ရှီမာမိသားစု
Vol. 010 Ch. 998
ကျန့်လွီအာသည် သူတို့ကိုသင်ခန်းစာပေးလိုက်ချင်သော်လည်း သူမ အဘိုးမှ သတိပေးထားသဖြင့် ဒေါသကိုမျိုသိပ်ထားရသည်။
ထိုလူများသည် အော့နှလုံးနာဖွယ်ကောင်းသော လူယုတ်လူညံ့များသာ ဖြစ်သည်ဟု အဘိုးကပြောခဲ့သည်။ ထိုလူများကိုရှင်းချင်သည်က ပြဿနာ မဟုတ်… သို့သော် ထိုလူများသည် ထိုပုဂ္ဂိုလ်နှင့် ပတ်သတ်မှုရှိနေသဖြင့် ရိုးရိုးရှင်းရှင်း ရှင်းထုတ်၍မရပေ။
သူတို့၏ လန့်သွားသောမျက်နှာများကိုကြည့်ပြီး သူမ စိတ်ထဲတွင် လှိုင်း ဂယက်ထသွားသည်။ သူတို့ကိုကြည့်ရသည်ပင် အနည်းငယ် ပျော်စရာ ကောင်းနေသည်။
သူတို့က အဲလူကြီးရဲ့ မိတ်ဆွေတွေဖြစ်နေမှတော့ သူတို့အရင်က တိုက်ခိုက်တာကို ပြန်ပြီးဇာချဲ့လို့မရပြန်ဘူး။
ရှီမာယူယူသည် သူမမျက်နှာ တစ်မျိုးပြီးတစ်မျိုးပြောင်းသွားသည်ကို ကြည့်ပြီး သူမ စဉ်းစားနေသည့်အရာကို မသိတော့ပေ။ မဟုတ်လျှင် သူမ သည် သွေးအန်တော့မည့်ပုံဖြစ်နေသည်။
“မင်းတို့က ဘာလို့ဒီရောက်နေတာလဲ” ကျန့်လွီအာသည် သူတို့ကို ဖျစ်ညှစ်ပြုံးပြလေသည်။ သို့သော် သူတို့သည် အရေးမလုပ်ပေ။
သူမ၏ မျက်နှာအမူအရာကိုကြည့်ပြီး ရှောင်ချီသည် ခိုက်ခိုက်တုန်သွား ကာ သူမလက်မောင်းများကိုပွတ်ပြီး ပြောလိုက်သည် “မင်းဘာလုပ်ချင်လို့လဲ ငါ့ကို အဲလိုရွံစရာကောင်းအောင်မကြည့်နဲ့”
“….”
ကျန့်လွီအာသည် သည်းခံပြီးရင်း သည်းခံထားသည်။ ဒေါသမထွက်မိ ရန် သူမကိုယ်သူမ ပြန်ပြောနေရသည်။ ရွှမ်းချုံဟော်၏ မျက်နှာကိုစဉ်းစား လိုက်ရာ နောက်ဆုံးတွင် သည်းခံနိုင်သွားသည်။
“ရုပ်ဆိုးတဲ့မိန်းကလေး ဒီမှာတခြားသူတွေကို ထပ်ပြီးအနိုင်ကျင့်ပြန်ပြီ လား” ရှောင်ချီ မေးခွန်းထုတ်လေသည်။
“မင်း… ငါတို့ လက်ဖက်ရည်သောက်ဖို့လာတာပဲ၊ သီးသန့်အခန်းကို ငါတို့နဲ့ တိုက်ပြီးလုဖို့သူတို့ကို ဘယ်သူပြောလို့လဲ” ကျန့်လွီအာ ပြောလေ သည်။
“ငါတို့အရင်ရောက်တာသေချာနေတာပဲ” အဝါရောင်ဝတ်စုံရှည်ဝတ် ထားသော မိန်းကလေး ပြောလိုက်သည်။
“ဒါပေမဲ့ ငါအရင် စာရင်းပေးထားတာ” ကျန့်လွီအာ ပြောလေသည်။
“မင်းက ဖျက်လိုက်ပြီလို့ စားပွဲထိုးကို လူလွှတ်ပြီးပြောခိုင်းတာ ရှင်းနေ တာပဲကို” တစ်ဖက်လူမှ ပြောလေသည် “ဖျက်လိုက်ပြီဆိုမှတော့ စာရင်းထဲ မထည့်တော့ဘူးလေ”
“အခု မဖျက်ချင်တော့ဘူး” ကျန့်လွီအာသည် ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လေသည်။
“ဘယ်လိုထင်လို့လဲ မင်းအဘိုးသိရင် ဒီကိစ္စကို သူကူပြီးဖြေရှင်းပေးဦး မှာလား” ရှီမာယူယူသည် အောက်ထပ်သို့ဆင်းလာပြီး လျှောက်လာရင်း ပြော လေသည်။
သူမသည် ထိုလူများကို အပေါ်ထပ်မှ အကဲခတ်ကြည့်ရာ သူတို့သည် အလွန်အားကောင်းသည်ကို တွေ့လိုက်ရသည်။ သူမသည် ကိုယ့်ကိုယ်ကို ဖိနှိပ်ထားကာ သူမ၏ သရုပ်မှန်ကိုမပြသပေ။
သူမသည် ပုံမှန်ဆိုလျှင် ထိုကဲ့သို့ကိစ္စမျိုးကိုဂရုမစိုက်ပေ။ သို့သော် ကျန့်လွီအာကဲ့သို့ ဒေါသထွက်စေသောလူသည် ချွင်းချက်ဖြစ်သည်။ ထို့ကြောင့် သူမကို စကားတချို့ပြောလိုက်လျှင်လည်း အဆင်ပြေသည်။
