အထဲမှအမှန်တရား
Vol. 010 Ch. 952
ဘိုင်ရှန်းနှင့် ဝူလာမိုင်တို့သည် သူမညွှန်ပြသောနေရာသို့ကြည့်လိုက်ရာ ရှည်လျားသော တိုတောင်းသော ကြီးမားသော သေးငယ်သော အမြစ်များစွာ တွယ်ကျနေသည်ကို တွေ့လိုက်ရသည်။
ဘေးမှမြေများတွင်လည်း အမြစ်အမျှင်များနှင့် ပြည့်နေသည်။
“လူအရိုးတွေပဲ” ဘိုင်ရှန်းသည် ပင့်သက်ရှိုက်လိုက်သည်။ ထိုနေရာတွင် ဒီလောက်ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်ရလိမ့်မည်ဟု မထင်ထားပေ။
“လူအရိုးတွေပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးခဲ့တဲ့နှစ်တွေမှာ သွေး လွှမ်းပြိုင်ပွဲကလူတွေဖြစ်ရမယ်”
“ဒီမှာ လူအရိုးတွေအများကြီးပဲ တခြားနေရာတွေလည်းအတူတူပဲလား မသိဘူး” ဘိုင်ရှန်း မျက်မှောင်ကြုတ်လေသည်။
“နောက်မှ နောက်တစ်နေရာကိုသွားကြည့်ကြမယ်” ရှီမာယူယူ ပြော လိုက်သည် “အခုတော့ ဒီကအခြေအနေကိုကြည့်ကြမယ်”
သူတို့သည် အရိုးများကိုလှည့်ပတ်ကြည့်ပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားကြရာ အမြစ်များသည် ထိုနေရာမှ အပေါ်သို့တက်သွားပြီး သေးငယ်သောအမြစ်များစွာသည် အရှေ့သို့ ဖြာထွက်ထွက်ကာ တချို့ သေးသွယ်သော အမြစ်များသည် ပင်မအမြစ်သို့ရစ်ပတ်ပြီး အပေါ်ထိတက် သွားကာ ထိပ်တွင် မျက်နှာပြင် အပြားသဖွယ်ထောက်ပံ့ထားလေသည်။
“ရှောင်ချီ သွား သူ့ခေါင်းသွေးထွက်အောင်ထိ ရိုက်လိုက်” အပေါ်မှ အော်သံများထွက်လာသည်။
ထို့နောက်တွင် အပေါ်မှ တိုက်ခိုက်သံများပါလာသည်။
အပေါ်မှာ သွေးလွှမ်းပြိုင်ပွဲနှင့် နီးကပ်လွန်းသဖြင့် ရှီမာယူယူနှင့် တခြား သူများသည် စကားမပြောပဲ အကြည့်ချင်းဖလှယ်ကာ ဆက်သွားလေသည်။
သူတို့သည် မြေနက်ပိုင်းထိလာပြီး ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့ သည် အခုချိန်တွင် အလွန်သတိထားနေရသည်။
“ယူယူမှန်းတာမှန်တယ် ပြိုင်ပွဲကွင်းက သွေးနတ်ဆိုးသစ်ပင်ရဲ့ဟာပဲ” ဘိုင်ရှန်းသည် သူမြင်ရသည်ကိုမယုံနိုင်ဖြစ်နေသည်။ သူ့မျက်လုံးနှင့်သာ ကိုယ်တိုင်မမြင်ရလျှင် ယုံနိုင်မည်မဟုတ်ပေ။
“သွေးနတ်ဆိုးသစ်ပင်ရဲ့ အမြစ်က ဒီကနေဖြန့်သွားတာ အဆင့်ဆင့် ပြောင်းသွားပြီး ဒီလိုဖြစ်လာတာပဲ၊ ကြည့်ရတာ သူ့အားက အားကောင်းတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “အခု အနံ့သင်းသင်းလေးရလိုက်လား”
“ရတယ်”
“အဲအနံ့က လူတွေရူးသွားတဲ့အကြောင်းအရင်းဖြစ်ရမယ်” ဘိုင်ရှန်း ခန့်မှန်းလေသည်။
