← Chapters

လင်းမင်၏ အရှုပ်တော်ပုံ (၂)

Vol. 92 Ch. 1284

လင်းမင်၏ အရှုပ်တော်ပုံ (၂)

Vol. 92 Ch. 1284

“အခြား ဘယ်သူတွေ သိသေးလဲ...”

လင်းရှန်းရှဲ့က စိတ်ကို လျှော့ရင်း မေးလိုက်၏။ လင်းမင် ထန်းရှင်းယွင် အပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကျူးလွန်ခဲ့ကြောင်းကို သူမ သိပေသည်။

ထျန်းရီဝူမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်လောက် ကတည်းက သေပြီဟု သတင်းများ ထွက်နေခြင်း ဖြစ်သည်။ အင်ပါယာ ကလန်မှာ ထျန်းရီဝူကို စုံစမ်းရန် အတွက် အဆင့်မြင့် ကောင်းကင် ပုရောဟိတ်များစွာကို ငှားယမ်းခဲ့သည့် အပြင် အဆုံးမဲ့ ကောင်းကင် နယ်မြေထံမှ ထျန်းရီဝူ တရားဝင် ပျောက်ဆုံးနေသည် ဆိုသည့် ပေါက်ကြားမှုများလည်း ရှိသည်။ အဆုံးမဲ့ ကောင်းကင် အင်ပါယာ ပင်လျှင် ထျန်းရီဝူ သေကြောင်း၊ ရှင်ကြောင်း အတည်မပြုနိုင်ချေ။

အဘယ်ကြောင့်နည်း။

သူ၏ အသက် အဆောင်က ခမ်းခြောက်သွားသောကြောင့် ဖြစ်သည်။ ၎င်းက ကွဲကြေသွားခြင်း မဟုတ်ချေ။ ခမ်းခြောက်သွားခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးက ထူးဆန်းလှလေရာ မသေချာ မရေရာသည့် ဝေဖန်မှု များစွာကို အစပျိုးစေခဲ့သည်။ သူတို့ ကောက်ချက် ချနိုင်သည့် တစ်ခုတည်းသော အရာက ထျန်းရီဝူ တစ်ယောက် ထူးဆန်းသည့် လျှို့ဝှက် နယ်မြေ တစ်ခုထဲတွင် ပိတ်မိနေသည် ဆိုခြင်းပင်။

လင်းမင်က ခေါင်းခါလိုက်၏။

“မသိဘူး... ကျွန်တော်တို့က လွဲရင် အမတင်... လက်ထပ်ပွဲကို ပယ်ဖျက်နိုင်လောက်အောင် သန်မာလာတဲ့ တစ်နေ့ ရောက်တဲ့အထိ အဲဒါကို လျှို့ဝှက်ချက် အနေနဲ့ သိမ်းထားဖို့ ကျွန်တော်တို့ ကျိန်ထားတယ်”

"..."

လင်းရှန်းရှဲ့ လင်းမင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိ၏။ ထျန်းရီဝူနှင့် ထန်ရှင်းယွင်တို့မှာ လက်မထပ်ရသေးသည့်တိုင် လူသိရှင်ကြား စေ့စပ်ထားကြသူများ ဖြစ်သည်။ သူတို့ နှစ်ယောက်၏ စေ့စပ်ပွဲကို အင်ပါယာ ကိုယ်တိုင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားပါက အင်ပါယာ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထို့အပြင်... ပြန်လည် ရောက်ရှိလာခဲ့ပြီ နောက်တွင် ထျန်းရီဝူ၏ အဆင့်အတန်းက အင်ပါယာ ကလန် အတွင်း ယခင်ကထက် ပိုမို၍ မြင့်မားလာခဲ့သည်။ သူက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို အနိုင်ယူကာ ကိုယ့်ကိုယ်ကို သက်သေပြခဲ့သည်။ တစ်နည်းအားဖြင့် ထျန်းရီဝူမှာ နောက်လာမည့် ဧကရာဇ် ဖြစ်ဖို့ပင် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

