#မုဖူရှန်း၊ ငါဒဏ်ရာထားတယ်၊ ကုသလို့်မရတဲ့အမျိုးအစားတစ်ခုပါ#
Vol. 58 Ch. 816
အမ်!
သူဘယ်လိုလုပ် ဒီပုံရိပ်ယောင်လှည့်စားမှုကို ဒီလောက်မြန်မြန် ချိုးဖျက်နိုင်ခဲ့တာလဲ!
အပြင်ပကမ္ဘာတွင် ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ မုတ်ဆိတ်ဖြူအကြီးအကဲ၊ အကြီးအကဲသုံးဦး၊ လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့မှာ ကြက်သေသေသွားကြ၏။
ထို့နောက် မုတ်ဆိတ်ဖြူအကြီးအကဲပိုင်ချု လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့ကို ကြည့်ကာမေးလိုက်သည်။
"ဓားနတ်ဘုရားချန်ထားခဲ့တဲ့ ပုံရိပ်ယောင်လှည့်စားမှုက ဓားသမားတွေအတွက် လုံး၀ကွဲပြားတယ်လို့ မင်းတို့ပြောခဲ့ကြတာမလား"
ကျန်းကျိယွမ် "......"
အကြီးအကဲပိုင်ချူဆက်မေးသည်။
"ဒီပုံရိပ်ယောင်လှည့်စားမှုက ယဲ့ချိုးပိုင်အပေါ် ကြီးမားတဲ့သက်ရောက်မှုတစ်ခု သေချာပေါက်ရှိလိမ့်မယ်လို့ မင်းတို့ပြောခဲ့ကြတာမလား"
လိန်ရှင်းယွန် "....."
မဟုတ်သေးပါဘူး၊ ခင်ဗျားက ကျုပ်တို့ကို မေးနေတာလား၊ ဒါဆိုကျုပ်တို့က ဘယ်သူ့ကို မေးသင့်လဲ!
ဓားနတ်ဘုရားချန်ထားခဲ့သည့် ပုံရိပ်ယောင်လှည့်စားမှုတွင် ဓားသမားများအပေါ် အထူးထိန်းချုပ်နိုင်သည့် သက်ရောက်မှုရှိသည်။
သို့သော် သူတို့ဘယ်လိုလုပ်သိနိုင်မည်နည်း။
အမွေးတိုင်တစ်တိုင်စာလောက်ပဲ ကြာသေးတာလေ၊ ပုံရိပ်ယောင်လှည့်စားမှုက ဒီလိုချိုးဖျက်ခံလိုက်ရတာလား!
ဒီပုံရိပ်ယောင်လှည့်စားမှုက နည်းနည်းလေးဖြစ်ကတတ်ဆန်း နိုင်လွန်းတယ်မလား!
ဇီရှန်း ကောင်းကင်အင်မော််နယ်ပယ်က ဓားအင်မော်တယ်နှစ်ပါးဖြစ်သည့် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကြားက မသက်မသာဖြစ်မှုကို သက်သာစေရန် ကြိုးစားနေသည်။
"ဓားနတ်ဘုရားက အစီအရင်၊ အခင်းအကျင်းတွေမှာ မတော်တာ ဖြစ်လောက်တယ်၊ သူစမ်းသပ်မှုတစ်ခုအဖြစ် အခင်းအကျင်းတွေကို အတင်းအဓမ္မ ချထားချင်တာဖြစ်ရမယ်...."
သို့စေကာမူ ဇီရှန်းဒါကိုပြောသောအခါ အနည်းငယ် မသေချာပေ။
ဂုဏ်သိက္ခာကြီးမားသည့် ဓားနတ်ဘုရားတစ်ပါးက သေဆုံးပြီးနောက် သူ့အမွေအနှစ်ကို မည်သို့မည်ပုံ ယခုလို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် ချနိုင်မည်နည်း။
ဟုန်ရင်နှင့် စံအိမ်တော်က ကျန်သောတပည့်များကသာ သိကြသည်။
ပုံရိပ်ယောင်လှည့်စားမှု ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ သူတို့ဆရာ၏ အော်ရာကို ခံစားခဲ့ကြရသည်။
ဒီပုံရိပ်ယောင်နယ်မြေကို ချိုးဖျက်ခဲ့တာ တစ်ခဏမျှဟုသာ ဆို၍ရသော်လည်း သူနို့အာရုံဖမ်းစားမိခဲ့သည်။
ဟုန်ရင် ပါးစပ်ကိုဖုံးကာရယ်မောသည်။
"အစ်ကိုကြီး ဒီလိုလှည့်ကွက်တွေ ဆော့ကစားတတ်အောင် ဘယ်တုန်းက သင်ယူခဲ့တာလဲ"
မုဖူရှန်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"မှန်တယ်၊ ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ အစ်ကိုကြီးက ပြင်ပအကူအညီကို လွယ်လွယ်နဲ့အားကိုးမှာ မဟုတ်ဘူး၊ ဒါက အမွေအနှစ်စမ်းသပ်မှုတစ်ခုဆိုတာကို ပြောနေစရာတောင်မလိုဘူး...."
