နတ်ဆိုးတို့ကခုန်ခြင်း
Vol. 014 Ch. 1391
များပြားလှသည့် တန်ခိုးရှင်များသည် ရီဖူရှင်း ကျင့်ကြံနေသည့် လိုဏ်ဂူအိမ်၏ အပြင်ဘက်၌ စုဝေးလာကြသည်။ သိမ်းငှက်လေးသည် သူ့သခင်က တကယ့်ကို အထင်ကြီးလောက်စရာကောင်းသည်ဟု တွေးမိလိုက်၏။
နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာ နှင့် ကျူးယန့်ပင်လျှင် အရိုး၏လျှို့ဝှက်ချက်အား မဖော်ထုတ်နိုင်သော်လည်း သူ့သခင်က လုပ်ဆောင်နိုင်ခဲ့သည်။
ဆူညံသည့်အသံများကို အဆက်မပြတ်ကြားရပြီး ထိုအသံများ ကြားတွင် ဆင်အော်မြည်သံများပင် ရောနှောနေသေး၏။ ကျူးယန့်သည် သူ၏ နတ်ဆိုးအသိကို ဖြန့်ကျက်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။ ထိုသို့ တားဆီးထားလိုက်ခြင်းဖြင့် မည်သူကမှ အထဲတွင် ဖြစ်ပျက်နေသည်များကို ခိုးကြည့်၍ မဖြစ်နိုင်တော့ပေ။ ရီဖူရှင်း၏လုပ်ဆောင်မှုများ အပြင်သို့ ပေါက်ကြားသွားပါက ရလဒ်အနေဖြင့် ရီဖူရှင်းအတွက် အန္တရာယ်ရှိနိုင်ပေသည်။
ဘုန်း...
ခဏကြာပြီးနောက် လိုဏ်ဂူအိမ်အတွင်းမှ ကျယ်လောင်သည့် ဆူညံသံ တစ်ခု ထွက်ပေါ်လာသည်။ ချိပ်စည်းက ကျိုးပျက်သွားကာ ငွေဖြူရောင်ဆံပင်များ ဝဲလွင့်နေသည့် အဖြူရောင် ဝတ်စုံနှင့် တစ်စုံတစ်ယောက် ပေါ်ပေါက်လာသည်။
သူ့အနီးရှိ အရှိန်အဝါများမှာ ဝင်းလဲ့တောက်ပနေပြီး ရွှေရောင်အလင်းများသည် သူ၏ ခန္ဓာကိုယ်မှ စူးရှစွာ ထွက်ပေါ်နေသည်။ သူ၏ အရှိန်အဝါသည် ယခင်ကထက် ပို၍ သန်မာလာပုံရကာ သူ၏ ကျင့်ကြံဆင့် တည်ငြိမ်မှုကလည်း တိုးတက်လာသည်။
ရီဖူရှင်း၏ မျက်လုံးများထဲတွင် ရွှေရောင်တောက်တောက် လင်းလဲ့နေသည်။ သူ၏ များပြားလှသော သက်စောင့်ဝိညာဉ်များက နှစ်ပေါင်းများစွာကပင် ပျက်စီးသွားခဲ့သည်။ သတ္တုနှင့် မြေဒြပ်စင် သက်စောင့်ဝိညာဉ်နှစ်ခုလုံးက ပျက်စီးသွားခဲ့သည်။ သို့သော် အသစ်မွေးဖွားလာသည့် သက်စောင့်ဝိညာဉ်တွင် ထိုဒြပ်စင်နှစ်ခု ပေါင်းစပ်ပါဝင်နေပြီး ယင်းအတွင်း၌ မဟာလမ်းစဉ် စွမ်းအားတို့ ပါရှိသည်။
အချို့လူများကဲ့သို့ သူသည် ရှန့်ထိုဖြစ်လာပြီးနောက်၌ သူ၏ သက်စောင့်ဝိညာဉ်က ထပ်မံပြောင်းလဲလာခဲ့သည်။
မဟာလမ်းစဉ်စွမ်းအားများ အပြည့်အဝပါဝင်နေသည့် သက်စောင့်ဝိညာဉ်ပြောင်းလဲခြင်း ဖြစ်စဉ်က သူ့ကို ပြောင်းလဲခြင်းဖြစ်စဉ်အခက်အခဲ ကြားမှ ကယ်တင်လိုက်ခြင်း ဖြစ်သည်။ ၎င်းက အရိုးနှင့် ပေါင်းစပ်၍ သူ၏ အသစ်မွေးဖွားလာသော သက်စောင့်ဝိညာဉ်ကို အလွန် အစွမ်းထက်သွားစေသည်။
