လူမှုအသိုက်အဝန်းစစ်ပွဲ - အလျင်အမြန် တိုးတက်လာမှု အပိုင်း(၁)
Vol. 101 Ch. 1405
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကတုံးအထက်တွင် နာကျင်မှုဟု စကားလုံးရေးထွင်းထားသည့် ဘုန်းကြီးတစ်ပါး ရှိလေသည်။ ထိုဘုန်းကြီးက ပုတီးစေ့ကို လက်က ကိုင်ထားပြီး မန္တန်ကို ရွတ်ဖတ်နေလေ၏။ သို့သော် သူ့ကို မြင်သည့်သူတိုင်းက သူသည် ဉာဏ်အလင်းပွင့်ဘုန်းကြီးဟု ထင်ကြလိမ့်မည် မဟုတ်ပေ။
အနှစ်ချုပ်အားဖြင့် သူ့ခန္ဓာကိုယ်၏ အငွေ့အသက်က အေးစက်နေပြီး အငြိုးအတေးများဖြင့် ပြည့်နှက်နေလေသည်။ ထိုအမျိုးသားက မိစ္ဆာဘုန်းကြီးတစ်ပါး ဖြစ်၏။ မိစ္ဆာဘုန်းကြီး၊ အသားစားဘုန်းကြီး၊ ပန်းဦးခြွေဘုန်းကြီးဟု ပြောဆိုသည့်သူများက ဒိုင်မေးရှင်းအမြင့်တွင် တည်ရှိခဲ့ကြသည်။
မေတ္တယျ၏ အုပ်စိုးမှုအတွင်း ဗုဒ္ဓဘာသာ စည်ပင်ကြွယ်ဝလာကာ ထိုသူများက မိစ္ဆာဒိဌိအဖြစ် သတ်မှတ်ခံရသော်လည်း သူတို့ကို ရှင်းထုတ်ဖို့ ခက်ခဲခဲ့သည်။ သူမက နေမင်းတစ်စင်း ဖြစ်မလာခင်အချိန်ထိ ဖြစ်၏။ သူမ၏ စွမ်းအားဖြင့် ထိုဘုန်းကြီးများသည် ခွေးရူးများသဖွယ် အမဲလိုက်ခံခဲ့ရသည်။
တကယ်တော့ သူမက သူတို့အပေါ် အချိန်များများစားစား သုံးဖို့ရာပင် မလိုအပ်ပေ။ အထူးသဖြင့် သူမက ဘုန်းကြီးဟူသော စကားလုံးကို ထိန်းချုပ်ပြီး ထိုအရာကို ညစ်နွမ်းအောင်လုပ်သည့်သူအားလုံးကို ရှင်းထုတ်နိုင်လေသည်။
ထိုမိစ္ဆာဘုန်းကြီးက ဤကမ္ဘာမှ ပျက်သုဉ်းသွားသင့်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုသူက အဘယ်ကြောင့် အသက်ရှင်နေရသနည်း။
အကယ်၍ ကျင့်ကြံသူများတွင် ကျွမ်းကျင်သည့်အရာတစ်ခုရှိသည်ဆိုပါက အသက်ရှင်ဖို့ နည်းလမ်း ရှာဖွေခြင်းသာ ဖြစ်လိမ့်မည်။ နေမင်းတစ်စင်းအနေဖြင့် လွှမ်းမိုးမှုအပြီး သူမက ထိုသူများကို စတင်သတ်ဖြတ်သည်နှင့် ထိုမိစ္ဆာဘုန်းကြီးများက တာအိုဘာသာဆီ သွားကာ ခိုလှုံခွင့်တောင်းခံခဲ့ကြသည်။
အန္တိမသဟဇာတက ထိုသူများ၏ ဂုဏ်သတင်းကို ပျက်စီးအောင်လုပ်ခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် သက်ရောက်မှုတချို့ရှိလာနိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက သူတို့အား ခိုလှုံခွင့်ပေးခဲ့သည်။ မေတ္တယျက သဘောမကျသည့်အတွက် အငြင်းအခုန်ဖြစ်လိုသော်လည်း အန္တိမသဟဇာတက သူမသည် တာအိုဘာသာ၏ ဂုဏ်သတင်းကို မည်သို့လုပ်စေကာမူ ဂရုမစိုက်ပေ။ ထိုဆုံးဖြတ်ချက်က နေမင်းနှစ်စင်းကြားမှ ပထမ အက်ကြောင်းကို ဖြစ်ပေါ်လာစေခဲ့သည်။
