နိုးထလာသည့် စိတ်
Vol. 101 Ch. 1413
ဝမ်ဝေ့က ထိုသေမျိုးများ သေဆုံးသွားသည်ကို တည်ငြိမ်စွာ ကြည့်နေလေသည်။ အသက်ရှင်နေသည့် တစ်ယောက်က သူ့အား အကြောက်တရားနှင့် မျှော်လင့်ချက်တို့ဖြင့် ကြည့်နေလေ၏။
ငါက ဝူယွီကို ကပ်ဘေးကျိန်စာအကြံပြုပြီးတော့ ဝိရောဓိသေတ္တာကို ဖွင့်ခဲ့မိတယ်…
သူ့စိတ်ထဲ နောင်တတရားတို့ စီးဆင်းလာသော်လည်း ဖြေရှင်းနည်းကို တုံ့ပြန်ဖို့ အဆုံးစွန်အခြေအနေ ရောက်နေသည်။ ဝမ်ဝေ့၏ စိတ်ထဲက ထိုအဆိုးမြင်အတွေးများကို အလိုအလျောက် ဖြတ်တောက်လိုက်သည်။ သူတို့က ဤလက်ရှိအနေအထားအတွက် အသုံးမဝင်ပေ။
ဝမ်ဝေ့၏ အာရုံက သေဆုံးနေသည့် လူငယ်လေးအပေါ် ကျရောက်လာလေ၏။ ထိုမောင်းနှင်သူငယ်လေးက သေဆုံးသွားသင့်သည်မှာ ကြာမြင့်လှပြီဖြစ်၏။ သို့သော်လည်း ကုသိုလ်ရွှေခန္ဓာမှ ကောင်းချီးက သူ့သက်တမ်းကို ဆွဲဆန့်ပေးထားသည်။ ဝမ်ဝေ့၏ စိတ်ထဲ တစ်စုံတစ်ခုကို ချက်ချင်း တွေးမိသွားလေ၏။
ဒီကပ်ဘေးရဲ့ အဓိကအကြောင်းအရင်းက ဝိဇ္ဇာ၊ ဝိဇ္ဇာတစ်ယောက်ကပဲ အဆုံးသတ်ပစ်သင့်တယ်…
သူက ထိုအတွေးမှ ဖြေရှင်းနည်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ဝိဇ္ဇာလင်းချီနှင့် ပထမဦးဆုံး ဆက်သွယ်လိုက်သည်။ သူတို့က အံ့ဖွယ်အသိစိတ်ဖြင့် ဆက်သွယ်ပြီး အချိန်မဖြုန်းကြတော့ပေ။
“တောင်းပန်ပါတယ်။ ဒါက ကျုပ် လုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ”
“ကိစ္စမရှိပါဘူး။ ကျုပ် အကူအညီ ဖြစ်တာကိုပဲ ဝမ်းသာပါတယ်။ ပြီးတော့ တစ်စုံတစ်ခုက ဒါက ကျုပ်ရဲ့ ကံကြမ္မာဖြစ်လိမ့်မယ်လို့ ပြနေတယ်” လင်းချီက ပြောလိုက်သည်။
“ခင်ဗျား လိုအပ်တာများ ရှိမလား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားရဲ့ ကတိစကားကိုပဲ ထိန်းပါ”
“အဲဒီအတွက် မစိုးရိမ်ပါနဲ့။ တာအိုအခွင့်အလမ်းဂိုဏ်း တည်ရှိနေသရွေ့ ခင်ဗျားရဲ့ တစ်သက်တာ လက်ရာကလည်း တည်ရှိနေလိမ့်မယ်”
“အဲ့လိုပဲ ကျုပ် ကြားချင်တာ”
“ဝမ်ဝေ့က သူ့ကို ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။ သို့သော်လည်း သူ ပျောက်ကွယ်သွားမည့်ဆဲဆဲတွင် ဝိဇ္ဇာလင်းချီက မေးလာခဲ့သည်။
“ဒီကိစ္စကြီးပြီးသွားရင် ကျုပ် ပြောချင်တာက … ဒီသော့ခလောက်ကို ဖျက်ဆီးပြီးသွားမယ်ဆိုရင် ကျုပ်…”
“ကျုပ် တောင်းပန်ပါတယ်။ အဲဒါက မဖြစ်နိုင်ဘူး”
