သူလာလည်း အသုံးမဝင်ဘူး
Vol. 111 Ch. 1661
တိုက်ပွဲပြီးဆုံးသည့် အချိန်ရောက်တော့ အချိန်မှာ မွန်းလွဲ ၂ နာရီပင် ရှိနေလေပြီ။
“ နင် ခဏကျရင် တခြား လုပ်စရာတွေ ရှိသေးလား …” လီချူးဟန် ညင်သာစွာ မေးလာခဲ့၏။
“ ပြန်ပြီး ထရိန်နင် ဆင်းရတော့မှာ … မဟုတ်ရင် တကယ်ကြီး အထုတ်ခံရလိမ့်မယ်…”
လီချူးဟန်သည် အိပ်ရာထဲမှ ထွက်၍ လင်းရီ၏ အဝတ်အစားတို့အား ရှာကူပေးလိုက်သည်။
“ မင်းလည်း ဗိုက်ဆာနေမှာပေါ့ … အောက်ဆင်းပြီး တစ်ခုခု စားစို့လေ….”
“ မစားတော့ဘူး … စားနေရင်း အိပ်ပျော်သွားမှာ ကြောက်တယ်…”
လင်းရီ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိသည်။
“ မင်း မနေ့ညက ညဂျူတီ ကျတယ်ဆိုတာ တကယ်ကြီး မေ့နေခဲ့တာ …”
“ ရတယ်… ဒီလောက်တော့ သည်းခံနိုင်သေးတယ်…”
“ မင်းတောင် အဲ့လို ပြောနေပြီဆိုတော့ နောက်တစ်ခါကျရင် ဒီထက် ပိုကြိုးစားရတော့မယ်နဲ့ တူတယ်….”
“ နင်လည်း ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့ … ကျန်းမာရေးက အကန့်အသတ်မဲ့နေတာ မဟုတ်ဘူး … နင့်ကိုယ်နင် ဂရုစိုက်မှ ဖြစ်မှာ…. “
“ အင်း….”
လင်းရီ ပြုံးလိုက်ပြီး လီချူးဟန်၏ နဖူးအား ညင်သာစွာ နမ်းလိုက်သည်။
“ စကားမစပ် အရိုးအထူးကု ဌာနက အခန်း 602 မှာရှိတဲ့ မာကျားလျန်နဲ့ ပတ်သက်ပြီး ငါ့ဖို့ မျက်စိဒေါက်ထောက် ကြည့်ထားပေးဦး … တစ်ခုခု လှုပ်ရှားမှု ရှိတယ်ဆိုရင် ငါ့ကို ချက်ချင်း အသိပေး …”
“ အွန်း … ငါသိတယ်…”
“ ငါ သွားတော့မယ်…”
“ လမ်းမှာ ဂရုစိုက်ဦးနော်…….”
လီချူးဟန်၏ အိမ်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် တက္ကစီတစ်စင်း ငှား၍ လေ့ကျင့်ရေး စခန်းသို့ ပြန်လာခဲ့လေသည်။
လေ့ကျင့်ရေး စခန်းထဲတွင်တော့ သေနတ်သံများ ဆူညံနေပြီး ကျောင်းသား အယောက် ၄၀ ကျော်မှာ သေနတ်ပစ် လေ့ကျင့်ရေး ဆင်းနေခဲ့ကြသည်။
ထရိန်နင်က တစ်ရက်သာလျှ် ကျန်ရှိတော့သော်လည်းပဲ လူအများစု အတွက်တော့ ဤသည်က ဒီအတိုင်း ပြင်းထန်သည့် ထရိန်နင် ကဏ္ဍတစ်ခုမျှပင်။
ဤသည်က အဘယ်ကြောင့်ဆိုသော် လူ အယောက် ၃၀ ကျော်မှာ ရဲ အကယ်ဒမီမှ ဘွဲ့ရထားကြပြီး ဤသို့သော လေ့ကျင့်ရေးမျိုးကို ကျောင်းတက်စဉ်အခါက ကြုံတွေ့ခဲ့ဖူးလေသည်။ သို့သော် ထိုစဉ်အချိန်တုန်းကတော့ သူတို့မှာ ရာဘာကျည်ဆံများ အသုံးပြုခဲ့ရပြီး ယခုကဲ့သို့ ကျည်ဆံ အစစ်များ အသုံးပြုရသည်ထက် အန္တရာယ်လည်း ကင်း၏။
