← Chapters

အခန်း (၁၂၈၅)

Vol. 92 Ch. 1285

အခန်း (၁၂၈၅)

Vol. 92 Ch. 1285

“မဟာ အတွင်းရေးမှူးစန်း...”

ပင်းထျန်းမှာ ပုံရိပ်ကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူမ၏ မျက်လုံးများက အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။ ဤနေရာက သူ၏ နေရာ ဖြစ်ကာ သူမက ဧည့်သည် ဖြစ်သည်။ ထို့အပြင်... စန်းလော့ယန်မှာ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်သည်။ သူမနှင့် အဆင့်တူသူ တစ်ယောက် မဟုတ်တော့ချေ။

“မွေးစားအဖေ...”

စန်းယွန်းလီကလည်း နှုတ်ဆက်လိုက်၏။ စန်းလော့ယန်က သူတို့ နှစ်ယောက်စလုံးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

ဤသည်က သူ၏ ခန္ဓာကိုယ် အစစ် မဟုတ်ချေ။ ကိုယ်ပွား ကျင့်စဉ် တစ်ခုဖြင့် ဖန်တီးထားသော ခန္ဓာကိုယ် တစ်ခုပင် ဖြစ်သည်။ ၎င်း၏ ခွန်အားက အကြမ်းဖျဉ်းအားဖြင့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်နှင့် ညီမျှ ပေလိမ့်မည်။

စန်းယွန်းလီကို စစ်ဆေးလိုက်ရင်း စန်းလော့ယန်၏ မျက်နှာထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ မိန်းကလေး၏ အော်ရာက လွန်ခဲ့သည့် ကိုးနှစ်ကနှင့် လုံးဝ မသက်ဆိုင်တော့ပဲ အဆပေါင်းများစွာ တိုးတက် လာခဲ့သည်။ သူမ အသက်ရှူလိုက်တိုင်း၊ လှုပ်ရှားလိုက်တိုင်း မန်နာများမှာ အရှင်သခင်မ တစ်ပါးလို အပါးတွင် ခစားနေကြ၏။ သူမက ဒဏ္ဍာရီလာ အဆင့်သို့ ရောက်ရှိရန် အလွန်ပင် နီးကပ် နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... လာရင်းကို ပြန်လည် သတိရသွားသော အခိုက်၌ စန်းလော့ယန်၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ် သွား၏။

“အပြင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေ အကြောင်း ပြောပြဖို့ အဖေ သမီးဆီ လာခဲ့တာ”

သူက သုန်မှုန်စွာဖြင့် ပြောလိုက်သည်။ စန်းယွန်းလီနှင့် ပင်းထျန်တို့ နှစ်ယောက်၏ အမူအရာများက စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက် သွား၏။ သူတို့ နှစ်ယောက်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ပြင်ပ လောကနှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။ စန်းလော့ယန်၏ ကိုယ်ပွားကိုယ်တိုင် လာခြင်းကို ကြည့်ပါက ပမွှား ကိစ္စတစ်ခုတော့ မဖြစ်နိုင်ပါချေ။

“အပြင်ဘက်မှာ ဘာဖြစ်လို့လဲ မွေးစားအဖေ...”

စန်းယွန်းလီက မေးလိုက်၏။

“အစတုန်းကတော့ အဖေ့မှာ သမီးကျင့်ကြံနေတာကို နှောက်ယှက်ဖို့ အစီအစဉ် မရှိခဲ့ဘူး... ဒါပေမဲ့ သမီးက အစစ်အမှန် မွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အမြဲ သတင်း ပို့ပါလို့ ပြောခဲ့တယ် မလား... ဒါ‌ကြောင့် အဖေ လာခဲ့တာပဲ”

စန်းလော့ယန်က အစချီလိုက်ရင်း ငါး‌ထောင့်ကြယ် ဒေသအား သိမ်းပိုက်ခြင်း အပါအဝင် အစစ်အမှန် မွေးဖွားခြင်း၏ လတ်တလော လှုပ်ရှားမှုများကို ရှင်းပြ လိုက်သည်။

“ဘာကြီး...”

