ဖွင့်ဟခြင်း
Vol. 92 Ch. 1288
“ကျုပ်တို့ ရောက်ပြီ...”
တိတ်ဆိတ် ငြိမ်သက်နေသည့် အမှောင် ဟင်းလင်းပြင် အတွင်း ဝေ့ဝူယင်၏ အသံက ကြည်လင်စွာပင် ထွက်ပေါ်လာခဲ့၏။
ချက်ချင်းပင် ပိုင်လင်နှင့် ဝူယုတို့မှာ ပျံသန်းမှုကို ရပ်တန့်လိုက်ကြသည်။ လက်ရှိ၌ သူတို့ သုံးယောက်မှာ ချိပ်ပိတ် နယ်မြေကြီး၏ အစွန်အဖျား တစ်နေရာတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် အလွန်တရာ အလှမ်းကွာဝေးလှကာ လူသူ ကင်းမဲ့သည့် မေ့လျော့ခံ ကြယ်ကွင်းပြင်ပေါင်း များစွာခြားနားထားလျှက် ရှိပေသည်။
ဝူယုက ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ထိုဒေသကို စစ်ဆေးလိုက်၏။ ကျိုးပဲ့နေသည့် ကောင်းကင် ခန္ဓာများမှ တစ်ပါး ၎င်းမှာ စွမ်းအင် တစ်ခုတစ်လေပင် မရှိအောင် ကင်းမဲ့နေကာ နေရာတိုင်းတွင် အပျက်အစီး မန်နာများကသာ နေရာယူနေပေသည်။ ဝူယုက စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်၏။
“ဆိုတော့ကာ ဒီနေရာက သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်ပေါ့... ဒဏ္ဍာရီလာ သူတော်စင် ခုနစ်ပါး မျှော်စင် ရှိတဲ့ နေရာ... နေက်ပြီး ကြယ်ကြွေ စစ်ပွဲတွေရဲ့ အကြောင်းရင်း...”
ထိုနေရာမှာ လေးနက်သည့် သမိုင်းကြောင်းများနှင့် လွှမ်းခြုံထားသည့် နေရာ တစ်ခု ဖြစ်သည်။ ကြီးမြတ်မှုတို့ ရစ်သိုင်းနေသလို အပြစ်သွေးတို့ ဆေးကြောခဲ့ရသော ဌာနေ တစ်ခုလည်း ဖြစ်သည်။
“လူပေါင်း ထရီလျံ ဆယ်ချီ သေဆုံးခဲ့ရတယ်... အိမ်တွေ၊ မိသားစုတွေ ဆုံးရှုံးခဲ့ရတယ်... နေကြယ်ကို အတင်းအကြပ် လုယူခံခဲ့ရတယ်... သေခြင်းတရားကို စောင့်ဆိုင်းရင်း ခါးသီးတဲ့ အအေးဒဏ်ကို ခံစားခဲ့ရတယ်... အဲဒါတွေ အားလုံးက အဂ္ဂိရတ်ပညာရှင် အနည်းငယ် အတွက်လား”
ဝူယုက အံ့သြတကြီး ရေရွတ်လိုက်၏။
“အဂ္ဂိရတ် ပညာရှင် တစ်ယောက်ရဲ့ လမ်းကြောင်မှာ ရက်စက် ကြမ်းကြုတ်တဲ့ အမှန်တရားတွေ မပါဝင်ပဲ ဘယ်နေပါ့မလဲ”
ဝေ့ဝူယင်က ပြောလိုက်ရင်း ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်သည်။ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ချိပ်ပိတ် နယ်မြေ၏ တတိယမြောက် ချိပ်ဆက်မှာ ဤဧရိယာ သို့မဟုတ်... အနီးတစ်ဝိုက်တွင် ရှိပေလိမ့်မည်။ အာကာသဝေဟင်ဂိုဏ်းချုပ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များဖြင့်ပင် သူ နေရာ အတိအကျကို ခန့်မှန်းနိုင်စွမ်း မရှိသေးချေ။
ကံကောင်းထောက်မစွာပင်... သူ့ထံတွင် တည်နေရာကို ရှာဖွေရန် နည်းလမ်းများ ရှိပေသည်။ သို့သော်လည်း ဝေ့ဝူယင် ထိုကဲ့သို့ လုပ်မည် မဟုတ်ချေ။ တတိယမြောက် ချိပ်ဆက်၏ အော်ရာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်များ ရောက်ရှိလာက လှောင်အိမ် အတွင်းမှ လွတ်မြောက်ရန် အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည် ဖြစ်ည်။
“အှန်ပဲ...”
