အမှန်တရားအား စုံစမ်းစစ်ဆေးခြင်း
Vol. 111 Ch. 1659
“ ဖူတန် တက္ကသိုလ်က PhD ကျောင်းသူ ဆိုတဲ့အတိုင်း … ဘယ်လောက် ဉာဏ်ကောင်းထားလဲ …”
“ အဟင့် အဟင့် …. သူများဘာသူများ မနက်စာ အေးဆေး စားနေတာကို ဒီလိုတွေ လုပ်ပြစရာ လိုလို့လားလို့ …”
“ တော်တော့ … ရှင်းရှင်းကို စမနေနဲ့ …” လီချူးဟန် ပြောလိုက်ပြီး “ နင် မနေ့က ငါ့ကို စုံစမ်းပေးဖို့ ပြောတဲ့ဟာ ငါ့ ကွန်ပျူတာကနေ စစ်ဆေးကြည့်လို့ မရဘူး … အုပ်ချုပ်ရေး ဌာနကို သွားမှပဲ ရမှာ … သိဖို့က သိပ်မကြာတော့ပါဘူး ..”
“ အေးဆေးလုပ်ပါ … အလျင်လိုဖို့ မလိုဘူး …”
လင်းရီနှင့် လီချူးဟန်တို့၏ ဟွာရှန်းဆေးရုံ၌ အဆင့်အတန်းဖြင့် ဆိုပါက ထိုသို့သော အသေးအမွှားကိစ္စလေးအား မိနစ်ပိုင်းအတွင်း ရှာဖွေလိုက်၍ရသည်။ သို့သော် လင်းရီဘက်က ထင်သာ မြင်သာအောင် မပြုချင်သဖြင့် သိုသိုသိပ်သိပ် လှုပ်ရှားဖို့ လိုအပ်လေသည်။
“ အွန်း ……”
“ အစ်ကိုရီ …. နင် ဘာပဲ လိုအပ်လိုအပ် ညီမ ကူညီပေးလို့ရတယ်နော်… စားပဲ စားပြီး ဘာမှ မလုပ်ပေးဘဲ နေတာကို ညီမကို တကယ်ကြီး ဘီးအပို ဖြစ်နေသလိုမျိုး ခံစားရစေတယ်…” ချောင်ရှင်း ပြောလိုက်၏။
“ အင်း … သေချာပေါက်ပဲပေါ့ …” လင်းရီ တုံ့ပြန်လိုက်ပြီး “ ငါ့ကို အရိုးအထူးကုဌာန အခန်း 602 မှာရှိတဲ့ လူနာအကြောင်း တစ်ချက် စစ်ဆေးပေး …. သူ့နာမည်နဲ့ ရောဂါ မှတ်တမ်းအကြောင်း အသေးစိတ်ပေါ့ …”
“ အိုကေ .. အခုချက်ချင်း သွားလိုက်မယ်….”
“ အလျင်လိုစရာ မလိုပါဘူး …. စားပြီးမှ သွားလည်းရတယ်…”
“ ရတယ် …. သွားပြီး ပြန်လာတော့မှ စားတော့မယ်…” ချောင်ရှင်းသည် ပေါက်စီအား ပါးစပ်တွင် ကိုက်၍ အခန်းထဲမှ ပြေးထွက်သွားခဲ့လေသည်။ သူမ၏ ပုံရိပ်အား အထူးတလှယ် ဂရုစိုက်နေခြင်း မရှိချေ။
“ မနေ့ညက နင် ပြန်သွားတော့ နင့် အထက်လူကြီးက နင့်ကို ပြဿနာ ရှာသေးလား …”
“ ငါက ခေါင်းဆောင်ကို ကူညီပေးဖို့ အပြင်ထွက်လာတာကို ဘာကိစ္စ ပြဿနာ ရှာရမှာ …”
“ အဲ့လိုဆို ကောင်းတယ်…”
“ ဒီနေ့က ထရိန်နင် နောက်ဆုံးနေ့ပဲ … ပြီးရင် ပြီးပြီ…. တရားဝင် ဝန်ထမ်းတွေ ဖြစ်လာတော့မှာ… အဲ့ခါကျရင် မင်းနဲ့ ငါနဲ့ နှစ်ယောက်လုံးက ယူနီဖောင်းဝတ်တဲ့ လူတွေ ဖြစ်သွားပြီ….”
