လူမှုအဖွဲ့အစည်းစစ်ပွဲ - ရက်စက်သည့်အမှန်တရား
Vol. 101 Ch. 1403
အဖြူရောင်ဝံပုလွေက ပြေးဝင်သွားပြီး မိစ္ဆာနှစ်ယောက်လုံးကို တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ဦးတည်ရာသို့ မရောက်ခင် မိစ္ဆာကိုယ်ပွားက ပျောက်ကွယ်သွားလေ၏။ အဖြူရောင်ဝံပုလွေက လှည့်ကာ အပြာရောင်ပန်းပွင့်ကို ကာကွယ်ပေးလိုသော်လည်း နောက်ကျသွားခဲ့သည်။ မိစ္ဆာကလေးငယ်က သူ့အပေါ်ဘက်မှ ပေါ်ထွက်လာပြီး သူ့အား အားကောင်းသည့် ဓားချက်များဖြင့် အဆက်မပြတ် ရိုက်နှက်လာသည်။
“မင်းရဲ့ လက်သည်းက အတော်လေးကို ထက်ရှတယ်ဆိုတော့ ပစ္စည်းကောင်းပဲ” မိစ္ဆာကလေးငယ်က ရေရွတ်လိုက်သည်။
“မင်းကို သတ်ပစ်မယ်” အဖြူရောင်ဝံပုလွေက အလျင်လိုမှု ခံစားမိရင်း အော်ဟစ်လိုက်သည်။ သူက တိုက်ကွက်၏ စွမ်းအားကို တိုးမြှင့်လိုက်ပြီး ထိုသူကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ဖို့ ကြိုးစားလိုက်သည်။
“မင်းရဲ့ စိတ်နဲ့ စိတ်ဆန္ဒက အားနည်းတယ်” မိစ္ဆာကလေးငယ်က မှတ်ချက်ပေးလိုက်သည်။
“အဲဒါက မင်း ရှိထားတဲ့ ဟာကွက်တွေထဲက အပေါ်ယံပဲ ရှိသေးတယ်။ ကျင့်ကြံရေးလောကက အကြာကြီးတည်ရှိခဲ့တာ။ မင်းတို့စိတ်ကူးထားနိုင်တာထက် ပိုပြီးနက်ရှိုင်းတယ်။ မင်းတို့က ဒီလိုချပ်ဝတ်လေး ဖန်တီးပြီးတဲ့နောက်မှာ ငါတို့နဲ့ ယှဉ်နိုင်မယ်လို့များ ထင်နေတာလား”
“ပါးစပ်ပိတ်ထား”
ဝုန်း
အဖြူရောင်ဝံပုလွေ၏ ချပ်ဝတ်က အပြာရောင်ပန်းပွင့်၏ အသက်ဓာတ်သည် အပြီးတိုင်ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်၍ သူ့ခန္ဓာကိုယ်က တုံ့ဆိုင်းသွားလေသည်။ သူ့စိတ်ထဲ ပထမဦးဆုံးတွေ့ဆုံမှုဆီ ပြန်လည်အောက်မေ့မိသွား၏။
“ခေါင်းဆောင် တကယ်လို့ သူတို့က ကျွန်မကို သဘောမကျရင် ဘယ်လိုလုပ်မလဲ”
“သူတို့က မင်းတို့ကို သဘောကျနေစရာ မလိုဘူးလေ”
“ခေါင်းဆောင် ပြောချင်တာကို သိပါတယ်။ ဒါပေမဲ့ အမျိုးသမီးယာဉ်မောင်းသူတွေက တလွဲဆက်ဆံခံရတယ်လို့ ကြားဖူးတယ်။ အဲဒါကြောင့် ကျွန်မတို့တွေက တူညီတဲ့အဖွဲ့မှာရှိတာ သေချာအောင် အဖွဲ့ဖွဲ့ထားကြတာ” အပြာရောင်ပန်းပွင့်က ထပ်ပြောလိုက်သည်။
“အဲဒါဆိုရင် မင်းက အဖွဲ့အစည်းကို ယုံကြည်ထားသင့်တယ်”
“သူတို့ကနေ တဆင့် ကျွန်မကို ခေါ်ခဲ့တာလား”
“ဟုတ်တယ်။ သူတို့က ငါ့ရဲ့ တောင်းဆိုမှုကို လက်မခံခင် ငါတို့အဖွဲ့အကြောင်းကို သေချာလေ့လာခဲ့တယ်” အဖြူရောင်ဝံပုလွေက ခေါင်းညိတ်လိုက်သည်။
