← Chapters

သူ့ကို ‌သွားပြန်ခေါ်လာ

Vol. 111 Ch. 1657

သူ့ကို ‌သွားပြန်ခေါ်လာ

Vol. 111 Ch. 1657

ကူရိရန်သည် သူမ၏ ဆံပင်အား ဝင့်ကြွားစွာဖြင့် ခါရမ်းလိုက်ကာ ထွက်ခွာသွားခဲ့လေသည်။

၎င်းနောက် လူတိုင်း၏ အကြည့်မှာ လင်းရီထံ၌ စုပြုံသွားခဲ့တော့၏။

“ ဥပဒေက ရှည်လျားပြီး ကျဉ်းမြောင်းတယ်… ငါ့ဘက်က လက်စားမချေချင်လို့ မဟုတ်ဘူး … အချိန်မကျသေးလို့ … တစ်စုံတစ်ယောက်သော လူကတော့ အပြစ်ပေးခံရတော့မယ်…”

ကျိုးရှင်းဟိုင် ထေ့ငေါ့လိုက်၏။

“ ဘာတွေ ဖြစ်နေတာလဲ… နည်းပြကူက ဘာလို့ အစ်ကိုရီကို အထုပ်တွေ သိမ်းဖို့ လာပြောသွားတာလဲတဲ့ ….”

ကျန်းဇီရှင်း ရောက်လာပြီး မေး၏။

ကျန်းဖန့်လည်း အနည်းငယ် စိုးရိမ်ထိတ်လန့်နေကာ တိုးတိုးတိတ်တိတ် မေးမြန်းလာခဲ့သည်။

“ လင်းကော … မနေ့ညက ကိစ္စ ဖော်ထုတ်ခံလိုက်ရလို့များလား ….”

“ မင်း စိတ်ပူစရာ မလိုပါဘူး … ငါ့ကို ဒီပြန်လာပေးဖို့ သူ ပြန်တောင်းပန်လာစေရမယ်…”

လင်းရီ စိုးရိမ်တုန်လှုပ်ခြင်း လုံးဝ မရှိချေ။ သူက လျိုကွမ်းရှင်းအတွက် အလုပ်လုပ်ပေးနေသည်ဖြစ်ရာ သူ့အား အလုပ်ဖြုတ်ရန် မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ဤသည်က မဟုတ်တမ်းလျားများ လျှောက်ပြောနေသည်နှင့် ညီမျှလေသည်။

“ ဒါဆို အခု ဘာဆက်လုပ်ကြမလဲ…. ထမင်းဆက်စားဦးမှာလား ..”

“ ဒါပေါ့ … စားရမှာပေါ့ကွ … ဒီလောက်ကောင်းတဲ့ မနက်စာကို အလွတ်ခံစရာလား ….”

“ ပြောတာကောင်းတယ်… များများလေးစား … ဒါက မင်းရဲ့ နောက်ဆုံး ထမင်းတစ်နပ်ပဲ … နောင်ကျ စားချင်ပါတယ်ဆိုရင်တောင် စားလို့ရမှာ မဟုတ်တော့ဘူး ..” ကျိုးရှင်းဟိုင် ပြောလိုက်၏။

လင်းရီသည် ကျိုးရှင်းဟိုင်အား လျစ်လျူရှု၍ ကျန်းဖန့်နှင့်အတူ အစားအသောက်ထည့်သည့် နေရာသို့ သွားလိုက်၏။ အခြားအရာများအား ဘေးချိတ်ထားလျှင်ပင် သူ မနက်စာတော့ စားဖြစ်အောင်ကို စားရမည်။

ယခုလို ပြောစကားပင်ရှိ၏။ မနက်စာကို ကောင်းကောင်းစား၊ နေ့လည်စာကို ဝအောင်စား ၊ ညစာကို လျှော့စားဟူ၍ပင်။ မည်သို့ပင်ဆိုစေ မနက်စာကိုတော့ အလွတ်ခံ၍ မဖြစ်ချေ။

တစ်ချိန်တည်းတွင် ကူရိရန်သည် လျိုကွမ်းရှင်း၏ ရုံးခန်းသို့ ရောက်လာပြီး တံခါးက သော့ခတ်ထားသည်ကို မြင်တွေ့လိုက်ရ၏။

ခေတ္တကြာအောင် စောင့်ဆိုင်းပြီးသည့်နောက်တွင် မည်သူမျှ ရောက်မလာသေးကြောင်းကို သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ကွင်းထဲသို့ ပြန်သွား၍ နောက်မှ ပြန်လာရန် ဆုံးဖြတ်လိုက်တော့သည်။