“ အင်း …. နင် အဲ့ဒီ ရဲ ယူနီဖောင်းနဲ့ဆိုရင် ကြည့်ကောင်းမယ်လို့ ထင်တယ်….”
“ မင်းလည်း အဖြူရောင် ကုတ်နဲ့ ကြည့်ကောင်းနေတာကိုပဲ … ငါတို့နှစ်ယောက်က လိုက်ဖက်တဲ့ စုံတွဲတွေပဲလေ…”
လီချူးဟန် ပြုံးလိုက်ပြီး လင်းရီအတွက် ကြက်ဥခွံ ခွာပေးလိုက်ကာ သူ မည်မျှ စဉ်းစားပေးတတ်ကြောင်းကို တွေးတောနေမိသည်။
နှစ်ယောက်သား မနက်စာကို ဖြေးဖြေးမှန်မှန် စားနေကြပြီး ဆေးရုံတွင် ဖြစ်ပွားနေသည့် စိတ်ဝင်စားစရာ ကိစ္စတို့အား စမြုံ့ပြန်နေခဲ့ကြ၏။
သူမ ပြောပြသည်မှာ လူနာ တစ်ယောက်က နှလုံးဖောက်၍ ခွဲစိတ်ခန်းထဲကနေ တွန်းထုတ်လာခဲ့လေသည်။
သူ့သမီးမှာ အခြေအနေကို နားမလည်ဘဲ ဖုန်းအားသွင်းလိုသဖြင့် အသက်ရှူစက်အား ဖြုတ်လိုက်မိ၏။
ဤသို့ဖြင့် မကြာမီ ခွဲစိတ်ခန်းထဲက ထွက်လာ၍ နာရီဝက်ပင် မကြာလိုက်ဘဲ ICU ထဲသို့ ပြန်တွန်းသွားရ ပြန်လေသည်။
အတော်လေး သနားစရာ ကောင်းလှသလို ရယ်စရာလည်း ကောင်းနေပြန်တော့သည်။
နာရီဝက်ကြာပြီးနောက် နားနေခန်းထဲသို့ ချောင်ရှင်း ပြန်ရောက်လာသည်။
“ အစ်ကိုရီ … ညီမ အသေးစိတ် ရှာခဲ့ပြီ… အခန်း 602 ထဲက လူက မာကျားလျန်တဲ့ … ဟောင်ကောင်က … ဒါပေမယ့် ကြည့်ရတာ လူမိုက်ထင်တာပဲ … သူ့လက်တစ်ဖက်က အဖြတ်ခံထားရပြီး ခြေထောက်လည်း ချိုးခံထားရတယ်… အခြေအနေက တော်တော်ဆိုးဆိုးကြီးပဲ …”
ခွဲစိတ်ဆရာဝန်တစ်ယောက်အဖို့ လက်မောင်းတစ်ဖက်နှင့် ခြေထောက်တစ်ချောင်း ပျောက်ဆုံးနေသည်က ထူးဆန်းလှသည်တော့ မဟုတ်ပေ။ သို့သော် ချောင်ရှင်းမှ လက်ဟန် အမူအရာဖြင့် သရုပ်ဖော်ပြသည့် အခါတွင်တော့ အနည်းငယ် အောင့်သီးအောင့်သက် နိုင်လှ၏။
ချောင်ရှင်း၏ သရုပ်ဖော်မှုကို နားထောင်ပြီးနောက် တစ်ဖက်သူ၏ အထောက်အထားကို လင်းရီ အတည်ပြုနိုင်သွားခဲ့သည်။ ထိုသူက ကျိန်းသေပေါက် မာစန်းပင်။
ဤကိစ္စက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု သူ ခံစားနေရ၏။ ထိုကောင်က သူ့လက်တွင်းသို့ တစ်ဖန် ဆင်းသက်လာပြန်သည်။
“ အရိုးအထူးကု ဌာနရဲ့ အစီအစဉ်ကရော ဘယ်လိုလဲ …. အဲ့လူက ခွဲစိတ်မှုတွေ လုပ်ဖို့ရော စီစဉ်ထားသေးလား ….”
“ သူ့ခြေထောက်က ကျိုးသွားပြီဆိုတော့ စတီးရိုးနဲ့ အစားထိုးဖို့တော့ စီစဉ်ထားတယ်…”
“ သူတို့ ဘာလို့ စောစောကတည်းက မခွဲစိတ်တာ ….”