“ကျွန်မ သိပါပြီ။ ဒါပေမဲ့ ခေါင်းဆောင် အဖွဲ့ထဲမှာ အမျိုးသမီးတစ်ယောက် ဘာလို့လိုတာလဲ”
“ငါက လျှပ်စီးအသုံးပြုသူကို လိုချင်တာ။ မင်း သိတဲ့အတိုင်း သူတို့က ရှားတယ်လေ။ အဲဒါကြောင့် နေရာတိုင်းမှာ လိုက်ပြီးတော့ တောင်းဆိုခဲ့တာ။ ရလိုရငြားပေါ့”
“ကျွန်မ သိပါပြီ”
“ငါတို့က ဒီရောက်လာပြီ။ ငါ့ကို ယုံထား။ ဒီအဖွဲ့ကို သဘောကျသွားလိမ့်မယ်” အဖြူရောင်ဝံပုလွေက ပြောလိုက်သော်ငြား သူမက ယုံကြည်ချက် သိပ်မရှိလှပေ။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါတို့တွေ ရောက်တာနဲ့ အစမ်းတိုက်ခိုက်ရေး လုပ်တာပေါ့။ ဒီနည်းနဲ့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အဖွဲ့အနေနဲ့ ပိုပြီးနားလည်သွားနိုင်တယ်။ တခြားသူတွေကလည်း မင်း ဘယ်လောက်လုပ်နိုင်ရည်ရှိတယ်ဆိုတာ သိသွားလိမ့်မယ်”
“ဒါပေမဲ့ ပထမဦးဆုံး တွေ့ဆုံမှုမှာ သိပ်မကောင်းဘူးလားလို့”
“အဲ့လိုဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက တိုက်ရိုက်အကျဆုံးပဲ”
“ကောင်းပါပြီ”
“အဖွဲ့ ငါတို့ရဲ့ လူသစ်လေးကို လာပြီး တွေ့လှည့်ဦး”
“ခေါင်းဆောင် ဒီကြောက်ဖို့ကောင်းတဲ့ ယာဉ်မောင်းကို ဘယ်ကနေ ရှာလာတာလဲ” လုကျန်းက မေးလိုက်သည်။ သူ့ချပ်ဝတ်က လျှပ်စီးချက်ကြောင့် ပျက်စီးသွားလေ၏။
“အဲဒါဆိုတော့ မင်းတို့တွေ ဘယ်လိုထင်လဲ” အဖြူရောင်ဝံပုလွေက မေးလိုက်၏။
“သူမက တကယ်ကို အံ့ဩဖို့ကောင်းတယ်” လုကျန်းက ချက်ချင်းဆိုသလို ပြောလိုက်သည်။
“သူမက အဖွဲ့အတွက် တကယ်ကို ကောင်းတယ်” လီရှန်းက ပြောလိုက်သည်။
“ဂရင်းဒက်ကရော … မင်းက စကားသိပ်မပြောတာ သိပေမဲ့ ဘယ်လိုမျိုးလဲဆိုတာ ပြောပါဦး” အဖြူရောင်ဝံပုလွေက မေးလိုက်သည်။
“သူမရဲ့ ချပ်ဝတ်အပေါ်မှာ ထိန်းချုပ်မှုက အတော်လေး ကောင်းမွန်တယ်။ သူမရဲ့ မိုးကြိုးသင်္ကေတအသုံးပြုမှုကလည်း ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးထဲက တစ်ခုပဲ” ဂရင်းဒက်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ … ”
“သူမက မိုးကြိုးအသုံးပြုတစ်ယောက်အတွက်တော့ နှေးကွေးလွန်းတယ်” ဂရင်းဒက်က ထပ်ပြောလိုက်သည်။
အဖြူရောင်ဝံပုလွေက မှတ်ချက် မပေးပေ။
“အပြာရောင်ပန်းပွင့် ဒီမှတ်ချက်ကို ဘယ်လိုထင်လဲ”
