တောင်နှင့်မြောက်
Vol. 101 Ch. 1407
ဝမ်ဝေ့က ခေါင်းဆောင်ရှစ်ဖင်း၏ တိုက်ပွဲကို မြင်တွေ့ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုအမျိုးသားက မှန်ကန်သည့် ရွေးချယ်မှုများကို ပြုလုပ်ခဲ့လေသည်။ တိုက်ပွဲက ဆိုးရွားလှသော်လည်း သူက လှလှပပ အနိုင်ရရှိခဲ့လေသည်။
သူတို့ရဲ့ လူမှုအသိုက်အဝန်းက အဆင့်(၈) ဖြစ်နေပြီ။ အဆင့်(၉)သင်္ကေတနည်းပညာကိုလည်း ရောက်တော့မယ်…
သေမျိုးလူမှုအဖွဲ့အစည်းက အဆင့်(၈)တွင် ရပ်တန့်နေမည် မဟုတ်ဘဲ ရုပ်သေးရုပ်များ၊ ချပ်ဝတ်နှင့် အဆင့်(၉)တိုက်ခိုက်ရေး ယာဉ်များကို မည်သို့ဖန်တီးရမလဲဟူ၍အထိ လေ့လာနေကြသည်။ သူတို့က မူလစနစ်၏ ဓမ္မခန္ဓာကို ပြန်လည်မဖန်တီးနိုင်သေးပေ။ အနည်းဆုံးတော့ ယခုအထိ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က သူတို့အား ပိုင်နက်ဆင့်ကဲပြောင်းလဲရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ အကြံပြုခဲ့သည်။ ကျင့်ကြံရေးစနစ်များစွာအနှံ့ ပိုက်နက်က စည်းမျဉ်းကမ္ဘာ၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။ ဤလမ်းစဉ်က သေမျိုးများ ရွေးချယ်လိုက်သည့် လမ်းစဉ် ဖြစ်၏။
သူတို့၏ အတွေးများက သင်္ဘော သို့မဟုတ် ရုပ်သေးရုပ်များကြားမှ စည်းမျဉ်းသဟဇာတဖြစ်သည့်နည်းလမ်းကို အသုံးပြုကာ ပိုင်နက်တစ်ခုကို ဖန်တီးခြင်း ဖြစ်၏။ သို့သော်လည်း သူတို့က သင်္ဘောအရေအတွက်ကို မြှင့်တင်ကြမည် ဖြစ်သည်။ အစီအရင်အကြောင်း ဗဟုသုတများကို အသုံးချပါက သူတို့သည် စည်းမျဉ်းကမ္ဘာကို တည်ဆောက်နိုင်ပြီး အဆင့်(၉)ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်။
သူတို့က ဤနည်းပညာတွင် တိုးတက်မှုများစွာ ရှိခဲ့သော်လည်း ဝမ်ဝေ့က သူတို့အား တခြားသော နည်းလမ်းများကိုပါ စမ်းသပ်ကြည့်ဖို့ အကြံပြုခဲ့သည်။ နမူနာအနေဖြင့် သန့်စင်စွမ်းအားလမ်းစဉ် ဖြစ်၏။ အကယ်၍ ထိုသေမျိုးများက လုံလောက်သည့် စွမ်းအားကို ထိန်းချုပ်ပြီး ဖွဲ့စည်းနိုင်ပါက သူတို့သည် အဆင့်(၉)ကျင့်ကြံသူကို ဒဏ်ရာပေးနိုင်လိမ့်မည်။ တခြားနည်းဖြင့် ပြောရမည်ဆိုပါက သူက သူတို့အား သန့်စင်ချီကျင့်ကြံရေးနည်းစနစ်မှ သင်ယူဖို့ အားပေးအားမြှောက်ပြုလိုက်ခြင်းဖြစ်၏။