“ ဘာလို့ဆို လက်တစ်ဖက် ဆုံးရှုံးထားသေးတယ်မလား …. အဲ့ဒီအချိန်တုန်းက သူတို့လည်း သွေးဖိအားက ထိန်းချုပ်နိုင်တာထက်ကို ပိုနေတာမို့ မယုတ်မလွန် ဆေးကုသမှုနဲ့ ထိန်းထားခဲ့တာ ..” ချောင်ရှင်း ပြောလိုက်ပြီး “ အခု လက်အနာက ပြဿနာ မဟုတ်တော့ဘူး … သူတို့ ပြောတာတော့ သန်ဘက်ခါကျရင် ခြေထောက်ကို ခွဲစိတ်ပြီး စတီးရိုး ထည့်မယ်ဆိုပဲ …”
“ နားလည်ပြီ…” လင်းရီ ပြောလိုက်ပြီး “ ဒီရဲ့ မာကျန်းလျန်အပေါ် မျက်လုံး ဒေါက်ထောက် ကြည့်ထား …. သူ့ စတီးရိုးကို မဖယ်ခင် ငါ့ကို ကြိုတင်ပြီး အကြောင်းကြားဖို့ မမေ့နဲ့ …”
“ ပြဿနာမရှိဘူး … ညီမနဲ့သာ လွှဲထားခဲ့လိုက် …. ဒါပေမယ့် အစ်ကိုရီကြည့်ရတာ အဲ့လူကို တော်တော် ဂရုစိုက်နေတဲ့ ပုံပဲနော်… သူနဲ့ အသိလား ….” ချောင်ရှင်း မေးမြန်းလိုက်ပြီး “ တခြား ဘာတွေရော သိချင်သေးလဲ … ညီမ ကူရှာပေးမယ်….”
“ ဒီလောက်ဆို လုံလောက်ပြီ…. ရေးကြီးခွင်ကျယ် သိပ်မလုပ်နဲ့ … တခြားသူတွေ ဒီအကြောင်း သိကုန်ရင် ကောင်းမှာ မဟုတ်ဘူး ….”
“ အစ်ကိုရီ အဲ့လိုပြောလိုက်တာ ညီမကို အထင်သေးလိုက်တာနဲ့ အတူတူပဲ … ဘာပဲဆိုဆို ညီမက ဆယ်နှစ်ကျော်လောက် ကိုနန် ဖန်ဂဲ ဖြစ်ခဲ့တဲ့ သူပါနော်… အလွယ်လေး လျှို့ဝှက်စုံစမ်းပြီး သက်သေ အချက်အလက်တွေ စုဆောင်းပေးလို့ ရတယ်… သဘောပေါက် ….”
“ ယုံပါတယ်… မင်းရဲ့ အဲ့ဒီ အရည်အချင်းတွေနဲ့ ရဲအရာရှိတစ်ယောက် ဖြစ်မလာခဲ့တာ နှမြောစရာပဲလို့တောင် ခုနက တွေးမိလိုက်သေးတယ်….”
“ အိုး .. ပြောခါမှ အစ်မလီ ပြောတာ အစ်ကိုရီက အခု ရဲအရာရှိ ဖြစ်နေပြီဆို … နောင်ကျ အမှုမှန် ဖော်ဖို့ ခက်တဲ့ ကိစ္စတွေ ရှိလာရင် ညီမကို အကြေင်းကြားလိုက် သိလား …. အစ်ကိုရီရဲ့ နောက်ကွယ်က အမျိုးသမီး ဖြစ်ပေးမယ်….”
“ ထားလိုက်တော့ … မင်း ငါ့လည်ဂုတ်ကို အပ်တွေနဲ့ စိုက်သွားမှာပဲ ကြောက်တယ်….”