“ကျောင်းတော်ရဲ့ နည်းပြကလည်း တူညီတဲ့ သုံးသပ်ချက်မျိုးကို ပေးဖူးပါတယ်။ ကျွန်မက ဒီပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုရင် ၆(ခ)အဖွဲ့ထဲကို ဝင်ရောက်နိုင်တယ်လို့ ပြောတယ်” အပြာရောင်ပန်းပွင့်က ဝန်ခံလိုက်သည်။
“ဒီနေရာမှာ ဂရင်းဒက်က မောင်းနှင်သူတွေကို လေ့ကျင့်ပေးဖို့လည်း ရှိတာ။ သူ ရှိနေတယ်ဆိုရင် မင်းရဲ့တိုးတက်လာပြီးတော့ ၆(ခ)ထဲ ဝင်ရောက်နိုင်ခြေက ပိုပြီး မြင့်မားလာမယ်”
“ဂရုစိုက်ပေးပါဦး” အပြာရောင်ပန်းပွင့်က ဦးညွှတ်လိုက်သည်။
“ငါတို့အားလုံးက အဖွဲ့သားတွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးကြတာပေါ့” ဂရင်းဒက်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ။ အခု အားလုံး ဖြေရှင်းပြီးပြီဆိုတော့ လူသစ်လေးကို ကြိုဆိုလိုက်ရအောင်”
……………………….
အပြာရောင်ပန်းပွင့်က ငါတို့အဖွဲ့ထဲမှာ အလားအလာ အကောင်းဆုံးရှိခဲ့တာ။ တကယ်လို့ သူမကိုသာ ထပ်ပြီး ကောင်းကောင်းလေ့ကျင့်ပေးမယ်ဆိုရင် သူမက ၆(ခ) မောင်းနှင်သူဖြစ်လာနိုင်တယ်။ ဒီလိုတာဝန်မျိုးမှာလည်း ပါစရာမလိုတော့ဘူး…
အဖြူရောင်ဝံပုလွေက တွေးလိုက်သည်။
ထိုအတွေးက အဖြူရောင်ဝံပုလွေက နှိပ်စက်နေလေ၏။ သို့သော်လည်း အပြာရောင်ပန်းပွင့်က ဤစစ်ပွဲတွင် ဘယ်လိုပဲဖြစ်ဖြစ် ဝင်ပါလာရမည်ဖြစ်ကြောင်း သဘောပေါက်ကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
နောက်ဆုံးအနေနဲ့တော့ ကျင့်ကြံသူတွေက ငါတို့ကို အရင်းအမြစ်နဲ့ ပစ္စည်းတွေအဖြစ် ဆက်ဆံခဲ့တဲ့ အမှားအကြောင့်ပဲ…
အဖြူရောင်ဝံပုလွေက အံကြိတ်ကာ တွေးလိုက်သည်။
စိတ်ငြိမ်ငြိမ်ထား။ ဒါက အဲဒီအတွက် အချိန် မဟုတ်သေးဘူး။ ငါက အဲဒီခွေးကောင်ကို ပြန်လည်ပေးဆပ်အောင် လုပ်ဖို့လိုတယ်။ ငါ သေရမယ်ဆိုရင်တောင်ပေါ့…
ဝှစ်
အဖြူရောင်ဝံပုလွေက သူ့ခန္ဓာကိုယ်ဘေးဖက်တစ်ဖက်တစ်ချပ်စီတွင် အဖြူရောင်အလင်းတန်း ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရသည်။ သူက ဖြစ်ပျက်သမျှအရာကြောင့် စိတ်ရှုပ်ထွေးနေစဉ် သူ့အာရုံခံများက သူ့ခြေလက်များ ဆုံးရှုံးခဲ့ရကြောင်း တင်ပြနေလေ၏။
အဖြူရောင်ဝံပုလွေက စိတ်ရှုပ်ထွေးနေမိသည်။ အကြောင်းအရင်းကမူ ချပ်ဝတ်က သူ့ခန္ဓာကိုယ်ထဲ နာကျင်မှုကို ဖယ်ရှားဖို့ ဆေးကို ထိုးသွင်းထားသည့်အတွက် နာကျင်မှုကို မခံစားမိပေ။
“ငါ ပြောတဲ့အတိုင်း မင်းတို့ရဲ့ စိတ်က တကယ်ကို အားနည်းတယ်” မိစ္ဆာကလေးငယ်က ပြောလိုက်သည်။