လင်းရီမရှိသဖြင့် ကွင်းထဲတွင် သင်တန်းသားတို့မှာ ကိုယ့်စိတ်ရှိရာ လှုပ်ရှားနေခဲ့ကြသည်။ ကူရိရန် လျှောက်လှမ်းလာနေသည်ကိုမြင်တော့ အလိုအလျောက် ပုံစံယူ၍ မတ်တပ်ရပ်လိုက်ကြသည်။

ကူရိရန်မှာတော့ ယနေ့ ကောင်းကင်ကြီးမှာ ပြာလဲ့၍ လေထုကလည်း ခါတိုင်းထက်ကို လတ်ဆတ်နေသယောင် ခံစားနေရသည်။

“ နည်းပြလီ ခုထိ ရောက်မလာသေးဘူးလား …” ကူရိရန် မေးမြန်းလိုက်၏။

“ မရောက်လာသေးပါဘူး …” ကျိုးရှင်းဟိုင်မှ တင်ပြလိုက်သည်။

ကူရိရန် ကျိုးရှင်းဟိုင်အား ကြည့်၍ “ လင်းရီ မရှိတော့ဘူးဆိုတော့ သူ့ရဲ့ နေရာကို နင်ဝင်ပြီး အသင်းကို စုစည်းထားလိုက် …”

“ ဟုတ်ကဲ့ … နည်းပြကူ …”

ကူရိရန် ခေါင်းညိမ့်လိုက်သည်။ “ အရင်ဆုံး သွေးပူလေ့ကျင့်ခန်း တစ်ချို့ လုပ်ထားကြမယ်… နည်းပြကူ ရောက်လာတော့မှ ထရိန်နင် စကြတာပေါ့ …”

“ ပြောစကားတွေအတိုင်း ညစ်စုတ်တဲ့ လူတွေက ကောင်းကင်ရဲ့ အပြစ်ပေးခြင်းကို ခံရမယ်တဲ့ … အဲ့ဒီ စကားတွေက တကယ်ပဲ မှန်နေပါလား … အဲ့ကောင်က ဒီ‌လောက်ထိ မောက်မာပြီး နည်းပြကူကို ဆက်တိုက် ဆန့်ကျင်နေတာ ဒါ သူနဲ့ ထိုက်တန်တဲ့ ရလဒ်ပဲ ..” တင်းချောင် ပြောလိုက်၏။

“ မင်း စကားမပြောလည်း ဘယ်သူမှ မင်းကို တေမိဖြစ်နေတယ် ထင်မှာ မဟုတ်ဘူး …” ကျန်းဖန့် ပြောလိုက်ပြီး “ မင်းကိုယ်မင်း သောက်ရမ်း အံ့ဩဖို့ ကောင်းတယ် ထင်နေရင် ငါး ကီလိုမီတာ သွားပြေးလေ… ဘာတွေ လာပြီး မောက်မာပြနေတာ …”

“ မင်းဘာမင်း ပြောချင်သလိုသာပြော … ငါကတော့ အေးဆေးပဲ …” တင်းချောင် ပြောလိုက်ပြီး “ ဒါပေမယ့် ပြန်ပြီး စဉ်းစားကြည့်လိုက်ရင် အတော်လေးတော့ ရယ်ချင်စရာကောင်းသားကွ ဟမ် … သူ့အပြစ်သူ ပြန်ဆင်ခြင်မယ် မကြံဘဲ နည်းပြကူက သူ့ကို လာပြီး တောင်းပန်ရမယ်လို့တောင် ရဲရဲတင်းတင်း ပြောနေလိုက်သေးတယ်… အဲ့လို စကားမျိုးပြောတာ မထီလေးစား ပြုမူတာပဲ …”

တင်းချောင်ကို ကြည့်ရင်း ကျန်းဇီရှင်းသည် သူမ၏ မျက်လုံးကို ကြိမ်ဖန်များစွာ လှန်လိုက်မိသည်။ အကယ်၍ သူမ တတ်နိုင်မည်ဆိုပါက သကောင့်ဖင်အား ဆောင့်ကန်ပစ်ချင်နေသည်။

တစ်ချိန်တည်းတွင် လီရှန်းဟွေ့နှင့် လျိုကွမ်းရှန်တို့ လေ့ကျင့်ရေး ကွင်းပြင်ထဲ ရောက်လာခဲ့ကြသည်။

“ လီလေး … ဒါတွေ အားလုံး မင်းကို ကျေးဇူးတင်ရမှာပဲ … မင်းကြောင့်သာ မဟုတ်ရင် ငါ့ ယောက္ခမကြီးတော့ မနေ့ညက အတော်လေး နာကျင်ခံစားနေရမှာ….”