ထိုဝေဒနာဘုန်းကြီးက အပြိုအပျက်ကျောင်းဆောင်တစ်ခုအတွင်း လျှောက်လှမ်းလာစဉ် နောက်ထပ် လူနှစ်ဦး ပေါ်ထွက်လာသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်၏။ သူတို့၏ အနည်းငယ်နီနေသည့် မျက်ဝန်းများဖြင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ဖုံးလွှမ်းထားသည့် အနေအထားအရ သူတို့တွင် ကပ်ဘေးရောဂါရှိနေကြောင်း ပြသနေသည်။
“သူက နောက်ဆုံးတော့ ဒီရောက်လာပြီပဲ”
“ဝေဒနာဘုန်းကြီး ရှင့်သတင်းက အမှန်ဆိုတာ သေချာလား” အမျိုးသမီးက မေးလိုက်သည်။ အမျိုးသားက ဘာမှမပြောဘဲ ထိုဘုန်းကြီးကို စိုက်ကြည့်နေလေ၏။
“ဒကာတို့လည်း ကောလဟာလကို ကြားမိမှာပါ”
“အဲဒီသတင်းတွေက အဓိပ္ပာယ်မရှိဘူး။ သေမျိုးတွေဆီမှာ ကျင့်ကြံသူတွေကို သတ်နိုင်တဲ့ စွမ်းအားတွေရှိနေပြီဆိုတာ မဖြစ်နိုင်ဘူး” အမျိုးသမီးက လှောင်ပြောင်လိုက်သည်။
“အဲဒါက အမှန်ပါပဲ” ဝေဒနာဘုန်းကြီးက တုံ့ပြန်လိုက်သည်။
“သွားကြစို့။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ပြောသားပဲ” အမျိုးသမီးက သူ့လက်တွဲဖော်အား ပြောလိုက်သည်။
“ဒကာတို့က သေမင်း ခံတွင်းဝကို ရောက်နေပြီ။ အလျင်လိုနေတဲ့ပုံ မပေါ်ဘူးပဲ” ဝေဒနာဘုန်းကြီးက အပြုံးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ဒကာတို့တွေရဲ့ ပျက်သုဉ်းမှုကို ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေလိုက်ပေါ့။ ဝေဒနာက ကြီးမားလာတဲ့အခါမှာ ဝိညာဉ်က အတားအဆီးကို ချိုးဖောက်ပြီး နိဗာန် ဝင်ရောက်နိုင်တာလည်း ရှိလာနိုင်တာပဲ”
ထိုအရူးဘုန်းကြီးက ကြက်သီးထဖွယ်အသံဖြင့် အားပါးတရ ရယ်မောလိုက်သည်။
“အချစ်လေး ကိုယ်တို့ဆီမှာ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး။” ထိုအမျိုးသားက နောက်ဆုံးတွင် ပြောလာခဲ့သည်။
“ဘာလို့ စမ်းမကြည့်ရမှာလဲ”
သူက မသေလိုပေ။ ထို့ကြောင့် သူက ဝိညာဉ်ကို လဲလှယ်၍ မိစ္ဆာနှင့် အပေးအယူလုပ်ရမည်ဆိုလျှင်ပင် သူက စမ်းကြည့်ချင်သေး၏။
“ဒီဘုန်းကြီးက ယုံကြည်ရတဲ့ ပုံမပေါ်ဘူး” သူ့ဇနီးက အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်သည်။
“ကိုယ်လည်း သိပါတယ်။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက် ပေါင်းမယ်ဆိုရင် သူ့ကို သတ်နိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိတယ်”
“ကောင်းပြီလေ” ကပ်ဘေးက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲ ပျံ့နှံ့လာလေပြီဖြစ်ရာ သူတို့အတွက် အသိစိတ်ဆုံးရှုံးသွားဖို့ အချိန်မကြာတော့ပေ။
“ရှေ့ကနေ လမ်းပြပါ”အမျိုးသားက ပြောလိုက်သည်။