ကိုယ့်လက်ထဲတွင် သေနတ်နှင့် ကျည်ဆံရှိနေပါက ဘေးမှ သင်ပြပေးနေသည့် နည်းပြပင် အတော်လေး သတိထားနေရသည်။
“ ဒီကလေး ဘာတွေ လျှောက်သွားနေတာ .. ဖုန်းတောင် မကိုင်ဘူးပဲ …”
လီရှန်းဟွေ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းတို့ကတော့ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ကျွန်မ ဖုန်းခေါ်တုန်းကတော့ သူ ပြန်လာခဲ့မယ် ပြောတာပဲ … နောက်ဆုံး ထရိန်နင်ကို လွတ်သွားခဲ့ရင်တော့ အဲ့တာ သူ့အမှားပဲ … ကျွန်မကို လာပြီးမှတော့ အပြစ်မတင်နဲ့ …” ကူရိရန် ပြောလိုက်၏။
လီရှန်းဟွေ့ ဘာမျှ မပြောဘဲ ဆက်လက် လမ်းလျှောက်နေလိုက်၏။
အမှန်တကယ်တော့ ယခုလို အရာမျိုးက ရေးကြီးခွင်ကျယ် ဖြစ်နေရမည့် ကိစ္စမဟုတ်ချေ။ ခေါင်းဆောင်ထံမှ စကားတစ်ခွန်းနှင့်တင် လင်းရီအား မည်သည့်နေရာ၌မဆို တာဝန်ပေးနိုင်သည်။
သို့သော် ပြဿနာက နောက်ဆုံး သေနတ်ပစ် လေ့ကျင့်ရေးမှာ ထရိန်နင် လေ့ကျင့်ရေး၏ ဧရာမ အစိတ်အပိုင်းကြီးအား နေရာယူထားသောကြောင့်ပင်။
အကယ်၍ သူသာ စာမေးပွဲ ဖြေဆိုမှု မပြုဘူးဆိုပါက သူ၏ နောက်ဆုံးရလဒ်များသည်လည်း စစ်မှန်လိမ့်မည် မဟုတ်ချေ။
ယခင်က ကောင်းမွန်စွာ စွမ်းဆောင်ပြထားနိုင်ခဲ့လျှင်ပင် ၎င်းတို့၏ ပျှမ်းမျှ အမှတ်က အောက်ဆုံးတွင် ရှိနေမည် ဆိုပါက အလုပ်ဆင်းသည့်နေရာ၌ နောက်ဆုံး၌ ရှိနေပေမည်။
ထိုသို့သောလူမျိုးကို ဗျူရိုရုံးခွဲတွင် အတင်းအကြပ် နေရာချထားပေးမည်ဆိုပါက အခြားသူများထံမှ သံသယတို့အား မြင့်တက်လာစေမည်ဖြစ်ပြီး အခြေအနေအား ကိုင်တွယ်ရ ခက်ခဲသွားစေနိုင်သည်။
ထို့ကြောင့်ပဲ လီရှန်းဟွေ့ ခေါင်းကိုက်နေရခြင်း ဖြစ်၏။
“ တီချယ်ဝူ လာပြီ…”
လီရှန်းဟွေ့ ထိုအကြောင်းအရာများအား စဉ်းစားနေစဉ်မှာပဲ မီးခိုးရောင် ဆံပင်နှင့် အမျိုးသား တစ်ဦးမှာ သူတို့နှစ်ယောက် ရှိရာထံသို့ လမ်းလျှောက်ပြီး ရောက်လာသည်။
ထိုအမျိုးသား၏ နာမည်က ဝူတလင်ဖြစ်ပြီး သေနတ်ပစ် လေ့ကျင့်သင်ကြားပေးသည့် အထူးနည်းပြ တစ်ယောက်ပင်။
သူက အသက်ငါးဆယ်မျှ ရှိပြီး သေနတ်ကဲ့သို့ စရိုက်ရှိသူဟု နာမည်ကြီးသည်။ မီးညှိဖို့လည်း လွယ်ကူသလို ယောက်ျား၊ မိန်းမ ၊ လူကြီး လူငယ် ခွဲခြားခြင်းလည်း မရှိချေ။
တစ်ရက်မျှသာ လေ့ကျင့်ရေး ပြုရသေးသော်လည်း အယောက် ၄၀ ကျော်သော သင်တန်းသားတို့မှာ သူ၏ ဆူပူ အော်ငေါက်ခြင်းကို ခံထားရပြီး ဖြစ်၏။