“မင်းတို့က တုန်လှုပ်မှုတွေ ကြုံလိုက်ရတာနဲ့ မင်းတို့ရဲ့ အာရုံကြောတွေ အကုန်က ရပ်ဆိုင်းသွားတယ်လေ။ ငါက ဒီလိုဟာကွက်မျိုးကို လက်ဦးမှု မယူဘူးလို့များ ထင်နေတာလား”
အဖြူရောင်ဝံပုလွေက ထိုအမျိုးသားအား စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက တစ်ဖက်သူကို လွှမ်းမိုးခွင့်မပြုပေ။ ထိုအစား သူက အမုန်းတရားကို အသုံးပြုလျက် နောက်ဆုံးသော အသိစိတ်ကို ထိန်းသိမ်းထားလိုက်သည်။
“ဘာလို့ ကျုပ်ကို မသတ်တာလဲ”
“ဘယ်လိုပြောရမလဲ။ ငါက အစားအစာနဲ့ ကစားရတာကို သဘောကျတယ်” မိစ္ဆာကလေးငယ်က ရက်စက်စွာ ပြုံးလိုက်သည်။
အဖြူရောင်ဝံပုလွေက သူ့ကို စိုက်ကြည့်လိုက်၏။
“ကျုပ်ရဲ့ ဝိညာဉ်ကို ရှာပြီးတော့ ကျုပ်တို့ဇစ်မြစ်ရဲ့ သတင်းအချက်အလက်ကို လိုချင်တာလား။ ခင်ဗျားအတွက် နှမြောဖို့ကောင်းတာက ဒါက အသုံးမဝင်တဲ့ အားစိုက်ထုတ်မှုပဲ”
မိစ္ဆာကလေးငယ်၏ အမူအရာက ပြောင်းလဲသွားကာ သေမျိုး၏ အသိစိတ်ပင်လယ်အတွင်း ကျူးကျော်လိုက်သည့်အခါ အဖြူရောင်ဝံပုလွေ၏ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကိစ္စ၏ အမှန်တရားက မိစ္ဆာကလေးငယ်သည် မီးနှင့်ကစားနေခြင်းသာ ဖြစ်သည်။ ထိုသေမျိုးအခြေစိုက်စခန်းများ၏ တည်နေရာနှင့် အခြေအနေက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည့်တွက် သတင်းအချက်အလက် ကာကွယ်မှုက ဝမ်ဝေ့မှ ပြုလုပ်ထားခြင်း ဖြစ်သည်။
“တကယ်ကို နှမြောစရာပဲ” မိစ္ဆာကလေးငယ်က ရေရွတ်ပြီးသည့်နောက်တွင် အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်၏။ သူက တစ်စုံတစ်ယောက်သည် သူ့ကို စိုက်ကြည့်နေကြောင်း ခံစားမိပြီး သတိကြီးကြီး ထားထားခဲ့သည်။ သို့သော်လည်း သေမျိုး၏ ဝိညာဉ် ပျက်သုဉ်းသွားသည်နှင့် ထိုအာရုံခံမှုက ပျောက်ကွယ်သွားလေ၏။
“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့” သူက ပြောလိုက်သည်။ သူ့ရည်ရွယ်ချက်က အောင်မြင်ပြီးပြီ ဖြစ်၏။ သူက သေမျိုး၏ သွေးသည် ကျိန်စာပျံ့နှံ့မှုကို နှောင့်နှေးထားနိုင်ကြောင်း သိထားနိုင်ခဲ့သည်။
ထို့အပြင် သူက ကောင်းမွန်သည့် ပစ္စည်းတချို့ကိုပါ ရခဲ့လေ၏။
မိစ္ဆာကလေးငယ်က အသက်ရှင်နေသည့် သေမျိုးအားလုံးကို သတ်ပစ်ပြီး သူတို့၏ သွေးကို ရယူခဲ့သည်။ နောက်ဆုံးတွင် သူက မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေ၏။
…………………………………………..