သူသည် မည်သည့်စကားမှ မဆိုဘဲ သက်စောင့်ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။ ၎င်းကို အလွယ်တကူ ထုတ်ဖော်ပြသခြင်းက ဉာဏ်ရှိရာမရောက်ပေ။ နတ်ဆိုးအင်ပါယာ အချို့က သူ့အပေါ်တွင် ကောင်းပေးသော်လည်း သက်စောင့်ဝိညာဉ်အသစ် ဖန်တီးခြင်း ကဲ့သို့သော လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပေလိမ့်မည်။
“အဲဒီတော့ နတ်ဆိုးအင်ပါယာ အရိုးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားပြီပေါ့။” ကျူးယန့်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ သူ၏ အမူအရာက အတော်လေး ထူးခြားနေသည်။ သူ မလုပ်နိုင်သောအရာအား ရီဖူရှင်းက ပြီးမြောက်အောင်မြင်ခဲ့သည်။
‘ဤလူငယ်က တကယ့်ကို.....’ ကျူးယန့်က တွေးလိုက်သည်။
ကျူးယန့်အင်ပါယာသည် မကြာသေးခင်က နတ်ဆိုးအင်ပါယာ အရိုးကို ကြည့်ရှုခဲ့ပြီး သူက မည်သည့်အရာကိုမှ မြင်နိုင်စွမ်း မရှိခဲ့ပေ။ နတ်မြေခွေးနန်းတော်က ကြည့်ရုံမျှဖြင့် ထိုအရာ၏ တန်ဖိုးကို မဖော်ထုတ်နိုင်သည်မှာ အံ့သြစရာမရှိပေ။ ရင်ကျိုးတောင်မှ သူများသာလျှင် ၎င်း၏ တန်ဖိုးအစစ်အမှန်ကို သိချင်သိပေလိမ့်မည်။
သို့သော် ရီဖူရှင်းသည် တခဏလေးအတွင်း၌ ထိုအရာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်စွမ်း ရှိသွားပုံရလေသည်။
“ဟုတ်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းလိုက်ပုံများ” ကျူးယန့်သည် အလွန် အံ့အားသင့်သွားခဲ့သည်။ အခြားနတ်ဆိုးအင်ပါယာသုံးယောက်၏ အမူအရာသည်လည်း ဝေခွဲမရ ဖြစ်သွားပုံရသည်။
ဒါက အမှန်တကယ်လား…။
ကျူးယန့်မင်းသား၏မိတ်ဆွေက ထူးခြားထက်မြက်လွန်းနေသည်မဟုတ်ပါလား။
သို့ပေမဲ့ ဤသို့သော တစ်စုံတစ်ယောက်ကို ကောင်းကင်အာဏာစက်ဘုံမှ မည်သည့် ထိပ်တန်းအင်အားစုကမှ မသိမ်းသွင်းသည်ကို သူတို့ အံ့သြနေကြသည်။
“မင်းရဲ့ လူတွေက ယုံကြည်ရလား” ကျူးယန့်အင်ပါယာက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
ရီဖူရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ “သေချာတာပေါ့ စီနီယာ”
သူ့ဘေးမှ လူများမှာ သူနှင့်နက်ရှိုင်းစွာရင်းနှီးသူများဖြစ်ကြပြီး အနည်းငယ် ဝေးကွာသည်မှာ ခွန်ရွှမ်သာ ရှိပေသည်။
သူက ခွန်ရွှမ်ကိုလည်း သေချာ သိရှိထားကာ သူမက သူ့ကို သစ္စာဖောက်မည့်သူ မဟုတ်ပေ။ ဥဒေါင်းနတ်ဆိုးအင်ပါယာက သူမဘေး၌ ချန်ရစ်ထားခဲ့သော သူများသည်လည်း ကျိန်းသေ ယုံကြည်ရသည့်သူများ ဖြစ်ပေလိမ့်မည်။
