#အသက်စွန့်အလံ#
Vol. 58 Ch. 826
ငရဲဂိုဏ်း၏ လူစာရင်းက မည်သူ့ကိုမဆို စိတ်ပျက်အားငယ်သွားစေရန် လုံလောက်နေလေပြီ။
ငရဲဂိုဏ်းတွင် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူလေးဦးနှင့် မြေအင်မော်တယ်နယ်ပယ် ၂၃ဦးတို့ ရှိသည်။
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးကလည်း ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်များဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပြာမြစ်ဝါနန်းတော်မှလူများက မုဖူရှန်း၏ မိုးကြိုးဒြပ်စင်အဆောင်အသုံးပြုမှုကို တားဆီးပိတ်ပင်ထားကြသေးသည်။
ယခုလိုအခြေအနေရပ်တွင် မည်မည့်အရာများ ဖြစ်ပျက်နိုင်ဦးမည်နည်း။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ကြည့်ရုံနှင့် သူတို့က လုံး၀ခြားနားသည်ဟု ဆို၍ရသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်တွင် ကောင်းကင်အင်မော်တယ်အလယ်အလတ်အဆင့် ဓားအင်မော်တယ်နှစ်ဦးဖြစ်သည့် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့နှင့်အတူ မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲတို့သာ ရှိသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်ခုနှစ်ဦးကပင် ဒီနေရာကို လှန်လှောပစ်ရန် လုံလောက်နေလေပြီ။
အပြင်လူများကသာ ဒီမြင်ကွင်းကိုမြင်မည်ဆိုပါက ဒါက စိတ်ထင့်စရာမရှိသည့်တိုက်ပွဲတစ်ခုဖြစ်ပြီး ငရဲဂိုဏ်းက လုံး၀အောင်ပွဲကို ရရှိလိမ့်မည်ဟုသာ သူတို့ပြောဆိုကြပေလိမ့်မည်။
သွေးပင်လယ်ဝဲဂယက်က ဆက်တိုက်လိမ့်တက်ကာ ထိုးထွက်လာနေသည်။
သွေးတိမ်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒနှင့် မကောင်းဆိုးဝါးတစ္ဆေများ၏ ဟစ်ကြွေးသံများက အချိန်တိုင်းဆိုသလို လူတိုင်း၏ နှလုံးသားတွင် ပြည့်နှက်ကာ သူတို့၏စိတ်ကို နှောင့်ယှက်ရန် ကြိုးစားနေကြသည်။
ချီရှာဒေါင် နှာခေါင်းရှုံ့ရင်းလက်ဝှေ့ယမ်းသောအခါ သူ့လက်ထဲတွင် အလံတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
အလံတစ်ဝိုက်တွင် အော်ရာဟူ၍မရှိပါ။
သို့သော် အလံကိုသေချာစိုက်ကြည့်မည်ဆိုပါက ဒီလွင့်မြောနေသည့်အလံက အလံကို စိုက်ကြည့်နေသောလူတစ်ယောက်၏ ဝိဉာဉ်ကို ဆွဲယူပစ်ချင်နေသည့်အလား ဝဲဂယက်ပမာ ထင်ရသည်။
ဝဲဂယက်ထဲတွင် အဆုံးမဲ့မကောင်းဆိုးဝါးတစ္ဆေများရှိပြီး အစွယ်များကိုထုတ်ပြရင်း ၎င်းတို့၏ လက်သည်းများကို လှုပ်ယမ်းပြကြသည်။ ၎င်းတို့က ပါးစပ်ကိုဖွင့်ကာ စူးရှသည့် ဟစ်ကြွေးသံများထုတ်လွှတ်သည်။
အကြီးအကဲပိုင်ချူ ဒီမြင်ကွင်းကို မြင်သောအခါ လေးနက်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
"အသက်စွန့်အလံ....."