“ ခိခိ .. သိပ်ပြီးလည်းစိုးရိမ်မနေပါနဲ့ဦး… အဲ့လို ဖြစ်လာခဲ့ရင် ဒီက ညင်သာမှာပါ …”
မနက်စာ စားပြီးနောက် နှစ်ယောက်သား အကြမ်းဖျင်း သိမ်းဆည်းလိုက်ကြသည်။ မနေ့ညကလည်း ညဂျူတီကျထားသဖြင့် အိပ်စက် အနားယူရန် ဟန်ပြင်ထား၏။
လင်းရီသည် ကိုယ်အညောင်းဆန့်၍ ပြန်သွားဖို့ ဟန်ပြင်နေကာ လီချူးဟန်နှင့်အတူ ခန္ဓာဗေဒအကြောင်း လေ့လာရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ချောင်ရှင်းကို အရင်ဆုံး လိုက်ပို့ပေးပြီးသည့်နောက် လီချူးဟန်နှင့်အတူ အိမ်သို့ ပြန်လာခဲ့လေသည်။
“ ငါ အရင် ရေချိုးလိုက်ဦးမယ်…” လီချူးဟန် အနားကပ်ပြီး တိုးတိုးလေး လာပြော၏။
“ အင်း … သွားလေ…. သွားပြီး ဆေးကြောချည်…”
လီချူးဟန်၏ မျက်နှာ ရဲမှည့်သွားခဲ့၏။ လဲလှယ်ရန်အတွက် အတွင်းခံ တစ်ထည်ကိုယူ၍ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
လင်းရီကတော့ သူမ၏ စာကြည့်ခန်းထဲသို့ ဝင်သွားပြီး ဆေးဘက်ဆိုင်ရာ စာအုပ်အတန်းလိုက်ကြီးအား ငေးကြည့်လိုက်မိသည်။ သူ့မှာတော့ မြင်နေရင်းပင် ခေါင်းတွေ ကိုက်လာကာ သူမ ထိုစာအုပ်များအား မည်သို့ ဖတ်သလဲဆိုတာကို မစဉ်းစားတတ်တော့ချေ။
ကလင် ကလင် ကလင် ….
ထိုအချိန်တွင်ပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ မိုဟုန်ရှန်းမှ ခေါ်ဆိုလာခဲ့ခြင်းပင်။
“ အစ်ကိုရှန်း …”
“ ဥက္ကဌကျီဘက်ခြမ်းမှာ အခြေအနေတစ်ချို့ ရှိနေတယ်… အဆင်ပြေရင် လာခဲ့ဦး …”
“ ဟမ် … ဘာဖြစ်တာလဲ …”
“ လူနှစ်ယောက် သူ့ကားပေါ် ဆေးတွေ ဖြန်းချင်နေတာ ငါတို့ အချိန်မီ ဖမ်းနိုင်လိုက်လို့ပေါ့ … ခုတော့ သူတို့ကို လုံခြုံရေး ဧရိယာထဲမှာ ထိန်းသိမ်းထားတယ်…”
“ ကျုပ်အခု လာနေပြီ…”
ဖုန်းချပြီးနောက် လင်းရီ စိတ်တည်ငြိမ်သွားခဲ့ကာ တအားကြီး ထိတ်ထိတ်ပျာပျာ ဖြစ်မသွားခဲ့ချေ။
သူ ကျုံးဝေ့တပ်ဖွဲ့အတွင်းသို့ စစဝင်တုန်းကတည်းကရင် လင်းရီနှင့် လျိုပေချိန်မှာ စည်းဘောင်အကန့်အသတ် မရှိသည့် လူတစ်ချို့ထံမှ မည်သို့သော တိုက်ခိုက်လာမှုမျိုးကို မဆို ကာကွယ်နိုင်ရန်အတွက် စီစဉ်ထားမှုများ ပြုလုပ်ပေးထား၏။
လင်းရီအတွက် အရေးပါသည့် မိသားစုဝင်များသို့ လူများ ထည့်ပေးထားကာ ၎င်းတို့အား ကာကွယ်ပေးထားစေသည်။
သူက မိုဟုန်ရှန်းနှင့်လည်း ရင်းနှီးသဖြင့် အဆိုပါ တာဝန်မှာ မိုဟုန်ရှန်း၏ လက်တွင်းသို့ ကျရောက်လာခဲ့သည်။
အခြေအနေ ကိစ္စရပ်တို့က အချိန်အတော်ကြာအောင် တည်ငြိမ် အေးချမ်းနေခဲ့ပြီး မည်သို့သော ပြဿနာကမျှ ဖြစ်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် လင်းရီမှာ အနည်းငယ် စိတ်ချလက်ချ ဖြစ်နေခဲ့၏။ ယနေ့တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။
လင်းရီ စာကြည့်ခန်းထဲက ထွက်လာပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်၏။