သူတို့ကလည်း ထိုအတွေးအခေါ်ကို သဘောကျကြလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက တာအိုချီဟုခေါ်ဆိုသည့် အံ့မခန်းစွမ်းအားဖြင့် ပြည့်နှက်နေလေသည်။ ထိုအရာက ပတ်ဝန်းကျင်၌ နေရာမရွေးရှိနေပြီး ဝိညာဉ်ချီထက် ပိုမိုစွယ်စုံသုံးနိုင်လေသည်။ ထိုသို့စွမ်းအားအရင်းအမြစ်ကို ရရှိနေခြင်းကြောင့် အဘယ်ကြောင့် အသုံးမပြုဘဲ နေရမည်နည်း။ ထို့ကြောင့် အကြံပြုချက်ပေးပြီးသည့်နောက်တွင် ထိုသင်္ကေတရေးထွင်းသူများက ချက်ချင်း အစပြုလိုက်ကြသည်။
ကံဆိုးစွာဖြင့် သူတို့က ထိုကျယ်ပြောလှသည့် စွမ်းအားကို ထိန်းချုပ်ခြင်းက အဆင့်(၇)ကို ထိခိုက်လောက်အောင် ရောက်ရှိသွားသည့်အခါ စိန်ခေါ်မှုတစ်ခု ဖြစ်လာကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က ထိုချီအားလုံးကို သန့်စင်သည့် ရုပ်ပိုင်းဆိုင်ရာ ဒြပ်ထုအဖြစ် ပြောင်းလဲဖို့ အကြံပြုခဲ့သည်။ သို့သော် ထိုအကြံပြုချက်က အင်မတန် ကြီးမားသည့် ရုပ်သေးရုပ်ပုံစံကို ဖြစ်ပေါ်လာစေသည်။ ဝမ်ဝေ့က ထိုအရာကို မြင်သည့်အခါ အံ့အားသင့်သွားလေ၏။ ထိုသေမျိုးများက ဂန်ဒမ်ဟု ခေါ်ဆိုသည့် စက်ရုပ်ကြီးများကို ဖန်တီးနိုင်ခဲ့သည်။ ကံကြမ္မာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလှ၏။
ဝမ်ဝေ့က ခေါင်းဆောင်အားလုံးနှင့် တွေ့ဆုံမှုကို ကြည့်လိုက်သည်။ လွန်ခဲ့သည့်လေးနှစ်ခန့်က တုချုံးသည် ရွေးကောက်ပွဲကို အနိုင်ရရှိကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထိုစဉ်အချိန်ကတည်းက သူသည် ထိုသေမျိုးများရှေ့ သူ့တည်ရှိမှုကို လျှော့ချခဲ့၏။
သိပ်မကြာခင် ငါ မင်းအကြောင်း စိုးရိမ်စရာမလိုတော့ဘူးပဲ…
ဝမ်ဝေ့က တွေးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက မဟာတာအိုသည် သူနှင့် ကစားနေကြောင်း နားလည်ထားလေ၏။ သူက ကမ္ဘာမြေမှ အတွေးအခေါ်များကို အသုံးပြုပြီး သေမျိုးများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးလာလိမ့်မည်။ သူက ထိုအရာကို သိထားသော်လည်း ထိုသို့လုပ်ခြင်းကို မတားဆီးနိုင်ပေ။ မဟာတာအို၏ လှုပ်ရှားမှုက နှစ်ဖက်ချွန်ဓားသွား ဖြစ်၏။ ထိုသေမျိုးများက ဝမ်ဝေ့အတွက် နောင်အနာဂတ်၌ ကြီးမားသည့်အကူအညီ ဖြစ်လာနိုင်သည်။ အထူးသဖြင့် သူက အလုံးစုံကောင်းကင်ဘုံ ကံကြမ္မာကပ်ဘေးအတွက် တာဝန်ရှိနေသည့်အခါတွင် ဖြစ်သည်။
မဟာတာအိုက သူ့အတွေးအခေါ်များကို တခြားသောဟွင်သွမ်းကမ္ဘာများ၌ အသုံးပြုနိုင်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင်ရှိနေသည့် သေမျိုးလူမှုအဖွဲ့အစည်းကမူ နဂိုမူလ ဖြစ်၏။ သူတို့က ဝမ်ဝေ့၏ အကူအညီ သို့မဟုတ် လက်နက် ဖြစ်နေကြလိမ့်မည်။