“ အဲ့ကိစ္စ လင်းရီကို ကျေးဇူးတင်ရမှာ … သူက အဲ့ဒီ ဘက်ခြမ်းမှာ အဆက်အသွယ် တစ်ချို့ ရှိနေတယ်လေ.. ပြီးတော့ ကျုပ်ကိုလည်း ကူညီသွားပေးသေးတယ်… ကျုပ်တောင် ဘာမှ မလုပ်လိုက်ရပါဘူး …”

“ ဒါပေမယ့် သူ မနေ့ညက ဘာမှ မပြောခဲ့ဘူးပဲ … ငါ ထင်နေတာ မင်း အလုပ်များလို့ လူစားလွှတ်ပြီး ပို့ခိုင်းလိုက်တယ် ထင်နေတာ …”

“ ခင်များကို မြင်တော့ စိတ်တွေ လှုပ်ရှားပြီး ပြောမယ့် စကားတွေ မေ့ကုန်လို့ နေမှာပေါ့ .. ဒါပေမယ့် ဆေးရအောင် ယူပေးတာကတော့ သူပဲ ..”

“ လူငယ်လေးက မဆိုးဘူးပဲ… ညလယ်ကြီး ဆေးပုလင်း ယူပြီး ငါ့ဆီ လာပို့ပေးတယ်… တော်တော် ကြိုးစားတဲ့လူစားမျိုးပဲ …”

“ အမှန်ပဲ … သူ့ ထရိန်နင် ရလဒ်တွေကလည်း တော်တော်လေး ကောင်းတယ်… ကျုပ်တောင် သူ့ကို ခေါ်ထားရင် ကောင်းမလားလို့ စဉ်းစားနေတာ …”

“ ဒါကတော့ မင်း သဘောပဲလေ… ငါတော့ ထွေထူး ဝင်စွက်ဖက်မှာ မဟုတ်ဘူး ..”

လျိုကွမ်းရှန်က ဉာဏ်ထက်သည့် လူတစ်ယောက်ပင်။ သူတို့ နှစ်ယောက်လုံးက ကိစ္စအများအပြားကို သတိထားမိပြီး တစ်ယောက်၏ ပြောစကားကို တစ်ယောက်က တိတိကျကျ အဓိပ္ပာယ် ဖော်မပြသော်ငြားလည်း ပါးရေနားရေ လည်သည့် လူစားမျိုးများပင်။ မည်သို့ပင်ဆိုစေ စကားလုံးတစ်ချို့မှာ ကျယ်လောင်စွာ ထုတ်ပြောလိုက်သည်နှင့် မူလတန်ဖိုးတို့ ယုတ်လျော့သွားတတ်၏။

“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လျို …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ လင်းရီက တကယ် အရည်အချင်း ရှိတာ … ဒါပေမယ့် စနစ်တကျ လေ့ကျင့်ပေးမှုမျိုးနဲ့ မကြုံခဲ့ရတာတော့ နှမြောဖို့ကောင်းတယ်.. ဒါပေမယ့် နောင်ကျ သူ ပိုပြီး ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာတော့ ယုံကြည်တယ်…”

“ မင်း လူတစ်ယောက်ကို ဒီလို ချီးမွမ်းတာမျိုး မကြားရတာတောင် အတော်ကြာနေပြီ… သူ့ အဆင့်က တော်တော့်ကို မဆိုးလို့ပဲ ဖြစ်ရမယ်… ငါ့ကို ပေးတွေ့စမ်းပါ …”

“ ရှေ့နားမှာတင်ပဲ .. သွားစို့ …”

တစ်မိနစ် အတွင်းမှာပဲ နှစ်ယောက်သား စီတန်းနေသည့် အသင်းရှေ့သို့ ရောက်ရှိလာခဲ့၏။

“ ခေါင်းဆောင်လျို …. နည်းပြလီ….”

