← Chapters

ပြိုင်ပွဲ

Vol. 111 Ch. 1662

ပြိုင်ပွဲ

Vol. 111 Ch. 1662

ကူရိရန်၏ စကားကို ကြားတော့ လီရှန်းဟွေ့ သူမ၏ အကြည့်တို့နောက် လိုက်ပါကြည့်ရှုလိုက်လေရာ စိတ်အေး လက်အေး အမူအရာဖြင့် လမ်းလျှောက်လာနေသည့် လင်းရီအား မြင်တွေ့လိုက်ရလေသည်။

“ မြန်မြန် … မင်း ဘာတွေ အဲ့လောက်ထိ ကြာနေတာ …”

“ အေးဆေးပေါ့ ခင်များကလည်း … ခုလေးတင် ထမင်းစားပြီးခဲ့တာ ဗိုက်က ပေါက်ကွဲထွက်တော့မယ်…”

ဝူတလင် လင်းရီအား တစ်ချက်ကြည့်လိုက်မိသည်။

“ သူ့ ပုံစံ ကြည့်ရတာ အိမ်မှာ တစ်ခုခု ဖြစ်နေတဲ့ ပုံလည်း မပေါ်ပါလား …”

“ ကျုပ် အိမ်မှာ တစ်ခုခု ဖြစ်တယ်လို့ ဘယ်သူ ပြောလဲ …” လင်းရီ ထိုဆံပင်ငွေရောင်နှင့် အဘိုးကြီးအား ကြည့်၍ ပြောလိုက်၏။

“ မင်း ထွက်ခွင့်တင်သွားခဲ့တာ မဟုတ်ဘူးလား …”

လင်းရီ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့ပြီး ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

“ ဟုတ်တယ်… ကျုပ် အပြင်ထွက် ကောင်မလေးနဲ့ ဒိတ်ပြီး ဒီပြန်မလာခင် ထမင်း အတူစားခဲ့တာ …”

“ ဟေ့ကောင် … မင်း ဘာပေါက်ကရတွေ လျှောက်ပြောနေတာတုန်း ….”

လီရှန်းဟွေ့ အံတင်းတင်းကြိတ်ထားသည့် လေသံဖြင့် သတိပေးလိုက်ပြီး လင်းရီအား ဖင်ဆောင့်ကန်ပစ်ချင်နေတော့သည်။

“ ခင်များတို့အားလုံးလည်း ကျုပ် အပြင်ထွက်သွားတာကို သိနေတာပဲ မဟုတ်လား … ပြီးတော့ ဒီမှာ အပြင်လူလည်း မရှိဘဲကို ဘာတွေ ကြောက်နေရမှာ …”

လီရှန်းဟွေ့ သွားကြားထဲမှ ထွက်သည့် လေသံဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။ “ သူ ဘယ်သူလဲ မင်းသိလား ….”

“ သူလား … ညစောင့် အဘိုးကြီးမဟုတ်လား …”

လီရှန်းဟွေ့ “ …. “

ကူရိရန် “ …. “

ဟားဟား ….

ထရိန်နင် ဆင်းပြီးသည့် ကျိုးရှင်းဟိုင်နှင့် အခြားသူများမှာ ကျယ်လောင်စွာ ရယ်မောမိသွားခဲ့ကြသည်။

“ လင်းရီ … မင်း နေမကောင်းဘူးဆိုလည်း ဆေးရုံကိုသွား … ဒီလာပြီး ပေါက်တတ်ကရတွေ လာပြောမနေနဲ့ … သူက ငါတို့ကို သေနတ်ပစ် သင်ပေးတဲ့ နည်းပြဝူ … ညစောင့် အဘိုးကြီးဆိုပြီး ဘယ်လိုတောင် စော်ကားရဲနေတာ … မင်း သေချင်နေတာလား ဟမ်….”

“ အာ ….”

လင်းရီ၏ အမူအရာမှာ အနည်းငယ် ကိုးရို့ကားယား နိုင်သွားခဲ့ပြီး “ ကျုပ် တကယ်ကို တောင်းပန်ပါတယ်… ကျုပ် လူမှားသွားတယ်….”