“ ဆရာဝူ … သူတို့ ဘယ်လိုနေလဲ ..” လီရှန်းဟွေ့ အပြုံးလေးဖြင့် မေးလိုက်၏။
ယခင် လီရှန်းဟွေ့ ဤနေရာသို့ စရောက်စဉ်အခါကလည်း သူ့ကို ဝူသလင်ကပဲ လေ့ကျင့်သင်ကြားပေးခဲ့ကာ နှစ်ပေါင်း များစွာ ကြာပြီးသည့်တိုင်အောင် ဆရာဟု တလေးတစား ခေါ်ဆိုနေဆဲပင်။
“ မင်း မမေးနဲ့ … တစ်ယောက်ထက် တစ်ယောက် ပိုဆိုးနေတယ်… တစ်နေ့လုံး လေ့ကျင့်ပြီးတာတောင် အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့လူက 86 မှတ်တဲ့ကွာ … ဒီကောင်တွေကို ငါ သင်ပေးထားတဲ့လူလို့ ပြောရမှာတောင် ငါ တော်တော် ရှက်တယ်…”
နှစ်ယောက်သား နှုတ်ခမ်းကိုက်မိလိုက်ကြသည်။ သို့သော် မည်သူကမျှ ပြန်မပြောဝံ့ကြချေ။
သူ့တို့အဖို့ 86 မှတ်က ဆိုးရွားသည်ဟု မသတ်မှတ်သော်လည်း အလုပ်သဘာဝ မတူညီမှုကြောင့် လိုအပ်သည့် တောင်းဆိုမှုတို့ကလည်း ကွဲပြားခြားနားလေသည်။
ထို့ပြင် ဟွာရှရှိ ပြည်သူ့ လုံခြုံရေး အခြေအနေတို့ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက သေနတ် ဆွဲထုတ်၍ ပစ်ခတ်ရန် အခွင့်အလမ်းမှာ အင်မတန်ကို နည်းသည်။ အကယ်၍ နောင်တွင် ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေး အသင်းသို့ ဝင်ရောက်ခွင့်ရခဲ့မည် ဆိုပါက ပိုပြီး လေ့ကျင့်ရန် အခွင့်အလမ်းတို့ ရရှိလာပေမည်။ ထို့ကြောင့် 86 မှတ်က လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း၌ ရှိသည်။
“ စိတ်အေးအေးထားစမ်းပါ … ရှင့် အသက်လည်း မငယ်တော့ဘူးကို ဒေါသကြောင့် သွေးတွေ ဆောင့်တက်နေဦးမယ်….”
“ အဲ့တာက ပြဿနာ မဟုတ်တော့ဘူး … သူ့ စိတ်သာ ပြောင်းလဲနိုင်မယ်ဆိုရင် အသက်ငါးဆယ်နဲ့ ခုလို ဆံပင်တွေ ဖွေးနေမှာတောင် မဟုတ်ဘူး …”
“ နောက် အဓိကက ခင်များပဲ … ခင်များသာ ကိုယ့်ရဲ့ စံပေတံနဲ့ သူတို့ကို သွားမတိုင်းဘူးဆိုရင် ဒေါသထွက်စရာလည်း မလိုတော့ဘူးမလား … သူတို့က ဒီတိုင်း ကျောင်းက အခုမှ ထွက်လာတဲ့ လူသစ်လေး တစ်အုပ်စုကို … ခင်များကကျတော့ အထူးတပ်ဖွဲ့မှာ နှစ်တွေ အကြာကြီး တာဝန်ထမ်းလာခဲ့တဲ့ နာမည်ကြီး လက်ဖြောင့်တပ်သားလေ… ဘယ်သူက ခင်များနဲ့ ယှဉ်နိုင်မှာ … တစ်ယောက်ယောက်မှာသာ အဲ့လို အရည်အချင်းမျိုး ရှိနေလို့ကတော့ ဒီနေရာမှာ ကျုပ်တို့နဲ့ အတူ ရှိနေမှာတောင် မဟုတ်ဘူး….”