“ဒကာတို့ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။ အခု ကျုပ်နောက်က လိုက်ခဲ့ပါ။ အရမ်းကြီးတော့ အဝေးမှာ မနေခဲ့နဲ့” ထိုဝေဒနာဘုန်းကြီးက ပြုံးကာ ပြောလိုက်သည်။
မိစ္ဆာဘုန်းကြီးက သူ့စည်းမျဉ်းစွမ်းအားကို အသက်သွင်းကာ လေဟာနယ်ကို ပိုင်းဖြဲပြီး ဖွင့်လှစ်လိုက်သည်။ ထိုစုံတွဲက နောက်မှလိုက်ပါလာလေ၏။ သုံးယောက်သားက နှစ်ပတ်တာ အချိန်ကုန်ဆုံးပြီး သေမျိုးတိုင်းပြည် သုံးဆယ်ကျော် နေထိုင်သည့် နေရာတစ်ခုသို့ ရောက်ရှိလာလေသည်။
ဝမ်ဝေ့က သူ့ရှေ့တွင် ဖန်သားပြင်တစ်ထောင်ကျော် ရှိနေပြီး စောင့်ကြည့်ကာ လေ့လာနေသည်။ ထိုသုံးဦးက ဦးတည်ရာသို့ ရောက်ရှိသည်နှင့် သူက သတိကြီးကြီးဖြစ်သွားကာ ချက်ချင်းဆိုသလို ကြည့်လိုက်သည်။ သူက အဖွဲ့ကို လျစ်လျူရှုတော့မည့်ဆဲဆဲတွင် ထိုဘုန်းကြီးကို ကြည့်မိသွားလေ၏။
အဲဒါက သူတို့တွေ ငါတို့ရဲ့ တားဆီးမှုကို ဖြတ်ကျော်တဲ့ပုံစံလား…
အင်အားစုအားလုံးက ထိုပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အလေးအနက် ထားကြကာ အန္တိမသဟဇာတ၏ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုမရှိဘဲ မည်သို့ဖြစ်လာနိုင်မှန်း နားမလည်နိုင်ပေ။ သို့သော်လည်း ဝမ်ဝေ့က ယခုအခါ သုံးသပ်မှုတစ်ခု ရှိထားလေသည်။ တချို့သော မိစ္ဆာဘုန်းကြီးများက သင့်တော်သည့် နည်းစနစ်ဖြင့် သူတို့ကိုယ်သူတို့ အစစ်အမှန်ဘုန်းကြီးအဖြစ် ရုပ်ဖျက်ကာ သူတို့၏ ပိတ်ဆို့မှုများကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။
ဒီခွေးကောင်က သူ့ရဲ့ နယ်ရုပ်တွေကို ဘယ်လိုသုံးရမလဲဆိုတာကို ကောင်းကောင်းကြီးသိနေတာပဲ…
ဝမ်ဝေ့က ညည်းတွားကာ ချီးကျူးလိုက်သည်။ အန္တိမသဟဇာတတွင် နယ်ရုပ်များစွာရှိသော်လည်း သူက အသုံးမဝင်ဘူးဟု ယူဆခဲ့မိသည်။ သို့သော်လည်း မည်သို့အသုံးချရမလဲ သိသည့် ကစားသူ၏ လက်ထဲတွင် နယ်ရုပ်များက အသုံးမဝင်ခြင်း မဟုတ်ပေ။
သင်ခန်းစာ ရခဲ့တယ်…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် လက်ရှိအလုပ်ကိုသာ အာရုံစိုက်လိုက်သည်။
သူတို့ဆက်တိုက် လေ့ကျင့်လာတာ ငါးနှစ်ရှိသွားပြီ။ မင်းတို့တွေ ဒီအဖွဲ့ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်…
အခြေစိုက်စခန်းက ကျင့်ကြံသူများ၏ ပထမတိုက်ပွဲပြီးသွားသည်မှာ ငါးနှစ်တာ ကြာမြင့်လှပြီဖြစ်သော်လည်း အချိန်အစီအရင်ကြောင့် သူတို့အတွက် နှစ်တစ်ရာမျှ ကြာမြင့်သွားပြီ ဖြစ်သည်။
ဝမ်ဝေ့က စိန်ခေါ်မှုအသစ်အတွက် အချိန်ကျရောက်လာပြီဟု ခံစားမိလိုက်၏။
…………………………………….