“ ငါ လုပ်စရာ ကိစ္စလေးပေါ်လာလို့ အရင်သွားနှင့်ပြီ… ဒီနေ့တော့ အဖော်မလုပ်ပေးနိုင်တော့ဘူး …”
ရေချိုးခန်းအတွင်း၌ ရေတို့ ကျဆင်းနေသည့်အသံမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့လေသည်။
လီချူးဟန်မှာ ကိုယ်ကို တဘက်အရှည်ဖြင့် ပတ်၍ အပြင်သို့ ထွက်လာခဲ့ပြီး “ လမ်းမှာ ဂရုစိုက်ဦး … ပြန်ရောက်လို့ အဆင်ပြေတယ်ဆိုရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့ …”
လီချူးဟန်မှာ အမြဲတစေ ညင်သာ သိမ်မွေ့ပြီး လင်းရီ အကြောင်း သိပ်မေးမြန်းခြင်း မရှိချေ။ သူ့ဘက်က ဘေးကင်းလုံခြုံနေသရွေ့ အဆင်ပြေသည်။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး လီချူးဟန်၏ နဖူးအား နမ်းလိုက်၏။
“ သွားပြီ… ခဏကျရင် ဖုန်းဆက်လိုက်မယ်…”
“ ဂရုစိုက်ပြီးလည်း မောင်းဦးနော်…”
လီချူးဟန်၏ အိမ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကျိုးဟိုင် လုံခြုံရေး ဧရိယာသို့ မောင်းထွက်လာခဲ့၏။ အပေါက်ဝကို ရောက်သည်တွင် သူ၏ အိုင်ဒီကတ်အား ပြလိုက်ပြီး အနှောင့်အယှက် ကင်းမဲ့စွာဖြင့် အထဲသို့ လမ်းလျှောက်ဝင်လာခဲ့၏။
မကြာမီ လင်းရီ မိုဟုန်ရှန်းအား ရှာတွေ့သွားခဲ့လေသည်။
“ အစ်ကိုရှန်း … တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ …”
“ မင်း စိတ်ငြိမ်ငြိမ်ထား .. ဥက္ကဌကျီ ဘာမှ မဖြစ်ဘူး … တစ်ခုခု ဖြစ်သွားခဲ့တာတောင် သူ မသိလိုက်ဘူး ..”
ကျီချင်းရန်က လင်းရီအတွက် မည်မျှ အရေးပါလဲဆိုတာကို မိုဟုန်ရှန်း နားလည်သည်။ ထို့ကြောင့် သူမ၏ အခြေအနေအား အရင်ဦးဆုံး ပြောပြလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အဲ့လူတွေ ဘယ်မှာလဲ …”
“ နောက်က လိုက်ခဲ့ …”
မိုဟုန်ရှန်း၏ ဦးဆောင်မှုနောက် လိုက်ပါလာရင်း နှစ်ယောက်မှာ လုံခြုံရေး ဧရိယာရှိ ဂိုဒေါင်တစ်လုံးသို့ ရောက်ရှိလာသည်။
ဂိုဒေါင်ထဲတွင် ပစ္စည်းအများအပြား သိုလှောင်ထားပြီး အများစုက ဟင်းအမယ်များ ဖြစ်ကာ ထူးထူးခြားခြား မည်သည့်အရာတို့မျှ ရှိမနေချေ။
ပြတင်းပေါက် အနီးနား တစ်နေရာတွင် ကြိုးတုပ်ခံထားရသည့် လူနှစ်ယောက်ရှိပြီး ၎င်းတို့နှစ်ဦးလုံးမှာ အင်မတန် သာမန်ဆန်သည့် ရုပ်ရည်နှင့် သာမန်ဆန်စွာ ဝတ်စားဆင်ယင်မှု ပြုထားသည်။ သူတို့၏ မျက်လုံးနှစ်ဖက်ကိုလည်း ပိတ်ဆို့ထားလေသည်။ ဤမြင်ကွင်းက ဒရာမာ ဇာတ်ကားများထဲတွင် မြင်နေကျ မြင်ကွင်းတို့နှင့် စိမ်းလှသည်တော့ မဟုတ်ပေ။
“ အစ်ကိုရှန်း … ခင်များလုပ်တာတွေက တော်တော်လေး ပရော်ဖက်ရှင်နယ်ဆန်တာပဲ … တကယ်လို့ ကျုပ်သာဆိုလို့ကတော့ ဒီလိုတွေ ချည်ထားနေမှာတောင် မဟုတ်ဘူး …” လင်းရီ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ မင်းသာဆိုလို့ကတော့ ငါ့အထင် ဒီနှစ်ယောက် ICU ရောက်နေလောက်ပြီ ဟုတ်တယ်မလား …”