အလုပ်အကိုင် အသစ်ကို စတင်လို့ရပြီ
Vol. 111 Ch. 1664
လင်းရီ၏ စကားလုံးတို့က လူတိုင်းအား လှောင်ပြောင်သရော်ချင်လာအောင် ဖြစ်လာစေခဲ့သည်။
လင်းရီနှင့် နီးစပ်သည့် မိန်းကလေးတစ်ချို့ပင် သူက ယုံကြည်ချက် လွန်ကဲလွန်းသည်ဟု အနည်းငယ် ခံစားနေရ၏။
“ လင်းကော … ငါတော့ ဘာမှ ပြောစရာ မရှိဘူး … ငါ မင်းကို အချိန်မှတ်ပေးလို့ရတယ်… ဒါပေမယ့် ကျန်တာကိုတော့ ကိုယ့်ခြေထောက်ကိုယ်ပေါ်ပဲ မှီခိုရမှာနော်…”
“ အချိန်သာ မှတ်နေစမ်းပါ … ကျန်တာ ဘာမှ စိတ်မပူနဲ့ …”
“ ကောင်းပြီ…”
“ ငါ အသင့်ပဲ … စပြီနော်…”
“ ပြဿနာ မရှိဘူး …”
“ အိုကေ … ၃….. ၂ … ၁ … စ …”
ခရက် ခရက် ..
ကျန်းဖန့် စကားဆုံးသည်နှင့် လင်းရီသည် ပစ်စတိုကို သာမန် မျက်လုံးနှင့် မြင်နိုင်ခဲသည့် အလျင်ဖြင့် ဖြုတ်လိုက်၏။
တစ်ချို့ စိတ်လွတ်လက်လွတ် ဖြစ်နေသည့် ကျောင်းသားများဆိုလျှင် မည်သို့ ဖြစ်ပျက်သွားမှန်းပင် သတိမထားမိလိုက်ကြချေ။ သူတို့ သတိထားမိသည့် အချိန်၌ သေနတ်က အပိုင်းပိုင်း အစစ ဖြစ်နေချေပြီ။
“ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
လီရှန်းဟွေ့နှင့် ကျန်သူများအားလုံး ရှော့ခ်ရသွားခဲ့ကြ၏။
ဤသို့သော် အမြန်နှုန်းက ဆရာဝူအောက် မလျော့ချေ။
“ ပြီးပြီ…”
လင်းရီသည် တပ်ဆင်ထားသည့် သေနတ်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး “ ဘယ်နှစက္ကန့်ကြာသွားလောက် ကြည့်လိုက် ..”
ကြက်သေသေခြင်း …
လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
သူတို့ ရလဒ်ကို မသိရသေးသော်လည်း ၁၅ စက္ကန့်အတွင်း၌ ရှိမည်ဆိုတာကိုတော့ ကျိန်းသေသည်။
နည်းပြဝူကဲ့သို့ မလျင်မြန်စေကာမူ သူ၏ အမြန်နှုန်းကလည်း ကောင်းကင်ကို ဖီဆန်နေပြီး ဖြစ်၏။
“ ဟေ့ကောင် … ဘယ်နှစက္ကန့်လဲလို့ …”
“ ၁၀ … ၁၀ စက္ကန့် …” ကျန်းဖန့် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်၏။
“ ၁၀ စက္ကန့် …”
လူတိုင်း အံ့အားတကြီး မြည်တမ်းမိလိုက်ကြလေသည်။ ဤသည်က ကြောက်ဖို့ကောင်းလွန်းလှ၏။
ကူရိရန်ပင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ကာ ပါးစပ်ကြီး ပွင့်အာနေပြီး သူမ ရှေ့ရှိ မြင်ကွင်းက အစစ်အမှန် မဟုတ်ဟု မြင်ယောင်မိလာခဲ့သည်။
၁၃ စက္ကန့်ကပင် အတော်လေး ကြောက်ဖို့ ကောင်းနေချေပြီ။
သို့သော် လင်းရီက ၁၀ စက္ကန့်သာလျှင် အသုံးပြုသွားခဲ့သည်တဲ့လော။
ဒါကို ဘယ်လိုလုပ် လူသစ်ဆိုပြီး သတ်မှတ်လို့ ရတော့မှာ …
လူတိုင်း၏ အကြည့်က ဝူတလင်ထံ ကျရောက်သွားခဲ့ပြီး ၎င်း၏ အမူအရာမှာ ပုံမှန်မဟုတ် အကျည်းတန်နေသည်ကို သတိထားမိလိုက်ကြသည်။