ဘေးကနေ ရှီရှန်းသူ့ကို စိုက်ကြည့်နေတာကိုတော့ သူမသိခဲ့ပါ။
ရှီရှန်း၏မျက်လုံးများက မည်းမှောင်နေပြီး မေးသည်။
"အစ်ကိုကြီးကို လမ်းလွဲသွားအောင် မင်းလမ်းပြလိုက်တာလား၊ ဘာပဲဆိုဆို မင်းပဲ ဒီလိုအရာမျိုးကို လုပ်နိုင်တာလေ"
"ဒါ့အပြင် အစ်ကိုကြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ရှိတုန်းက မင်းလည်းရှိခဲ့တယ်"
ထို့နောက်တွင် ဟုန်ရင်၊ ရှောင်ဟိုင်၊ နင်းချန်ရှင်းနှင့် မု၀မ်အာတို့ကလည်း လှမ်းကြည့်လိုက်ကြ၏။
ဒီအကြည့်များက မုဖူရှန်းကို မသက်မသာဖြစ်စေသည်။
မုဖူရှန်း၏ အမူအရာက အေးခဲသွား၏။
ငါကဘယ်လိုလုပ် အပြစ်ဖြေသူဖြစ်သွားရတာတုန်း၊ စီနီယာအစ်ကို၊ အစ်မတို့ရဲ့ နှလုံးသားထဲမှာ ငါ့ပုံရိပ်က ဒီလောက်တောင် ဆိုးရွားတာလား!
ဒါကိုသူထည့်ပြောလိုက်စဉ် မုဖူရှန်း နာကျင်ဟန်ဆောင်ရင်း နှလုံးသားကို လက်နှစ်ဖက်နှင့် ဖုံးထားသည်။
အဆုံးသတ်တွင် ရှီရှန်းနှင့် ကျန်သောသူများက တစ်ပြိုက်တည်းခေါင်းညိတ်ကြသည်။
ရှောင်ဟိုင်ထပ်ပြောသည်။
"ဟုတ်တယ်လေ၊ ဒါကမင်းရဲ့ပင်ကိုယ်စရိုက်ပဲ"
နင်းချန်ရှင်းခပ်ပေါ့ပေါ့ပြောသည်။
"လုံး၀ပဲ"
မု၀မ်အာကလည်း လေးနက်စွာပြောသည်။
"သံသယမရှိမှန်ကန်တယ်"
ဟုန်ရင်ကလည်းပြုံးသည်။
"ကိုယ့်ကိုကိုယ်သံသယမဖြစ်နဲ့"
မုဖူရှန်း "....."
မုဖူရှန်း သူဒဏ်ရာရနေပြီး သူ့နှလုံးသား၌ ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုကို ခံစားနေရသည့်ပမာ ဖော်ပြသည်။
ရုတ်တရက် မုဖူရှန်း ယဲ့ချိုးပိုင်ကို သနားကရုဏာသက်သည့် မျက်လုံးများနှင့် ကြည့်လိုက်မိသည်။
အစ်ကိုကြီးခံစားချက်တွေကို သူရုတ်တရက် နားလည်လာရသည်။
သို့စေကာမူ မုဖူရှန်းရုတ်တရက် တုန်ယင်သွားရပြီး သူ့စိတ်ထဲတွင် အန္တရာယ်များသည့် အတွေးတစ်ခုပေါ်လာသည်။
တကယ်လို့ အစ်ကိုကြီးကို အပြစ်မတင်နိုင်တော့ဘူးဆိုရင် ငါ့ကိုအပြစ်တင်တော့မယ်လို့တော့ မပြောနဲ့နော်!