ဝူတလင်၏ အမူအရာမှာ ဆက်တိုက်ပြောင်းလဲနေပြီး လီရှန်းဟွေ့မှာ ရင်တလှပ်လှပ် ဖြစ်နေမိတော့၏။

သူ၏ ဆရာမှာ ဒေါသကြောင့် သေသွားတော့မည်ဟု ခံစားနေရလေသည်။

“ မင်း ငါ့ကို ဒီလို ကောင်မျိုးအတွက်နဲ့ အတင်းစောင့်ပြီး နေခိုင်းရစ်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ….”

“ ဆရာ … အထင်မလွဲလိုက်နဲ့ … လင်းရီက နည်းနည်းလေး ဘုဂလန့် ဆန်ပေမယ့် သူက တကယ်ကို ပါရမီပါတာ … ကျုပ်တို့ သူ့ကို ထွက်သွားခွင့်ပြုလိုက်ရင် ကျုပ်တို့ပဲ ဆုံးရှုံးရလိမ့်မယ်….”

“ ငါတော့ ဒီကောင် ဘာတွေ ထူးခြားနေလဲကို မပြောတတ်ဘူး …” ဝူတလင် ပြောလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရဲ ဒီကနေ့ လေ့ကျင့်ပေးတဲ့ တာဝန်က ပြီးပြီ… မင်းတို့ အခု စာမေးပွဲ ဖြေလို့ရပြီ…”

“ ဆရာ ရာ …. အဲ့လို မလုပ်စမ်းပါနဲ့ … နည်းနည်းပါးပါး ငဲ့ညှာပေးပါဦး …”

“ သူ့လို လူစားမျိုးက ငါ့ရဲ့ လေ့ကျင့်သင်ကြားပေးမှုနဲ့ မတန်ဘူးကွ ….”

“ ဒါပေမယ်. . . . . . “

“ ခဏ ခဏ ခဏ …..” လင်းရီ လက်ဟန့်တားလိုက်ပြီး “ နည်းပြလီ… ဒီမှာ ဘာတွေလဲ ဖြစ်နေတာ … ကျုပ်က ဒီလာတာ စာမေးပွဲ ဖြေဖို့လေ… ဒီအဘိုးကြီးနဲ့ ဘာဆိုင်လို့ …”

“ သူက သေနတ်ပစ် လေ့ကျင့်ပေးဖို့ တာဝန်ကျတဲ့ နည်းပြ … မင်းက အရင်မသင်ဘဲ လခွမ်းလို စာမေးပွဲ ဖြေမှာလား …”

“ ကိုယ်က အတန်းမတက်လည်း စာမေးပွဲ ဖြေဆိုခွင့်တော့ ရှိတယ်မဟုတ်ဘူးလား …”

“ ရှိတယ်… ဒါပေမယ့် မင်းက လူသစ် … ပြီးတော့ အရင်က တစ်ခါမှလည်း သေနတ်ပစ် မလေ့ကျင့်ဖူးဘူး .. မင်းက ဘယ်လိုပုံစံနဲ့ စာမေးပွဲ ဖြေမှာ …”

“ ကျုပ်က ဘာများလဲလို့ဗျာ … ဒါလေးကိုများ …” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်ကို စာမေးပွဲသာ ဖြေခိုင်းလိုက် … ကျုပ်ရဲ့ စံချိန်စံနှုန်းတွေက တော်တော်ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်တယ်… ဒီလို အဆင့် အကဲဖြတ်မှုလောက်ကတော့ ပြဿနာ မရှိဘူး …”

“ ဟားဟား …..”

လူတိုင်း ကျယ်လောင်စွာ ရယ်မောမိလိုက်ကြသည်။ သူတို့၏ အသွင်မှာ လင်းရီ၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှု အပေါ် လှောင်ပြောင်နေသကဲ့သို့ ရှိ၏။

“ လင်းကော … ပြောနေတာတွေ တော်တော့ ….”