သူသည်လည်း ယခုလို ရလဒ်မျိုးကို မျှော်လင့်မထားခဲ့သည့် ပုံပင်။
“ ရလဒ်က မဆိုးဘူးပဲ … ငါထင်ထားတာနဲ့ ကိုက်တယ်…”
ပြောပြီးနောက် လင်းရီသည် လက်ထဲတွင် သေနတ်ကို ကိုင်၍ ပစ်မှတ် စက္ကူအား ချိန်ရွယ်လိုက်ပြီး တုံ့ဆိုင်းခြင်း မရှိ ဆယ်ချက် ဆက်တိုက် ပစ်ခတ်လိုက်၏။
လေးစက္ကန့်အတွင်းမှာပဲ ဆယ်ချက်လုံး ပစ်ခတ်ပြီးသွားခဲ့ကာ သူ၏ အမြန်နှုန်းက ဝူတလင်ထက်ပင် ပိုမိုလျှင်မြန်နေသည်။
“ မင်း ဘာတွေ စောင့်နေတာ …” ကျန်းဖန့် တင်းချောင်အား အော်ဟစ်လိုက်ပြီး “ လင်းကော အမှတ်ဘယ်လောက်ရလဲ ပြောလေ…”
“ ၁၀ မှတ် … ကျန်တာတွေလွဲတယ်…” တင်းချောင် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“ သူ့ရဲ့ ဖြုတ်တပ်လုပ်တဲ့ အမြန်နှုန်းက နည်းနည်းမြန်တယ်ဆိုပေမယ့် ပစ်ခတ်တဲ့ နေရာမှာတော့ နည်းပြဝူနဲ့ စာရင် အလှမ်းအများကြီး ဝေးတယ်…”
လင်းရီ၏ ရလဒ်ကို ကြားသိလိုက်ရပြီးနောက် ဝူတလင် စိတ်သက်သာရစွာ သက်ပြင်း တစ်ချက် ချလိုက်သည်။ နောက်ဆုံးတော့ သူ့ သိက္ခာ ပြန် အဖတ်ဆည်နိုင်ခဲ့လေပြီ။
သို့သော် ဖြုတ်တပ် လုပ်ပြသွားခဲ့သည့် အမြန်နှုန်းကို ကြည့်မည်ဆိုပါက ဤကောင့်အား ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်၍ရသည်။
“ ငါတော့ မထင်ဘူးနော်… မင်း အနီးကပ် သေချာလေး ကြည့်ဦး …”
“ ဘေးကပဲ ကြည့်ကြည့် အပေါ်ကပဲ ကြည့်ကြည့်၁၀ မှတ်က ၁၀ မှတ်ပဲ … မင်းရဲ့ စကေးတွေနဲ့ နည်းပြဝူကို ယှဉ်ချင်သေးတယ်ပေါ့ ဟုတ်လား … အိပ်မက်သာ မက်နေလိုက် …”
“ ငါ့ဆီ ပစ်မှတ် စက္ကူ ယူလာခဲ့ …” လီရှန်းဟွေ့ ပြောလိုက်၏။
သူ၏ အလိုလို သိစိတ်က ပြောပြနေသည်မှာ လင်းရီ၏ အရည်အချင်းတို့မှာ လုံးဝ နိမ့်ကျခြင်း မရှိဟူ၍ပင်။ ထို့ကြောင့် ၁၀ မှတ်ကွင်းကို တစ်ချက်မျှသာ ထိ၍ ကျန်သည်များအား လွဲချော်သွားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
တင်းချောင် စိတ်လှုပ်ရှားကြီးစွာဖြင့် ပစ်မှတ်စက္ကူကို သယ်လာ၍ လီရှန်းဟွေ့ လက်ထဲ ထည့်ပေးလိုက်သည်။
သို့သော် ပစ်မှတ်စက္ကူကို မြင်သည့်အခါ၌ လီရှန်းဟွေ့၏ အမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်သွားခဲ့လေသည်။
သူ ချက်ချင်းဆိုသလို အမှန်တရားအား နားလည်သဘောပေါက်သွားခဲ့၏။
“ လင်းရီ … မင်းလည်း ပစ်မှတ်စက္ကူကို မြင်ပြီမလား …. တခြား ပြောဖို့ လိုသေးလား… မိန်းကလေးတွေတောင် ကိုးချက်လုံး လွဲဖို့ မဖြစ်နိုင်တာ မင်းကများ နည်းပြဝူနဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိတွေ ရှိနေတယ်ပေါ့ … မင်း ဘာတွေ စဉ်းစားနေတာ …..”