ဒီအတွေးက မုဖူရှန်းကို ရုတ်တရက် နိုးကြားသွားစေပြီး သူ့နှလုံးသားထဲက အကြံတစ်ခုကို အားဖြည့်ပေးသည်။
ဘယ်လောက်ပဲကုန်ကျပါစေ သူဒုတိယစီနီယာအစ်မနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရပေမည်။
.....
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင် တတိယအဆင့်ကို ရောက်လာသည်။
ထိုလူ၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေပြီ။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်ရှေ့က ပုံရိပ်ယောင်ဓားက ပို၍ပင်သိပ်သည်းကျစ်လျစ်လာသည်။
ဓားကနေ အသံတစ်သံထွက်လာသည်။
"ပါ၀င်သူ၊ ဒုတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
"နောက်ဆုံးစမ်းသပ်မှုအတွက် မင်းအသက်က အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဆိုတာ ငါသတိပေးချင်တယ်၊ ဒါ့အပြင် မင်းပြင်ပအားကို အသုံးပြုမယ်ဆိုရင် အမွေဆက်ခံဖို့အတွက် အရည်အချင်းကို ဆုံးရှုံးရလိမ့်မယ်"
ဒီဓားက ပုံရိပ်ယောင်နယ်မြေတွင် သူလုပ်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့သည်ဟု ယဲ့ချိုးပိုင်ခံစားနေရသည်။
ထို့နောက် အသံကဆက်ပြောသည်။
"ဒါ့အပြင် စမ်းသပ်မှုစတာနဲ့ သေခြင်းတရားကလွဲပြီး စမ်းသပ်မှုကနေ ထွက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး"
"အခုမင်းရွေးချယ်ရမယ့်အလှည့်ပဲ၊ မင်းနောက်ဆုံးစမ်းသပ်မှုကို ဆက်လုပ်ချင်လား ဒါမှမဟုတ် ဒီလိုပဲ လက်လျှော့ချင်လား"
ဓားထဲက အသံက အတော်လေးညို့ယူ ဖမ်းစားနေသည့်အသွင်။
ယဲ့ချိုးပိုင်ပြုံးသည်။
"စီနီယာ၊ ဒါကလည်း စမ်းသပ်မှုတစ်ခုပဲမလား"
ဓားကနေ အသံမထွက်လာခဲ့ပါ။
ထို့နောက် ယဲ့ချိုးပိုင်ပြောသည်။
"ဒီလိုတောင် ရောက်နေပြီဆိုမှတော့ ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာလဲ"
ဓားကနေ ချီးမွမ်းသံတစ်သံထွက်လာသည်။
"ပုံရိပ်ယောင်နယ်မြေထဲက ကိစ္စတွေက လွဲရင် မင်းက ဓားသမားတစ်ယောက်ရဲ့ အရည်အသွေးအားလုံးကို ပိုင်ဆိုင်ထားတယ်၊ မင်းပါရမီကို သဘောကျမြတ်နိုးရုံမျှနဲ့ ငါစည်းမျဉ်းတွေကို ချိုးဖျက်မှာမဟုတ်ဘူး၊ နားလည်လား"
ယဲ့ချိုးပိုင်လောင်းကြေးတစ်ခုထပ်လိုက်မိသည်။
ယခုလေးတင် ပုံရိပ်ယောင်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့တာကို တစ်ဘက်က မှတ်စုစာအုပ်တွင် ရေးမှတ်ထားခဲ့သည်။
"စီနီယာ၊ စကြရအောင်"
ယဲ့ချိုးပိုင်စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်က ကျောက်တိုင်လေးတိုင်က ရုတ်တရက် တုန်ခါလာကြသည်။
ဓားနတ်ဘုရားအမွေအနှစ်ကျွန်းတစ်ခုလုံးကလည်း ငလျင်တစ်ခုကို ကြုံကြိုက်နေရပုံရသည်။
မှန်ကဲ့သို့မြေကြီး အပြင်းအထန်တုန်ခါနေသည်။
ထိုအချိန်တွင် မြေကြီးပေါ်၌ တောက်ပနေသည့် ရွှေရောင်အ၀တ်အစားများက မြေကြီးတုန်ခါလာသည်နှင့် လှိုင်းများပမာ လှိုင်းထန်လာသည့်အလား ထင်ရသည်။