ဝမ်ဝေ့က လက်ကို ဝှေ့ကာ သူ့ရှေ့တွင် ရှိနေသည့် ဖန်သားပြင်အများစုကို သိမ်းလိုက်ပြီး ကပ်ဘေးမည်မျှပျံ့နှံ့နေလဲကို ပြသနေသည့် မြေပုံတစ်ခုကိသာ ချန်ထားခဲ့လေ၏။ သူက မိစ္ဆာဘုန်းကြီးများအကြောင်း ဗုဒ္ဓဘာသာဆီ သတင်းစကား ပေးပို့ထားပြီးပြီဖြစ်ကာ ထိုအရာက အကူအညီဖြစ်ဖို့ရာ မျှော်လင့်နေမိသည်။
“ဝိဇ္ဇာသန့်စင်မီးတောက် ခင်ဗျား ဘယ်ရောက်နေလဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤကိစ္စကို ဖြေရှင်းရမည့် အဓိကအကြောင်းအရင်းက ထိုခွေးကောင် ဖြစ်၏။ သို့သော်လည်း သူက လက်ထဲမှ ချော်ထွက်နေသည်။ သူက ယခင်နှစ်ပိုင်းအတွင်း အကြိမ်ရေများစွာ ထွက်ပေါ်လာခဲ့သော်လည်း သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိပေ။ ဝမ်ဝေ့က လက်ကိုမြှောက်ကာ ကောင်းကင်လျို့ဝှက်ချက် သလင်းကျောက်ကို ဆင့်ခေါ်လိုက်သည်။ အကယ်၍ အရာအားလုံး ကျရှုံးသွားပါက သူသည် ထိုသလင်းကျောက်ကို အသုံးပြုကာ သန့်စင်မီးတောက်ကို ရှာဖွေရလိမ့်မည်။ သို့သော်လည်း ဤကဲ့သို့ အဖိုးတန်သည့်အရာကို ထိုသူအပေါ် အသုံးပြုရခြင်းက နှမြောဖို့ကောင်းလှသည်ဟု ခံစားမိနေ၏။
ဝမ်ဝေ့က မျက်လုံးကို မှိတ်ထားပြီး ဝိညာဉ်ကွန်ယက်ထဲ ဝင်ရောက်ကာ တခြားသောသူများနှင့် ဆက်သွယ်ပြီး အခြေအနေကို လေ့လာလိုက်သည်။ ကမ္ဘာကြီးက ဆက်လက်လည်ပတ်နေဆဲဖြစ်ကာ နှစ်နှစ်ဆယ်ကြာ ကြာမြင့်သွားပြီဖြစ်၏။ သေမျိုးများက သူတို့၏ ၉(က)ဧရာမရုပ်သေးရုပ်ကို ဖန်တီးနိုင်ခဲ့ပြီး စည်းမျဉ်းကမ္ဘာများပင် ပါဝင်နေသည်။ ကျင့်ကြံသူများနှင့် စစ်ပွဲက ဆက်လက်ဖြစ်နေပြီး ဝမ်ဝေ့နှင့် တခြားသူများက သူတို့အား အဆင့်(၁၀)နှင့်အထက် ကျင့်ကြံသူများဆီကမှ ကာကွယ်ပေးထားဖို့သာ လိုအပ်တော့သည်။ ထိုစဉ် ကပ်ဘေးကလည်း ဆက်လက်ပျံ့နှံ့နေပြီး တစ်ကမ္ဘာလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
“တုံ့ဆိုင်းနေဖို့ မလိုဘူး” ဝမ်ဝေ့က သလင်းကျောက်ကို ကြည့်ရင်း ပြောလိုက်သည်။ အကယ်၍ တုံ့ဆိုင်းနေခြင်းရှိပါက အခြေအနေသည် ပိုမိုဆိုးရွားသွားနိုင်သည်။ သို့သော်လည်း သူက အသက်သွင်းတော့မည့်ဆဲဆဲတွင် မိုးမြေကြားမှ အပြောင်းအလဲကို ခံစားမိလိုက်သည်။ ဝမ်ဝေ့က ချက်ချင်းလေ့လာလိုက်သော်လည်း ဘာမှမတွေ့ရပေ။ သူက တွက်ချက်မှုတချို့ကို လုပ်ကြည့်လိုက်သော်လည်း တူညီသည့်အရာမျိုးသာ ရရှိခဲ့၏။