တုံ့ပြန်သည့် အနေဖြင့် လျိုကွမ်းရှန် ခေါင်းညိမ့်လိုက်သည်။

ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး ရောက်လာသည်ကို မြင်တော့ လူတိုင်းမှာ ခေါင်းများ မြင့်မြင့်မော့ထားကာ သူတို့၏ ကျောများကို တန်းနေအောင် မတ်ထားလိုက်ကြလေသည်။

လျိုကွမ်းရှန်၏ အကြည့်မှာ လူတိုင်း အပေါ်သို့ ယှက်သန်းသွားခဲ့၏။ သို့သော် လင်းရီကိုတော့ သူ မမြင်မိပေ။ သူ လီရှန်းဟွေ့အား နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။

လီရှန်းဟွေ့လည်း ပဟေဠိ ဖြစ်နေခဲ့မိ၏။ လင်းရီမှာ အနည်းငယ် ထိန်းရသိမ်းရခက်သည့် ပုံစံ ပေါက်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတို့ကိုတော့ လေးစား လိုက်နာနေဆဲပင်။

အကယ်၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင်ပင် သူ့အား ကြိုတင် အသိပေး အကြောင်းကြားပြီး ဖြစ်လောက်သည်။ ထရိန်နင်အား အကြောင်းမဲ့ ပျက်ကွက်စရာ အကြောင်း မရှိချေ။

“ လင်းရီ ဘယ်မှာလဲ …” လီရှန်းဟွေ့ မေးမြန်းလိုက်၏။

“ လင်းရီက ကျွန်မတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး လေ့ကျင့်ရေး စခန်းကနေ ခွင့်ပြုချက် မရှိဘဲ ထွက်သွားခဲ့တယ်… သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ ကျွန်မ သူ့ကို ထုတ်ပယ်လိုက်ပြီးပြီ…”

“ သောက်ရေး မပါတာတွေ…” လီရှန်းဟွေ့ အသံမာသွားခဲ့ပြီး “ ငါ မင်းကို မပြောခဲ့ဘူးလား … သူ မနေ့ညက ငါနဲ့အတူ ရှိနေတယ်လို့ … ခွင့်ပြုချက် မရှိဘဲ ထွက်သွားခဲ့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”

လျိုကွမ်းရှန်လည်း အခြေအနေကို လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။

မနေ့ညက သူ့အား ဆေးလာပို့ပေးသည့် အချိန်၌ အိပ်ခန်းထဲ ရှိမနေသည်ကို ကူရိရန်က ရှာတွေ့သွားခဲ့သည့်ဟန်ပင်။ သို့သော် လီလေး၏ တုံ့ပြန်မှုက အတော်လေး မြန်ဆန်လှသည်။ သူ့ဘက်က ထောက်ခံချက် အတုပင် လုပ်ထားပေးရာ ဤသို့ဖြင့် မည်သည့် စည်းမျဉ်းစည်းကမ်းကိုမျှ ဖောက်ဖျက်ကျူးလွန်ရာ မကျတော့ချေ။ မဟုတ်ပါက အခြားသော သင်တန်းသားများ ရှာတွေ့သွားခဲ့လျှင် ဆိုးရွားသွားနိုင်သည်။

“ နည်းပြလီ…. ကျွန်မ သူ့ကို မနေ့ညက တကယ်ကြီး မြင်ခဲ့တာပါ …”

ထို့နောက် ကူရိရန်သည် သူမ ရိုက်ထားသည့် ဓာတ်ပုံများအား ထုတ်ပြလိုက်၏။

“ မယုံဘူးဆိုရင် ဒီပုံတွေ တစ်ချက်ကြည့်ကြည့်လိုက် …”

“ ဘာမှ ကြည့်နေစရာ အကြောင်းမရှိဘူး …”

ပြောလိုက်သူကတော့ လျိုကွမ်းရှန်ပင်။ “ ငါတို့ သုံးယောက် မနေ့ညက အတူရှိနေတယ်ဆိုတာ ငါ အာမခံပေးနိုင်တယ်.. လင်းရီ မနေ့ညက စခန်းကနေ ဘယ်မှ မသွားခဲ့ဘူး …”

ဟင် …

ကူရိရန် ကြက်သေသေသွားခဲ့၏။ နည်းပြလီ ကူပြောပေးသည်က အဆင်ပြေသော်လည်း ခေါင်းဆောင်လျိုကပါ လင်းရီဘက်ကနေ ကူပြီး ပြောပေးလာလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ပါချေ။

သူမ မနေ့က အဲ့ကောင်ကို ညဈေးတန်းမှာ မြင်ခဲ့တာ အသိသာကြီးပဲလေ… သူတို့ သုံးယောက် အတူ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

“ ဒါပေမယ့် ကျွန်မ သူ့ဓာတ်ပုံတွေ ရိုက်ထားပြီးလို့ . . . . . . .”