“ တော်ပြီ… မင်း တိတ်လိုက်တော့ … ငါရှုံးတာ ဝန်ခံတယ်…” ဝူတလင် သက်ပြင်းချ၍ ပြောလိုက်၏။
“ ဟင် …..”
လူတိုင်း ရှုပ်ထွေးသွားခဲ့ကြသည်။
သဘောတူတယ်ဆိုလည်း ဘာလို့ အရှုံးဝန်ခံနေတာလဲ …
“ နည်းပြဝူ … ခင်များက ပစ်ခတ်တဲ့ စွမ်းရည် ပြိုင်နေတာလေ… သေနတ် ဖြုတ်တပ်တဲ့ မှတ်တမ်းကို ဒီထဲ ထည့်မတွက်ဘူး .. ခင်များ နိုင်တယ်ဆိုတာ အရှင်းကြီးပဲ … ရှုံးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …”
“ အဲ့လို မဟုတ်ဘူး …” ဝူတလင် ပြောလိုက်ပြီး “ သူ ပစ်မှတ်ကို မလွဲဘူး… ပြီးတော့ ကျည်ဆံ ဆယ်ချက်လုံးက တစ်နေရာတည်းကနေ ဖောက်ထွင်းသွားခဲ့ကာ … ဒါကြောင့်မို့ သူ့ရဲ့ နောက်ဆုံး ရမှတ်က ၁၀ မဟုတ်ဘူး … ၁၀၀ ….”
ဟစ် ….
လူတိုင်း အဆုတ်တွင်းသို့ လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ကြသည်။ ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးမွေးညှင်းတို့ပင် ထောင်ထလာလေသည်။
လူသစ် တစ်ယောက်က တကယ်ကြီး အမှတ် ၁၀၀ ရတယ် ဟုတ်လား …
ဒါကြီးက လုံးဝကို မယုံနိုင်စရာပဲ …
“ ဝိုး … လင်းကောက တကယ် အမေးဇင်းပဲ …”
ကျန်းဖန့် ရယ်မောလိုက်၏။
“ လင်းကော … နင့်ရဲ့ အရည်အချင်းတွေက ဒီလောက် ကောင်းနေမယ်လို့ ထင်တောင် မထင်ထားဘူး … နင် ဒီည အားလား … ငါနဲ့ အတူ လေ့ကျင့်ပေးရမယ်နော်…” ကျန်းဇီရှင်း ပြောလိုက်၏။
လင်းရီ၏ ဖန်ဂဲလေးများအားလုံး သူ့အနား ဝန်းရံနေလျက် ရှိလေသည်။
သူက ရုပ်ရည်လည်း ချောမောသည်။ သေနတ်ပစ်လည်း ကျွမ်းကျင်သည်။
ပြီးပြည့်စုံသည့် အမျိုးသားလေး တစ်ယောက် ဖြစ်၏။
တစ်ချိန်တည်းတွင် လီရှန်းဟွေ့နှင့် ကျန်နှစ်ယောက်မှာ လင်းရီအား လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ ဝမ်းတွင်း အလိုလိုသိစိတ်က ပြောပြနေသည်မှာ လင်းရီသည် လူသစ်တစ်ယောက် လုံးဝ မဟုတ် ဆိုတာပင်။ သူ့တွင် အတွေ့အကြုံ အများအပြား ရှိကို ရှိထားရမည်။ မဟုတ်ပါက ယခုလို ရလဒ်မျိုး ရရှိလာဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