“မင်း…” ကျန့်လွီအာသည် သူမကိုကြည့်ပြီးနောက် ထိုလူများကို ပြန် ကြည့်လိုက်သည်။ အမှန်တကယ်ပင် ရှီမာယူယူနှင့် ပတ်သတ်သည့်မေးခွန်း မှာ မြင့်တက်လာသည်။ ရှောင်ချီ လက်သီးဝေ့ရမ်းပြသည်ကို ကြည့်ပြီး သူမ အံကြိတ်ကာ သူမအနောက်မှလူများကို ဝေ့ပြပြီး ပြောလိုက်သည် “သွားကြ မယ်”
အဂ္ဂိရတ်ပညာရှင်အသင်းမှအစောင့်များသည် မတ်တတ်ရပ်နေဆဲဖြစ် ကာ အနည်းငယ် အံ့သြနေသည်။ သူမက ဒီတစ်ခေါက်ကို တကယ်ပဲထွက် သွားတော့မှာလား။
ပြီးခဲ့သည့်တစ်ခေါက်က သူမနောက်လိုက်ခဲ့သော အစောင့်များသည် ရှောင်ချီ မည်မျှသန်မာကြောင်းကို သိပြီးသဖြင့် ကျန့်လွီအာ ဘာကြောင့် ပြေပြေလည်လည်ရှိသည်ကို သိကြသည်။
“သွားမယ်” ကျန့်လွီအာသည် သူတို့ကို ခက်ထန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမက အဲလူတွေကို မရှင်းနိုင်တဲ့အပြင် သူမလူကိုတောင် မှ သူမ အမိန့်မပေးနိုင်တော့ဘူးလား။
နောက်ဆုံးတွင် သူမ လူများထွက်သွားကြသည်။
တစ်ဖက်လူသည် ထိုဘဝင်မြင့်ကြသော လူအဖွဲ့လိုက်မှာ လူနှစ် ယောက်ကြောင့် ထိုအတိုင်းပင်ထွက်သွားလိမ့်မည်ကို မထင်ထားပေ။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လူတစ်ယောက်သည် ရှီမာယူယူအား ကျေးဇူးတင်လေသည်။
“ကျွန်တော်က ဖြတ်သွားရုံပါ ခင်ဗျားရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားတာက တစ်ခါတစ်လေ အသုံးဝင်ပေမယ့် ကျန့်လွီအာလိုလူမျိုးနဲ့ရှင်းရင် ခင်ဗျားရဲ့ သရုပ်မှန်နဲ့ သူမကိုဖိနှိပ်တာက အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်” ရှီမာယူယူသည် ထိုလူအား ပြောလေသည်။
“မင်း ငါတို့ကိုသိတာလား”
“ကျွန်တော် မသိပါဘူး ဒါပေမဲ့ပြောနိုင်ပါတယ်” ရှီမာယူယူသည် သူတို့ ကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ရှောင်ချီကို ပြောလိုက်သည် “ရှောင်ချီ ပြန်ရအောင်”
သူမနှင့် ရှောင်ချီတို့သည် ထိုလူများကို ထားခဲ့ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်ခဲ့လိုက်သည်။
“သူ ဒီအတိုင်းပဲသွားလိုက်တာလား” အဝါရောင်ဝတ်စုံရှည်ဝတ်ထား သော မိန်းကလေးသည် မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည် “ငါတို့ သရုပ်မှန်က ထူးခြားတယ်ဆိုတာ သူတို့သိတယ်၊ အဲဒါကို အခွင့်ကောင်းယူပြီး ငါတို့ကို စကားလာမစတော့ဘူးပေါ့”
“ဆိုလိုတာက သူတို့က ငါတို့သရုပ်မှန်ကိုဂရုမစိုက်ဘူးဆိုတာပဲ ဂူမိသားစုလည်းလာကြတယ် သွားမယ် သူတို့ကိုသွားစောင့်ကြတာပေါ့”
“ဆိုင်ရှင် နောက်ကိုရှီမာမိသားစုကို တစ်ယောက်ယောက်လာရှာတဲ့သူ ရှိရင် ငါတို့ သီးသန့်အခန်းကို ညွှန်ပြလိုက်ပါ” အဝါရောင်ဝတ်စုံရှည်နှင့် မိန်းကလေးသည် ဆိုင်ရှင်ကို အမိန့်ပေးလေသည်။
“ကောင်းပါပြီ အားလုံးပဲ ကျွန်တော့်နောက်လိုက်ခဲ့ပါ” ဆိုင်ရှင်သည် သူတို့ကို ကိုယ်တိုင် အပေါ်ထပ်သီးသန့်အခန်းသို့ဦးဆောင်ရင်း ပြောလေ သည်။
…..