ဝူယုက စိတ်အား ထက်သန်စွာ သဘောတူလိုက်၏။ ထာဝရ ဧကရာဇ်သည်ပင် နတ်ဆိုးများ၊ ရှို့ရန်များ၊ အယ်ဗန်များနှင့် လူသားများကို မနှစ်မြို့ဖွယ် နည်းလမ်းများဖြင့် စမ်းသပ်ခဲ့ဖူးသည်။ ထို့အပြင်... သူ ဆေးဖော်စပ်ရာ၌ လိုအပ်သော ရင်းမြစ်များကို ရှာဖွေရာတွင် သွေးလမ်းခင်းခဲ့ရသည့် အခါပေါင်းလည်း မနည်းမနောပင်။
မည်သို့ပင် ဆိုစေ... ထိုအနစ်နာခံမှုများက နောက်တစ်ချိန်တွင် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ အဖြစ် လူသားမျိုးနွယ် အပေါ် အကျိုးပြုနိုင်ခဲ့သည်ကတော့ ငြင်းပယ်၍ မရနိုင်သော အချက် ဖြစ်ပေသည်။
“အဆုံးမဲ့ ကြယ်ပဲ့တင်သံ ဆေးလုံးက ကမ္ဘာလောကကို ပြောင်းလဲနိုင်တဲ့ ထုတ်ကုန် တစ်ခု ဆိုတော့ လူတွေ လောဘတက်ကြတာ သဘာဝပါပဲ... ကြယ်ကြွေ စစ်ပွဲက ရှောင်လွှဲလို့ မရဘူး”
ဝူယုက သက်ပြင်းတစ်ချက် ချလိုက်၏။ သူ ကိုယ်တိုင်လည်း ဖြူစင်သော ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ဖို့ အတွက် အခြားလူ တစ်ယောက်၏ သွေးကိုလည်း သူ သုံးခဲ့ဖူးသည်။ သူတစ်ပါး၏ ကံကောင်းခြင်းနှင့် အကျိုးအမြတ်များကိုလည်း လုယူခဲ့ဖူးသည်။ ရင်းမြစ်များ အတွက် လူလည်း သတ်ဖူးသည်။ သူက လက်တွင် သွေးများ စွန်းထင်နေသည့် ဧကရာဇ် တစ်ပါး ဖြစ်ခဲ့သည်။
“...”
ဝေ့ဝူယင်က အချက်ပြလိုက်ရာ ပိုင်လင်မှာ မိုင်ပေါင်း များစွာတိုင် ဆက်လက် ပျံ့သန်း သွား၏။ ဝူယုမှာ တိတ်တဆိတ်ပင် နောက်မှ လိုက်ပါသွားခဲ့၏။
ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း ဝေ့ဝူယင် အတိတ်၏ လွမ်းဆွတ်မှု ရနံ့ကို ရှူရှိုက်လိုက်မိသည်။ ကြီးကျယ် ခမ်းနားသည့် အဂ္ဂိရတ် ပညာရှင်ကြီးများ လှုပ်ရှား သွားလာနေသည့် မြင်ကွင်းက သူ့ စိတ်ကူး ကမ္ဘာ အတွင်း ပေါ်လာခဲ့သည်။
အတိတ်၌ ပေါ်ထွန်းခဲ့သည့် ပညာရှင်များ အားလုံးကို ဝေ့ဝူယင် လေးစားပေသည်။ သူတို့ ချန်ရစ်ခဲ့သည့် အောင်မြင်မှု၊ ကျရှုံးမှုများမှ သူ အကျိုးအမြတ် များစွာ ရရှိခဲ့ပေသည်။ အကယ်၍ ထိုပုဂ္ဂိုလ်ကြီးများ၏ ပညာ အမွေအနှစ်များကြောင့်သာ နှစ်ပေါင်း အနည်းငယ် အတွင်း သူ ယခုလို အဆင့်မျိုးကို ဘယ်တော့မှ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။
“ဝူယု...”