ပင်းထျန်း တစ်ယောက် ဆွံ့အသွားခဲ့၏။ အစစ်အမှန် မွေးဖွားခြင်းက နှစ်လ သုံးလ အတွင်း ကြယ်တာရာ နယ်မြေ လေးခုကို သိမ်းပိုက်နိုင်ခဲ့သည်လား။ မည်ကဲ့သို့နည်း။

စန်းယွန်းလီမှာလည်း တုန်လှုပ် သွားခဲ့၏။ သို့သော်လည်း... သူမ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ စန်းလော့ယန်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ သူ၏ မွေးစားသမီးလေးမှာ သူ့ဘဝ တစ်လျှောက်လုံး တစ်ခါမှ မမြင်ခဲ့ဖူးသည့် ကျင့်ကြံခြင်း နှလုံးသားမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမက တစ်နေ့တစ်ချိန်တွင် သူ့အတွက် အကျိုးရလဒ် ကြီးမားစွာ ယူဆောင်လာလိမ့်မည်ဟု စန်းလော့ယန် ခံစားနေရသည်။ သူ ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း အစစ်အမှန် မွေးဖွားခြင်းနှင့် ပတ်သက်သမျှ အရာ အားလုံးကို မခြွင်းမချန် ပြောပြလိုက်လေ၏။

ထိုအထဲ၌ ဝေ့ဝူယင် လေလွင့် ကျင့်ကြံသူများအား လိုက်လံ စုဆောင်းနေပုံ၊ အသစ် တည်ဆောက်ထားသည့် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို တိုက်ခိုက်ခဲ့ပုံ၊ မြေကြီး ရှန့်ထို အယောက် သုံးဆယ်ကျော်ကို လက်စဖျောက်ကာ အရိပ်များအား သိမ်းပိုက်ခဲ့ပုံ၊ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်အား ထုတ်ဖော်ပြသခဲ့ပုံ၊ ‌ဝေ့ဝူယင်နှင့် ထိုပုဂ္ဂိုလ်တို့ အကြား လျှို့ဝှက် ဆွေးနွေးဝိုင်းဖြင့် အဆုံးသတ်ခဲ့ပုံတို့ပါ အပါအဝင် ဖြစ်ပေသည်။

“...”

ပင်းထျန်း တစ်ယောက်ကတော့ နားထောင်ရင်း နှလုံးသားများ ပေါက်ထွက်မတတ် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ စန်းလော့ယန် ပြောပြခဲ့သမျှက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ အစစ်အမှန် မွေးဖွားခြင်း၏ ခေါင်းဆောင်က လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည်လား။ ဝေ့ဝူယင်က ထိုကဲ့သို့သော လူနှင့်ပင် ညှိနှိုင်းနိုင်ခဲ့သည်လား။

“မ... မဟာ အတွင်းရေးမှူး... နောက်နေတာတော့ မဟုတ်ပါဘူးနော်... မြေကြီး ရှ့န်ထို သုံးဆယ်ကျော်က ဘာလက္ခဏာမှ မပြပဲ ဒီအတိုင်း ပျောက်သွားတာလား...”

ပင်းထျန်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ ကံမကောင်းစွာပင် စန်းလော့ယန်မှာ ရှင်းလင်း တိကျသည့် အဖြေမျိုး မပေးနိုင်ပါချေ။

ထိုအခိုက်၌ စန်းယွန်းလီ ပင်လျှင် ဆက်လက် တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။ ဝေ့ဝူယင်... သူမ၏ အတိတ်ဘဝ၌ ဝေ့ဝူယင်မှာ အကြောင်းပြချက် မရှိ ပျောက်ကွယ် နေခဲ့သည်။ ကမ္ဘာလောက၌ တစ်ခါမှ မရှိခဲ့ဖူးသည့် လူတစ်ယောက်လိုပင်။ သို့သော်လည်း.. ဤဘဝတွင်တော့ ထိုလူငယ်၏ အောင်မြင်မှုများက အလွန်ပင် ထင်ရှားလွန်းနေသည်။ သူကရော သူမလို ပြန်လည် မွေးဖွားလာသူ တစ်ယောက်လော။

"..."

ဘဝတွင် လူတိုင်းမှာ ထူးခြားလိုကြသည်။ ကောင်းကင်မှ ပေးအပ်သည့် ကံကောင်းမှုမျိုးကို လိုချင်ကြသည်။ သူမမှာ ကောင်းကင်လမ်းစဉ် စာအုပ်နှင့် အတူ အတိတ်ဘဝမှ ပြန်လာနိုင်ခဲ့သည်။ သူမကိုယ် သူမ လောက၌ အထူးခြားဆုံးသောလူ အဖြစ် ခံစားခဲ့ရသည်။ အတိတ်ဘဝမှ မှတ်ဉာဏ်များနှင့် အတူ သူများ နဖူးပေါ် စင်္ကြံ လျှောက်နိုင်ခဲ့သည်။ သို့သော်လည်း... ယခု ကြည့်ရသည်က သူမမှာ အတိတ်ဘဝမှ ပြန်လာနိုင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ဟန် မရခဲ့ချေ။

“အံသြစရာ မရှိတော့ဘူး...”