တကယ့်ကို အဆင်အခြင်မဲ့သည့် ကလေးများပင်။

“ထျန်းရီဝူ ပြန်ရောက်လာတာကို ကြားရင် ထန်ရှင်းယွင်လို ပါးနပ်တဲ့ မိန်းကလေးက ဒီအတိုင်း ငြိမ်နေမှာတော့ မဟုတ်ဘူး... လင်းမင်... နင် ငါ့ကို ပြောသလိုပဲ သူလည်း တူညီတဲ့ ရည်ရွယ်ချက်နဲ့ အခြား တစ်ယောက်ကို ပြောပြလိမ့်မယ်... နင်တို့ကြားမှာ အဆက်အသွယ် ရှိလား”

လင်းရှန်းရှဲ့က ဖြစ်နိုင်ချေ ရှိသည့် ဖြေရှင်းနည်း ထောင်ပေါင်းများစွာကို တွေးတောရင်း လင်းမင်ကို မေးလိုက်၏။

“ရှိပါတယ်”

လင်းရှန်းရှဲ့က လင်းမင်ကို စိုက်ကြည့်လိုက်၏။

“တကယ်လို့ ငါသာ ထန်ရှင်းယွင်ရဲ့ နေရာမှာ ဆိုရင် နင့်ကို ကယ်တင်နိုင်ဖို့က ငါ့ရဲ့ ပထမ ဦးစားပေး ဖြစ်လိမ့်မယ်... အဲဒီ အတွက် ဆိုရင် နည်းလမ်း နှစ်ခုပဲ ရှိတယ်... ပထမ နည်းလမ်းက ငါ့ကိုယ်သာ သတ်သေပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖျက်ဆီး ပစ်လိုက်ဖို့ပဲ... အဲဒါဆိုရင် ဘာ သက်သေ အထောက်အထားမှ ကျန်ခဲ့မှာ မဟုတ်ဘူး”

“ဘာကြီး...”

လင်းမင်၏ မျက်နှာက ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွား၏။ သူ ချက်ချင်းပင် အနီးဆုံး နေရာရှိ ဟင်းလင်းပြင် ဂိတ်တံခါးထံသို့ သုတ်ခြေတင်ဖို့ ပြင်လိုက်သည်။ သူမအား သူ တားဆီးရလိမ့်မည် ဖြစ်သည်။

"စိတ်ကို ငြိမ်ငြိမ်ထား...”

လင်းရှန်းရှဲ့က အော်ဟစ်လိုက်၏။

“ထန်ရှင်းယွင်က အဲဒီလောက်တော့ မိုက်ရူးရဲ မဆန်ဘူး”

“...”

လင်းမင်မှာ မတည်ငြိမ်နိုင်သည့်တိုင် ပြန်လည်၍ ရပ်တန့်လိုက်၏။ လင်းရှန်းရှဲ့ ပြောသည့် ဒုတိယမြောက် နည်းလမ်းကို သူ ကြားချင်သေးသည်။

“ထန်ရှင်းယွင်ရဲ့ ဉာဏ်ရည် အရ ဆိုရင် သူလည်း နင့်လိုပဲ လူမှုရေး ကိစ္စတွေမှာ ပိုပြီး အတွေ့အကြုံ ရှိတဲ့၊ အကြံဉာဏ်ပေးနိုင်တဲ့ လူတစ်ယောက်ကို ရှာလိမ့်မယ်... ငါ့ အထင် ပြောရရင် ဒုတိယမြောက် တစ်ခုကိုပဲ သူ ရွေးလိမ့်မယ်”

“ဒုတိယ ရွေးချယ်မှုက ဘာလဲ...”

လင်းမင်က မစောင့်နိုင်တော့ဟန်ဖြင့် မေးလိုက်၏။

“အခြားနည်းလမ်း မရှာနိုင်သေးတဲ့ အချိန် အထိ ဖုံးကွယ်ထားဖို့ပဲ”

လင်းရှန်းရှဲ့က နိဂုံးချုပ် လိုက်၏။ ထိုအရာက တိုတောင်းသည့် အချိန်တစ်ခု အတွင်း အကောင်းဆုံး စဉ်းစား၍ ရနိုင်သည့် အဖြေတစ်ခု ဖြစ်သည်။

“ဖုံးကွယ်ထားဖို့...”