ဝေ့ဝူယင်က ပိုင်လင်ကို ရပ်တန့်ဖို့ ခိုင်းလိုက်ရင်း ရုတ်တရက် ဝူယုဘက်သို့ လှည့်လိုက်သည်။ မဟာ သူရဲကောင်းမှာ အတွေးနက် နေရာမှာ ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။
“ကျုပ် ခင်ဗျားကို ထာဝရ ဧကရာဇ် အကြောင်း ပြောပြဖူးသေးလား...”
“...”
ဝူယုက ခေါင်းခါလိုက်၏။ သူ၏ မျက်ဝန်းများ အတွင်း၌ စိတ်ဝင်စားသည့် အငွေ့အသက်များက အရှိန်အဟုန်နှင့် ပြည့်နှက်လာနေသည်။ အခြားလူများ ထင်ကြေးပေးနေကြသလိုမျိုး ထာဝရ ဧကရာဇ်နှင့် ဝေ့ဝူယင်က တစ်စုံတစ်ရာ ပတ်သက်နေသလော။
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ အဇူရာ ကြယ်စင်စု ခရီးစဉ်တွင် တိုက်တန် စစ်သည်ထံမှ ကြားလာခဲ့ရသော သတင်းများကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ လက်ရှိ သူ ပြောမပြခဲ့ရသေးချေ။ ယုတ်စွ အဆုံး သူ အလွန်ယုံကြည်ရသည့် ပိုင်လင်နှင့် စုမေ့တို့ပင် ထိုအကြောင်းကို မသိကြသေးချေ။
“ထာဝရ ဧကရာဇ်က အခု ကိုယ်ပိုင် တိုင်းပြည်ကို ထူထောင်ထားတယ်... အဲဒါကို ထာဝရ ကြယ်ကွင်းပြင်လို့ ခေါ်တယ်”
ဝေ့ဝူယင် အဆုံးအစမဲ့ ဖြန့်ကျက်နေသည့် ကြယ်တာရာများကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ကံမကောင်းစွာပင် သူတို့မှာ ချိပ်ပိတ် နယ်မြေ အတွင်း တည်ရှိနေလေရာ မြင်နိုင်သမျှက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှ ထုတ်ဖော်ထားသည့် ပုံရိပ်ယောင်များသာ ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူ တစ်ဦးသာ ချိပ်ပိတ် အစီအရင်ကို အတင်းအကြပ် ဖြတ်ကျော်ဖို့ ကြိုးပမ်းပါက အာကာသ တွန့်ခေါက်မှုများနှင့် အတူ ပျောက်ကွယ် အမှတ် တစ်ခု ပေါ်လာကာ သူ့ကို ထာဝရ ဝါးမြိုသွားလိမ့်မည် ဖြစ်သည်။ အလောင်းပင် ကျန်ခဲ့လိမ့်မည် မဟုတ်ပါချေ။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများကတော့ အခြား ကြယ်တာရာများမှာ သွားရောက်ရန် အလွန်ပင် အလှမ်းကွာဝေးလွန်းသည်ဟု ယုံကြည်ထားကြပေသည်။ အမြန်ဆုံးသော ဟင်းလင်းပြင် သင်္ဘောဖြင့် ခရီးသွားမည် ဆိုလျှင်ပင် အနီးဆုံး ကြယ်ထံသို့ ရောက်ရန် နှစ်ပေါင်း တစ်သောင်း ကြာမြင့်နိုင်သည် ဟူသော သီအိုရီများပင် ရှိသည်။
