ခဲ့သည်။ သူက လူသားနှင့် သားရဲတို့၏ သွေးအမတေများကို သုံးကာ မိစ္ဆာ နည်းလမ်းများကိုပင် ကျင့်ကြံခဲ့သည်။ သို့သော်လည်း... ကပ်ဘေးအား အောင်မြင်ခဲ့ပြီး နောက်တွင် ရွှင်ပိုမှာ အစစ်အမှန် မွေးဖွားခြင်း၏ သစ္စာရှိ နောက်လိုက် တစ်ယောက် ဖြစ်လာခဲ့သည်။ အရိပ်ဥ တစ်ခုထဲတွင် မြင့်မားသည့် အဆင့်အတန်း တစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ရွှင်ပို၏ နောက်ထပ် အစီအစဉ်က သားကောင် တစ်ယောက်ထံမှ ရရှိထားသော ရှေးဟောင်း ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းလမ်းကို သုံးကာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်ရောက်ဖို့ ဖြစ်သည်။ ထိုရည်ရွယ်ချက်အား ပြည့်မှီစေရန် အတွက် သူ နှစ်ပေါင်း သုံးထောင် ကြိုးပမ်းခဲ့သည်။ သူက မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... တစ်ချိန်တည်း၌ ခိုင်မာသည့် ကျင့်ကြံခြင်း နှလုံးသားကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့် သက်တမ်း မကုန်ခင် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်ရောက်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။
သို့သော်လည်း ကံဆိုးစွာပင်...
ရွှင်ပိုက သူ့ မျက်နှာထောင့်နားကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် အပေါ်ယံ အရေပြားကို စက္ကူ တစ်စလိုမျိုး ဆွဲခွာ လိုက်သည်။
“ဟား...”
မျက်နှာ အသစ်တစ်ခု ပေါ်လာခဲ့သည်။ ထိုမျက်နှာမှာ ချောမောကာ ထက်ရှ၏။ ခပ်ရေးရေး ပေါ်နေသည့် အမာရွတ် တစ်ချို့က ရဲရင့်သည့် စစ်သူရဲ တစ်ယောက် အလား သူ့ ခန့်ညားမှုကို ပိုမို ထင်ရှားစေသည်။ သူက ခပ်တိုတို အနက်ရောင် ဆံပင်နှင့် ဓားသွားအလား မျက်ခုံးများကို ပိုင်ဆိုင်ထား၏။ သူ၏ စူးရှသော မျက်ဝန်းများ အတွင်းတွင်တော့ မိစ္ဆာ အလင်းတန်း တစ်ချို့ ရှိနေခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ အခြားလူ မဟုတ်...။ ယနေ့ထိတိုင် ဝေ့ဝူယင် ဆက်လက် ရှာဖွေနေခဲ့သည့် မိစ္ဆာ ကောင်းချီးခံ တစ်ဖြစ်လည်း ယွင်ချွဲပင် ဖြစ်လေသည်။
“ဘာပဲ ဖြစ်ဖြစ်လေ...”