လင်းမင် မျက်မှောင်ကြုတ်လိုက်၏။ ချစ်သူ နှစ်ယောက် အကြားမှ ချစ်ခြင်း မေတ္တာကို အခြားလူများ မမြင်အောင် ဖုံးကွယ်ထားရတာ ခံပြင်းစရာ ကောင်းလွန်းလှသည်။ သို့သော်လည်း... အချစ်တစ်ခုတည်း အတွက် ဂိုဏ်းနှင့် မိသားစု ပျက်စီးရမည့် အဖြစ်မျိုးကို တွန်းပို့ရလောက်အောင်လည်း လင်းမင် တစ်ကိုယ်ကောင်း မဆန်ပါချေ။

“စီနီယာ အမ... သူ ဘာလုပ်မယ် ထင်လဲ”

လင်းမင်က သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။

"..."

လင်းရှန်းရှဲ့က ဘာမှ ပြန်မဖြေပဲ တိတ်ဆိတ် ငြိမ်သက် နေခဲ့လေတော့သည်။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ အဆုံးမဲ့ ကောင်းကင်ထံ ဦးတည် သွားနေသည့် ထန်ကလန်၏ ဟင်းလင်းပြင် သင်္ဘောထက်၌ ပုံရိပ်နှစ်ခုမှာ ဘေးချင်းယှဉ်ထိုင်ကာ အဆုံးမဲ့ ကြယ်တာရာများကို ငေးမော နေခဲ့ကြလေသည်။ သူတို့ နှစ်ယောက်စလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကျော်ကြားသော မိန်းမလှလေးများ ဖြစ်ကြ၏။

အကယ်၍ ဝေ့ဝူယင်နှင့် လင်းမင်တို့သာ သူတို့ နှစ်ယောက်ကို မြင်ပါက မည်သူများ ဖြစ်ကြောင်း ချက်ချင်းပင် တန်းကာ မှတ်မိကြလိမ့်မည် ဖြစ်သည်။ သူတို့က အခြားလူများ မဟုတ်...။ ထန်ရှင်းယွင်နှင့် အစွန်းရောက် ယင်နတ်မိမယ် နာ့ရှင်းရီတို့ပင် ဖြစ်လေသည်။

“ကျေးဇူးတင်ပါတယ်...”

ထန်ရှင်းယွင်က စိတ်ရင်းမှန်နှင့် ပြောလိုက်၏။

"ရပါတယ်...”

နာ့ရှင်းရီက ဆံပင်ကို သပ်တင်ရင်း ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများကတော့ အဆုံးမဲ့ ကောင်းကင် နယ်မြေကိုသာ နက်ရှိုင်းစွာ စိုက်ကြည့် နေခဲ့လေ၏။

...

ထာဝရ အစည်းအရုံးပိုင်၊ ထာဝရ နယ်မြေ အတွင်းရှိ ရှေးဟောင်း ကောင်းကင် အလွှာ အတွင်း၌...

စန်းယွန်းလီမှာ ကောင်းကင်လောက အမြုတေ အတွင်း နောက်ဆုံး ကျန်ရစ်သည့် ကောင်းကင် မန်နာ အမျှင်ကလေးကို စိတ်နှလုံး စူးစိုက်ကာ သန့်စင် နေခဲ့သည်။ လွန်ခဲ့သည့် ကိုးနှစ်တာ ကာလ အတွင်း၌ သူမ၏ အားထုတ်မှုများမှာ အံ့အားသင့်ဖွယ် ကောင်းသည့် အသီးအပွင့်များ အဖြစ် ဖြစ်ထွန်း အောင်မြင်လာခဲ့ကာ စိုက်ထူထားသည့် ပန်းတိုင် တစ်ခု ရောက်ရန်လည်း အလွန်ပင် နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။

“မိန်းကလေး ယွန်းလီ...”