ယဲ့ချိုးပိုင်၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် ကျောက်တိုင်သုံးတိုင်က ဒန်တျန်၊ ဓားတာအိုနှင့် ရုပ်ခန္ဓာအဖြစ် ပြောင်းသွားပြီး တစ်ခုတည်းအဖြစ် သိပ်သည်းကျစ်လျစ်သွားကြ၏။
၎င်း၏ရုပ်ရည်သွင်ပြင်နှင့် ကိုယ်ခန္ဓာက ယဲ့ချိုးပိုင်နှင့် ဘာမှမခြားနားပါ။
တစ်ချိန်တည်းမှာပင် နောက်ဆုံးကျောက်တိုင်က စတင်ကျုံ့လာသည်။
ထို့နောက် ယဲ့ချိုးပိုင်လက်ထဲတွင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားအဖြစ် ပြောင်းလဲသွား၏။
ထိုအချိန်တွင် ဓားထဲကအသံကပြောသည်။
"တတိယစမ်းသပ်မှုက မင်းရှေ့က ကိုယ်ပွားကို အနိုင်ယူဖို့ပဲ"
"ဒါက ကိုယ်ပွားတစ်ခုဆိုပေမယ့် သူ့ခွန်အား၊ ဓားတာအိုနဲ့ လက်နက်တွေက ပြီးပြည့်စုံတဲ့ပုံတူပဲ"
"ဒီကိုယ်ပွားရဲ့ဝိဉာဉ်ချီကတော့ အဆုံးမဲ့တယ်"
ယဲ့ချိုးပိုင်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ဒီလိုဆိုပါက တတိယစမ်းသပ်မှုက အမှန်တကယ်ပင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။
တခြားဘက်ကို သူအနိုင်ယူခဲ့သည်ဟု ဆိုခြင်းထက် သူ့ကိုသူအနိုင်ယူချင်သည်ဟု ပြောပါက ပိုကောင်းသည်။
ယဲ့ချိုးပိုင်အနီးတွင် ဖြစ်ပျက်ခဲ့တာများနှင့် ပတ်သက်၍ ဟုန်ရင်၊ ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲလေးဦး၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွမ်တို့ကလည်း မြင်ကြသည်။
"နှောင့်ယှက်မိတာစိတ်မကောင်းပါဘူး"
ဇီရှန်းမျက်မှောင်ကြုတ်သည်။
"ဒီအဆင့်က ယဲ့ချိုးပိုင်ရဲ့တကယ့်တိုက်ခိုက်ရေးစွမ်းရည်အပြင် သူ့ပါရမီကိုပါ စမ်းသပ်တာပဲ"
"တကယ်လို့ နယ်ပယ် ဒါမှမဟုတ် တိုက်ပွဲအတွေ့အကြုံက အလယ်မှာ ချိုးဖျက်မှုမရှိဘူးဆိုရင် သေစေလောက်တဲ့အထိ ပင်ပန်းသွားရလိမ့်မယ်၊ တစ်ဘက်လူမှာက အဆုံးမဲ့ဝိဉာဥ်ချီရှိတယ်....."
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့၏ အမူအရာများကလည်း လေးနက်သွားကြ၏။
သူတို့ကလည်း ဓားသမားများဖြစ်သည်။
တိုက်ပွဲတွင် ချိုးဖျက်ရန်အတွက် လိုအပ်ချက်များက ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို သူတို့ကလည်း နားလည်ကြသည်။
ကျင့်ကြံခြင်းတွင် ချိုးဖျက်ခြင်းက စိတ်အခြေအနေကို တည်ငြိမ်စေရန် လိုအပ်သည်သာမက အပြင်ပကမ္ဘာက သူ့ကို မနှောင့်ယှက်ရန်လည်း လိုအပ်သည်။
ဒါ့အပြင် တိုက်ပွဲတစ်ခုတွင် နယ်ပယ်ချိုးဖျက်နိုင်လျှင်ပင် ဘယ်သူကများ သူတို့ကို အဆင့်ချိုးဖျက်ခြင်းကနေ အာရုံလွှဲပြောင်းသွားအောင် မလုပ်ဘဲနေမည်နည်း။
ဒါက နယ်ပယ်အသေးတစ်ခုကို ချိုးဖျက်ခြင်းမဟုတ်။ မြေအင်မော်တယ်နယ်ပယ်ဖြစ်သည်။
သို့သော် ဒါက အရေးပါသည့်ကာလလည်းဖြစ်သည်။
ဒီလိုလုပ်နိုင်သည့်လူမျိုးကို သူတို့ပင်လျှင် တစ်ခါမှ မမြင်ခဲ့ကြဖူးပါ။