#စမ်းသပ်မှုပြီးစီးခြင်း#
Vol. 58 Ch. 819
တိုက်ပွဲအတွင်း အဆင့်ချိုးဖျက်ခြင်းက အလွန်အမင်းခက်ခဲသည့် ကိစ္စတစ်ခုပင်။
ဒါက ကောင်းကင်ဘုံကိုတက်ရသည့်ပမာ ခက်ခဲသည်ဟု ဆိုလျှင်ပင် ချဲ့ကားလွန်းရာမကျပေ။
မည်သို့ပင်ဆိုစေကာမူ အဆင့်ချိုးဖျက်စဉ် စိတ်အခြေအနေကလည်း တည်ငြိမ်ရန် လိုအပ်သည်မဟုတ်ပေလော။
တိုက်ပွဲအလယ်တွင် သူတို့ကရန်သူဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို မဆိုထားနဲ့၊ အနည်းနှင့်အများတော့ အာရုံထွေပြားမည်သာ။
ဒါ့အပြင် ဒီလိုအဆင့်ချိုးဖျက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် တိုက်ပွဲအတွင်း အဆင့်ချိုးဖျက်ခြင်းက လွယ်ကူသည်ဟု ဘယ်လိုလုပ် ပြောဆိုနိုင်မည်နည်း။
သို့စေကာမူ ယဲ့ချိုးပိုင်၏ တာအိုအခြေခံက တည်ငြိမ်သဖြင့် အဆင့်ချိုးဖျက်ခြင်းက အခြေခံအားဖြင့် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။
ကိုယ်ပွားက ထပ်မတိုက်ခိုက်တော့ဘဲ ဆန့်ကျင်စွာပင် သူ့၏ကိုယ်က စတင်ပြိုကွဲလာသည်။
ရုပ်ခန္ဓာ၊ ဒန်တျန်၊ အရိုးများ၊ သွေးနှင့် လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားတို့က ထိုအချိန်တွင် မြို့များကိုဖျက်ဆီးကာ ကောင်းကင်ကို ဖွင့်လှစ်နိုင်သည့် ဓားဆန္ဒအမျှင်စများအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်ဓားအဖြစ် ပေါင်းစပ်သွား၏။
ထို့နောက် ပုံရိပ်ယောင်ဓားက ဖြည်းဖြည်းချင်းသိပ်သည်းကျစ်လျစ်လာပြီး ရုပ်၀တ္တုအသွင်ရှိသည့်ပုံရိပ်ယောင်ဓားက လူသားပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘေးကနေ ကျန်းကျိယွမ်ရှင်းပြသည်။
"ကြည့်ရတာ ဒါကဓားဝိဉာဉ်ဖြစ်ပုံရတယ်၊ သူက စီနီယာဓားနတ်ဘုရားရဲ့ ဓားထဲက ဓားဝိဉာဉ်ဖြစ်မယ်"
လိန်ရှင်းယွန်၏မျက်လုံးများက မနာလိုမှုများနှင့် ပြည့်နှက်နေပြီး ရေရွတ်သည်။
"မိတ်ဆွေလေးယဲ့က ဓားနတ်ဘုရားရဲ့ ဓားထဲကဓားဝိဉာဉ်ကို ရခဲ့တယ်၊ ဓားတာအိုမှာ သူ့ရဲ့အနာဂတ်လမ်းကြောင်းက အများကြီးပိုချောမွေ့နေလိမ့်မယ်"
သာမန်ဓားဝိဉာဉ်တစ်ခုက ဓားနတ်ဘုရား၏ ကြီးထွားမှုနှင့်အတူ ရှိလာသည့် ဓားဝိဉာဉ်တစ်ခုနှင့် မည်သို့မည်ပုံယှဉ်နိုင်မည်နည်း။
ဓားတာအို၏ အတွေ့အကြုံနှင့်နားလည်မှုက ယဲ့ချိုးပိုင်ထံသို့ အဆုံးမဲ့အကျိုးကျေးဇူးများ ယူလာနိုင်ပေသည်။
"ဒါပေမယ့် ကိုယ်ပွားပျောက်ကွယ်သွားခြင်းက မိတ်ဆွေလေးယဲ့ ဒီစမ်းသပ်မှုကို အောင်မြင်သွားပြီလို့ ဆိုလိုတာမလား"
လိန်ရှင်းယွန်၏သံသယများကို ကြားသွားပုံရသည့်အလား ဓားဝိဉာဉ်က ထူးမခြားနားစွာပြောသည်။
"နောက်ဆုံးစမ်းသပ်မှုက မူလက ဒီဓားသမားမှာ အလားတူပါရမီရှိသလားဆိုတာကို ဆုံးဖြတ်ဖို့ပါပဲ"