မိနစ် အနည်းငယ်ကြာ ငြိမ်သက် စဉ်းစားပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။ စန်းယွန်းလီ၏ အော်ရာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသည်ကို ကြည့်ရင်း စန်းလော့ယန်က ခေါင်းညိတ် လိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ကိစ္စတွေက အဲဒါတင် မကဘူး...”

“ရှိသေးတာလား...”

ပင်းထျန်းတစ်ယောက် ထိတ်လန့်တကြား ထအော်လိုက်မိ၏။ သူမ၏ တုန့်ပြန်မှုက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် မတူသော်လည်း စန်းလော့ယန် ယူဆောင်လာသည့် သတင်းစကားများ အရ အပြစ်တော့ မဆိုနိုင်ပါချေ။

စန်းလော့ယန်က ခေါင်းညိတ်လိုက်၏။

“အင်ပါယာ ကလန်ရဲ့ ဧကရီ ရှောင်ချွမ်း ဦးဆောင်ပြီးတော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးက အင်အားစုတွေ ဝေ့ဝူယင်ကို လျှို့ဝှက်ကျိန်စာ အတင်းအကြပ် ဆိုခိုင်းဖို့ သွားခဲ့ကြတယ်... အဲဒီနောက်မှာ...”

မဟာ အတွင်းရေးမှူး၏ ရှင်းပြမှုများကို နားထောင်ရင်း ပင်းထျန်း တစ်ယောက် အိပ်မက် မက်နေသလိုပင် ခံစားလိုက်ရသည်။

ဝေ့ဝူယင်က ဟွမ်ရီကောင်းကို သတ်ဖြတ်ခဲ့သည်လား။ ဧကရီ ကိုယ်တိုင်၏ အရှေ့တွင်လား...။ ကိုယ်ပွား ဆိုလျှင်ပင် ဟွမ်ရီကောင်း ကျင့်ကြံထားသော သက်တမ်း အရ ၎င်းမှာ အနည်းဆုံး လျှို့ဝှက် ဝိညာဉ် အဆင့် ခွန်အားလောက်ကို ပိုင်ဆိုင်ထားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ယခုမှ အချိန်သခင် အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူက သေမျိုး အကန့်အသတ်ကိုပင် မရောက်ပါသေးချေ။

“ဟွမ်ရီကောင်းက ဝေ့ဝူယင်ကို ပထမဆုံး စော်ကားခဲ့တာ ဆိုတော့ အင်ပါယာ ကလန်က တစ်ခုခု လုပ်မယ် မထင်ဘူး..”

စန်းယွန်းလီက မှတ်ချက်ချလိုက်၏။ စန်းလော့ယန်က ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်ပင် အင်ပါယာ ကလန်မှာ ဝေ့ဝူယင်နှင့် ပတ်သက်၍ မည်သည့် အရေးယူမှုမျိုးမှ မလုပ်သေးချေ။ သူတို့က ဟွမ်ရီကောင်း၏ အစစ်အမှန် ခန္ဓာကိုယ် တည်ရှိနေမည့် နေရာကိုသာ ဆက်လက် စုံစမ်းနေခဲ့သည်။

“ကြည့်ရတာ ဝေ့ဝူယင်နဲ့ ဟွမ်ရီကောင်းတို့ရဲ့ ပြဿနာကို အဂ္ဂိရတ် ပညာရှင်တွေ ကြားက ပဋိပက္ခလို့ပဲ သဘောထားလိုက်တာ နေမယ်...”

စန်းယွန်းလီက နိဂုံးချုပ်လိုက်၏။ ပင်းထျန်းက နားမလည်နိုင်စွာဖြင့် မိန်းကလေးကို ကြည့်လိုက်သည်။

“ဆိုတော့ အင်ပါယာ ကလန်က ဒီအတိုင်းပဲ လွှတ်ထားလိုက်မယ့် သဘောမျိုးလား”

စန်းယွန်းလီက ခေါင်းညိတ်လိုက်သည်။

“သူတို့ တစ်ခုခု လုပ်ချင်ရင် ပထမဆုံး ရန်သူကို နားလည်ရမယ်... ဝေ့ဝူယင်က မြေကြီး ရှန့်ထို သုံးဆယ်ကျော်ကို ချိပ်ပိတ်ပြီး အစစ်အမှန် မွေးဖွားခြင်းနဲ့တောင် ညှိနှိုင်းနိုင်ခဲ့တယ် ဆိုရင် သူ့ဆီမှာ အင်ပါယာ ကလန်ကိုတောင် ကြောက်စရာ မလိုတဲ့ ဝှက်ဖဲ တစ်ခုခု ရှိလိမ့်မယ်”

“အမှန်ပဲ...”