“ဒီရောက်လာပြီ” ဝေဒနာဘုန်းကြီးက ပြောလိုက်သည်။
“သူတို့ရဲ့ သွေးက ကျိန်စာကို ကုစားဖို့ လုံလောက်တယ်ဆိုတာ သေချာလား” အမျိုးသမီးက မေးလိုက်သည်။
“ကုဆေး မဟုတ်ဘူး ပျံ့နှံ့မှုကို နှေးကွေးသွားစေရုံပဲ” ဘုန်းကြီးက အမှန်ပြင်ပေးလိုက်သည်။
“အဲဒါ ငါတို့အတွက် လုံလောက်တယ်” အမျိုးသားက ခေါင်းညိတ်လိုက်၏။
“သူတို့လည်း ဒီမှာရှိတယ်” ဘုန်းကြီးက ရုတ်တရက် ပြောလိုက်သည်။
“ဘယ်သူလဲ”
“သေမျိုးတွေပေါ့”
ထို့နောက် ကောင်းကင်ယံမှ အလင်းပေါင်းထောင်ပေါင်းများစွာ ဆင်းသက်လာပြီး သေးငယ်သည့် ယာဉ်နှစ်သောင်းကျော်ခန့် ဝန်းရံထားသည့် ဧရာမသင်္ဘောတစ်စင်း ထွက်ပေါ်လာသည်။
“အဲဒါက ဘာတွေလဲ” အမျိုးသမီးက ထူးထူးဆန်းဆန်း အနက်ရောင်ယာဉ်ငယ်များကို ကြည့်ရင်း မေးလိုက်သည်။ သူမက သူတို့ကို ဖော်ပြဖို့ စကားလုံးမတွေ့သော်လည်း သူမတွင် စကားလုံးရှိပါက သိပ္ပံဝတ္ထုလိုမျိုး ပြောပြပေးလိမ့်မည်။
“ကျုပ် ပြောခဲ့တယ်မလား။ သေမျိုးတွေရဲ့ ခုခံရေးတပ်ဖွဲ့လေ”
“ သူတို့က ဒီလိုပစ္စည်းတွေကို တည်ဆောက်နိုင်တယ်လို့ ပြောနိုင်တာလား”
ပြဿနာက သူတို့တွေ မဟုတ်ဘူး။ ထိပ်တန်းမျိုးနွယ်တွေက သူတို့တွေကို ကာကွယ်မှုအနေနဲ့ ပေးထားတာ ဖြစ်နိုင်တယ်” အမျိုးသားက ပြောလိုက်သည်။
“အဓိပ္ပာယ်တော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုထိန်းချုပ်တာလဲ”
အမျိုးသားက အဖြေကို မသိသည့်အတွက် ပုခုံးတွန့်ပြလိုက်သည်။
“တိုက်ပွဲအတွက် ပြင်ဆင်ရအောင်” ဝေဒနာဘုန်းကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ တိုက်ပွဲနှင့် စစ်ပွဲတို့က ကမ္ဘာ၏ နာကျင်မှုနှင့် ဝေဒနာတို့၏ ပင်မဇစ်မြစ်ဖြစ်သည့်အတွက် သူက သဘောကျနေမိသည်။
အကြီးဆုံးတိုက်ခိုက်ရေးယာဉ်အတွင်း
“ခေါင်းဆောင် ကျုပ်တို့တွေ ဘာလုပ်ရမလဲ”
ခေါင်းဆောင်ရှစ်ဖင်းက ချက်ချင်းပြန်မဖြေပေ။ ထိုအစား သူက ဘုန်းကြီးကို ကြည့်လိုက်၏။ သူ့အလိုလိုသိစိတ်က ထိုဘုန်းကြီးနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ပြောပြနေလေသည်။
“အဲဒီသုံးယောက်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ” ရှစ်ဖင်းက မေးလိုက်သည်။
“အဆင့်(၇)ပါ”