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ လှမ်းကြည့်လိုက်ကြ၏။
မုတ်ဆိတ်ဖြူအကြီးအကဲရှင်းပြသည်။
"အသက်စွန့်အလံက ငရဲဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံးရတနာပဲ၊ ဒါပေမယ့်ဒါကို ချီရှာဒေါင်ရဲ့ သီးသန့်လက်နက်တစ်ခုလို့လည်း ဆိုလို့ရတယ်၊ ဘာလို့လဲဆိုတော့ ငရဲဂိုဏ်းတစ်ခုလုံးမှာ မရေမတွက်နိုင်လောက်တဲ့ လူတွေကိုသတ်ပြီး မကောင်းမှုများစွာကို ကျူးလွန်ခဲ့တဲ့ ချီရှာဒေါင်လိုလူမျိုးကပဲ ဒီမိစ္ဆာဆန်တဲ့အရာကို ထိန်းချုပ်နိုင်တယ်"
"အသက်စွန့်အလံကို မိစ္ဆာနှလုံးသားရှိပြီး သူ့ဝိဉာဉ်ကို မိစ္ဆာဓာတ်က လုံး၀တိုက်စားပစ်ထားတဲ့ လူကပဲ ထိန်းချုပ်နိုင်တယ်၊ မဟုတ်ဘူးဆိုရင် အသက်စွန့်အလံရဲ့ မဟာမိစ္ဆာစွမ်းအင်က ဒါကိုသုံးတဲ့လူရဲ့ဝိဉာဉ်ကို ဝါးမြိုသွားလိမ့်မယ်"
"ဒါ့အပြင် အသက်စွန့်အလုံကို အသုံးပြုခြင်းက သာမန်ဝိဉာဉ်ဆင့်ခေါ်အလံတွေနဲ့ ကမ္ဘာတွေအလား ကွဲပြားတယ်"
"ပထမဆုံးအနေနဲ့ ဝိဉာဉ်ဆင့်ခေါ်အလံတွေမှာ သိုလှောင်နိုင်တဲ့ ဝိဉာဉ်အရေအတွက်က အကန့်အသတ်ရှိပေမယ့် အသက်စွန့်အလံမှာတော့ ဒီအကန့်အသတ်မျိုး ချည်နှောင်ထားတာမရှိဘူး"
"တစ်ချိန်တည်းမှာပင် အသက်စွန့်အလံက စုပ်ယူတဲ့ဝိဉာဉ်ကို အထဲက မဟာမိစ္ဆာချီကနေ အားဖြည့်ပေးပြီး မိစ္ဆာဝိဉာဉ်တစ်ခု ဖြစ်လာစေတယ်"
"အဲဒီအချိန်က ချီရှာဒေါင် အသက်စွန့်အလံကိုအသုံးပြုပြီး ထိပ်တန်းကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူဆယ်ယောက်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်"
"အသက်စွန့်အလံကို ထုတ်ပြီးတာနဲ့ ကမ္ဘာကြီးထဲက ထောင်သောင်းချီတဲ့သက်ရှိအားလုံး ဖျက်ဆီးခံရလိမ့်မယ်....."
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများသာမက ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ပင် နားထောင်ရင်း သူတို့၏အမူအရာများက အေးစက်နေကြ၏။
ချီရှာဒေါင်က ဒီအသက်စွန့်အလံတစ်ခုတည်းနှင့် ကောင်းကင်အင်မော်တယ်အထွတ်အထိပ် ကျွမ်းကျင်သူဆယ်ဦးကျော်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည်။
ဒါကပင် ဒီအသက်စွန့်အလံက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကို ပြသရန် လုံလောက်နေလေပြီ။
ချီရှာဒေါင်က ဒီတစ်ကြိမ် ရှောင်လွှဲ၍မရတော့သည့် ကွန်ရက်ကို ရယူရန်အတွက် စိတ်ပိုင်းဖြတ်ထားသည်မှာ သိသာထင်ရှားနေသည်။
သွေးပင်လယ်ဝဲဂယက်အပြင်တွင် ချီရှာဒေါင်ရယ်မောသည်။ သူ့အပြုံးက မောက်မာမှု၊ ရက်စက်မှုနှင့် ပြည့်နှက်နေပြီး လူတစ်ယောက်၏ နှလုံးသားကိုပင် အေးစက်စေနိုင်သည်။
ချီရှာဒေါင်ပြောသည်။
"မင်းတို့ဒါကိုရှင်းရှင်းလင်းလင်း မှတ်မိနေကြသေးတယ်ဆိုပေမယ့် စိတ်မပူပါနဲ့၊ ငါ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ဝိဉာဉ်တွေကို စွန့်လွှတ်မှုတွေအဖြစ် သုံးမှာပါ"
မုတ်ဆိတ်ဖြူအကြီးအကဲက လက်ထဲတွင် အဆောင်တစ်ခုကို ညှစ်ထားပြီး သူ့မေ့စေ့က မုတ်ဆိတ်ဖြူများက ဒီသတ်ဖြတ်ခြင်းသံလိုက်စက်ကွင်းအတွင်း ကခုန်နေသည်။