“ကျုပ်လည်း အဲ့လောက်တော့ သိပါတယ်လေ” လင်းချီက သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ကျုပ်မမေးပဲ မနေနိုင်ဘူး ဖြစ်သွားတယ်။ သေမျိုးလူမှုအဖွဲ့အစည်းအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဖွံ့ဖြိုးတိုးတက်လာပြီး ကိုယ့်ကိုယ်ကို သီးသန့်ရပ်တည်နိုင်စွမ်းရှိတဲ့ အနေအထားအထိ မြင်ရတာ ကျုပ်အတွက် အဲ့ထက်ပျော်ရွှင်ရတာမျိုး မရှိတော့ဘူး”
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။ သူက ဝိဇ္ဇာခုံရုံးထဲတွင် အစည်းအဝေးကို ဆင့်ခေါ်လိုက်ပြီး တခြားသော အာဏာရှင်များဆီမှလည်း အကူအညီကို တောင်းခံခဲ့ကာ ကျိမင်ကို ရှာဖွေခဲ့သည်။
…………………………..
“ဒါက အစီအစဉ်ပဲ” ဝမ်ဝေ့က ဝိဇ္ဇာခုံရုံးကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
“တခြားထည့်သွင်းစရာရှိသေးလား”
“ခင်ဗျားရဲ့ အစီအရင်ကို ဆယ်ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းထိ တိုးမြှင့်ပေးနိုင်တယ်” ဧကရာဇ်ခုံက ထပ်ပြောလိုက်သည်။
“ကောင်းပြီ”
“ကျုပ်တို့ အားလုံး…”
“ဝိဇ္ဇာလင်းချီနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကျုပ်တို့ ပေးဆပ်ရတာက အသေးအမွှားလေးပါ” ဝမ်ဝေ့က စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ကျုပ်က …”
“ဘယ်သူကမှ ပြောစရာမရှိတော့ဘူးဆိုရင် အခမ်းအနားကို စလိုက်ရအောင်” အားလုံးက သူတို့၏ နာမည်များကို ရေးသားပြီးသည်နှင့် ဝမ်ဝေ့နှင့် ဧကရာဇ်ခုံတို့က အလင်းမြို့တော်ပိုင်နက်ဆီ ဦးတည်လိုက်သည်။ ထိုနေရာက အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၏ ပိုင်နက်အတွင်းရှိ နေရာငယ်လေးတစ်ခု ဖြစ်၏။ ထိုနေရာက ဝိဇ္ဇာလင်းချီ မွေးဖွားလာသည့်နေရာတစ်ခုလည်း ဖြစ်ပေသည်။ အခမ်းအနားကို မွေးရပ်မြေတွင် တည်ထောင်ခြင်းက စွမ်းအားကို တိုးမြှင့်ပေးနိုင်၏။
သူတို့က တောင်ငယ်လေးတစ်လုံးကို ရှာဖွေတွေ့ရှိပြီး တောင်ကို ပြန်လည်ဖွဲ့စည်းပြီး အစီအရင်ဗဟိုချက်သဖွယ် ဖွဲ့စည်းလိုက်သည်။ ဝမ်ဝေ့က အဆင့်(၁၂) သတ္တုများစွာကို တွန့်လိမ်စေပြီး တောင်ထိပ်၏ အလယ်တွင် စင်မြင့်သဖွယ် တည်ဆောက်လိုက်သည်။ အရာအားလုံးက တစ်နာရီမျှ ကြာမြင့်ပြီးသည့်နောက်တွင် ပြီးဆုံးသွားလေ၏။ သူတို့က အခမ်းအနားကို ချက်ချင်း စတင်လိုက်ကြသည်။