“ ငါ့ကို မြှောက်ပင့်မနေနဲ့ … ငါ့ရဲ့ စံပေတံကို နိမ့်ပေးရင်တောင် ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်တွေက မှီဖို့ အဝေးကြီး … အမှတ် 90 တောင် မရနိုင်တာ ငါ့ စံနှုန်းတွေ အတိုင်းသာဆိုရင် သေနတ်ကိုင်ဖို့တောင် အရည်အချင်း မမှီဘူး …”
“ ဟုတ်ပါတယ် ဟုတ်ပါတယ်… ခင်များပြောတာတွေက အမှန်…”
ဝူတလင်၏ စိတ်ဓာတ်ကို သိနေသောကြောင့် လီရှန်းဟွေ့မှာ ထို အဘိုးကြီးအား စိတ်ကျေနပ်အောင် အမျိုးမျိုးပြောပေးနေရသည်။
“ ကျုပ် ဒီည ဟင်းနှစ်ခွက် ပိုချက်ပေးမယ်… ကောင်းကောင်းသောက်ကြတာပေါ့ …”
“ ရတယ်… မင်း အရက်ဖြူ ယူလာခဲ့ … အဲ့ကောင်က ပြင်းတယ်… ငါကြိုက်တယ်…”
“ ပြဿနာ မရှိဘူး …”
ဝူတလင် သူ၏ နာရီအား ကြည့်လိုက်ပြီ “နောက် ဆယ်မိနစ်ဆို ပြီးပြီ… သူတို့ဘာသူတို့ ခဏလောက် လေ့ကျင့်ခိုင်းထားလိုက် … အကဲဖြတ်တာတွေကိုတော့ မင်းတို့ဘာမင်းတို့ပဲ လုပ်တော့ … ငါ မလုပ်တော့ဘူး … ငါလစ်ပြီ….”
“ ဆရာ … ခဏလေး …”
“ ဘာလဲ … ဘာဖြစ်ချင်ပြန်ပြီတုန်း …”
“ ခုထိ မရောက်လာသေးတဲ့ ကျောင်းသားတစ်ယောက် ရှိနေသေးလို့ ခင်များ နည်းနည်းလောက် ထပ်စောင့်ပေးလို့ မရဘူးလား …”
“ ခုထိကို ရောက်မလာသေးတဲ့ ကျောင်းသားက ရှိသေးတယ်ပေါ့ … ဒါက တံခါးပိတ် လေ့ကျင့်ရေး မဟုတ်ဘူးလား … အဲ့ကောင်က ဘယ်သွားနေလို့လဲတဲ့ ….”
“ အိမ်မှာ ကိစ္စလေးရှိလို့ဆိုပြီး ထွက်ခွင့် ယူသွားခဲ့တာ … သူ ပြောတာ ခဏနေကျရင် ရောက်လာမယ်တဲ့ … ဒါကြောင့် နည်းနည်းလောက် ထပ်စောင့်ပေးနိုင်မလားလို့ပါ….”
“ မင်းက ပြောလာပြီဆိုမှတော့ ငါက ဘာတတ်နိုင်ဦးမှာ … နောက် နည်းနည်း ထပ်စောင့်လိုက်ကြတာပေါ့ …”
ဝူတလင်က စိတ်ဆတ်သော်လည်း ကျိုးကြောင်း ဆီလျော်မှု မရှိသည့်လူ တစ်ယောက်တော့ မဟုတ်ချေ။
အကယ်၍ အရေးပေါ် အခြေအနေ ဟုတ်မနေခဲ့ဘူးဆိုပါက ဗျူရိုကလည်း ၎င်းအား ထွက်ခွင့် ပေးခဲ့မှာ မဟုတ်ပါချေ။
ထို့ပြင် တစ်ဖက်သူ ဘက်ကနေ ပြောပေးလာခဲ့သူကလည်း လီရှန်းဟွေ့ ဖြစ်နေသေးသည်။ သူတို့နှစ်ဦး၏ ရင်းနှီးပတ်သက်မှုမှာ ဤနှစ်များတစ်လျှောက် အတော်လေး ကောင်းမွန်လှပြီး တစ်ဖက်သူက တောင်းဆိုလာသည်ဖြစ်ရာ ဝူတလင်လည်း မျက်နှာသာပေးလိုစိတ် ရှိ၏။
“ ကျေးဇူးပါ ဆရာ …”
“ ဒါပေမယ့် ငါ့ကို ကျေးဇူးတင်နေလို့လည်း အလကားပဲ … သူ လာခဲ့ရင်တောင် လေ့ကျင့်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး … ရှေ့က ကလေးတွေက တစ်နေ့လုံးနီးပါး လေ့ကျင့်ထားကြတာ ဒီကတည်းကရင် ဒီကောင်က တစ်ပန်းရှုံးနေပြီးသား …” ဝူတလင် ပြောလိုက်သည်။ “ ဒါပေါ့ … ရဲအကယ်ဒမီမှာ ခြွင်းချက်နဲ့ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်တော့ တစ်မျိုးပေါ့ … အဲ့လိုသာဆိုရင်တော့ နည်းနည်းလောက် လေ့ကျင့်လိုက်ရင် အရှက်တကွဲတော့ မဖြစ်လောက်ပါဘူး …”
“ အဲ့တာကတော့ သူ့ရဲ့ ကံတရားအပေါ်ပဲ မူတည်တယ်…”
“ မင်းပုံစံ ကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ .. ဘာလဲ … အဲ့ကောင်က ရဲအကယ်ဒမီဆင်း မဟုတ်ဘူးလား … လုံးဝကို အဖြူထည်ကြီးပေါ့ ….”