“ဘယ်လိုဖြစ်နေတာလဲ” မည်သို့သောဖြစ်ရပ်မျိုးဖြစ်စေကာမူ မိုးမြေအပေါ်ကို သက်ရောက်မှုရှိလေသည်။ ဆိုလိုသည်မှာ အတော်လေး အရေးပါလှ၏။ သို့သော်လည်း ပါဝင်နေသည့် သူများက ကမ္ဘာ၏ လျှို့ဝှက်ချက်များကို တခြားသူများထံ မပေါက်ကြားသွားစေရန် တားဆီးထားဟန်ပေါ်သည်။
ဝမ်ဝေ့၏ ဆက်သွယ်ရေးအဆောင်က တုန်ခါလာပြီးသည့်နောက်တွင် အသက်ဝင်လာကာ အနီရောင်မျက်နှာဖုံး၏ ပုံရိပ်ကို ပြသလာလေသည်။
“သတင်းရလိုက်လား”
“မဟာချူးအံ့ဖွယ်ခုံရုံးမှာ တော်လှန်မှုတစ်ခု ဖြစ်နေပါတယ်”
“အိုး ဘယ်သူက အဲ့လောက်သတ္တိကောင်းတာလဲ။ တတိယမင်းသားလား”
“ဟုတ်ပါတယ်”
“စိတ်ဝင်စားစရာပဲ။ သူက ရှုရန်နဲ့ တိုက်ခိုက်ဖို့ ဘယ်ကနေများ ယုံကြည်ချက်ရလာတာပါလိမ့်။ သူက လက်ရှိအားနည်းနေတယ်ဆိုတာကို သိနေတာလား။ မင်း ဒီသတင်းကို ပြောခဲ့တာလား”
“ဟုတ်ပါတယ်”
“ဒါပေမဲ့ ဘာလို့ ငါ့ကို မပြောတာလဲ”
“တောင်းပန်ပါတယ် အရှင် … ကျွန်မရဲ့ အဓိကရည်ရွယ်ချက်က တတိယမင်းသားနဲ့ အလုပ်တွဲလုပ်ဖို့ပါ။ အရာအားလုံးပြင်ဆင်ပြီးတာနဲ့ ထုတ်ပြောမလို့ပါပဲ။ ဒါပေမဲ့ သူက ကျွန်မကို ဖြတ်တောက်ပြီးတော့ နောက်တစ်ယောက်ကို ရွေးချယ်သွားတယ်”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ အနီရောင်မျက်နှာဖုံးက မတင်ပြခင် ကိစ္စများကို အရင်ဆုံးလုပ်လေ့ရှိသည့် အကျင့်ဆိုးတစ်ခု ဖြစ်ပေါ်လာဟန်ပေါ်သည်။ သူမက ဝမ်ဝေ့၏ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို မျှယူကာ သူ့စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်ဟု တွေးကောင်းတွေးနေလောက်သည်။ သို့သော်လည်း သူမြင်သမျှကမူ သူမ လုပ်နေသည့်အခါ သူ မသိလိုက်သည့် အမည်မသိအပြောင်းအလဲများကို ဖန်တီးနေခြင်းသာ ဖြစ်၏။
“ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်။ မလှုပ်ရှားနဲ့။ တခြားအချိန်ဆိုရင်တော့ မင်းရဲ့ အပြုအမူကို သဘောကျလိမ့်မယ်။ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ နားလည်လား” ဝမ်ဝေ့က သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်” အနီရောင်မျက်နှာဖုံးက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
“တခြား ဘာတင်ပြစရာရှိသေးလဲ”
“ကျွန်မ ရှစ်ရို့လန်နဲ့ ဆက်သွယ်မှု ရခဲ့ပါတယ်။ သူမက မဟာချူးတိုင်းပြည်ထဲမှာပါ”
“သူမလား။ ဒီနာမည်က ပြန်တောင်တွေးမိသွားပြီ။ သူမက တရားမဝင်ကလေး မှတ်နေတာ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“သူမတာအို သက်သေပြပြီးတဲ့နောက်မှာ မြေကမ္ဘာဧကရာဇ်က သူမကို နန်းဆောင်ဆီ ပြန်လည်ခေါ်ဆောင်ခဲ့ရပါတယ်” အနီရောင်မျက်နှာဖုံးက ရှင်းပြလိုက်သည်။