“အဲဒီတော့ အရိုးက ဘာကြီးလဲ” သူ ခေါင်းညိတ်သည်ကို မြင်ပြီးနောက် ကျူးယန့်က မေးလိုက်သည်။ နတ်ဆိုးအင်ပါယာက သူ ထိုအရိုးကို စူးစမ်းချင်နေသည်အား မဖုံးကွယ်ထားပေ။
“ဆင်အင်ပါယာရဲ့ အရိုးပါ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “အဲဒီထဲမှာ ဆင်အင်ပါယာရဲ့ အသိစိတ်စွမ်းအားတွေ ပါဝင်နေတယ်။ ဒီမှာကြည့်ပါ”
သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် သူ့ခန္ဓာထဲမှ ဆင်အော်သံကို ကြားလိုက်ရသည်။ တခဏအတွင်းတွင် တောက်ပသည့် နတ်ဆင်၏ အရိပ်က ပေါ်ပေါက်လာကာ သူတို့၏ ဝန်းကျင်မှ အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါနေသလို တောင်သည်လည်း ထိုနည်းတူပါပေ။ ဆင်များ၏ အရိပ်သည် သူတို့၏ ဝန်းကျင်တွင် ကခုန်နေသည်။ ယင်းမှ ထွက်ပေါ်လာသည့် စွမ်းအားက အလွန် အစွမ်းထက်လှပေသည်။
ကျူးယန့်အင်ပါယာ၏ မျက်နှာက လင်းလက်လာပြီး သူ့အနီးရှိ နတ်ဆိုးအင်ပါယာများကို ပြန်လှည့် ကြည့်ကာ မေးလိုက်သည်။ “မင်းတို့ရော ဘယ်လိုထင်လဲ”
“နတ်ဆင်၏တွေရဲ့ လက်ရှိ နတ်ဆိုးအင်ပါယာရဲ့ တစ်ခုခု ဖြစ်နိုင်တယ်” မိုးကြိုးနတ်ကလန်မှ နတ်ဆိုးအင်ပါယာက သူ့ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“တကယ်လို့ နတ်ဆင်တွေရဲ့ လက်ရှိ နတ်ဆိုးအင်ပါယာ ပစ္စည်းသာဆိုရင် အဲဒီလူတွေက အရင်နှစ်တွေကတည်းက လှုပ်ရှားနေလောက်ပြီပေါ့။ ပြီးတော့ အရိုးက နတ်မြေခွေးနန်းတော်ရဲ့ လက်ထဲကို ရောက်သွားစရာလည်း မရှိဘူး။ ဒီအရိုးက ကျန်ရစ်နေတယ်ဆိုတာ ရယ်စရာတောင် ကောင်းလိမ့်ဦးမယ်။ ပြီးတော့လည်း နတ်မြေခွေးနန်းတော်က ဒီဟာကို မူလတောင်တန်းက ရလာတယ်လို့ ပြောထားတယ်။ ဖြစ်နိုင်တာက ဟိုးအရင်တုန်းက ဆင်အင်ပါယာများ ဖြစ်နေမလား” ထောင်းထျယ့်နတ်ဆိုးအင်ပါယာက ထပ်ပြောလိုက်သည်။
“ရင်ကျိုးတောင်က ဒီအရိုးကို အရမ်းကို တန်ဖိုးထားနေပုံရတယ်ဆိုတော့ သာမန် ဆင်အင်ပါယာကတော့ မဖြစ်နိုင်ဘူး” ကျူးယန့်အင်ပါယာက ထပ်ဖြည့်ပြောလိုက်သည်။
တောင်ပံလူသား နတ်ဆိုးအင်ပါယာ၏ မျက်လုံးများက တောက်ပလာကာ ပြောလိုက်သည်။ “ကျုပ် တစ်ယောက်ယောက်ကို အမှတ်ရလိုက်မိတယ်”
အခြားနတ်ဆိုးအင်ပါယာ သုံးယောက်က သူတို့၏ မျက်လုံးများကို လှည့်ကာ ကြည့်လိုက်သည်။
သူတို့အားလုံးသည် ခန့်မှန်းချက်များကို ဖလှယ်နေပြီးနောက် သူတို့၏ မျက်လုံးများက တောက်ပလာကာ စိတ်ထဲမှာလည်း တုန်ယင်လာကြသည်။
ထိုပုဂ္ဂိုလ်များဖြစ်လေမလား။
“အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ” နတ်ဆိုးအင်ပါယာများက တစ်ချိန်တည်းလို ပြောလိုက်ကြသည်။ သူတို့အားလုံးသည် ထိုအမည်ကို ပြောပြီးသည်နှင့် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ အတိုင်းသား မြင်နေရပေသည်။
နတ်မြေခွေးနန်းတော်သည် အမှန်တကယ်ပင် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ပိုင်ဆိုင်နိုင်သည့် အခွင့်အရေး ရရှိလာခဲ့သည်လား။
ရင်ကျိုးတောင်က ထိုအရိုးကို မည်မျှ တန်ဖိုးထားနေသည်ကို ဆုံးဖြတ်ရလျှင် ထိုကောက်ချက်က ဖြစ်နိုင်ချေအမြင့်ဆုံး ဖြစ်လေသည်။
“အရပ်ဆယ်နှာ နတ်ဆင်အင်ပါယာလား” ရီဖူရှင်းက ခပ်တိုးတိုး မေးလိုက်၏။
“ရှေးဟောင်းနတ်ဆိုးဧကရာဇ်ရဲ့ စီးတော်ဖြစ်တဲ့ နတ်ဆင်တွေရဲ့ ဘုရင်က ကျယ်ပြောတဲ့ နယ်မြေကို အုပ်စိုးရပြီး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာဆိုပြီး ကျော်ကြားတယ်။ သူက နတ်ဆိုးဧကရာဇ်ပြီးရင် အာဏာအရှိဆုံးပဲ” ကျူးယန့်က ရီဖူရှင်းကို ကြည့်ကာ ထပ်ဖြည့်ပြောလိုက်သည်။ “ဒဏ္ဍာရီတွေက ပြောပြတာတော့ အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာက ခြေတစ်လှမ်းထဲနဲ့ ကျယ်ပြောတဲ့ ဒေသက မဟာလမ်းစဉ် စွမ်းအားတွေကို ဖိနှိပ်နိုင်စွမ်းရှိတယ်တဲ့။ သူ့ရဲ့ စွမ်းရည်က နတ်ဆိုးဘုံမှာ အရမ်းကျော်ကြားတယ်။ တစ်ခါက သူ့ရဲ့ ဘုရင်စွမ်းအားကို သက်သေပြဖို့ နတ်နဂါးတွေကိုတောင် ဒူးထောက်စေခဲ့တယ်တဲ့”
ရီဖူရှင်း၏ စိတ်က တုန်ခါလာသည်။ ထိုပုဂ္ဂိုလ်ကား လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တည်ရှိခဲ့သော အခြားသူများထက်သာလွန်သူ နတ်ဆိုးအင်ပါယာ ဖြစ်သည်။
“မူလတောင်တန်းနဲ့ ပတ်သတ်ပြီး နေရာတစ်ခုလုံးကို လှုပ်ခတ်သွားစေတဲ့ ကောလာဟလတွေ ကြားဖူးမှာပေါ့။ နတ်ဆိုးဘုံရဲ့ ဒဏ္ဍာရီတွေက ပြောတာတော့ မူလတောင်တန်းက နတ်ဆိုးဧကရာဇ်ကို မြှုပ်နှံရာနေရာ ဖြစ်နိုင်တယ်တဲ့။ နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်က မြေကြီးဖြစ်လာပြီး သူ့ရဲ့ သွေးတွေက မြစ်တွေချောင်းတွေ ဖြစ်လာတယ်။ ပြီးတော့ နတ်ဆိုးတွေ အားလုံးကို မွေးဖွားပေးခဲ့တယ်တဲ့။ အဲဒါက မူလတောင်တန်းကို ဘာကြောင့် ဘိုးဘေးနယ်မြေအဖြစ် သတ်မှတ်ထားရလဲ ဆိုတဲ့ အကြောင်းရင်းပဲ။