ကျန်းဖန့် ရှေ့သို့တက်၍ လင်းရီ၏ လက်မောင်းအား ဆွဲလိုက်ပြီး “ ငါတို့ကြားထဲမှာ အမြင့်ဆုံး အဆင့်က ကျိုးရှင်းဟိုင် … သူဆို အရင်က ရဲအကယ်ဒမီဆင်းနော် … ဒါတောင် ဒီတစ်နေ့လုံး လေ့ကျင့်ထားတာ အဆုံးကျ 86 မှတ်ပဲ ရတယ်… မင်းက တစ်နေ့လုံး အလေလိုက်ပြီး တစ်ခါမှလည်း မလေ့ကျင့်ဖူးတာကို ချက်ချင်းကြီး စာမေးပွဲ ဖြေဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ တစ်နေ့လုံး လေ့ကျင့်ပြီးတာတောင်မှ 86 မှတ်ပဲ ရတယ်… အရည်အချင်းကလည်း ဆိုးရွားလိုက်တာ ….”

ကျိုးရှင်းဟိုင် လက်ပိုက်လျက် “ သေနတ်တောင် မထိဖူး မကိုင်ဖူးတဲ့ကောင်ကများ ငါ့ကို လာလှောင်နေရတယ်လို့ … မင်းကိုယ်မင်း ရယ်စရာကောင်းတယ်များ ထင်နေလား …”

“ ငါ သေနတ် တစ်ခါမှ မကိုင်ဖူးဘူးဆိုတာ မင်းဘယ်လို သိလဲ …”

လူတိုင်း၏ အကြည့်က လင်းရီပေါ်သို့ ကျရောက်လာခဲ့၏။

အထူးသဖြင့် လီရှန်းဟွေ့ပင်။ အကယ်၍ လင်းရီသာ ဤအပိုင်းတွင် အတွေ့အကြုံ ရှိပြီးသား ဆိုပါက သူ၏ ရလဒ်သည်လည်း ပိုကောင်းမည်မှာ အမှန်ပင်။

“ ဆိုတော့ မင်းအရင်က သေနတ်ပစ်ဖူးတယ်ပေါ့ …”

ကျိုးရှင်းဟိုင် မေးမြန်းလိုက်၏။

“ ငါ အရင်က ပစ်ဖူးတယ်…” လင်းရီ ပြောလိုက်ပြီး “ အရင်တုန်းက ပန်းခြံထဲမှာ ပူဖောင်းတွေ ပစ်တာ တစ်လုံးလေးတောင် မလွဲဖူးဘူး … ဆိုင်ရှင်ဆို ငိုယိုပြီး ငါ့ကို ထပ်မပစ်ဖို့တောင် တောင်းပန်ရတယ်….”

“ ပူဖောင်းတွေ … ဟားဟား …..”

ကျိုးရှင်းဟိုင် ဝမ်းဗိုက်အား ဖိနှိပ်၍ အူတက်အောင် ရယ်မောမိသွားခဲ့သည်။

အကယ်၍ သေနတ်ပစ်ကွင်းတွင် လေ့ကျင့်ခဲ့ဖူးသည်ဆိုပါက သူ ဘာမျှ ပြောနိုင်မည် မဟုတ်သော်လည်း ပန်းခြံထဲက ပူဖောင်းများ ပစ်ခတ်ဖူးရုံမျှဖြင့် ကိုယ့်ကိုယ်ကို သွေးနားထင် ရောက်နေသည်တဲ့လော။

“ လင်းရီ … မင်း ငါ့ကို စနောက်နေတာတွေ တော်လိုက်တော့ … ပူဖောင်းပစ်တဲ့ဂိမ်းက တကယ့် လက်တွေ့ ပစ်ခတ်ရတာနဲ့ ဘယ်လိုလုပ်ပြီး တူနိုင်မှာ …”

“ မတူဘူးလား … ဘယ်လောက်များ ကွဲထွက်နိုင်မှာမို့လို့ …”

“ လာ လာ လာ … မင်း လာပစ်ကြည့် … ငါ သိပ်အများကြီး မတောင်းဆိုဘူး … မင်း အမှတ် 30 ရတယ်ဆိုရင်ကိုပဲ ငါ ကျေနပ်ပြီ….”