သေမျိုးတစ်ပိုင်း အရှင် အေးခဲခြင်းလေဟု လူသိများသည့် ပင်းထျန်းက အဝေးမှ ‌ခေါ်လိုက်၏။

"...”

စန်းယွန်းလီ၏ အာရုံက တစ်ခဏမျှ လွင့်ပါးသွားသော်လည်း ဤသည်က သူမ အတွက် အရေးကြီးသော အခိုက်အတန့် မဟုတ်ပါချေ။ သူမက ကျင့်ကြံခြင်းကို ခဏမျှ ရပ်တန့်လိုက်ကာ လှပသော မျက်ဝန်းများကို ဖွင့်လိုက်ရင်း ပင်းထျန်းထံသို့ အာရုံကို ပို့လွှတ် လိုက်သည်။

ပင်းထျန်းမှာ မိန်းကလေးကို ကြည့်ကာ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ သေမျိုးတစ်ယောက်သာ ဖြစ်သည့်တိုင် စန်းယွန်းလီထံမှ မွေးရာပါ ဖိအားက မြေကြီးရှန့်ထို အဆင့်များထက် ပိုမို လေးပင်သလို သူမ ခံစားလိုက်ရသည်။

ပင်းထျန်းက စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း စန်းယွန်းလီထံ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။

“ကျွန်မ ကလန်ဆီကို ပြန်တော့မလို့”

ကောင်းကင်လောက အမြုတေကို ရယူရန် အတွက် သူမမှာ စန်းယွန်းလီနှင့် ပူးပေါင်းခဲ့သော်လည်း ထိုစစ်ဆင်ရေးမှာ လွန်ခဲ့သည့် ကိုးနှစ် ကာလတည်းက အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။ သူမနှင့် ဝိညာဉ် လမ်းလျှောက်သူတို့ ဤရှေးဟောင်း ကောင်းကင် အလွှာတွင် ဆက်လက် ရှိနေရခြင်းမှာ များပြားလှသော ပျက်စီး ဆုံးရှုံးမှုများကို ပေးလျော်ရန်နှင့် လုံခြုံသည့် နေရာ တစ်ခု ဖန်တီးပေးလိုသည့် သဘောမျိုး စန်းယွန်းလီဘက်မှ စေတနာ သက်သက် ဖြစ်သည်။

စန်းယွန်းလီမှာ ပင်းထျန်းကို တားဆီးခြင်း မပြုချေ။ သူတို့ ဤနေရာတွင် တံခါးပိတ် ကျင့်ကြံ နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပင်းထျန်းထံတွင်လည်း လုပ်စရာများ ရှိနေနိုင်ကြောင်း သူမ နားလည်ပေသည်။ သူမက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။

“ကျွန်မ အပြင်ကို လိုက်ပို့ပေးမယ်”

ဤသည်မှာ စန်းလော့ယန်၏ လောကနယ်မြေ ဖြစ်သည်။ အတွင်းအပြင် နှစ်ဖက်စလုံးမှာ ချိပ်ပိတ်ထားပေသည်။ အထူးပြုလုပ်ထားသည့် အစီအရင်၊ အဆောင်များ မရှိပဲ အပြင်ဘက်ကို ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။

စန်းယွန်းလီ အဆောင်ကို ထုတ်ယူဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏ သွေးရောင် မျက်ဝန်းများမှာ ဝိညာဉ် အလင်းတန်းများနှင့် တောက်ပသွားခဲ့၏။ မျက်တောင် တစ်ခပ်စာမျှ အကြာတွင် ပင်းထျန်းသည်လည်း အာကာသ လှုပ်ခတ်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူမက အနောက်အရပ်ကို လှည့်ကာ ကြည့်လိုက်၏။ တစ်ယောက်ယောက် လာနေချေပြီ ဖြစ်သည်။

မကြာခင်မှာပင် ပုံရိပ် တစ်ခုမှာ ထင်ထင်ရှားရှားပင် ပေါ်လွင်လာခဲ့၏။

“မဟာ အတွင်းရေးမှူးစန်း...”

***

All Chapters