“အဲဒါဆိုတော့ သူမကို ပိုမိုကောင်းကောင်း စောင့်ကြည့်ချင်တာနေမယ်” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။
“လက်ရှိအင်အားကရော ဘယ်လိုလဲ”
“သူမက မဟာဧကရာဇ်အဆင့်ပဲ ရှိပါသေးတယ်”
“ထင်ထားတဲ့အတိုင်းပဲ။ ဘာတွေဖြစ်နေတယ်ဆိုတာကို သတင်းရနိုင်လား” သူက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်”
ဝမ်ဝေ့က နာရီဝက်ခန့် စောင့်ဆိုင်းပြီးသည့်နောက်တွင် မဟာချူးထဲတွင် ဖြစ်ပျက်နေသည့်အရာများကို ပုံရိပ်မှ မြင်လိုက်ရသည်။
မင်းသားက အနီရောင်ဆံပင်ရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တပ်ဖွဲ့ကို ဦးဆောင်ကာ သူ့အဖေ၏ နန်းဆောင်ကို တိုက်ခိုက်လာလေသည်။ တော်ဝင်နန်းစောင့်များက အကောင်းဆုံးကြိုးစားကာ နန်းဆောင်ကို ခုခံကာကွယ်ဖို့ ကြိုးစားပြီး မင်းသားအား မဝင်ရောက်နိုင်အောင် တားဆီးထားကြသည်။ သို့သော်လည်း သူတို့က စစ်ဗျူဟာနည်းအရ မယှဉ်နိုင်ကြပေ။
ဝမ်ဝေ့က တတိယမင်းသားသည် နန်းဆောင်၏ ခုခံမှုအားလုံးကို ရှင်းထုတ်ပြီး အထဲ ဦးဆောင်သွားသည်ကို တွေ့လိုက်ရ၏။
“မင်း လုပ်ရဲတယ်လား” အသံတစ်သံ ထွက်ပေါ်လာလေသည်။ ရှုရန်က နောက်ဆုံးတွင် ထွက်ပေါ်လာပြီ ဖြစ်၏။
တတိယမင်းသားက သူ့ဘေးနားတွင်ရှိနေသည့် ခေါင်းဆောင်းနှင့် အမျိုးသားကို ကြည့်လိုက်သည်။
“သူက တကယ်ကို အားနည်းနေတာပဲ”
“ဒါပေမဲ့ သူက စံပြတစ်ယောက်ဖြစ်နေတုန်းပဲ”
“ကိစ္စမရှိဘူး” ခေါင်းဆောင်းနှင့် အမျိုးသားက ပြန်ဖြေလိုက်သည်။
“ကျုပ်အစီအစဉ်က တိုက်ရိုက်တွေ့ဆုံမှုမှာ သူ့ကိုသတ်ဖို့ မဟုတ်ဘူး”
“ကောင်းပြီလေ။ ခင်ဗျားကို ယုံလိုက်မယ်”
ခေါင်းဆောင်းနှင့် အမျိုးသားက ရှုရန်ဆီ ပြေးဝင်သွားလေ၏။
“မင်းက ဘယ်သူလဲ” မြေကမ္ဘာဧကရာဇ်က မေးလိုက်၏။
“အရှင်မင်းကြီး ကျုပ်ကို မမှတ်မိတော့ဘူးလား” ခေါင်းဆောင်းနှင့် အမျိုးသားက သူ့သွင်ပြင်ကို ထုတ်ပြလာသည်။
“အကြံပေးအမတ် မဟုတ်သေးဘူး။ ခင်ဗျားကို စံပြကျိမင်လို့ ခေါ်ရမှာပဲ”
“အဲ့လောက်ကြီး အေးစက်နေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို နှစ်အကြာကြီး ခစားခဲ့တာပဲလေ” ကျိမင်က ပြောလိုက်သည်။
ရှုရန်က သူ့သားကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ဒါက မင်းရဲ့ ယုံကြည်ချက်လား။ သူ့အဆင့်ကနေ ကျဆင်းသွားတဲ့ စံပြအသစ်တစ်ယောက်လား”