ကျူးယန့်က ဆက်ပြောလိုက်သည်။ “ဒီဟာကသာ တကယ် အမှန်ဆိုရင် ကောလာဟလတွေက ပြောကြတဲ့ အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာက မူလတောင်တန်းမှာ မြှုပ်နှံခံခဲ့ရတယ်ဆိုတာ ဖြစ်နိုင်တယ်။ နှစ်ပေါင်းများစွာ ကြာသွားပြီး ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာက သမိုင်းကနေ ပျောက်ကွယ်သွားခဲ့တယ်။ ကျုပ်တို့က တတ်နိုက်သလောက် ခန့်မှန်းကြည့်ရုံပဲ ရှိတယ်။”
ရီဖူရှင်း၏ စိတ်က တုန်ခါနေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်လိုက်သည်။ သူသည် ကျူးယန့်အင်ပါယာ ပြောသည်က အမှန်ဖြစ်နိုင်သည်ဟု သူလည်း ခံစားရသည်။
ထိုအရိုးသည် တစ်ချိန်က နတ်ဆိုးဘုံတွင် အာဏာလွှမ်းမိုးခဲ့သော စွမ်းအားကြီး နတ်ဆိုး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးဆိုသည်က အလွန် ဖြစ်နိုင်ပေသည်။ ထိုအရိုးက သူ့စွမ်းအား တစိတ်တပိုင်း ဖြစ်လာလိမ့်မည်ဟု ရီဖူရှင်းက ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
“ဒါက အမှန်ဆိုရင် မင်းရဲ့ ကံကောင်းမှုကတော့ အံ့မခန်းပဲ။ ဒါပေမဲ့ ဒီစွမ်းအားက ကံကောင်းတာလား ကျိန်စာလားဆိုတာတော့ မပြောနိုင်သေးဘူး။ မင်း ဒီက ထွက်သွားတာနဲ့ တကယ့်ကို ပိုပြီး ဂရုစိုက်မှ ရမယ်” ကျူးယန့်အင်ပါယာက သူ့ကို သတိပေးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ များပြားလှသည့် နတ်ဆိုးသားရဲများမှာ ရီဖူရှင်းကို ကြည့်ပြီး မနာလိုသလို ခံစားလိုက်ကြရသည်။ နတ်ဆိုးအင်ပါယာများပင်လျှင် ထိုသို့ တူညီစွာ ခံစားကြရပေသည်။ ရီဖူရှင်း၏ ကံကောင်းမှုက လောကကြီးမှ ကျော်လွန်နေပြီး သူ အမှတ်တမဲ့ ရယူခဲ့သည့် အရိုးကပင် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးဖြစ်နေလေသည်။
သို့သော် တခြားလူများသာ ထိုအရိုးကိုပိုင်ဆိုင်ရပါက မည်သူကမှ ၎င်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ထိုဗဟေဋိကို ဖြေရှင်းနိုင်သည့် အထူးစွမ်းရည်အချို့ ရှိမည်ဟု ထင်မှတ်မိသော်လည်း ကျူးယန့်အင်ပါယာက ထပ်၍ မမေးတော့ပေ။
လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိတတ်ပြီး နက်နက်ရှိုင်းရှိုင်း ထုတ်ဖော်ကြည့်ရန် မလိုအပ်ပေ။ မဟုတ်လျှင် ကိစ္စများက ကိုးရို့ကားယား နိုင်လာလိမ့်မည် ဖြစ်သည်။
“ဒါဆို ကျင့်ကြံဖို့ ပြန်ကြတော့” ကျူးယန့်က ပြောလိုက်သည်။ ရီဖူရှင်း ဖြစ်ပွားခဲ့သည့် အရာအတွက် လူတိုင်း အလုပ်ပျက်ခဲ့ကြသည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးလည်း လူခွဲသွားကြကာ သူတို့၏ သက်ဆိုင်ရာ ကျင့်ကြံရေးနေရာသို့ ပြန်သွားခဲ့ကြသည်။