ဝိဇ္ဇာလင်းချီက အလယ်တွင်ရှိနေသည့် သူ့နေရာတွင် ယူလိုက်၏။ ကျန်ရှိနေသည့် ဝိဇ္ဇာ ၂၂ ယောက်က အချင်းချင်း သက်ဆိုင်ရာ တောင်တန်းများတွင် နေရာယူလိုက်ကြသည်။
“မွန်မြတ်သော ဝိဇ္ဇာကို အားလုံးက ဦးညွှတ်ပါတယ်” ဝမ်ဝေ့က ပြောလိုက်စဉ် သူအပါအဝင် ဝိဇ္ဇာအားလုံးက လင်းချီထံ ၁၈၀ ဒီဂရီ ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အပြုအမူက အခမ်းအနားကို စတင်လိုက်လေ၏။ ဤနေရာတစ်ဝန်းတွင်ရှိနေသည့် စွမ်းအားတို့က ရိုးရှင်းလှသည့် ဦးညွှတ်မှုတစ်ခုဖြင့် စုဝေးလာလေသည်။
“ကံကြမ္မာရွေးချယ်ခံကနေ ဦးညွှတ်မှုပါ” ထိုစကားများကို ရေရွတ်ပြီးသည်နှင့် ဝမ်ဝေ့က လေထဲတွင် ပျံသန်းရင်း သူ့နေရာမှ ၃၃ မီတာအကွာအဝေးရောက်ရှိသည့်အခါ ဒုတိယအကြိမ်မြောက် ဦးညွှတ်လိုက်သည်။
“သက်ရှိအားလုံးကို ဉာဏ်အလင်းဖွင့်ပေးမဲ့သူဆီက ဦးညွှတ်မှုပါ” ဧကရာဇ်ခုံကလည်း အတိအကျ လိုက်နာလိုက်သည်။
ဝမ်ဝေ့က ကျန်ရှိနေသည့် အဆင့်(၂) ကုသိုလ်ရွှေခန္ဓာကို ဆင့်ခေါ်လိုက်သည်။
“အခု ဂုဏ်ကျက်သရေရှိတဲ့ ဧည့်သည်တွေ အလှည့်ပါ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ဒီခေတ်ကာလရဲ့ အဆုံးသတ်မှုကို စတင်ခဲ့တဲ့သူဆီကပါ” ရှုကျင်းယောင်၏ ပုံရိပ်ယောင်က ၃၃မီတာခန့်တွင် ပေါ်ထွက်လာကာ ဝိဇ္ဇာလင်းချီအား ရိုသေစွာ ဦးညွှတ်လိုက်သည်။
“ဒီခေတ်ကာလရဲ့ နောက်ဆုံးသံချွန်ကို ရိုက်နှက်ခဲ့တဲ့သူဆီက” မုန့်ခယ်၏ ပုံရိပ်ယောင်ကလည်း ပေါ်ထွက်လာကာ ဦးညွှတ်လိုက်သည်။ ယခုအခါ ထိုအပြုအမူများကြောင့် စုဝေးလာသည့် စွမ်းအားပမာဏက ရွှေရောင်ပင်လယ်အဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။
“မျှော်လင့်ချက်စံပြဆီက ဦးညွှတ်မှုပါ” ဝမ်ဝေ့က ဆက်ပြောလိုက်စဉ် စံပြကျိမင်၏ ပုံရိပ်ယောင်က ထွက်ပေါ်လာပြီး ဝိဇ္ဇာလင်းချီကို ဦးညွှတ်လိုက်သည်။
“ကြမ္မာဆီက ရိုသေသမှုပါ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ ထို့နောက် အာဏာရှင် ၁၃ယောက်ဆီမှ ကံကောင်းမှုနဂါး ၁၃ကောင်က ကောင်းကင်အထက် မီတာ ၃၃၀၀၀ အကွာတွင် ပေါ်ထွက်လာပြီး လင်းချီ၏ တောင်တန်းကို လှည့်ပတ်ကာ မိုးမြေကြားတွင် အလှပဆုံး သံစဉ်တစ်ခု သီကျူးလာသည်။