“ဖြစ်လောက်တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲအမြစ်တွေက အဆင့်ဆင့်ပြောင်းပြီး ဒီလိုအပြစ်အနာအဆာမရှိတဲ့ ပြိုင်ပွဲကွင်းဖြစ်သွားတယ် ဆိုတာ မဖြစ်နိုင်ဘူး၊ အနံ့က လူတွေကို နှစ်ပေါင်းများစွာ သွေးလေခြောက်ခြား အောင်လုပ်ထားလို့ ပြိုင်ပွဲကွင်း အဆင့်ဆင့်ပြောင်းသွားတာကို ဘယ်သူမှ မသိလိုက်တာနေမှာ၊ ဒီအနံ့နဲ့ သွေးပေါင်းလိုက်ရင် လူရဲ့ စိတ်အခြေအနေကို ရန်စလိုက်တော့ လူတွေက စိတ်မထိန်းနိုင်တော့ပဲ ရူးသွပ်သွားပြီး သတ်ဖို့ ဖြတ်ဖို့ပဲ တွေးနေကြတာ နောက်တစ်နေရာသွားကြည့်ရအောင်”
သူတို့သည် တစ်ညတာ မြေအောက်လျှောက်ခဲ့ရာ သူတို့မြင်သမျှသည် အံ့သြသွားစေသည်။
“သွေးနတ်ဆိုးသစ်ပင်ရဲ့အမြစ်က သွေးမိစ္ဆာမြို့ရဲ့ မြေအောက်တစ်ခု လုံးနီးပါးကိုပြည့်တော့မှာပဲ” ဘိုင်ရှန်းသည် တအံ့တသြပြောလေသည် “သွေး နတ်ဆိုးသစ်ပင်က မမြင့်ပေမဲ့ မြေအောက်မှာ ဒီလောက်အမြစ်ဖွဲ့စည်းပုံကြီး ကြီးနေလိမ့်မယ်လို့ မထင်ထားဘူး”
“အားတွေက အမြစ်ကိုပဲသွားတာလေ ဒါပေမဲ့ အပင်မြင့်ရင်လည်း အာရုံ အစိုက်ခံရမယ်၊ ဒီလောက်နှစ်အကြာကြီးကို မြို့ဝန်အိမ်တော်မှာ လူမသိ အောင်ရှိဖို့ဆိုတာမဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒီမှာ လက်နက်တစ်ခုရှိနေတယ်” ဝူလာမိုင် သတိပေးလိုက်သည်။
ရှီမာယူယူနှင့် ဘိုင်ရှန်းတို့သည် ကြည့်လိုက်ရာ မြေထဲတွင်မြုပ်ဝင်နေ သည့် မည်းနေသောဝိညာဉ်လက်နက်တစ်ခုကိုတွေ့လေသည်။
“ဒါက…” ဘိုင်ရှန်းသည် ဝိညာဉ်လက်နက်ကိုမြင်သောအခါ လျင်မြန် သောအရှိန်နှုန်းဖြင့် အပြေးလာကာ ဝိညာဉ်လက်နက်ကိုယူကာ ဝိညာဉ် လက်နက်မှ လက်လာသောအလင်းကို အသေးစိတ်ကြည့်လေသည်။
ရှီမာယူယူနှင့် ဝူလာမိုင်တို့သည် လျှောက်လာကာ မေးလိုက်သည် “ဒါ ဘာလဲဆိုတာသိလား”
“ဒါက ငါသိတဲ့လူတစ်ယောက်ရဲ့လက်နက်ပဲ” ဘိုင်ရှန်း ပြန်ဖြေလေ သည် “ပြီးတော့ သူက ကြက်သွေးရောင်လပေါ်တော့ ပျောက်သွားတဲ့ထဲမှာ ပါသွားတယ်၊ သူ့ဝိညာဉ်လက်နက်ကဒီရောက်နေလိမ့်မယ်လို့ မထင်ထားဘူး”
“ဒီမှာအရိုးစုကျန်ခဲ့တယ်” ရှီမာယူယူသည် သူ့အနောက်နှင့်မဝေးကွာလှ သောနေရာကို ညွှန်ပြလေသည်။
ဘိုင်ရှန်းလှည့်ကြည့်ရာ အရိုးစုသည် အသားမရှိတော့ကာ သွေးတချို့ ကျန်နေပြီး အဝတ်ပြဲများကာနေသော အရိုးကိုသာတွေ့ရလေသည်။
“ဒါ သူ့အဝတ်တွေပဲ” ဘိုင်ရှန်း ပြောလိုက်သည် “ဒီအရိုးက သူ့အရိုးပဲ”