“ တော်ပြီ… ပေါက်တတ်ကရ လုပ်နေတာတွေ တော်တော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အားလုံး လေးလေးနက်နက် နေကြစမ်း …”

“ မင်း ဘာတွေ ဂရုစိုက်နေတာ …” ဝူတလင် ဝင်ပြောလိုက်၏။

“ ဘာပဲဖြစ်ဖြစ် အကဲဖြတ်ရတော့မယ့် အချိန် ရောက်တော့မှာကို သူ့ကို အရင်ပေးသွားလိုက်စမ်းပါ …”

“ ကျုပ်တော့ အကြံကောင်းလို့ မထင်ဘူး… သူ့မှာ အတွေ့အကြုံလည်း တစ်စက်မှ မရှိတာ ရလဒ်ကောင်း ရနိုင်မှာ မဟုတ်ဘူး …”

လီရှန်းဟွေ့၏ အိုင်ဒီယာက အတော်လေး ရိုးရှင်းသည်။ လင်းရီအား နောက်ဆုံးမှ ပစ်ခတ်စေချင်သည်။ ဤသို့ဖြင့် ရှေ့လူများ၏ ပုံစံကို သင်ယူခွင့်ရပြီး သူ၏ နောက်ဆုံးရလဒ်ကို တိုးတက်ကောင်း တိုးတက်စေနိုင်လေသည်။

အကယ်၍ ရှေ့ကနေ ဦးစွာ ပစ်ခတ်ရမည် ဆိုပါက သူ့တွင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။

30 မှတ်ကို မဆိုထားနှင့်။ ပစ်မှတ်ကိုပင် မထိသည်မျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။

“ သူက အတွေ့အကြုံ မရှိဘူးလို့ မင်း ဘာလို့ ပြောတာ …” ဝူတလင် ပြောလိုက်ပြီး “ သူ အရင်တုန်းက ပန်းခြံထဲမှာ ပူဖောင်းတွေ ပစ်ခဲ့ဖူးတယ် မဟုတ်ဘူးလား … ဒီနှစ်ခုက ဘာမှမကွာဘူးလို့တောင် လေကြီးနေတာကို ငါ ဒီနေ့ သူ့အရည်အချင်း ဘယ်လောက်ရှိလဲ မြင်ကြည့်ချင်တယ်…”

ကူရိရန် နည်းနည်းလေး ဂုဏ်ဆာသွားခဲ့၏။ သူမ လင်းရီအား မကိုင်တွယ်နိုင်သော်လည်း တီချယ်ဝူကတော့ ကိုင်တွယ်နိုင်သည်။

“ ကျုပ် မသွားခင် ထွက်ခွင့် တင်သွားခဲ့တယ် မဟုတ်ဘူးလား .. ဘာလို့ ကျုပ်ကို လာပြီး ပစ်မှတ်ထားနေတာလဲ အဘိုးကြီး …” လင်းရီ စောဒက တက်လိုက်မိ၏။

“ မင်းကို ပစ်မှတ်ထားတယ် … ဟုတ်လား …”

ဝူတလင် ဒေါသတို့ လှိမ့်တက်လာခဲ့ပြီး “ မင်းရဲ့ သဘောထားကိုက တစ်ခုခု မှားနေတာ ဖြစ်ရမယ်… မင်းကို ဝေဖန်တယ်ဆိုပြီး ငါ့ကို ဘယ်လိုတောင် လာအပြစ်တင်နေတာ …”

“ ကျုပ်က ဒီလာပြီး လေ့ကျင့်ရေး ဆင်းနေတယ်ဆိုတာ ကျုပ်မှာ ယုံကြည်ချက် အပြည့်ရှိလို့ပဲ .. ကျုပ် အလုပ်ကိုတော့ ကျုပ် ဟာသမလုပ်ဘူး …”

“ တကယ့် ဟာသပဲ … ငါ သေနတ်တွေ ကိုင်လာတာ နှစ်ပေါင်း မနည်းတော့ဘူး … ဒါတောင် တစ်ခါတစ်လေ ပြန်ပြန်ပြီး လေ့ကျင့်နေရတုန်းပဲ … ဒါကို မင်းကများ … မင်းလို သေနတ်တောင် တစ်ခါမှ မထိဖူးတဲ့ ကောင်က ဒီလို စကားမျိုး ပြောထွက်နေတယ်… မင်းကိုယ်မင်း ငါ့ထက်ပိုတော်တယ်များ ထင်နေလား …”

“ အဲ့တာတော့ ပြောရခက်တယ်… ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး … ပြောစကားတောင် ရှိသေးတာပဲ မလား … စကြာဝဠာကြီးက စမ်းတဝါးဝါး .. ဘယ်သူမဆို ပုန်းကွယ်နေတဲ့ ဆရာတစ်ဆူ ဖြစ်နိုင်တာပဲလေ…”