“အငြိုးတရား စွမ်းအားပါ” ဝမ်ဝေ့က ရေရွတ်လိုက်သည့်အခါ နဂါးများက ပျောက်ကွယ်သွားလေသည်။ ထို့နောက် တောင်ခြေအောက်တွင် ၃၃မီတာခန့် အကွာတွင် တာအိုသူတော်စင် တစ်ယောက်ပေါ်ထွက်လာပြီး ကံကောင်းမှုအဖွဲ့အစည်း၏ အသုံးအဆောင်ပစ္စည်းမှ ပစ္စည်းပျက်တစ်ခု ဖြစ်ဟန်ပေါ်သည့်အရာကို ပစ်လွှတ်လိုက်သည်။ သူ့အပြုအမူက စွမ်းအားသစ်တစ်ခုကို ထည့်သွင်းလိုက်သလိုမျိုး ဖြစ်၏။
သူတော်စင်က ကြာကြာမနေပေ။ ဝမ်ဝေ့က ဤကဏ္ဍနှင့် ပတ်သက်ပြီး များများလုပ်ဆောင်စရာ မရှိပေ။ ကမ္ဘာကြီးတွင် အငြိုးအတေးများစွာ ရှိနေသည့် သေမျိုးများနှင့် ကျင့်ကြံသူများပင် အပါအဝင် ဖြစ်၏။
“ဝိဇ္ဇာများရဲ့ စတေးမှု” ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ ဤသည်က အခမ်းအနား၏ အရေးကြီးဆုံးကဏ္ဍဖြစ်ကာ လင်းချီသည် သေမျိုးများကို ကယ်တင်နိုင်မည်လား ဆုံးဖြတ်ပေးနိုင်မည့်ကဏ္ဍ ဖြစ်ပေသည်။ ဝမ်ဝေ့နှင့် တခြားသောဝိဇ္ဇာများ၏ ကုသိုလ်ရွှေခန္ဓာက ကောင်းကင်ယံအထက် ၃၃မီတာအကွာတွင် စုဝေးလာပြီး ရွှေရောင်အစက်အပြောက်များအသွင် ပျောက်ကွယ်သွားလေသည်။
လင်းချီ၏ ကုသိုလ်ရွှေခန္ဓာက ရွှေရောင်အမှုန်များကို ချက်ချင်းစုပ်ယူလိုက်၏။ ထို့နောက် စက္ကန့်ပိုင်းလေးအတွင်း ထိုအရာက အဆင့်(၃)သို့ ရောက်ရှိသွားလေ၏။ အားလုံးက ဖြစ်ပျက်သမျှကို တည်ငြိမ်စွာ ကြည့်နေရင်း တချို့က သူတို့၏ ကုသိုလ်ရွှေခန္ဓာ ဆုံးရှုံးရသည့်အတွက် နာကျင်မှုကို မဖုံးကွယ်နိုင်ပေ။ သို့သော် မည်သူကမှ တုံ့ဆိုင်းနေခြင်း မရှိပေ။
“နောက်ဆုံးတော့ မွန်မြတ်သောဝိဇ္ဇာဆီကနေ အကြွင်းမဲ့စတေးမှုပါ။” ဝမ်ဝေ့က တီးတိုးပြောလိုက်သည်။ လင်းချီက သူ့အား ပြန်လည်အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်ရှိလားဟု မေးမြန်းခဲ့စဉ် ဝမ်ဝေ့က မဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။ သို့သော် တကယ်တော့ သူသည် ထိုအရာ အမှန်ဖြစ်လား မသိပေ။ သူသည် စစ်မှန်သည့် စတေးမှုကသာ ဤအခမ်းအနားကို ဖြစ်နိုင်မည်ဖြစ်ကြောင်း သိထားလေ၏။ ထို့ကြောင့် လင်းချီသည် သူ ထိုအရာကို လုပ်သည့်အခါ မျှော်လင့်ချက်ရှိနေပြီး ဖြစ်စဉ်က မည်သို့ဖြစ်သွားမည်မှန်း မပြောပြတတ်ပေ။