ရီဖူရှင်းသည်လည်း သူ၏ လိုဏ်ဂူအိမ်သို့ ပြန်ဝင်သွားပြီး အရိုး၏ လျှို့ဝှက်ချက်ကို သိရှိရန် ဆက်လက်ကြိုးစားနေသည်။
သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါကို ရုတ်တရက် ခံစားမိသည့် အချိန်၌ မည်မျှ ကြာသွားခဲ့သလဲ မသိတော့ပေ။
သူက မျက်လုံးကို ဖွင့်ကာ အပြင်သို့ ကြည့်လိုက်သည်။ အလွန်အစွမ်းထက်သည့် နတ်ဆိုးအရှိန်အဝါများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသည်ဟု ထင်မှတ်ရသည်။
“ဘာတွေဖြစ်နေတာလဲ” ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာများ ကျင့်ကြံရင်းမှ တစ်စုံတစ်ခု ထုတ်လွှတ်နေခြင်းလားဟု အပြင်သို့ ထွက်လိုက်သည်။
အပြင်၌ မှောင်မိုက်နေသည်။ ကောင်းကင်ထက်တွင် လတစ်စင်း ရှိနေသော်လည်း တိမ်မည်းများ၏ ဖုံးလွှမ်းခြင်းကို ခံထားရ၏။ လမှ အလင်းရောင်ကို လုံးဝ ဖုံးကွယ်ထားလေသည်။
သူသည် မော့ကြည့်လိုက်ပြီး ကျူးယန့်အင်ပါယာသည်လည်း ထိုနေရာ၌ ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုနတ်ဆိုးအင်ပါယာသာလျှင် မဟုတ်ဘဲ အခြားသော နတ်ဆိုးအင်ပါယာများလည်း ရှိနေသည်။ ကျူးကျောက်နှင့် အခြားသူများ အားလုံးသည်လည်း မတူညီသည့် နေရာများသို့ မော့ကြည့်နေကြသည်။
“အရမ်းပြင်းထန်တဲ့ နတ်ဆိုးအရှိန်အဝါတွေပဲ” ရီဖူရှင်းက မှတ်ချက်ပြုလိုက်သည်။ မှောင်မည်းနေသည့် တိမ်တိုက်များသည် လေထဲတွင် နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေကာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခြင်းမျိုး မဟုတ်ပေ။
သူ၏ အကြည့်ကို အဝေးသို့ ပို့လိုက်ပြီး နတ်ဆိုး တိမ်တိုက်များ ရွှေ့လျားနေသည်ကို ရှာတွေ့ခဲ့သည်။ သို့သော် သူက အလျင်အမြန် အမှန်ကို တွေ့ရှိသွားသည်။ ကောင်းကင်တခွင်လုံးကို နတ်ဆိုးအရှိန်အဝါများဖြင့် လွှမ်းမိုးထားသည်ဟု ထင်မှတ်ရပြီး နတ်ဆိုးတိမ်တိုက်များက နေရာအနှံ့တွင် ရှိနေကာ နတ်ဆိုးမြို့ဟောင်းတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။
“ဘာဖြစ်တာလဲ” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူက ခြေလှမ်းလိုက်ကာ ကျူးယန့်အင်ပါယာနှင့် အခြားလူများထံသို့ စိတ်လှုပ်ရှားစွာဖြင့် သွားလိုက်သည်။
ထိုအချိန်တွင် ကျူးယန့်အင်ပါယာက သူ့အကြည့်ကို အဝေးသို့ ပို့လိုက်သည်။ သူ၏ မျက်လုံးများက အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်ကာ နတ်ဆိုးအရှိန်အဝါများ လွှမ်းခြုံနေသည့် နတ်ဆိုးမြို့ဟောင်းတစ်ခုလုံးကို လေ့လာဆန်းစစ်နိုင်အောင် ပြုလုပ်နေ၏။