သူက မျက်မှောင်ကြုတ်လိုက်သည်။ ခေတ္တမျှ သုံးသပ်ပြီးသည့်နောက်တွင် သူက အမိန့်ကို ထုတ်ပြန်လိုက်၏။
“ပထမဦးဆုံး ပျက်သုဉ်းရေးအမြှောက်ကို ပစ်ပြီးတော့ အစောင့်အရှောက်ဒိုင်းကာကို အသက်သွင်းမယ်”
အားလုံးက သူ့ကို ကြည့်လိုက်ကြပြီး အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထိုအမိန့်များက အခြေအနေပြင်းထန်မှုကို ဖော်ပြနေခြင်းဖြစ်၏။ သို့သော်လည်း သူက ခေါင်းဆောင်ဖြစ်သည့်အတွက် စကားနားထောင်ရပေမည်။
“အစပိုင်းတိုက်ခိုက်မှုကို စလိုက်တော့” ရှစ်ဖင်းက မေ့လိုက်သည်။
“ဒါပေမဲ့ ငါတို့က ဘုန်းကြီးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို မမေ့နဲ့။ အဲဒါဆိုတာ အမြင့်ဆုံးစိတ်ဝိညာဉ်ကာကွယ်ရေးကို အသက်သွင်းထားကြ”
အမိန့်ပေးအခန်းတွင်ရှိနေသည့် လူအားလုံးနှင့် တခြားသောယာဉ်များတွင် ရှိနေသည့်သူအားလုံးက ထိုစကားကို ကြားကာ စောင့်ရပ်လိုက်ကြသည်။ ထိုယာဉ်များက ထိုကျင့်ကြံသူ သုံးဦးကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြ၏။
ပထမဦးစွာ စုံတွဲက အလေးအနက်က မမှတ်ယူခဲ့ပေ။ ထို့နောက် ထိုအမြှောက်များဆီမှ စည်းမျဉ်းစွမ်းအားကို ခံစားမိလိုက်ကြ၏။ သူတို့၏ အမူအရာက ပြောင်းလဲသွားကာ ဇစ်မြစ်များကို အလျင်အမြန် အသုံးပြုလိုက်ရသည်။ ထိုအမျိုးသမီးက မီးတောက်ကို ထုတ်လွှတ်လာစဉ် အမျိုးသားကမူ အနက်ရောင်လေပြင်းများ ထုတ်လွှတ်လာလေသည်။ ဘုန်းကြီးကသာ တည်ငြိမ်နေပြီး ထိုတိုက်ကွက်များကို အလွယ်တကူ ပိတ်ဆို့ထားနိုင်သည့် အနက်ရောင်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာလေ၏။
“အဲဒီယာဉ်တွေကို ပစ်မှတ်ထား” အမျိုးသမီးက ပြောလိုက်စဉ် အားလုံးက ရှေ့တိုးလာကြသည်။
“လေနဲ့ မီးတာအိုနဲ့ ပြီးတော့ ခန္ဓာကိုယ်လေ့ကျင့်သူ ဖြစ်နိုင်တယ်” ခေါင်းဆောင်ရှစ်ဖင်းက မှတ်ချက်ပေးလိုက်သည်။ ဘုန်းကြီး၏ အခြေအနေက အနည်းငယ် မသိရသေးသည့်အတွက် သူက ရှစ်ဖင်း၏ အဓိကအာရုံစိုက်မှု ဖြစ်နေလေသည်။
“ငါတို့ရဲ့ ရေအမြှောက်နဲ့ အဲဒီအမျိုးသမီးကို ပစ်မှတ်ထားလိုက်။ ပြီးတော့ တခြားနှစ်ယောက်ကို လျှပ်စီးနဲ့ ပစ်မှတ်ထားလိုက်” တိုက်ခိုက်ရေးယာဉ်များက နည်းဗျူဟာကို ပြောင်းလဲကာ သူတို့၏ ဓာတ်သဘာဝတိုက်ကွက်များဖြင့် တုံ့ပြန်လာကြသည်။ ထိုသို့သော လျင်မြန်သည့် ဆုံးဖြတ်ချက်က ယာဉ်များအား ထိုသုံးဦးအတွက် စိန်ခေါ်မှု ပိုမိုဖြစ်စေ၏။ သို့သော်လည်း ထိုသုံးဦးက သုံးကီလိုမီတာ မရောက်ခင်အထိ နှေးကွေးနေခဲ့သည်။