“ကြည့်ရတာ သူက ကြက်သွေးရောင်လကြောင့် ပျောက်သွားတာ မဟုတ်ပဲ သွေးနတ်ဆိုးသစ်ပင်သတ်တာခံလိုက်ရတာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည်။
ဘိုရှန်းသည် ကျန်ခဲ့သော အရိုးများကိုကြည့်ပြီး ပြောလိုက်သည် “ကြည့် ရတာ ကြက်သွေးရောင်လပေါ်ရင် ပျောက်သွားတယ်ဆိုတဲ့လူတွေက သွေး နတ်ဆိုးသစ်ပင်ကသတ်လိုက်တာဖြစ်မယ်၊ ကြက်သွေးရောင်လထွက်တဲ့ည လူသတ်ည”
“မကြာခင်ကို ကြက်သွေးရောင်လထွက်တော့မယ် လူသတ်မဲ့ည အဖြစ် မခံနိုင်ဘူး” ဝူလာမိုင် ပြောလိုက်သည်။
“ဟုတ်တယ် လိကျိပြောပုံအရဆိုရင် ဒီတစ်ခေါက် ကြက်သွေးရောင်လ ပေါ်လာရင် ပိုပြီးလှုပ်ရှားမှုရှိလာမယ်ထင်တယ်” ဘိုင်ရှန်း ပြောလိုက်သည်။
“ကျွန်တော်တို့ ဒီကထွက်မရဘူးလို့ သူပြောသေးတယ်” ရှီမာယူယူ ထပ် ဖြည့်လိုက်သည်။
“ဒါတွေကို မသိတုန်းကတော့ အဲစကားကဘာမှမဟုတ်ဘူးလို့ထင်ရ တယ်၊ ဒါပေမဲ့ အခုစဉ်းစားကြည့်ရင် တစ်ခုခုတော့မဟုတ်တော့ဘူး” ဘိုင်ရှန်း ပြောလိုက်သည်။
“ကျွန်တော်တို့ဒီနေရာထိရောက်လာပြီပဲ၊ အခုပြန်သွားရင် ရှီချန်းတို့နဲ့ ဆွေးနွေးလို့ရတယ်” ရှီမာယူယူ အကြံပေးလိုက်သည်။
“ကောင်းတယ်”
သူတို့သည် လာရာလမ်းအတိုင်းပြန်ကာ တည်းခိုဆောင်၏ အနောက် ခြံဝန်းအရောက်လောက်တွင် ထွက်လိုက်သည်။
ရှီချန်းနှင့် တခြားသူများသည် မူလျန်ရှင်နှင့် ဝမ်မုံ့တို့နှင့် ပြီးခဲ့သည့် ည အကြောင်း စကားပြောပြောနေရာမှ ဘေးမှ မြေသားသည် ပျော့ပျောင်းလာ ပြီး အလင်းလုံး၃လုံးသည် အထဲမှထွက်လာလေသည်။
“သခင်လေး ဘယ်လိုဖြစ်လို့ အဲဒီကနေထွက်လာတာလဲ” ဖန်ခိုင်သည် သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ဒါက ဒါက…” ဝမ်မုံ့သည် ရှီမာယူယူအားကြည့်လိုက် ဟိန်းသံထောင်ချီ အားကြည့်လိုက်ဖြစ်နေသည်။ သူတို့နှစ်ယောက်လုံးသည် ရုပ်တူ ရောင်ဝါတူ နေသဖြင့် သူ မှင်တက်သွားလေသည်။
“ဟိန်းသံထောင်ချီ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲ” ရှီမာယူယူသည် ဟိန်းသံထောင်ချီကို ခေါင်းညိတ်ပြကာ သူ့ခန္ဓာကိုယ်သည် အလင်းထွက်လာ ကာ မူလပုံစံသို့ပြောင်းသွားလေသည်။
“တစ်ယောက်က အတုလား” ဟူယန်းသည် ဟိန်းသံထောင်ချီအား ကြည့်ပြီး “ဘယ်လိုပြောင်းလိုက်လို့ ရောင်ဝါပါတူနေရတာလဲ”
“သူက ငါ့စာချုပ်သားရဲလေ” ရှီမာယူယူ ရှင်းပြလေသည် “အဲဒါကြောင့် ရောင်ဝါတူတာပေါ့”
“ယူယူ တစ်ခုခုများတွေ့ခဲ့လား” ရှောင်ချီမေးလိုက်သည်။
“အင်း ပြီးတော့အရမ်းအရေးကြီးတယ်”
ရှီမာယူယူနှင့် ဘိုင်ရှန်းတို့သည် သူတို့တွေ့ရှိခဲ့သော အခြေအနေကို ရှင်းပြရာ အားလုံးသည် အံ့အားသင့်နေကြသည်။