“ ပုံထဲကလူက လင်းရီနဲ့ နည်းနည်း ရုပ်တူသွားရုံပဲ … အဲ့လိုဆိုတိုင်းနဲ့ လင်းရီပါဆိုပြီး တသတ်မှတ်တည်း တွက်လို့ ဘယ်ရမှာ .. “ လျိုကွမ်းရှန် ပြောလိုက်လေသည်။ “ ဒါကို မင်းက ဆက်ငြင်းနေဦးမယ်ဆိုရင် ပြောချင်တာ ငါက လိမ်ညာနေတယ်ပေါ့ ဟုတ်လား …”

“ မဟုတ်ပါဘူး မဟုတ်ပါဘူး … ကျွန်မ ဆိုလိုချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး …” ကူရိရန် အလျင်အမြန် ရှင်းပြလိုက်ရ၏။

သူမအား လီရှန်းဟွေ့မှ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပြီး နှစ်ယောက်မှာလည်း ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ ရှိထားလေသည်။ ထို့ကြောင့် သူမ လီရှန်းဟွေ့အား သူငယ်ချင်းသဖွယ် ပေါင်းသင်း ဆက်ဆံဝံ့သည်။ သို့ပေမယ့် လျိုကွမ်းရှန်ကိုတော့ ထိုသို့ သွားလုပ်၍ မရချေ။

“ ကူလေး … မင်းက ဗျူရိုရဲ့ ဝါရင့် အမှုထမ်းဟောင်းတစ်ယောက် … မင်း ဒီလို ကိစ္စရပ်မျိုးကို လုံလောက်တဲ့ သက်သေ အထောက်အထား မရှိဘဲနဲ့ လွန်ကဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်… မင်းက လူတစ်ယောက်ကို မှားယွင်း စွပ်စွဲခဲ့တယ်… မင်းကိုယ်မင်း မှန်တယ်လို့ ထင်လား …”

“ မထင်ပါဘူး … ကျွန်မ မှားပါတယ်…”

ကူရိရန် မကျေနပ်လည်း ရင်ထဲတွင် ကြိတ်ခံစားရုံမျှသာ တတ်နိုင်လေသည်။

သူမဘက်က ဒီလောက်ထိ ဓာတ်ပုံ သက်သေတွေပါ ရှိနေပါလျက်နဲ့ ဘာလို့ ခေါင်းဆောင်လျိုနဲ့ နည်းပြကူက သူ့ကို ဖုံးဖိပေးနေကြတာလဲ …

ကမ္ဘာကြီးကရော ဘာတွေ ဖြစ်ကုန်တာလဲ …

“ ငါ တခြား ဘာမှထပ်မပြောချင်ဘူး … မြန်မြန် သူ့ကို သွားခေါ်လာခဲ့ …”

“ နားလည်ပါပြီ ခေါင်းဆောင်လျို …”

လျိုကွမ်းရှန် နောက်လှည့်ပြီး ထွက်ခွာသွားခဲ့သည်။ သူလည်း ဖော်ထုတ်ခံရမည့် အရေးကို စိုးရွံ့ပြီး ဆေးယူသည့် ကိစ္စအား လူတကာ ပေးသိ၍ မဖြစ်ရာ သူမအပေါ် အပြစ်ပုံချရုံသာ တတ်နိုင်လေသည်။

“ သူ့ကို အရင် သွားရှာလိုက် .. ငါ ဒီမှာ သူတို့ကို လေ့ကျင့်ထားပေးလိုက်မယ်…” လီရှန်းဟွေ့ တည်ငြိမ်စွာ ပြောလိုက်သည်။

သူလည်း ကူရိရန်အတွက် ရင်ထဲ စိတ်မကောင်း ဖြစ်မိသည်။ သို့သော် သူ့တွင် ရွေးချယ်နိုင်သည့် အရာကား မရှိပါချေ။

ဟင်း …. သနားစရာ ကောင်မလေး … နောက်တစ်ကြိမ် လင်းရီရဲ့ လက်ခုပ်ထဲက ရေဖြစ်ရပြန်ပြီ…

ကူရိရန် တွန့်ဆုတ်စွာ ခေါင်းညိမ့်ပြ၍ ရှက်ရွံ့မှုနှင့် ဒေါသထွက်ခြင်းတို့အား တစ်ချိန်တည်းတွင် ခံစားနေရသည်။

သူ့ကို ဒီကနေ မောင်းထုတ်ခဲ့တာ ငါလေ… ခုကျတော့ ပြန်ပြီး ခေါ်လာခဲ့ရဦးမယ်…

ဒါတော့ တအား အနိုင်ကျင့်လွန်းသွားပြီ…

All Chapters