သူချီရှာဒေါင်အားကြည့်ရင်း အေးစက်စွာပြောသည်။
"အရင်က ငါမင်းရဲ့ငရဲဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့တယ်၊ ဒီတစ်ခါလည်း ခြွင်းချက်မဟုတ်ဘူး"
သွေးပင်လယ်က အဆုံးမဲ့ဖြစ်ပြီး သွေးတိမ်များက ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။
ချီရှာဒေါင် ခေါင်းမော့ရင်း ရိုင်းစိုင်းစွာ ရယ်မောသည်။
"အရာတွေက အခုတော့ပြောင်းလဲသွားခဲ့ပြီ၊ ဒီဘိုးဘေးကိုမပြောနဲ့ဦး၊ မင်းတို့လိုသူတော်ကောင်းယောင်ဆောင်ထားတဲ့ ကောင်တွေက အခုအရင်ကလို မဟာမိတ်ဖွဲ့နိုင်သေးလို့လား"
မုတ်ဆိတ်ဖြူအကြီးအကဲ၏ အမူအရာက ကြည့်ရဆိုးသွားသည်။
ချီရှာဒေါင်က အမှန်တရားကို ပြောဆိုနေခြင်းပင်။
ချီရှာဒေါင် တခြားမည်သည့်စကားမှ မဆိုတော့ဘဲ လက်ထဲက အသက်စွန့်အလံကို ဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလို အသက်စွန့်အလံထဲက မရေမတွက်နိုင်လောက်သည့် မိစ္ဆာနက်ဝိဉာဉ်များက သွားများကို ဖော်ပြရင်း လက်သည်းများကို ဆန့်ထုတ်ကာ နေရာတစ်ခုလုံးကို စူးရှသည့် ဟစ်ကြွေးသံများနှင့် ပြည့်နှက်သွားစေသည်။
အသံလှိုင်းတိုက်ခိုက်မှုများက ပတ်၀န်းကျင်ကို အဆက်မပြတ်ပုံပျက်သွားစေသည်။
မရေမတွက်နိုင်လောက်သည့် မိစ္ဆာနက်ဝိဉာဉ်များက သွေးတိမ်နှင့်ဖုံးလွှမ်းနေပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ဟစ်ကြွေးနေသည်။
တည်ရှိနေသည့် အားအကောင်းဆုံးလူတဖြစ်လဲ အကြီးအကဲပိုင်ချူ ဘက်ပေါင်းစုံ၌ လွင့်မြောနေသည့် မိစ္ဆာဝိဉာဉ်များကို ကြည့်ရင်း လက်ထဲက အဆောင်ကို ချက်ချင်းပစ်လိုက်သည်။
သွေးပင်လယ်က စတင်တုန်ခါလာပြီး ထိုအခိုက်အတန့်မှာပင် ကမ္ဘာကြီးတစ်ခုလုံးက တုန်လှုပ်သွားသလို ကောင်းကင်ကြီးပင် တုန်ခါလုနီးပါး ဖြစ်သွားခဲ့သည်။
လှိုင်းများဆက်တိုက်တက်လာသောအခါ ဧရာမကျောက်တုံးများက သွေးပင်လယ်ထဲကနေ ချိုးဖျက်ထွက်လာကြပြီး အဆောင်ကို ၀န်းရံကာ ဧရာမကျောက်နံရံတစ်ခု ဖန်တီးသည်။
ဒါက နေရာတစ်ခုကို နေရာနှစ်ခုအဖြစ် သီးသန့်ခွဲထုတ်ပစ်သည့်အလားပင်။
ဒီအဆောင်က ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ဆော်ဩနိုင်ပြီး ပင်လယ်အောက်ခြေက ဧရာမကျောက်များကို သုံးနိုင်သည့် ကောင်းကင်အင်မော်တယ်အဆင့် အဆောင်ဖြစ်ပြီး ၎င်း၏အော်ရာက အလွန်အမင်း ကြောက်စရာကောင်းသည်။
ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ အခင်းအကျင်းအစီအရင်က မိုးကြိုးသဘာ၀နှင့် အာကာသစွမ်းဆောင်ရည်ရှိသည့် အဆောင်များကို သီးသန့်ဖယ်ထုတ်ပစ်နိုင်သော်လည်း တခြားစွမ်းဆောင်ရည်များအပေါ် ကန့်သတ်ချက်မရှိပါ။
သို့စေကာမူ ဒီကောင်းကင်အင်မော်တယ်အဆင့် အဆောင်ကိုသုံးပြီးသည့်တိုင် အကြီးအကဲပိုင်ချူသတိမပေါ့ရဲဘဲ ယင်းအစား သူ့ဘေးက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား လေးနက်သည့်အမူအရာဖြင့် ကြည့်ကာပြောသည်။
"ဒီအဆောင်တောင်မှ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး......"