“သခင်လေးပြောတာက ကြက်သွေးရောင်လက သွေးနတ်ဆိုးသစ်ပင် လတိုင်း လူတွေကို စားနိုင်အောင်လို့ အကာအကွယ်တစ်ခုပဲပေါ့” ဝမ်မုံ့၏ စကားမှာ တစ်ကြောင်းတည်းဖြစ်သော်လည်း ပြီးပြည့်စုံနေသည်။
“ဟုတ်တယ်” ဘိုင်ရှန်းသည် အရိုးစုနှင့် လက်နက်ကိုထုတ်ကာ “မင်းတို့ သူ့ကိုမှတ်မိကြသေးလား”
“ဒါ အဘိုးဘေပဲ” ဟူယန်းသည် ချက်ချင်းပင်မှတ်မိလေသည် “ဒါက သူ့ ဝိညာဉ်လက်နက်ပဲ ဒီအဝတ်တွေက သူမပျောက်ခင်နေ့ကဝတ်သွားတဲ့အဝတ် တွေပဲ”
“မုတ်ဆိတ်ကြီး သေချာရဲ့လား” ဝမ်မုံ့သည် လေရှိုက်သွင်းကာ ပြော လိုက်သည်။
“ဘယ်လိုလုပ် မသေချာပဲနေမလဲ၊ သူမပျောက်ခင်နေ့က သူနဲ့ သောက် ခဲ့တာ” ဟူယန်းရှင်းပြလေသည် “အဲနေ့က သူပြန်သွားမယ်ပြောတာ… ငါက မပြီးရင် မပြန်ရဘူး ဆက်သောက်ရမယ်ပြောတော့ ဒီနေ့ညက ကြက်သွေး ရောင်လပေါ်မှာမို့လို့ စောစောပြန်သင့်တယ်လို့ သူပြောတယ် အဲကတည်းက သူ့ကိုမတွေ့တော့တာပဲ”
“ကြက်သွေးရောင်လပေါ်တော့ လူတချို့ပျောက်ကြတယ်” ဝမ်မုံ့၏ မျက်နှာမှာမကောင်းပေ “ဒါပေမဲ့ ဒီလောက်နှစ်တွေအကြာကြီး အဲဒါတွေ အကုန်လုံးကို ကြက်သွေးရောင်လကြောင့်လို့ပဲထင်နေတာ အဲဒါက ငါတို့တွေ သွားထိလို့မရတဲ့ ဆန်းကြယ်တဲ့အရာတစ်ခုလို့ပဲ တွေးခဲ့ကြတာ”
“သေစမ်း ဒီနေ့ညက ကြက်သွေးရောင်လပေါ်မဲ့ညပဲ” ဟူယန်းသည် ရုတ်တရက် အော်လေသည်။
“ဒီနေ့ညကို နောက်ထပ်သတ်ဖြတ်တာတွေတွေ့ရမှာလား” မူလျန်ရှင် မေးလေသည်။
“ဒီနေ့ည ဘယ်သူများဖြစ်မလဲမသိူဘူး” ဟူယန်း သက်ပြင်းချလေသည်။
“ဒီနေ့ညတော့ ဖြတ်ကျော်ဖို့လွယ်မယ်ထင်ဘူး၊ ပြီးတော့ အရင် တစ်ခေါက်ကလိုလွယ်မယ်လည်းမထင်ဘူး” ရှီမာယူယူ မှတ်ချက်ပေးလေ သည်။
“ဘာလို့လဲ”
“ဝမ်မုံ့ မြို့ဂိတ်ပေါက်ကိုကြည့်ဖို့ လူတချို့ကိုလွှတ်လိုက် မြို့ကနေ ထွက် သွားလို့ရမလားလို့” ရှီမာယူယူသည် ဝမ်မုံ့ကိုပြောလိုက်သည်။
ဝမ်မုံ့ ခေါင်းညိတ်ကာ ထွက်သွားပြီးနောက် လျင်မြန်စွာပင် ပြန်လာပြီး ပြောလေသည် “အခု သူတို့ကိုမြို့ဂိတ်ပေါက်တွေကို ခွဲလွှတ်ပြီးပြီ အခု သူတို့ သတင်းပို့တာကိုစောင့်ရုံပဲ”
လျင်မြန်စွာပင် ထိုလူများသည် သတင်းယူကာ ပြန်လာကြသည်။
“ကျွန်တော်တို့ထွက်လို့မရတော့ဘူး၊ ထိပ်တန်းအဆင့်ကျောက် ဘယ် လောက်ပေးပေး မြို့ဂိတ်ကမပွင့်ဘူး”
“မြို့တံတိုင်းအပေါ်ကို ဝိညာဉ်အတားအဆီးလုပ်ထားတယ် ပျံထွက်လို့ မရဘူး”
ခြံဝန်းထဲမှလူများသည် သတင်းကိုကြားပြီးနောက် မျက်နှာပျက်ကြလေသည်။
***