ပါရမီသာမရှိပါက ကြိုးစားအားထုတ်လျှင်ပင် ရွေ့လျားလှုပ်ရှားရန် ခက်ခဲသည်။
ဒါကအင်မတန်ရက်စက်သည့် အမှန်တရားတစ်ခုပင်။
တကယ်တမ်းတွင် ဒီလိုအခြေအနေရပ်များ မရေမတွက်နိုင်လောက်အောင် ရှိသည်။
တစ်ချို့က ချက်ချင်းသင်ယူနိုင်သော်လည်း တစ်ချို့ကမူ ဘယ်လောက်ပင်ကြိုးစား ကြိုးစား မသင်ယူနိုင်ပေ။
ဒါကငြင်းဆန်၍မရနိုင်သည့် အချက်ပေတည်း။
ဓားဝိဉာဉ်ဆက်ပြောသည်။
"ပြီးတော့ ဒီကလေးမှာ ဆရာ့ရဲ့အမွေကို ဆက်ခံဖို့အတွက် ပါရမီရှိတယ်၊ ဒီတော့ နောက်ပိုင်းစမ်းသပ်မှုတွေကို ဆက်လုပ်နေတာက အဓိပ္ပာယ်မရှိပါဘူး"
လူတိုင်းခေါင်းညိတ်သည်။
သို့သော် သူတို့အဆင့်ချိုးဖျက်နေသည့် ယဲ့ချိုးပိုင်ကို ကြည့်ကြသောအခါ ထိတ်လန့်မှုက သူတို့မျက်လုံးများ၌ပေါ်လာသည်။
ဒီလိုကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ဦးက လမ်းတစ်၀က်တွင် အချိန်မတန်ဘဲ မသေဆုံးသရွေ့ ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်ဆုံးတွင် သေချာပေါက် ရပ်တည်နိုင်ပေလိမ့်မည်။
တစ်ဘက်တွင် အကြီးအကဲပိုင်ချူ မုတ်ဆိတ်ဖြူကို ပွတ်သပ်ရင်း နှလုံးသားထဲကနေ ညည်းတွားနေမိသည်။
မုဖူရှန်းနှင့်သူ့ဆရာတူတပည့်များက အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။
သူတို့ထဲက တစ်ယောက်ယောက်ကို ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတွင် ထားမည်ဆိုလျှင်ပင် သူတို့က ဂိုဏ်းတစ်ခုလုံးတွင် ရတနာအဖြစ် ဆက်ဆံခံရကာ အစွမ်းကုန် ပြုစုပျိုးထောင်ပေးခြင်းခံရသည့် တည်ရှိမှုမျိုး ဖြစ်လာကြပေလိမ့်မည်။
ဒီလူများက ဂိုဏ်းတစ်ဂိုဏ်းတည်းက လာကြတယ်ဆိုတာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
ဒါကိုတွေးမိသောအခါ မုတ်ဆိတ်ဖြူအကြီးအကဲ ခေါင်းခါယမ်းရင်း ခါးသီးစွာသာပြုံးသည်။
ဒီပါရမီရှင်အားလုံးက သူတို့မြင့်မြတ်အဆောင်ဂိုဏ်းက ဆိုပါက ဘယ်လောက်ပင် ကောင်းလေမည်နည်း။
ဘာလို့ သူတို့မြင့်မြတ်အဆောင်ဂိုဏ်း မဖွံ့ဖြိုးမှာကို စိုးရိမ်ပူပန်ရတော့မည်နည်း။
ဒါကတကယ်တော့မမှန်ပါ။
ပါရမီရှင်များစွာကို တစ်ချိန်တည်းတွင် မြင့်မြတ်အဆောင်ဂိုဏ်းတွင် ထားမည်ဆိုပါက သူတို့က နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ရှိသော ထိပ်တန်းဂိုဏ်းဆိုလျှင်ပင် ထိုပါရမီရှင်များကို တစ်ချိန်တည်းတွင် ပျိုးထောင်ရန်ဟူသည် လုံလောက်မည်မဟုတ်။
တစ်ခဏအကြာတွင် အကြီးအကဲပိုင်ချူ ထပ်သိချင်သွားသည်။
မည်သည့်ပါရမီရှင်ကများ တစ်ချိန်တည်းတွင် ပါရမီရှင်များစွာကို ပျိုးထောင်ပေးနိုင်ခဲ့လေသနည်း။
ထို့နောက် သူတို့ယဲ့ချိုးပိုင် အဆင့်ချိုးဖျက်ကာ အမွေဆက်ခံတာကို စောင့်နေရတော့သည်။