“အဲဒီ နတ်ဆိုးအရှိန်အဝါက မူလတောင်တန်းက လာတာပဲ” ကျူးယန့်အင်ပါယာက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့ဘေးမှ နတ်ဆိုးအင်ပါယာများသည်လည်း တစ်ခုခုကို အာရုံခံမိကြလေသည်။
သူတို့သည့် နတ်ဆိုးမြို့ဟောင်း တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မူလတောင်တန်းမှ လာသော နတ်ဆိုးအရှိန်အဝါကြောင့် အံ့အားသင့်နေကြသည်။
ထိုနေရာ၌ မည်သည့်အရာများဖြစ်ပွားနေသနည်း။
“ကျုပ် မှော်ဝိဇ္ဇာဆီက ကြားတာတော့ နတ်ဆိုးဘုံမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်လိမ့်မယ်တဲ့။ ကြည့်ရတာ နိမိတ်ဖတ်မှုက တကယ်ပဲ ထင်တယ်” ကျူးယန့်အင်ပါယာက ဆက်ပြောလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းထံသို့ လှည့်ကာ ကြည့်လိုက်သည်။
မှော်ဝိဇ္ဇာကို နောက်ဆုံးမြင်လိုက်ရသည့် သူမှာ ရီဖူရှင်း ဖြစ်သည်။
ရီဖူရှင်းနှင့်များ တစ်ခုခုဆက်စပ်နေသလား။ ဖြစ်တော့ မဖြစ်နိုင်ပေ။
မှော်ဝိဇ္ဇာ၏ သေဆုံးခြင်းက လူသားတန်ခိုးရှင်တစ်ယောက်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူ မခန့်မှန်းရဲပေ။
ရီဖူရှင်းသာ အမှန်တကယ် မှော်ဝိဇ္ဇာ သေဆုံးခြင်းနှင့် ဆက်နွယ်နေပါက ရီဖူရှင်းသည် သာမန်မဟုတ်တော့ပေ။
“နတ်ဆိုးဘုံမှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်လိမ့်မယ်။” ကျူးယန့်အင်ပါယာက ရေရွတ်ရင်း ထပ်ဖြည့်၍ ပြောလိုက်သည်။ “ကျုပ် အရင် သွားလိုက်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ”
ထို့နောက် သူက အခြား နတ်ဆိုးအင်ပါယာများနှင့် လေကို ဖြတ်သန်းကာ အလျင်အမြန် သွားခဲ့ပြီး သူတို့၏ မျိုးဆက်များကို ချန်ရစ်ထားခဲ့သည်။
သိမ်းငှက်နက်သည် ကောင်းကင်သို့ တက်လာပြီး နတ်ဆိုးအရှိန်အဝါများကို အရူးအမူး ဝါးမျိုနေသည်။
“ဟေး.. ငှက်စုတ်…” ရီဖူရှင်းက ခေါ်လိုက်၏။ သိမ်းငှက်နက်သည် ဆင်းလာကာ ရီဖူရှင်း၏ ဘေးသို့ ရောက်လာပြီး ပြောလိုက်သည်။ “သခင်.. နတ်ဆိုးအရှိန်အဝါတွေက အရမ်းထူထဲတာပဲ။ ခံစားလို့အရမ်းကောင်းတယ်”
“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကျူးကျောက်က ရောက်လာကာ ပြောလိုက်၏။ “မူလတောင်တန်းကို သွားကြရအောင်။ကိစ္စတွေတော့ စပြီးတော့ ဖြစ်လာပြီ”
“ကောင်းပြီ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူတို့အဖွဲ့သည် တောင်ဆီသို့ ဦးတည်သွားခဲ့၏။