"အဲဒီမိတ်ဆွေလေးကို ကျင့်ကြံနေတာကနေ ငါတို့နှိုးပြီး ဒီပြဿာနာရှိတဲ့နေရာကနေ အမြန်ထွက်သွားဖို့လိုနေပြီ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ လှည့်ကာ ရှောင်ဟိုင်အား ကြည့်ရင်း သူတို့အသံများကို သူ့ထံလွှဲပို့ရန် ကြိုးစားနေသည်။
သို့စေကာမူ လက်ရှိရှောင်ဟိုင်က ကမ္ဘာကြီးနှင့် သီးသန့်ဖြစ်နေပုံရပြီး သူတို့အသံပို့လွှတ်မှုများကို လုံး၀မကြားနိုင်တော့ပါ။
နတ်ဆိုးနဂါးသွေးကန်၏ အနီရင့်ရောင်သွေးများက ရှောင်ဟိုင်၏ပုံရိပ်ကို လုံး၀လွှမ်းခြုံထားလေပြီ။
အပေါ်ယံ၌ နတ်ဆိုးနက်ဆန္ဒက အဆက်မပြတ်လည်ပတ်ကာ လွင့်မြောနေပြီး သွေးထဲက အော်ဟစ်သံများကိုသာ ကြားနေရသည်။
နတ်ဆိုးနဂါးသွေးကန်ထဲတွင် ရှောင်ဟိုင် ဘယ်လိုနာကျင်မှုမျိုးကို ခံစားနေရသလဲဆိုတာ ပုံဖော်ကြည့်၍ပင်ရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်အကူအညီမဲ့စွာပြောသည်။
"သူလမ်းတစ်၀က်မှာ အပြီးမသတ်နိုင်လောက်ဘူးထင်တယ်"
ဒါကိုမြင်သော် အကြီးအကဲပိုင်ချူ နှလုံးသားထဲကနေ ခါးသီးစွာ ပြုံးလိုက်မိသည်။
အမှန်ပြောရပါက ဒီလိုလူစာရင်းရှေ့တွင် သူကရပ်နေရုံမျှသာ ရပ်နိုင်ပြီး သူ့အကာအကွယ်ကျိုးပျက်သွားရန်ဟူသည် အချိန်တစ်ခုသာ လိုအပ်သည်။
ချီရှာဒေါင်ဘေးက ဧရာမကျောက်နံရံကြီး၏အပြင်တွင် မရေမတွက်နိုင်လောက်သည့်ပုံရိပ်ယောင်ဝိဉာဉ်များက ကျောက်နံရံကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြ၏။
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"မင်းတို့ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာမို့လဲ၊ လူတိုင်းပဲ၊ အတူတကွတိုက်ခိုက်ကြ"
ချက်ချင်းဆိုသလို ငရဲဂိုဏ်းက ကျန်ရှိနေသည့် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူသုံးဦးနှင့် သူ့ဘေးက မြေအင်မော်တယ်၂၃ဦးတို့က တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။
ကောင်းကင်၌ သွေးတိမ်များ ထိုးထွက်နေသည်။
သွေးလက်သည်းများက ကျောက်နံရံဆီသို့ အဆက်မပြတ် တိုး၀င်နေသည်။
တစ်ချိန်တည်းမှာပင် တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတို့က အစွမ်းကုန်တိုက်ခိုက်ကြသည်။
သူတို့သာ ဇီရှန်းကို မသတ်နိုင်ပါက ဇီရှန်း ဒီသတင်းကို ဌာနချုပ်ကို ပို့လိုက်သောအခါ သူတို့တွင် အသက်ရှင်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်တော့။
ရုတ်တရက်ဆိုသလို ဝိဉာဉ်ချီက ထိုးတက်လာခဲ့သည်။
ကောင်းကင်အင်မော်တယ်ခုနှစ်ဦးက အစွမ်းကုန်တိုက်ခိုက်နေကြ၏။
ဒါက ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အစွမ်းထက်ဝိဉာဉ်ချီကို ဒီနေရာကနေ ကီလိုမီတာ ငါးသောင်းအတွင်း ဖြတ်သန်းသွားစေပြီး အဆုံးမဲ့ပင်လယ်ဒေသက ကျွမ်းကျင်သူများကို ဒီနေရာက ကြမ်းတမ်းသည့် ဝိဉာဉ်ချီကို အထိတ်တလန့်ပင် ခံစားမိစေသည်။
ကျောက်နံရံပြိုကျခုနီးပါး အခြေအနေတွင် ဇီရှန်းရုတ်တရက်ပြောလာသည်။
"ကျွန်မ တိုက်ခိုက်မှုကို ခုခံနိုင်လောက်ပေမယ့် လူတိုင်းရဲ့အကူအညီကိုလိုတယ်...."