အဖြူထည်ကြီးဆိုသည်က နကန်းတစ်လုံးမှ မသိသည့် လူသစ်လေးကို ဆိုလိုခြင်းပင်။ ဤသည်က နယ်ပယ်တွင်းသုံး ဗန်းစကား တစ်ခု ဖြစ်၏။
“ သူက လုံးဝကို အဖြူထည်… အရင်က သေနတ်တောင် ထိဖူးရဲ့လား မပြောတတ်ဘူး …” လီရှန်းဟွေ့ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ဖြုန်းတီးလိုက်တာပဲ … အဲ့ကောင်ကို ပြောလိုက် … ဒုက္ခခံပြီး လေ့ကျင့်မနေနဲ့တော့လို့ … အချိန်ဖြုန်းတာပဲ ရှိမယ်….”
ဝူတလင်သည် အရပ်သားဘဝမှ ရုန်းထွက်ရန် ကြိုးစားနေသည့် မိန်းကလေးများဘက်သို့ လက်ညိုးထိုးပြ၍ “ မင်းလည်း သူတို့ရဲ့ အခြေအနေကို မြင်ပြီးသားပဲ … သေနတ်သံကြားတော့ မျက်ရည်တွေ ဝိုင်းနေကြတာ အော်ငိုလုမတတ် ဖြစ်နေကြတာ ငါသာ ဒီထက် စိတ်ကလေးသာ ကြီးခဲ့ရင် အကုန်လုံးကို မောင်းထုတ်ပစ်ပြီးနေလောက်ပြီ… “
“ ယောက်ျားလေးနဲ့ မိန်းကလေးကြားမှာ ကွာဟချက် တစ်ချို့တော့ ရှိတယ်လေ… သူက အဲ့ဒီမိန်းကလေးတွေလောက်တော့ ဆိုးမှာ မဟုတ်ပါဘူး …” လီရှန်းဟွေ့ ပြောလိုက်၏။
“ တော်တော့ တော်တော့ … မင်း ဆက်မပြောနဲ့တော့ … သူက အဲ့ဒီ မိန်းကလေးတွေထက်တောင် ဆိုးရွားနေဦးမယ်ဆိုတာ သေချာတယ်..” ဝူတလင် ပြောလိုက်ပြီး “ ငါ့ကို လာမေးရင်တော့ အချိန်မဖြုန်းနဲ့လို့ပဲ ပြောမှာပဲ … သူ လာခဲ့ရင်တောင် ရလဒ်တွေက အောက်ဆုံး ဖြစ်နေမှာကို လေ့ကျင့်ပေးလို့လည်း အလကားပဲ … ငါတော့ သွားပြီ…”
“ ဟေ့ ဟေ့ … မလုပ်နဲ့လေ ဆရာဝူ … နည်းနည်းလောက်လေး ထပ်ပြီး စောင့်ပေးပါဦး … သူ့ကို အခွင့်အရေး တစ်ခါလောက် ပေးလိုက်ပါ …”
“ ငါ သူ့ကို အခွင့်အရေး ပေးလို့ရတယ်… ဒါပေမယ့် နောက်ကျနေပြီကွ … ဒီခုတောင် ပြန်ရောက်မလာသေးတာ ဒီကောင် အချိန်ကို မကြည့်တတ်ဘူးလား …”
လီရှန်းဟွေ့ အခက်တွေ့သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာ ပြောနေသည်များက မှန်ကန်နေသောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် သေနတ်ပစ်ခတ်သည့် နေရာရှိ တံခါးမှာ တွန်းပွင့်လာခဲ့ပြီး ကူရိရန် ပြောလိုက်၏။
“ သူ ရောက်လာပြီ….”