စစ်ပွဲခုံရုံး
တုချုံးက အနက်ရောင်ဖန်သားပြင်ကို ကြည့်ရင်း သူ့မျက်ဝန်းများက ဗလာကျင်းလုနီးပါး ဖြစ်နေလေသည်။ အခန်းက တိတ်ဆိတ်နေပြီး အသက်ရှူသံက အော်သံလိုမျိုး ထွက်ပေါ်နေလေ၏။ ဤတိုက်ပွဲက နိုးထလာစေသည်ဟု ပြောလျှင်ပင် နည်းပါးလွန်းရာ ကျပေသည်။
“သာမန်ကျင့်ကြံသူတစ်ယောက်” အားလုံးက ပြောသည့်သူကို လှမ်းကြည့်လိုက်ကြသည်။
“အဲဒီမိစ္ဆာကလေးငယ်က ပါရမီရှင်တစ်ယောက် မဟုတ်သလို ကောင်းကင်ရွေးချယ်ခံလည်း မဟုတ်ဘူး။ ပြီးတော့ မသေမျိုးအုတ်မြစ်ရှိထားတဲ့ မကောင်းဆိုးဝါးလည်း မဟုတ်သေးဘူး။ သူက တိုက်ခိုက်ရေးအတွေ့အကြုံရှိထားတဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ပဲ”
သူ့စကားများက အခန်းအတွင်း လေထုကို ပိုမိုတင်းကြပ်လာစေသည်။ လူတချို့က ပြန်လည်တုံ့ပြန်လိုသော်လည်း အမှန်တရားက သူတို့ကို မျက်နှာဖြတ်ရိုက်လိုက်လေသည်။
“ကျုပ်တို့တွေ ဘာလုပ်သင့်လဲ” တစ်စုံတစ်ယောက်က မေးလိုက်သော်လည်း ဘယ်သူကမှ ပြန်မဖြေကြပေ။
“အဲဒီခွေးကောင်ရဲ့ တည်နေရာကို နောက်ယောင်ခံလို့ရသေးလား” တုချုံးက ရုတ်တရက် မေးလိုက်သည်။
“ရပါသေးတယ်။ သူက ကျုပ်တို့လူတွေကို လုပ်ခဲ့တာဆိုတော့ သူ့ခန္ဓာကိုယ်ကနေ ဝိညာဉ်အကြွင်းအကျန်ကို အာရုံခံလို့ရပါတယ်”
“ကောင်းတယ်။ ၅(ခ)အဖွဲ့ငါးဖွဲ့ကို လွှတ်လိုက်”
“ခေါင်းဆောင် ဒါက ဉာဏ်ရှိရာ ကျရဲ့လား”
“အဲ့လိုလုပ်စမ်းပါ” တုချုံးက အမိန့်ပေးလိုက်သည်။
“သူ့ကို သတ်ချင်တယ်ဆိုရင် အနည်းဆုံး ၆(ခ)အဖွဲ့ကို စေလွှတ်ရလိမ့်မယ်”
“မဟုတ်ဘူး။ ငါတို့ရဲ့ တပ်ဖွဲ့က သာမန်ကျင့်ကြံသူကို ဖြေရှင်းဖို့ ဘယ်လောက်လိုလဲဆိုတာကို သိဖို့လိုတယ်” တုချုံးက ပြောလိုက်သည်။ သူ့အမူအရာနှင့် အပြုအမူတို့က တည်ငြိမ်နေသော်လည်း အတော်လေး အေးစက်နေလေ၏။ အားလုံးက ကြည့်ပြီးသည့်နောက်တွင် အမိန့်ကို စေလွှတ်လိုက်သည်။ စစ်ပွဲခုံရုံးက မိစ္ဆာကလေးငယ်သည် အနည်းငယ် ရုန်းကန်ပြီး တပ်ဖွဲ့ငါးခုလုံးကို သတ်ပစ်သည်ကို ကြည့်နေကြသည်။