သူမ တွေ့ခဲ့သောလူများသည် ရှီမာမိသားစုအဖွဲ့ဝင်များဖြစ်လိမ့်မည် ဟု ရှီမာယူယူမထင်ထားပေ။ ထို့ကြောင့် သူမ ပြန်လှည့်မကြည့်ပဲ လှည့်ထွက် ခဲ့ပြီး ရှောင်ချီကိုအဖော်ပြုကာ ဈေးဆက်ဝယ်နေလိုက်သည်။
ရှောင်ချီသည် တိမ်ပင်လယ်မြို့တွင် လည်ပတ်ရသည်ကို သဘော မတွေ့လှပေ။ ထို့ကြောင့် ရှီမာယူယူသည် သူမကို တစ်ရက်တာအဖော်ပြုပေး လေသည်။
ညနေပိုင်းတွင် သူတို့သည် ဝိညာဉ်ကျောက်ဆိုင်သို့လာကြသည်။
“ယူယူ ဒါက တခြားသူတွေပြောတဲ့ အကြီးဆုံး ဝိညာဉ်ကျောက်ဆိုင် ဖြစ်တဲ့ ကျောက်မျက်ဆိုင်မလား”
ရှီမာယူယူသည် ဆိုင်တံခါးတွင်ရေးထားသည့် “ကျောက်မျက်ဆိုင်” ဟူ သောစာလုံးကိုကြည့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က သူမတွေ့ခဲ့သည့် ဆိုင်ခွဲနှင့် အတူတူပင်ဖြစ်သည်။ သူမသည် အထဲမှလူအုပ်ကိုကြည့်ပြီး ပြော လိုက်သည် “တကယ်ပဲ လူတွေများတာပဲ”
“သွားကြမယ် လူများရင် ပျော်စရာကောင်းတယ်” ရှောင်ချီ ပြောလိုက် သည်။
ပြီးခဲ့သည့်တစ်ခေါက်က ရှီမာယူယူသည် ဝိညာဉ်ကျောက်ဆိုင်မှ လူများ ကို လှည့်ပတ်ခဲ့သည့်အကြောင်းကို ဖက်တီးပြောခဲ့သည်ကို သူမ ကြားခဲ့ရ သည်။ ဝိညာဉ်ကျောက်ဆိုင်သည် ပျော်စရာနေရာဖြစ်သည်ဟု သူမ အမြဲ တွေးခဲ့သည်။ အခု သူတို့ရောက်လာပြီ။ ကောင်းကောင်းလေးကြည့်ရမယ်။
ရှီမာယူယူသည် သူမနှင့်အတူ ဝင်သွားလိုက်သည်။ အမှန်တကယ်ပင် အသက်ဝင်လှုပ်ရှားနေကြသည်။ လူအမျးစုမှာ ဆက်သွယ်ပြောဆိုနေကြ သည်။ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံးနေရာမှာ ကျောက်တုံးများဖွင့်သောနေရာ ဖြစ်သည်။ ဝိညာဉ်ကျောက်တစ်တုံးဖွင့်လိုက်လျှင် အားလုံး၏ အာရုံကိုဆွဲ ဆောင်ပြီးသားဖြစ်သည်။
ရှောင်ချီသည် ကျောက်တုံးရွေးသောလူများကို ပြေးကြည့်ပြီးနောက် ကျောက်ဖွင့်သည့်နေရာသို့သွားသည့် သူတို့နောက်သို့လိုက်သွားလေသည်။ ရှီမာယူယူသည် စိတ်အားတက်ကြွနေသော သူမကိုကြည့်ပြီး သူမ နောက်မှ အကူအညီမဲ့စွာလိုက်သွားရာ တစ်ချိန်တည်းမှာပင် ကျောက်ဖွင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာရှိ ကျောက်ဖွင့်နှုန်းမှာ မြင့်သည်ဟု ပြောကြသည်။ နာရီဝက် ကြာမျှ ကြည့်ပြီးသောအခါ ကျောက်လောင်းကစားနယ်ပယ်တွင် မြင့်သည်ဟု ပြောရသော သုံးပုံတစ်ပုံသာရနိုင်သော ဝိညာဉ်ကျောက်ကိုရလေသည်။