သို့စေကာမူ ဟုန်ရင်နှင့်ကျန်သောသူများက ဒီကာလအတွင်း အချိန်မဖြုန်းကြဘဲ ယင်းအစား နောက်ဘာဖြစ်လာမလဲဆိုတာကို ပြောဆိုနေကြသည်။
သူတို့ဘယ်လိုလုပ်သင့်သနည်း။
နဂါးသွေးနတ်ဆိုးချောက်ကို သူတို့ဘယ်လိုသွာသငါ့သနည်း။
နဂါးသွေးနတ်ဆိုးချောက်က အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်တွင်ရှိဆဲပင်။
သို့စေကာမူ ဒါကအနက်ပိုင်းနှင့် အတော်လေးနီးစပ်သည်။
ထိုနေရာ၌ ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က ထိုစွမ်းအားရှင်များပင်လျှင် စူးစမ်းရှာဖွေရာ၌ အတော်လေးဂရုစိုက်ရပေမည်။
ယခုတွင်မူ ဆန်းကြယ်သည့်အာကာသမုန်တိုင်းအပြီး ဆယ်ရက်ကြာသွားလေပြီ။
နောက်တွင် ကျန်ရစ်ခဲ့သည့် ခြေရာများကျန်ရှိသည့်တိုင် တည်ငြိမ်နေလေပြီ။
အနက်ပိုင်းကနေ ဘေးပတ်၀န်းကျင်ကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည့် ကင်လယ်နက်ပိုင်းက နတ်ဆိုးသားရဲများပင် ရှိလာကြလေပြီ။
ဒီလိုဆိုပါက နဂါးသွေးနတ်ဆိုးချောက်၏ အန္တရာယ်နှင့် စွန့်စားမှုအခက်အခဲက အဆမတန်ပင် တိုးမြှင့်လာပေလိမ့်မည်။
ဒါ့အပြင် သေစေလောက်သည့် ပြဿာနာတစ်ခုလည်းရှိသည်။
တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းတွင် ဘာကိုစီစဉ်ထားလေသနည်း။
ဓားနတ်ဘုရားအမွေအနှစ် တည်ရှိသည့်နေရာတွင် သူတို့ထူးခြားသည့်အရာဟူ၍ ဘာကိုမှ ရှာမတွေ့သော်လည်း သံသယဖြစ်စရာအရာတွေ အများကြီးရှိသေးသည်။
ဥပမာအားဖြင့် ဇီရှန်းပေးသည့်သဲလွန်စများပင်။
လေလံပွဲတွင် သူတို့ကို ဓားနတ်ဘုရားအမွေအနှစ်၊ နဂါးသွေးနတ်ဆိုးချောက်အကြောင်း သဲလွန်စများပေးခဲ့ခြင်းဖြစ်သလို နောက်ထပ်ဥပမာတစ်ခုက သတင်းလေလံပွဲမစခင်က စစ်မီးတောက်များကို ငရဲဂိုဏ်းက စတင်ခဲ့ခြင်းဖြစ်သည်။
တခြားထိပ်တန်းဂိုဏ်းများ၌ အငြင်းပွားမှုများမရှိပါ။
သူတို့ရှိသည့် မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်ကသာ အကြီးစားစုရုံးတိုက်ခိုက်မှုကြီးတစ်ခုကို ခံခဲ့ရခြင်းပင်။
ဒီရာအားလုံးက သူတို့ကို သံသယများအား လုံး၀ဖယ်ရှားပစ်ရန်အတွက် ခွင့်မပြုပေ။
မုတ်ဆိတ်ဖြူအကြီးအကဲပြောသည်။
"ငါတို့နဂါးသွေးနတ်ဆိုးချောက်ကို သွားကြဦးမလား"
ဇီရှန်းဘေးကနေ ပြောသည်။
"ပုဂ္ဂိုလ်ရေးအရ ပြောရရင်တော့ သွားနိုင်ဖို့မျှော်လင့်ပါတယ်၊ ဒါကနည်းနည်း တစ်ကိုယ်ကောင်းဆန်ပေမယ့် တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိသလဲဆိုတာ ကျွန်မသိချင်သေးတယ်"
အစ်ကိုကြီးအနေနှင့် ယဲ့ချိုးပိုင် သူ့လုပ်ဆောင်ချက်များကို ယခုမစီစဉ်နိုင်ပေ။
ဒီကိစ္စတွင် အစားထိုးအနေနှင့် စံအိမ်တော်၏ ဒုတိယစီနီယာအစ်မဖြစ်သည့် ဟုန်ရင်ရှိနေသေးသည်။