လီရှန်းဟွေ့ “ …. “

ကူရိရန် “ …. “

နှစ်ယောက်မှာ အမှန်ပင် ဆွံ့အသွားခဲ့ရသည်။

ဒီကောင် အပြင်လေး တစ်ခါထွက်လိုက်တာ ခေါင်းထဲ ငှက်ဖျားပိုး ဝင်လာခဲ့တာလားဟ …

ဒီလို စကားမျိုးတွေတောင် ပြောထွက်နေပြီ…

“ ငါ မရတော့ဘူး … အူတက်လွန်းလို့ သေတော့မယ်.. လုပ်ကြပါဦး …”

လင်းရီနှင့် နီးစပ်သူ တစ်ချို့မှလွဲ၍ ကျန်သူများအားလုံးမှာ ရယ်မောရလွန်း၍ အူပင် နာလာချေပြီ။

နေ့ခင်းပိုင်း‌ လေ့ကျင့်ရေးတုန်းက သူတို့တွေသည် နည်းပြဝူ မည်မျှ ကြောက်ဖို့ကောင်းသလဲဆိုတာကို မျက်မြင်ကြုံတွေ့ခဲ့ကြရ၏။

သူက အသက် ငါးဆယ်အတွင်းသို့ ရောက်ရှိနေပြီး ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် 96 မှတ်ရရှိခဲ့လေသည်။ ၎င်းကို လင်းရီက နည်းပြဝူထက် သူ့ကိုယ်သူ ပိုတော်တယ်ဆိုပြီး တကယ်ကြီး ပြောနေသည်လော။ သကောင့်သား၏ ဦးနှောက်က ဘာတွေ မှားယွင်းနေလဲဆိုတာကို သူတို့ တကယ် မစဉ်းစားတတ်တော့ချေ။

“ လင်းကော … မြန်မြန် … မင်းကိုယ်မင်း နှိမ့်ချလိုက်စမ်း …. ကိုယ့်ကိုယ်ကို အရှက်ခွဲမနေနဲ့ …”

ကျန်းဖန့် လင်းရီအား နောက်သို့ဆွဲ၍ ဝူတလင်အား အပြုံးလေးဖြင့် တောင်းပန်လိုက်သည်။

“ နည်းပြဝူ … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ … သူ့အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို မနှိမ့်ချလိုက်ပါနဲ့ … သူ့ခေါင်းက မနေ့ညက တံခါးကြားထဲ ရောက်သွားခဲ့လို့ ခုထိ သတိကောင်းကောင်း မလည်သေးဘူး … ကျေးဇူးပြုပြီး အတည်ကြီး မယူလိုက်ပါနဲ့ …”

“ မဟုတ်သေးဘူး .. မဟုတ်သေးဘူး … ဒီလောက် နှစ်တွေ ကြာနေပြီ… ဒါပေမယ့် ငါ့ကို စော်ကား မော်ကား လာလုပ်ဝံ့တဲ့ လူငယ်ကိုတော့ မမြင်ရတာ တော်တော်ကြာပြီ…”

ဝူတလင် လင်းရီအား ကြည့်၍ သူ့အား ခြေဆုံးခေါင်းဆုံး အကဲဖြတ်လိုက်သည်။

“ မင်းရဲ့ ပစ်ခတ်တဲ့ စွမ်းရည်က ငါ့ထက် ပိုတော်တယ်လို့ ထင်တယ် ဟုတလား … အခုပဲ လေ့ကျင့်ကြမယ်.. ငါမင်းကို ဆယ်မှတ် အသာစီးပေးတယ်… ငါတို့ကြား ကွာဟချက်က ဆယ်မှတ် မကျော်သ‌ရွေ့ မင်းနိုင်တယ်… နောက်ဆုံး အကဲဖြတ်ရမှတ်အတွက်လည်း မင်းကို တစ်ခါတည်း အမှတ်ပြည့်ရတယ်ဆိုပြီးပါ ရေးဖြည့်ပေးလိုက်ဦးမယ်… မင်း စိန်ရဲလား …”

All Chapters