“ ကောင်းပြီ… တိတ်တော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အခု လင်းရီရဲ့ စစ်ဆေးမှု ပြီးပြီဆိုတော့ မင်းတို့ အလှည့်ပဲ … တန်းစီ … တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးခံရမယ်…”
“ ဟုတ်ကဲ့ …”
ကျန်သည့် ကျောင်းသားများလည်း အကဲဖြတ်ရလဒ်အတွက် စတင် ပြင်ဆင်ကြတော့၏။
လီရှန်းဟွေ့ လင်းရီကို ဘေးသို့ ခေါ်ဆောင်သွားလေသည်။
“ ကောင်လေး .. မင်း အရင်က လေ့ကျင့်ဖူးတယ်မလား .. မလိမ်နဲ့ …”
ဝူတလင်နှင့် ကူရိရန်လည်း လင်းရီအား စိုက်ကြည့်နေကြသည်။
ဤသည်က သူ၏ ပထမဆုံးအကြိမ်ပါဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။
“ အင်း … အရင်က သေနတ်ပစ် လေ့ကျင့်တဲ့နေရာကို အားတိုင်း သွားဖြစ်တယ်… ကြာလာတာနဲ့အမျှ စကေးတစ်ချို့ ရှိလာတာပါပဲ …”
လင်းရီ၏ ရှင်းပြချက်က လူတိုင်းအား ရှင်းရှင်းလင်းလင်း ဖြစ်သွားစေခဲ့သည်။
သေနတ် ဖြုတ်တပ်သည့် စွမ်းရည်က ထူးထူးခြားခြား မဟုတ်သော်လည်း ရမှတ် 100 ရရှိသည်ကတော့ ကျိန်းသေပေါက် သန္ဓေပါသည့် စွမ်းရည် မဖြစ်နိုင်ချေ။
“ ကောင်လေး … ငါက အရှုံးကို လက်မခံနိုင်တဲ့လူ မဟုတ်ဘူး … တကယ်လည်း လူငယ်မျိုးဆက်တွေက ကြောက်ဖို့ ကောင်းလာပြီ… ဗျူရို ရုံးခွဲက အလားအလာကောင်းတွေ ရှိတဲ့ လူတစ်ယောက်ကို ရရှိလိုက်တာပဲ…” ဝူတလင် ပြောလိုက်လေသည်။
“ အကြီးအကဲက ကြင်နာလွန်းနေပါပြီ… ကံကလည်း တစ်စိတ်တစ်ပိုင်းမို့လေ…”
“ နှိမ့်ချမနေစမ်းပါနဲ့ …” ဝူတလင် လင်းရီ၏ ပခုံးအား ပုတ်လိုက်ပြီး “ ဒီအတိုင်း ဆက်ကြိုးစားထားကွာ … မင်း ကျိန်းသေပေါက် လုပ်နိုင်တယ်…”
“ ကျေးဇူးပါ ဆရာဝူ ….”