ဝေဒနာဘုန်းကြီးက အနက်ရောင်လက်သီးကို ထုတ်ဖော်လိုက်သည်။
ယာဉ်က ဒိုင်းကာများကို အလျင်အမြန် အသက်သွင်းလိုက်သော်လည်း တိုက်ကွက် ယာဉ်နှစ်ဆယ်ကျော်ကို ဖျက်ဆီးပစ်လိုက်ပြီး လူများစွာကို သေဆုံးစေသည်။ သေမျိုးများ၏ သင်္ကေတနည်းပညာက အနည်းငယ် တိုးတက်လာခဲ့သော်လည်း ဝမ်ဝေ့ အကြံပြုထားသည့် ဝိညာဉ်ဆက်သွယ်ရေးနည်းပညာက သူတို့ယာဉ်အားလုံးအတွက် အသုံးပြုနိုင်အောင် မတီထွင်ရသေးပေ။ ဆိုလိုသည်မှာ ထိုယာဉ်များ၌ သူတို့ကို ထိန်းချုပ်ဖို့ လူသားများ ပါဝင်နေဆဲသာ ဖြစ်၏။
ခေါင်းဆောင်ရှစ်ဖင်းက တည်ငြိမ်နေလေသည်။ သူက ယခင်ငါးနှစ်အတွင်း ဤကဲသို့ အတွေ့အကြုံများစွာကို ခံစားခဲ့ရပြီး သေခြင်းတရားက သူ့ထာဝရတွဲဖက် ဖြစ်လာခဲ့သည်။
“ပထမဦးဆုံး မီးခိုးတွေကို ထုတ်လိုက်။ ပြီးသွားရင် ရုပ်သေးရုပ်တပ်ဖွဲ့ကို လွှတ်လိုက်” ရှစ်ဖင်းက အမိန့်ပေးလိုက်သည်။
“သူတို့တွေကို အမျိုးသမီးအတွက် (6Y4) နည်းဗျူဟာသုံးပြီးတော့ အမျိုးသားအတွက် (9J8)ကို သုံးခိုင်းလိုက်။ ပြီးတော့ ဘုန်းကြီးအတွက်က (13K9) ကို သုံးခိုင်းလိုက်”
တိုက်ခိုက်ရေးယာဉ်များက နောက်ထပ် ရုပ်သေးရုပ်များစွာကို ထုတ်လွှတ်လာကြသည်။ အများစုက ၆(ခ)ရုပ်သေးရုပ်များဖြစ်သော်လည်း ၇(က) ရုပ်သေးရုပ်များလည်း ပါဝင်လေ၏။ သူတို့က တုံ့ဆိုင်းမနေဘဲ ပစ်မှတ်ဆီ ပြေးဝင်သွားကြသည်။
အဖွဲ့က အချင်းချင်းကြည့်လိုက်ပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်ကြ၏။ သူတို့က သူတို့၏ နာမည်ကျော် ပူးပေါင်းတိုက်ကွက်ကို အသုံးပြုလာလေသည်။
လေ - မီး မုန်တိုင်း
ထို့နောက် ဧရာမစိတ်ဝိညာဉ် မီးတောက်က ရုပ်သေးရုပ်အားလုံးကို လွှမ်းခြုံသွားပြီး သိန်းပေါင်းများစွာကို သုတ်သင်ပစ်လိုက်သည်။ သို့သော်လည်း ဤသို့သော သေဆုံးမှုအမြောက်အများက ထိုရုပ်သေးရုပ်များစွာကို မဟန့်တားနိုင်ပေ။ သူတို့တွင် ရည်ရွယ်ချက်တစ်ခုသာ ရှိပြီး သူတို့၏ တာဝန်ကို မပြီးဆုံးမချင်း ရပ်တန့်ကြမည် မဟုတ်ပေ။