“မိန်းကလေး ဒီမှာရောက်နေတာကြာပြီထင်တယ် ကိုယ့်ဘာသာဝယ် ပြီး စမ်းကြည့်ချင်လား” ဆိုင်လက်ထောက်သည် ကျောက်ရွေးနေသော လူများနောက်လိုက်ကာ သင်ယူနေသော ရှောင်ချီ ဆောင့်ကြောင့်ထိုင် နေသည်ကို စောင့်ကြည့်နေကာ ဖြားယောင်းလေသည်။
“ရှောင်ချီလား” ရှောင်ချီသည် သူမကိုယ်သူမ ညွှန်ပြလေသည်။
“ဟုတ်တယ် မင်းအဲဒီနားကို ပြေးနေတာတွေ့လိုက်တယ်၊ ဒါကို စိတ်ဝင်စားလို့ဖြစ်မယ် အဲလိုဆိုမှတော့ ဘာလို့မဝယ်တာလဲ” ဆိုင်လက် ထောက်သည် ဆက်ပြောလေသည် “ငါတို့မှာ ဝိညာဉ်ကျောက်ဖွင့်ဖို့ အခွင့် အရေးကောင်းရှိတယ်၊ မင်းဝိညာဉ်ကျောက်ဖွင့်ရင် အမြတ်ကြီးကြီးရမှာပဲ”
“ဝိညာဉ်ကျောက်ကိုမဖွင့်ရင် ဘာဖြစ်မလဲ”
“နည်းနည်းထပ်ဖွင့်လိုက်ရင် သေချာပေါက် ဝိညာဉ်ကျောက်တော့ ရလာမှာပဲ” ဆိုင်လက်ထောက်သည် ပြုံးပြီးပြောလေသည် “အတိုချုံးပြောရ ရင် ဒီမှာအရှုံးမရှိပါဘူး”
ရှောင်ချီသည် ဆိုင်လက်ထောက်၏ စကားများကြောင့် အနည်းငယ် စိတ်ယိုင်နေသည်။ သို့သော် သူမတွင် ပိုက်ဆံမရှိသဖြင့် ရှီမာယူယူကိုသာ စိတ်မရှည်စွာ စိုက်ကြည့်နေသည်။
ရှီမာယူယူသည် သူမကို မငြင်းဆန်ပဲ ကြည့်လေသည်။ “မင်း ကစားချင် ရင် ရွေးလိုက်လေ”
“ကျေးဇူးပဲ ယူယူ” ရှောင်ချီသည် ရှီမာယူယူကို စိတ်လှုပ်ရှားစွာဖြင့် ဖက်ပြီးနောက် ကျောက်ရိုင်းတုံးရွေးရန်သွားလေသည်။
ရှီမာယူယူသည် ရှောင်ချီရွေးလိုက်သော ကျောက်တုံးကိုကြည့်ပြီး မတတ်သာစွာဖြင့် ခေါင်းရမ်းလိုက်သည်။ သို့သော် ရှောင်ချီသည် အလွန် တက်ကြွနေသည်ကို မြင်လိုက်သည်။ သူမ ရွေးလိုက်သော ကျောက်တုံးမှာ ဈေးမကြီးပေ။ ထို့ကြောင့် သူမကို မနှောင့်ယှက်တော့ပဲ ကစားခွင့်ပြုလိုက် သည်။
ဆိုင်လက်ထောက်သည် ရှောင်ချီ၏ ရွေးချယ်မှုကို ပျော်ရွှင်ကာ ကျောက်၁၀တုံးရွေးထားသော ရှောင်ချီကိုဦးဆောင်သွားလေသည်။
“မိန်းကလေး ဒီမှာပဲကျောက်ဖွင့်မှာလား” ဆိုင်လက်ထောက်သည် ပြုံး ပြီးမေးလေသည်။
“ဖွင့်ရမယ် ဒါပေါ့ ဖွင့်ဖို့လိုတာပေါ့” ရှောင်ချီ ပြောလိုက်သည် “ဒီမှာ အကုန်ရှိနေမှတော့ ဖွင့်ရမှာပေါ့”
“ဒါဆိုရင် ကျွန်တော်နဲ့လိုက်ခဲ့ပါ”
ဘေးမှလူများသည် ရှောင်ချီကို သတိထားမိလိုက်သည်။ နာရီဝက် အတွင်းတွင် သူမ ကျောက်၁၀တုံးရွေးလိုက်သည်ကို မြင်သောအခါ ကြည့်ရန် သူမနောက်မှလိုက်ကြလေသည်။
***