စန်းလော့ယန်က သဘောတူလိုက်၏။

“ဒါပေမဲ့ ပိုအရေးကြီးတဲ့ သတင်းတစ်ခု ရှိသေးတယ်...”

“ရှိသေးတာလား...”

ပင်းထျန်း တစ်ယောက် မည်ကဲ့သို့ တွေးရမှန်းပင် မသိတော့ချေ။ လွန်ခဲ့သည့် နှစ်လ အတွင်း မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

စန်းလော့ယန်က ခေါင်းညိတ်လိုက်၏။

“ဝေ့ဝူယင်ရဲ့ အောင်မြင်မှုတွေက ကျင့်ကြံသူ တစ်ယောက် အနေနဲ့ရော အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေနဲ့ပါ ထိတ်လန့်စရာ ကောင်းပါတယ်... ဒါပေမဲ့ အံ့သြစရာ အကောင်းဆုံးတော့ မဟုတ်သေးဘူး... ဘာလို့လဲ ဆိုတော့ ထန်းရီဝူ ပြန်ရောက်လာလို့ပဲ”

“ထျန်းရီဝူ...”

စန်းလော့ယန်၏ တည်ငြိမ်သည့် အမူအရာက နောက်ဆုံး၌ တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။ သူမ၏ သွေးရောင် မျက်ဝန်းများမှာ စိတ်ခံစားချက် အရိပ်အယောင်များနှင့် ပြည့်နှက် လာခဲ့၏။ သို့သော်လည်း သူမက လျှင်မြန်စွာပင် အတွေးများကို ဖုံးကွယ်ကာ တည်ငြိမ်အောင် ကြိုးပမ်းလိုက်သည်။

“ထျန်းရီဝူ ဘာတွေ ဖြစ်ခဲ့တာလဲ...”

မွေးစားသမီးဖြစ်သူ၏ တုန့်ပြန်ပုံကို ကြည့်ရင်း စန်းလော့ယန်က နွေးထွေးစွာ ပြုံးလိုက်၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိလာပြီးသည့်နောက် စန်းယွန်းလီနှင့် ထျန်းရီဝူတို့ အကြားတွင် တွေ့ဆုံမှု များစွာ ရှိခဲ့ကြောင်း သူ သိထားပေသည်။ သူတို့ အကြား၌ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားမှုများ၊ ခံစားချက်များ ရှိတာ ထင်ရှားလှသည်။ ထျန်းရီဝူ မည်မျှ ထူးချွန်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့ နှစ်ယောက်ကို သဘောမတူစရာ အကြောင်း မရှိပါချေ။

“သူ ပျောက်နေတာ တော်တော်ကြာပြီ... မကြာသေးခင်ကမှ သမီးဆီ စာတစ်စောင် ပို့လာတယ်... ပထမတော့ သမီး တံခါးပိတ် ကျင့်ကြံပြီးမှ ပေးမလို့ပဲ... ဒါပေမဲ့ အခု အအစစ်အမှန် မွေးဖွားခြင်းရဲ့ အခြေအနေကိုလည်း ပြောချင်တာနဲ့ ပေါင်းပြီး တစ်ခါတည်း ယူလာခဲ့တယ်...”

စန်းလော့ယန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ လက်ကြား၌ လှပသော အဖြူရောင် စာတစ်စောင် ပေါ်လာခဲ့သည်။

စန်းယွန်းလီ၏ မျက်လုံးများက တောက်ပသွားကာ လက်ကို ခပ်မြန်မြန် ဆန့်ထုတ် လိုက်၏။ စန်းလော့ယန် ပြုံးလိုက်ရင်း သူမထံ လှမ်းပေးလိုက်သည်။ စန်းယွန်းလီက ငြိမ်သက်စွာပင် စာကို အချိန် အကြာကြီး စိုက်ကြည့် နေခဲ့မိ၏။ တစ်ခဏ ကြာမြင့်ပြီး နောက်တွင်မှ သူမက ဂရုတစိုက်ပင် သိမ်းဆည်း လိုက်လေသည်။

All Chapters