ယွင်ချွဲက ငါးထောင့်ကြယ်ဘက်ကို နောက်ဆုံး အနေဖြင့် တစ်ချက် လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။
“အနည်းဆုံးတော့ အကျိုးရှိခဲ့ပါတယ်”
ယွင်ချွဲမှာ ရွှင်ပိုကို သတ်ဖြတ်ကာ သူ့ နေရာကို ယူထားခဲ့ခြင်း ဖြစ်သည်။ ရွှင်ပိုနှင့် တိုက်ပွဲမှာ သူ့ အတွက် အလွန် ခက်ခဲခဲ့ပေသည်။ သူက ယွင်ချွဲ ဘဝတွင် ရင်ဆိုင်ဖူးသမျှ အစွမ်း အထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည်။ ရွှင်ပိုမှာ သန်မာရုံမျှသာ မကချေ။ သူ၏ နည်းလမ်းများမှာ သာမန် ကျင့်ကြံသူများနှင့် ခြားနား လှပေသည်။ တိုက်ပွဲအတွင်း ထိုခွေးသားမှာ လွတ်မြောက်လုနီးနီး အထိ ဖြစ်သွားခဲ့သေးသည်။ ယွင်ချွဲမှာ သူ့ကို သတ်ဖြတ်ရန် အတွက် တစ်လနီးနီး အမဲလိုက်ခဲ့ရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုက်တန်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ရွှင်ပိုထံမှ လွတ်မြောက်ရေး နည်းလမ်းများ၊ အစီအရင်များနှင့် ထူးဆန်းသော ကျင့်စဉ်များစွာကို ယွင်ချွဲ လက်ခံ ရရှိခဲ့သည်။ ဆင့်ကဲ ပြောင်းလဲကာ သူ ပြန်လည် ကျင့်ကြံနိုင်ခဲ့သည်။ ထိုကျေးဇူးကြောင့်ပင် ခက်ခဲသော တိုက်ပွဲများ အတွင်းမှ သူ အလွယ်တကူ လွတ်မြောက်နိုင်ခဲ့သည်။
သူ တပ်ခဲ့သည့် မျက်နှာဖုံးမှာ သာမန် ပစ္စည်း တစ်ခု မဟုတ်ချေ။ ချိပ်ပိတ် နယ်မြေ မဖြစ်ပေါ်လာခင် ရှေးဟောင်းခေတ်များတုန်းက ထိပ်သီး လုပ်ကြံသူ တစ်ယောက် သုံးခဲ့သည့် မျက်နှာဖုံး ဖြစ်သည်။ ၎င်းကို မျက်နှာ တစ်ထောင်ဟု ခေါ်၏။ ထိုမျက်နှာဖုံးမှာ ကျင့်ကြံသူ တစ်ယောက်၏ အော်ရာ၊ သက်တမ်း၊ ကျင့်ကြံခြင်း အခြေခံတို့ကို အတိအကျ တူအောင် ဖုံးကွယ်နိုင်စွမ်း ရှိသည်။ ၎င်းက သူ အန္တရာယ်များမှ လွတ်မြောက်ဖို့ ကြိုးပမ်းရာတွင် များစွာ အသုံးဝင်ခဲ့ပေသည်။
မျက်နှာတစ်ထောင် မျက်နှာဖုံးမှာ သူ့ဘဝ၌ ပထမဆုံးသော ကံကောင်းမှု ဖြစ်ခဲ့ပေသည်။ ယခင်တုန်းက ယွင်ချွဲ၏ ဘဝမှာ ကံဆိုး မိုးမှောင်ကျမှု၊ အမုန်းတရား၊ စိတ်ပျက် အားငယ်မှု၊ စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက်နေသည့် ဘဝ တစ်ခု ဖြစ်ခဲ့သည်။ သူ ယခုလို ကျင့်ကြံခြင်း အဆင့်ထိ ရောက်ရှိလာခဲ့သည်မှာ ထိုမျက်နှာဖုံးကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ ထူးဆန်းသည့် ကံကြမ္မာ သင်္ကေတများကို ပိုင်ဆိုင်ထားကာ ကောင်းကင် ပုရောဟိတ်များ၏ ထိုးဖောက် မြင်နိုင်စွမ်းကိုပင် တားဆီးပေးနိုင်သည်။