ဟုန်ရင် ရှောင်ဟိုင်ကိုကြည့်ကာမေးသည်။
"ဒီစမ်းသပ်မှုက နင်နဲ့သက်ဆိုင်တယ်၊ ဒီတော့ သွားမလား၊ မသွားဘူးလားဆိုတာကို ဆုံးဖြတ်ဖို့က နင့်အပေါ်မူတည်တယ်"
နင်းချန်ရှင်းပြုံးရင်း ခေါင်းညိတ်သည်။
"မင်း၀န်ထုပ်၀န်ပိုးဖြစ်သလို ခံစားနေစရာမလိုပါဘူး၊ သွားချင်ရင်သွားလို့ရတယ်"
မုဖူရှန်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ကလည်း ရှောင်ဟိုင်ကို အားပေးသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
ရှောင်ဟိုင်အလိုရှိသရွေ့ ထိုနေရာတွင် အန္တရာယ်ရှိလျှင်ပင် သူတို့ဂရုမစိုက်ဘဲ လိုက်သွားကြမည်သာ။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်ငြင်းမနေတော့။
စံအိမ်တော်၏ အဖွဲ့၀င်တစ်ဦးတဖြစ်လဲ ရှောင်ဟိုင် သူတို့အကြားက ယုံကြည်မှုကို ရှင်းရှင်းလင်းလင်းသိပါသည်။
အကယ်၍ တစ်ယောက်ယောက်က တစ်ခုခုလုပ်ချင်ပါက အန္တရာယ်ရှိလျှင်ပင် တစ်ဘက်က သဘောမတူလျှင်ပင် ကျန်သောသူများက အကျိုးဆက်ကို ဂရုမစိုက်ဘဲ သွားကြမည်သာ။
သူကလည်း အတူတူပင်ဖြစ်သည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်ပြုံးသည်။
"ဒါဆိုသွားကြတာပေါ့၊ လက်ရှိကျွန်တော်ကလည်း ခွန်အားကို တကယ်ပဲ တိုးမြှင့်ဖို့ လိုအပ်နေတာ"
ဝိဉာဉ်အပိုင်းအစများကို ပို၍ရလာလေလေ၊ သတင်းအချက်အလက်များကို ပို၍ ရရှိလာလေလေဖြစ်သည်။
ယခုတွင်မူ ဒါက ထိုသူပုန်များ၏ အာရုံကိုပင် ဆွဲဆောင်သွားခဲ့သည်။
ထို့နောက် တခြားတစ်ခုက သူ့မှတ်ဉာဏ်ထဲက အမှောင်အကျည်းထောင်ထဲရှိ အမျိုးသမီးပင်။
သူ့ဘေးကလူများအတွက်လည်းဖြစ်သည်။
သူခွန်အားကို တိုးမြှင့်ချင်သည်။
သူခွန်းလွန်အပျက်အစီးကိုဦးတည်ပြီး နောက်ထပ်ဝိဉာဉ်အပိုင်းအစကို ရပြီးမှသာလျှင် သူလုပ်ချင်တာကို လုပ်နိုင်ပေလိမ့်မည်။
ဟုန်ရင်ပြုံးသည်။
"ဒီလိုဆိုရင် ဒါကဆုံးဖြတ်ပြီးသွားပြီ၊ အစ်ကိုကြီး အမွေအနှစ်ကို ဆက်ခံပြီးတာနဲ့ ငါတို့ နဂါးသွေးနတ်ဆိုးချောက်ကို ချက်ချင်းသွားကြမယ်"
မုဖူရှန်း မုတ်ဆိတ်ဖြူအကြီးအကဲကို ကြည့်လိုက်သည်။
"အကြီးအကဲတို့၊ ဒါပြီးရင်တော့ အကြီးအကဲတို့ ပြန်လှည့်သွားလို့ရပါတယ်၊ မြင့်မြတ်အဆောင်ဂိုဏ်းက ကျွန်တော်တို့ကို လုံလုံလောက်လောက် ကူညီပေးခဲ့ပြီးပါပြီ"
သို့စေကာမူ မုတ်ဆိတ်ဖြူအကြီးအကဲက ပြုံးသည်။
"ငါတို့ကလည်း နက်ရှိုင်းစွာ ပါ၀င်နေပြီဆိုတော့ ဆက်ပြီးပါ၀င်ရင်တောင် သက်ရောက်မှု သိပ်မရှိတော့ပါဘူး၊ ဘာပဲဆိုဆို ငရဲဂိုဏ်းက ငါတို့ရဲ့ ဘုံရန်သူလည်းဖြစ်နေသေးတယ်လေ"
မုဖူရှန်းက ယဉ်ကျေးမှုအရပြောဆိုခြင်းသာ။
ဒီလိုအခြေအနေတွင် ပြင်ပအကူအညီမပါဘဲ အရာများကို လုပ်ဆောင်ရန်ဟူသည် အတော်လေးခက်ခဲလောက်သည်။