အားလုံးက အရူးဝိဇ္ဇာသန့်စင်မီးတောက်ကြောင့် အစပြုခဲ့ရတာ။ မြင့်မြတ်တဲ့ ဝိဇ္ဇာနဲ့ပဲ အဆုံးသတ်သင့်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ဝိဇ္ဇာအားလုံးအနက် လင်းချီကသာ ထိုမွန်မြတ်သောဂုဏ်ပုဒ်ကို ထမ်းဆောင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ သူသည် ဝိဇ္ဇာတစ်ယောက် ဖြစ်လာသည်မှာ ကုသိုလ်အလိုဆန္ဒကြောင့် မဟုတ်ခဲ့ပေ။ ပြောရမည်ဆိုလျှင် သူ့ကုသိုလ်ရွှေခန္ဓာက သူ ဘဝ၌ သူလိုချင်သည့်အရာများကို လုပ်ရင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုအရာက လူများကို ကာကွယ်ပေးခြင်း ဖြစ်သည်။
တတိယအဆင့် ကုသိုလ်ရွှေခန္ဓာက အခမ်းအနားမှ စုဝေးလာသည့် စွမ်းအား အားလုံးကို စတင်စုပ်ယူပြီး လင်းချီနှင့် ပေါင်းစည်းသွားကာ အပြုအမူအား ပိုမိုမြင့်မြတ်ကာ သိမ်မွေ့လာစေသည်။ ထို့နောက် လင်းချီက ကောင်းကင်ယံအထက် ပျံသန်းသွားပြီး အခမ်းအနားနှင့် အလှမ်းဝေးသွားလေ၏။
“အထက်မှ မိုးမြေ” သူ့အသံထဲတွင် အဆုံးမဲ့ကြင်နာမှုတို့ ကိန်းအောင်းနေကာ မိုးမြေကြား ပဲ့တင်ထွက်သွားလေ၏။
“ကမ္ဘာကြီးက ရုတ်ရုတ်သဲသဲဖြစ်နေပြီးတော့ သက်ရှိအားလုံးက ဒုက္ခပင်လယ်ကြောင့် ခံစားနေရပါတယ်။ ကျုပ်ဘဝတစ်လျှောက်မှာ အကူအညီဖြစ်နိုင်သမျှ အရာအားလုံးကို အကျိုးပြုပြီးတော့ နေထိုင်ခဲ့ပါတယ်။ ကျုပ်က အရင်တုန်းက ကူကယ်ရာမဲ့ခဲ့ပေမဲ့ ယခု ကျုပ်လုပ်ခဲ့သမျှတွေအားလုံးထဲမှာ ဒီနိမ့်ကျတဲ့ အသက်က ဒီကမ္ဘာကြီးရဲ့ မျှော်လင့်ချက်ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လင်းချီက နောက်ဆုံးစကားကို ရေရွတ်ပြီးသည်နှင့် သူက ကမ္ဘာကြီးကို နောက်ဆုံးအနေဖြင့် ကြည့်ပြီးသည့်နောက်တွင် ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲသွားကာ အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။ ဝမ်ဝေ့နှင့် အားလုံးက အခမ်းအနားကို အာရုံစိုက်ထားကြပြီး ထိုအရာက အောင်မြင်မည်လားဟု သိချင်နေကြသည်။
ထိုအရာက အမှန်တကယ် အောင်မြင်ခဲ့လေ၏။ သေမျိုး သို့မဟုတ် ကျင့်ကြံသူများက ထိုရွှေရောင်အလင်းတန်းဖြင့် ထိတွေ့မိသည့်အခါ ချက်ချင်းဆိုသလို ကောင်းမွန်သွားကြသည်။ ဖြစ်စဉ်တစ်ခုလုံး၌ ခုခံမှုဟူ၍ပင် မရှိခဲ့ပေ။ ထိုရွှေရောင်အလင်းလှိုင်းလုံးက မြင့်မြတ်ကာ သန့်စင်သည့် အရာအားလုံး၏ ပြယုဂ်သဖွယ် ဖြစ်နေလေ၏။