မျက်နှာတစ်ထောင် မျက်နှာဖုံးအား ယွင်ချွဲ ပထမဆုံး အသုံးပြုခဲ့သူကတော့ သူ့အား အမြဲတမ်း အနိုင်ကျင့်ခဲ့သည့် ဂိုဏ်းအကြီးအကဲ တစ်ဦး အပေါ်တွင် ဖြစ်သည်။ သူတို့၏ ဂိုဏ်းမှာ ယခင် စံနှုန်းများ အရ ငွေအဆင့် အင်အားစု တစ်ခု ဖြစ်လေရာ သူ၏ မွေးရပ်မြေ ကုန်းမြေတိုက်ကြီးထက်၌ အလွန် ကြီးမားသော အင်အားစု တစ်ခုဟု ဆိုနိုင်ပေသည်။
ထို့နေ့၌ အကြီးအကဲမှာ ရန်သူများနှင့် တိုက်ခိုက်ရာမှ ရရှိသော ဒဏ်ရာများနှင့် ကွယ်လွန်သွားခဲ့သည်။ သူ၏ အလောင်းကို ပထမဆုံး တွေ့ခဲ့သူက ဝေရာဝစ္စများအား လုပ်ကိုင်ပေးရသည့် အစေခံ တစ်ဖြစ်လည်း ယွင်ချွဲပင် ဖြစ်သည်။ အလောင်းနှင့် အတူ မျက်နှာဖုံးကိုပါ ယွင်ချွဲ ရရှိခဲ့သည်။
အကြီးအကဲမှာ ထိုမျက်နှာဖုံးကို ရယူဖို့ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့သည်ဟု ယူဆနိုင်ပေသည်။ ပထမ၌ ယွင်ချွဲမှာ အကြီးအကဲ၏ ပိုင်ဆိုင်မှုများထဲမှ အမတေ ကျောက်တုံးများကို ဝှက်ထားခဲ့ပြီး နောက်မှ သေဆုံးမှုကို ဂိုဏ်းထံ အကြောင်းကြားဖို့ စဉ်းစားခဲ့သည်။ သို့သော်လည်း... မျက်နှာဖုံးမှာ အမှတ်မထင်ပင် အကြီးအကဲ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စုပ်ယူသွားခဲ့သည်။ ယွင်ချွဲတစ်ယောက် အံ့သြ ထိတ်လန့် တုန်လှုပ်မိသည့်တိုင် တစ်စုံတစ်ရာ၏ စေ့ဆော်မှုဖြင့် ထိုမျက်နှာဖုံးကို စွပ်ကြည့်ခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်နှင့် အော်ရာ တစ်ခုလုံးက ထိုအကြီးအကဲအသွင် ပြောင်းလဲ သွားခဲ့သည်။
မကြာခင်မှာပင် ယွင်ချွဲမှာ ထိုအကြီးအကဲ၏ အာဏာ၊ ရာထူးနှင့် လေးစားမှုများကို ရရှိလာခဲ့သည်။ ရတနာများကို ပိုမို လွယ်ကူစွာ ရှာဖွေလာနိုင်ခဲ့သည်။ ထိုအကြီးအကဲ ယခင်က ပြသခဲ့သည့် ခွန်အား ကြောင့်ပင် မည်သူမှ သူ့ကို စိန်မခေါ်ရဲခဲ့ကြချေ။ ဤသို့ဖြင့် ယွင်ချွဲ၏ ဘဝက နေ့ချင်း ညချင်း ပြောင်းလဲလာခဲ့တော့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော် ဆိုသည့် စကား အတိုင်းပင် ယွင်ချွဲ အတွက် ကံဆိုးသည့် နေ့တစ်နေ့ ရောက်ရှိလာခဲ့သည်။ မည်သို့ပင် ဆိုစေ... သူ ထိုအန္တရာယ်များ အတွင်းမှ အကျိုးအမြတ်များစွာနှင့် အတူ အောင်အောင်မြင်မြင် ရုန်းထွက်နိုင်ခဲ့သည်။ အခြားလူများ အဖြစ် ထပ်မံ ဟန်ဆောင်ရင်း သူ နောက်ထပ် အကျိုးအမြတ်များ ရရှိခဲ့သည်။
နောက်ဆုံးသော တစ်ယောက်ကတော့ အစစ်အမှန် မွေးဖွားခြင်း၏ သစ္စာရှင် မိစ္ဆာ ကျင့်ကြံသူ ရွှင်ပိုပင် ဖြစ်လေတော့သည်။
“ငါ ဟင်းလင်းပြင် အမှတ်ကို ရောက်အောင် မြန်မြန်သွားသင့်တယ်”
ယွင်ချွဲက ရေရွတ်လိုက်ရင်း ပျံသန်းနေသည့် အမြန်နှုန်းကို နောက်တစ်ဆင့်သို့ တိုးမြှင်လိုက်လေတော့သည်။
***