သို့သော်လည်း... ထိုအရာ အားလုံးက မှားယွင်းသော ယူဆချက်များသာ ဖြစ်ကြောင်း ဝေ့ဝူယင်ကတော့ ရှင်းလင်းစွာ သိပေသည်။ တကယ်တမ်းတော့ သူတို့ အားလုံးမှာ လှောင်အိမ်ကြီး တစ်ခုတည်းမှ သားကောင်လေးများသာ ဖြစ်ကြပေသည်။
“အခု သူက ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်နေပြီ... ခုချိန်မှာ အဲဒီထက်တောင် မြင့်ချင်လည်း မြင့်နေနိုင်တယ်... ကျုပ် ကြားခဲ့ရတဲ့ သတင်းက ဆယ်စုနှစ် နှစ်ခုစာလောက် ကြာပြီ”
“...”
ဝူယု တစ်ယောက် ငြိမ်သက်နေ၏။ သူ၏ မျက်ဝန်းများကတော့ အမျိုးမျိုးသော ခံစားချက်များနှင့် ပြည့်နှက် နေကာ ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့သည်။ သူ၏ လျှို့ဝှက် ဆန်းကြယ်သော သခင်လေးမှာ အမြဲတမ်း လိုလို အံ့သြ ထိတ်လန့်ဖွယ် အရာများကို ယူဆောင်လာလေ့ ရှိပေသည်။
"ကြည့်ရတာ လောကကြီးရဲ့ အမှန်တရား အကြောင် ခင်ဗျားကို ပြောပြဖို့ အချိန်ကျပြီ ထင်တယ်”
ဝေ့ဝူယင်က နောက်ဆုံး၌ ဆုံးဖြတ်လိုက်၏။ ဝူယု၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။ သူ့ထံတွင် သိချင်သည့် အရာပေါင်း များစွာ ရှိပေသည်။ သို့သော်လည်း... သူ အလွန် သိချင်နေသည့် နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထို၏ ဇစ်မြစ်ကိုပင် သူ မမေးခဲ့ချေ။ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် အနေဖြင့် သူ့ တာဝန်က ဝေ့ဝူယင်ကို ကာကွယ်ပေးရန်သာ ဖြစ်သည်။ အချိန်ကျလျှင် ဝေ့ဝူယင် ပြောလိမ့်မည် ဖြစ်ကြောင်း သူ သိပေသည်။
“...”
ဝူယုမှာ ဝေ့ဝူယင်ကို နှောက်ယှက်ခြင်း မပြုပါချေ။ ဝေ့ဝူယင်မှာ အလွန် အရေးကြီးသည့် အကြောင်းအရာများကို ပြောတော့မည် ဖြစ်ကြောင်း သိလေရာ နားကိုသာ အစွမ်းကုန် စွင့်ထားခဲ့လေ၏။
ဝေ့ဝူယင်ကလည်း ထိန်ချန်ခြင်း မကြုပါချေ။ အလွှာကြားက လောက၊ အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ၊ အာကာသ ဝေဟင်ဂိုဏ်း၊ ဆက်စပ်မှု စစ်မြေပြင်၊ စစ်အဆောင်၊ အဇူရာ မူလ ကြယ်စင်စု၊ အစစ်အမှန် မွေးဖွားခြင်း ပြောသည့် ပြည်ပ ကျူးကျော်မှုနှင့် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးတို့ အပါဝင် ချိပ်ပိတ် နယ်မြေကြီး၏ အမှန်တရားများအားလုံးကို ပြောပြလိုက်လေတော့၏။
***