“တပ်ဖွဲ့နှစ်ဆယ် လွှတ်လိုက်” တုချုံးက ရက်စက်စွာ အမိန့်ပေးလိုက်သည်။ စစ်ပွဲအခန်းက မိစ္ဆာကလေးငယ်၏ သေဆုံးမှုကို တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်၏။ သို့သော်လည်း တန်ကြေးကမူ ထိုရင်ဆိုင်မှု၌ မောင်းနှင်သူ သုံးယောက်သာ အသက်ရှင်ခဲ့လေသည်။ သေဆုံးခါနီးတွင် မိစ္ဆာကလေးငယ်က သူ့ခန္ဓာကိုယ်ကို ပုံမှန်အဖြစ် ပြန်လည်ပြောင်းလဲသွားစေသည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလာလေသည်။ ထိုအရာက သူ့အား ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ထိ ရောက်အောင် တိုးမြင့်ခဲ့လေ၏။
ကံကောင်းစွာဖြင့် ထိုတပ်ဖွဲ့နှစ်ဆယ်ထဲမှ ခေါင်းဆောင်တစ်ဦးက အတော်လေး ပြောင်မြောက်သည့် နည်းဗျူဟာရှင်တစ်ယောက် ဖြစ်၏။ သူက ၃(ဂ)ယာဉ်မောင်းသူများကို ကိုယ်တိုင်ဖောက်ခွဲပစ်စေခဲ့ကာ မိစ္ဆာကလေးငယ်အား အားနည်းအောင် ဖိအားပေးခဲ့ပြီး အားလုံးက သူ့ကို သတ်နိုင်အောင် အခွင့်အရေး ရယူခဲ့သည်။
“တပ်ဖွဲ့ ၂၅ခု” တုချုံးက ပြောလိုက်သည်။
“ဒါက သာမန်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ ငါတို့ဘက်က စတေးဖို့လိုအပ်တဲ့ လူအရေအတွက်ပဲ”
“အခုကစပြီးတော့ ငါတို့ဆီမှာ ရွေးချယ်စရာ မရှိဘူး” တုချုံးက ဆက်ပြောလိုက်သည်။
“ငါတို့တွေက အပြင်ဘက်မှာရှိနေတဲ့ ငါတို့ရဲ့ လူသားတွေကို ကယ်တင်ရမယ်။ ကျင့်ကြံသူတွေထက် ငါတို့ရဲ့ အရေးသာချက်က ငါတို့ရဲ့ အရေအတွက်ပဲ။ ဒီအရေအတွက်ကို သုံးပြီးတော့ သူတို့ကို တတ်နိုင်သမျှ သတ်ရမယ်”
လူများစွာက ထိုစကားများကို ကြားပြီးသည့်နောက်တွင် အမူအရာ ပြောင်းလဲသွားလေ၏။ အကယ်၍ ဤအရာသာ အမှန်ဖြစ်ပါက ရောက်ရှိလာမည့်စစ်ပွဲသည် သူတို့အတွက် ပစ်မှတ်တစ်ခုသာ ဖြစ်လေ၏။ သူတို့၏ လူမည်မျှက ဤစစ်ပွဲကို အနိုင်ရရှိဖို့ မည်မျှစတေးရမည်နည်း။ သူတို့အနိုင်ရရှိနိုင်မည်လား။ ဤစစ်ပွဲသည် မည်မျှကြာရှည်မည်နည်း။
ကျင့်ကြံသူများက ကြာရှည်လှသည့် အသက်ကို နေထိုင်ကြစဉ် သေမျိုးများက ယခုနှစ်တစ်သောင်း နေထိုင်နိုင်သော်လည်း ထာဝရနှင့်ယှဉ်လိုက်လျှင် မဟုတ်သေးပေ။ ဤစစ်ပွဲအတွက် နှစ်သိန်းချီ ဖြစ်နိုင်သလို နှစ်သန်းချီလည်း ဖြစ်နိုင်သည်။ အကယ်၍ ဤစစ်ပွဲက ဘယ်သောအခါမှ အဆုံးမသတ်ခဲ့လျှင် သူတို့ဘက်မှ မည်မျှအသက်စတေးဖို့ လိုအပ်မည်နည်း။
“ဒီလက်တွေ့ကို တတ်နိုင်သမျှ မြန်မြန်လက်ခံလိုက်တာ အကောင်းဆုံးပဲ” တုချုံးက ပြောပြီးသည့်နောက်တွင် အားလုံးကို ပြန်လွှတ်လိုက်သည်။ သူက တခြားသော ခေါင်းဆောင်များဖြင့် ထိုရက်စက်လှသည့် အမှန်တရားကို ဆွေးနွေးဖို့ လိုအပ်လှသည်။