လင်းရီက ကြင်နာမှုအား အသိအမှတ် မပြုနိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ထိုသို့သော မှတ်ချက်မျိုး ပေးလာသဖြင့် သူ့ဘက်က လွတ်လမ်းတစ်ချို့ ပြန်ဖောက်ပေးသင့်လေသည်။
နောက်ဆက်တွဲ အကဲဖြတ်မှုများ၌ လင်းရီမှာ သူ၏ပြောင်မြောက်လှသည့် စွမ်းရည်များကြောင့် ကြီးကြပ်ရေးမှူး အဆင့်သို့ ဝင်ရောက်သွားခဲ့တော့သည်။
တစ်နာရီအတွင်း အခြားသော အကဲဖြတ်မှုများအားလုံးကို သူ့ဘက်က ပြီးစီးသွားခဲ့လေသည်။ တစ်ခု ကျန်တော့သည်က ရေးဖြေစာမေးပွဲပင်။
စာမေးပွဲ ဆိုသော်လည်း မည်သူကမျှ စိတ်ထဲ လှုပ်ရှားမနေကြချေ။
အဘယ်ကြောင့်ဆိုသော် ကူရိရန်က သူတို့အတွက် အဓိက ကြည့်ရှုရမည့် အရာများကို ဟိုက်လိုက် လုပ်ထားပေးပြီး ထိုအရာများအား သေချာလေး ကြည့်ထားသရွေ့ အောင်မြင်ရန် ပြဿနာ ရှိမည် မဟုတ်ချေ။
ညနေ ခြောက်နာရီထိုးသည့် အခါ၌ ရေးဖြေစာမေးပွဲသည်လည်း တရားဝင် ပြီးဆုံးသွားခဲ့ချေပြီ။
သူတို့ မည်သည့်နေရာ၌ တာဝန်ကျမလဲ ဆိုတာကတော့ ကံတရား အပေါ်တွင်သာ မူတည်နေတော့သည်။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်း ]
[ အလုပ်ပြီးမြောက်နှုန်း : ၁၀ ရာခိုင်နှုန်း ]
[ဆုလဒ် : ယွမ် ၅ ဘီလီယမ် ]
ငွေသား ဆုလဒ် ပေးလာသည်ကို မြင်တော့ လင်းရီ ဝမ်းသာသွားခဲ့။ မည်သို့ပင်ဆိုစေ လင်းယွင်အုပ်စုမှာ ဖွံ့ဖြိုးတိုးတက်ဆဲ အခြေအနေ၌ ရှိပြီး ငွေကြေးအကူအညီအား ရနိုင်သလောက် လိုအပ်နေသည်။
အမျိုးမျိုးသော သုတေသန လုပ်ငန်းများမှာ ငွေပုံသုံးရန် လိုအပ်ပြီး ဤ ငွေ ငါးဘီလီယမ်က သူ့အတွက် တော်တော်လေး အထောက်အကူ ဖြစ်သည်။
[ စနစ်မစ်ရှင် : ရာဇဝတ်မှု ဆယ်ခု သို့မဟုတ် အရပ်သား ပဋိပက္ခ ဆယ်ခုအား ပိတ်သိမ်းပါ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
စနစ်၏ မစ်ရှင် အသစ်ကို မြင်တော့ လင်းရီ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။
မစ်ရှင်က မခက်ခဲလှဟု သူ ခံစားနေရ၏။
ဤသည်က အဘယ်ကြောင့်ဆိုသော် အရပ်သား ပြဿနာတို့ကလည်း မစ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီနေသောကြောင့်ပင်။
အကယ်၍ ရာဇဝတ်မှုများသာလျှင် အကျုံးဝင်သည်ဆိုပါက တော်တော်လေး အချိန်ပေးရလောက်လေသည်။ သို့သော် လင်းရီအား ကြိုးစားလိုစိတ် ပြင်းပြအောင် လှုံ့ဆော်နေသည့် အရာတစ်ခုကလည်း ရှိနေသေးသည်။
တစ်ပတ်တာက ကုန်လွန်သွားခဲ့လေပြီ။ သူ၏ ရဲအရာရှိ အလုပ်အကိုင်မှာ တရားဝင် မစတင်သေးသော်လည်း အလုပ်အကိုင် အသစ် နောက်တစ်ခုအား အသက်သွင်းချင်သည်ဆိုပါက အသက်သွင်း၍ ရပြီဖြစ်၏။