ရွှေရောင်အလင်းတန်းက ကမ္ဘာကြီး၏ ထောင့်နေရာတိုင်းကို ဆေးကြောသန့်စင်ပစ်ပြီး ကပ်ဘေးများကို ချန်ထားခဲ့ခြင်း မရှိပေ။ ထို့နောက် ထိုအရာက ရွှေရောင်ဓားအသွင် ပြောင်းလဲသွားကာ မမြင်နိုင်ဖွယ် လူသားအသွင် အနီရောင်တစ္ဆေကို တိုက်ခိုက်လာသည်။ ထိုအရာက သန့်စင်မီးတောက် အခမ်းအနား၏ ဇစ်မြစ်ဖြစ်ပြီး ရွှေရောင်ဓားက ထိုအရာကို ဓားချက်အနည်းငယ်အတွင်း သုတ်သင်ပစ်လိုက်၏။
သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေသည်က ရွှေရောင်အလင်းတန်းကို ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ကောင်းကင်ယံမှ သော့ခလောက်ဆီ ဦးတည်သွားလေသည်။ လူများစွာက ချက်ချင်းဆိုသလို မျှော်လင့်ကာ တွေးထင်လိုက်ကြ၏။ သူတို့က ဤသို့ဖြင့် လွတ်လပ်ခွင့် ရလာတော့မည်လား။
နှမြောစရာကောင်းလှစွာဖြင့် သူတို့က မကြာခင် စိတ်ပျက်သွားရလေသည်။ ရွှေရောင်ဓားက အကောင်းဆုံးကြိုးစားခဲ့သော်လည်း သော့ခလောက်ကို ခြစ်ရာပင် မထင်ခဲ့ပေ။
ကမ္ဘာကြီးက နောင်တတရားဖြင့် သက်ပြင်းချသံကို ကြားပြီးသည့်နောက်တွင် ဓားက ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့က ထိုအရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သူက ဓား၏ ရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သို့သော်လည်း သူက နောက်အဆင့်ကို စဖို့ ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် မထင်မှတ်ထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာလေ၏။
“ခင်ဗျား ကျုပ်ကို နောက်တစ်ကြိမ် ထပ်ပြီး ဆင့်ခေါ်လို့ရတယ်”
“ဝိဇ္ဇာလင်းချီလား”
“မှတ်ထားနော်။ နောက်ထပ် တစ်ကြိမ်တည်းပဲ”
“ကျုပ် နားလည်ပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ဝိဇ္ဇာလင်းချီက ချက်ချင်း ပျောက်ကွယ်သွားခြင်းမရှိဘဲ ကောင်းကင်တာအိုက သူ့အား မိုးမြေကြားတွင် အားကောင်းသည့် စွမ်းအားအသွင် ပြောင်းလဲလိုက်ဟန်ပေါ်သည်။
နောက်ဆုံး ကျုပ် ရနိုင်သမျှ အကူအညီအားလုံးကို လိုအပ်နေတဲ့အချိန်မျိုးမှာ ကြားလိုက်ရတာ ကောင်းတာပေါ့…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် အားလုံးနှင့်အတူ ထွက်ခွာသွားလေသည်။ သူက လူမည်မျှအသက်ရှင်လဲဟု သေမျိုးလူမှုအဖွဲ့အစည်းများဆီ သွားရောက်စစ်ဆေးကြည့်ဖို့ လိုအပ်နေလေ၏။