သူတို့သာလျှင် မဟုတ်ဘဲ မရေတွက်နိုင်သည့် နတ်ဆိုးများသည်လည်း နတ်ဆိုးမြို့ဟောင်းသို့ သွားနေကြပြီး လမင်း၏ အောက်၌ အလျင်စလို လှုပ်ရှားနေကြသည်။
သူတို့သည် နေရာတစ်ခုလုံးရှိ နတ်ဆိုးအရှိန်အဝါများကို စုပ်ယူနေကာ အစွမ်းအစများက ပို၍ မြင့်တက်ကာ သက်သောင့်သက်သာ ရှိလာသည်ဟု ခံစားရပေသည်။
ကြီးမားသည့် နတ်ဆိုးငှက်ကြီးက ကောင်းကင်ကို ပိတ်ကွယ် ဖြတ်သန်းသွားပြီး နဂါးများက အော်မြည်နေသည်။
၎င်းက နေရာအားလုံးမှ နတ်ဆိုးများ ကခုန်နေသကဲ့သို့ ဖြစ်သည်။
လေထဲတွင် ဘုံတခွင်မှ နတ်ဆိုးတန်ခိုးရှင်များကဲ့သို့ လူသားတန်ခိုးရှင်များလည်း အများအပြား ပါဝင်ပေသည်။
ထိုအခိုက်တွင် တန်ခိုးရှင် အဖွဲ့တစ်ဖွဲ့သည်လည်း ကောင်းကင်တွင် သွားနေသည်။ ထိုအဖွဲ့သည် သူတို့ လှုပ်ရှားသည့်အခါ၌ လျှပ်စီးအလင်းများ တောက်ပနေသည်။ သူတို့သည် အလွန် ပြင်းထန်သည့် စွမ်းအားများနှင့် လွှမ်းခြုံထားပေသည်။
သူတို့သည် အရူးအမူး လှုပ်ရှားနေကြသည့် နတ်ဆိုးများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ထဲက တစ်ယောက်သည် ပမာမထားခြင်းတို့ဖြင့် ကြည့်နေသည်။ နတ်ဆိုးအရှိန်အဝါများက သူတို့ကို သက်သောင့်သက်သာ မဖြစ်စေနိုင်ပေ။
မကြာသေးခင်က သူတို့၏ ကလန်မှ သတင်းရောက်ရှိလာခဲ့ပြီး ဂူထျန်းရှင်းက မူလတောင်တန်းတွင် ခြေချခဲ့ကြောင်း သဲလွန်စရှိသည်ဟု ပြောသည်။ ထို့ကြောင့် ကောင်းကင်အာဏာစက်ဘုံမှ လူသားတန်ခိုးရှင်များလည်း အများအပြား ရောက်လာကြခြင်း ဖြစ်သည်။
“ကြည့်ရတာ သတင်းက အမှန်တွေ ဖြစ်လိမ့်မယ် ထင်တယ်။ ဂူထျန်းရှင်းက အဲဒီနှစ်တွေတုန်းက မသေခဲ့ဘူး ဖြစ်မယ်” တန်ခိုးရှင် တစ်ဦးက အေးစက်သည့် အသံနှင့် ပြောလိုက်သည်။
“ကျုပ်သိချင်တာက မူလတောင်တန်း လှုပ်ခါမှုက ဂူထျန်းရှင်းနဲ့ တစ်ခုခု ဆိုင်နေမလားလို့”
“ဘယ်သူ သိပါ့မလဲ”
သူတို့အားလုံးက လှုပ်ရှားနေကြပြီး သူတို့ကြားမှ နတ်လျှပ်စီးများဖြင့် လွှမ်းခြုံထားသော ကျော်ကြားသည့် လူငယ်တစ်ဦးက ပြောလိုက်သည်။ “ကျစ်မော့နဲ့ တခြားလူတွေ အခု ဘယ်မှာလဲ သိချင်မိတယ်”
“တစ်ကိုယ်တော် တန်ခိုးရှင်တွေကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့တာက ကျုပ်တို့ ကောင်းကင်နန်းတော်ကို အရှက်ရစေခဲ့တာပဲ။ ဒီခရီးက ပြန်သွားပြီးတဲ့အခါမှာ သူတို့ကို တစ်ကိုယ်တည်းကျင့်ကြံဖို့ နှစ်တော်တော်များများ ပိတ်ထားရမယ်”
***