သို့သော်လည်း တတိယမင်းသားက သူ့ကို ပြုံးသာ ပြုံးလိုက်သည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ဖြစ်၏။
“ကောင်းပြီလေ။ စကားစမြည် တော်သင့်ပြီ” စံပြကျိမင်က ပြောလိုက်သည်။ ဤနှစ်များစွာတစ်လျှောက် သူသည် ကောင်းကင်ဘုံထိပ်သီးအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သော့ခလောက်က သူ့အပေါ် သက်ရောက်မှု မရှိပေ။ သူက ကျင့်ကြံနေသည်မဟုတ်ဘဲ သူ့စွမ်းအားကို ပြန်လည်ရယူနေခြင်းသာ ဖြစ်၏။ သို့သော်လည်း သူ့ကျင့်ကြံဆင့်က နိမ့်ကျနေသော်လည်း သူသည် သူ့ကိုယ်သူ ပြောင်းလဲကာ အချိန်ခဏကြာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိနိုင်သည်။
ကျိမင်၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်လာပြီး ရှုရန်နှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ပွဲက တစ်နာရီခန့် ကြာမြင့်ခဲ့လေ၏။ ရှုရန်က အားနည်းနေသော်လည်း တိုက်ပွဲအများစု၌ အရေးသာချက် ရှိနေလေသည်။ သို့သော်လည်း ကျိမင်၏ ရည်ရွယ်ချက်က သူ့အား တတ်နိုင်သမျှ ကြာကြာ အချိန်ဆွဲထားဖို့ ဖြစ်နေဟန်ပေါ်သည်။ ထိုအရာပြီးဆုံးသွားသည်နှင့် သူသည် တတိယမင်းသားနှင့်အတူ ထွက်ပြေးသွားလေ၏။
ဒါပဲလား…
ဝမ်ဝေ့က တွေးလိုက်ပြီး ကိစ္စများသည် မျက်စိနှင့် မြင်ရသည်ထက် ပိုမိုရှိနေသေးကြောင်း ခံစားမိလိုက်သည်။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုက ရှုရန်၏ ပိုင်နက်ကို လွှမ်းခြုံသွားကာ တတိယမင်းသား၏ အသံက မိုးမြေကြား ပဲ့တင်ထွက်လာလေ၏။
“ဧကရာဇ်ရှုရန်က ရက်စက်ပြီးတော့ နှလုံးသားကင်းမဲ့တဲ့သူပါ။ သူ့လူတွေရဲ့ စည်ပင်ကြွယ်ဝမှုကို အာရုံစိုက်ရမဲ့အစား သူက အုပ်စိုးခွင့်ကို အလွဲသုံးစားလုပ်ပြီး သူ့စွမ်းအားကို ထိန်းထားဖို့ ဘာမဆိုလုပ်နေပါတယ်။ သူက သူ့ကလေးကိုတောင် သက်ညှာမပေးပါဘူး။ အထက်မှမိုးမြေ ကျုပ် တတိယမင်းသား ရှုနျန်ဇူက သူ့သဘာဝကို မြင်ပြီး မဟာချူးရဲ့ ကျဆင်းလာမှုကို လက်မခံနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင်ခွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်က တောင်ပိုင်းမဟာချူးတိုင်းပြည်ကို တည်ဆောက်ပြီးတော့ ကျုပ်ရဲ့လူတွေကို ဝေဒနာဒုက္ခကနေ ကင်းဝေးစေဖို့ မျှော်လင့်ပါတယ်”
ထိုစကားများကို ရေရွတ်လိုက်သည်နှင့် မဟာချူး၏ ကံကောင်းမှုနဂါးက နာကျင်မှုဖြင့် အော်ညည်းကာ နှစ်ပိုင်း ကွဲထွက်သွားလေသည်။