အရှုံးထွက်ခြင်း
Vol. 011 Ch. 1004
“ကျွန်တော်တို့ အရိပ်အဖွဲ့ကိုသုံးလိုက်ရင် မျိုးနွယ်ဝင်တွေသိမလား၊ သူမ ပြန်လာတယ်ဆိုတာ မျိုးနွယ်ကသိဖို့အချိန်မကျသေးဘူး” ရှီမာလီဖန် သည် စိတ်မအေးသလိုမေးလေသည်။
“သူမက ယိလင်းတိုင်းပြည်မှာရှိတယ်လို့ အမြဲတမ်းတွေးနေကြတာ သူမ ဒီကိုရောက်နေပြီလို့ထင်ကြမှာမဟုတ်ဘူး၊ သူမအခြေအနေကို ဖြစ်နိုင် သလောက်မြန်မြန်သိအောင်လုပ်ပြီး လွီရွှမ်းကိုကူညီပြီး သူမကိုကာကွယ်ပေး ရမယ်” ရှီမာလွီယွင် ပြောလိုက်သည် “အရိပ်အဖွဲ့ကတော့ သေချာထိန်းချုပ် ရင် ပြဿနာမဖြစ်ပါဘူး”
“အဲဒါကောင်းမယ့်ပုံပဲ” ရှီမာလွီဖန် ခေါင်းညိတ်လေသည် “အဲလိုဆိုမှ တော့ သူတို့ကိုသွားစုံစမ်းခိုင်းလိုက်တော့”
နောက်ရက်များတွင် သူတို့သည် ရှီမာယူယူနှင့် ပတ်သတ်သည့်သတင်း မျိုးစုံကို လက်ခံရရှိလေသည်။ ကြားလိုက်ရတိုင်းတွင် သူတို့ကို အံ့အားသင့် စေကာ သူမကို အသိအမှတ်ပြုစေသည်။
တစ်ဖက်တွင် ရှီမာယူယူသည် တည်းခိုဆောင်သို့ပြန်လာသည်။ ရှောင်ချီသည် သူမဘေးတွင်ရှိနေကာ စကားကျယ်ကျယ်ပင်မပြောရဲပေ။
သူမသည် အခန်းသို့ပြန်လာပြီး ဝိညာဉ်အတားအဆီးလုပ်ပြီးနောက် ဝိညာဉ်စေတီအတွင်းဝင်လာလိုက်သည်။
“အဘိုး” သူမသည် ရှီမာလိုင်၏ အခန်းသို့သွားပြီး ညင်သာစွာခေါ်လိုက် သည်။
ရှီမာလိုင်သည် သူမ မရောက်ခင်ပင် ကျင့်ကြံနေရာမှထွက်လာသည်။ သူသည် အံ့ဖွယ်အဆင့်တက်ပြီးနောက်တွင် ပိုငယ်ရွယ်လာသည်။
သူ တံခါးဖွင့်လိုက်ရာ ရှီမာယူယူ၏ ဆိုးဝါးသောမျက်နှာကိုမြင်သောအခါ ပူပန်စွာဖြင့် မေးလေသည် “ယူယူ ဘာဖြစ်လာတာလဲ”
“အိုး သမီး အဘိုးနဲ့စကားပြောချင်တယ်”
ရှီမာလိုင်သည် ချက်ချင်းပင် ဘေးဖယ်ပေးပြီး သူမကို အခန်းထဲဝင်ခိုင်း လိုက်သည်။
“ဘာဖြစ်လာတာလဲ”
ရှီမာယူယူသည် ခုံပေါ်ထိုင်ပြီး သူ့ကိုကြည့်ကာ မေးလိုက်သည် “အဘိုး သမီးအဖေက သမီးကိုဘယ်တုန်းက အဘိုးဆီကိုပေးခဲ့တာလဲ သူ တစ်ခုခု များပြောခဲ့သေးလား”
“သူပြောခဲ့တာက…”
ရှီမာလိုင် ပြန်တွေးလိုက်သည်။ ထိုညနေခင်းက သူသည် နန်းတော်မှ ပြန်လာချိန်ဖြစ်ကာ အိမ်တော်၏ ပင်မဝင်ပေါက်ကိုဖြတ်လျှောက်ချိန်တွင် အရင်က သူ့ကိုကယ်ခဲ့သည့် လူနှင့်တွေ့လေသည်။
ဆယ်စုနှစ်များစွာကြာသွားသော်လည်း သူသည် အရင်အတိုင်းပင်။ ကွာခြားသွားသည်မှာ သူ့ရင်ခွင်ထဲတွင် ကလေးတစ်ယောက်ရှိနေကာ သူ့ အမူအရာသည် အလွန်ဝမ်းနည်းနေသည်။
“ကျေးဇူးရှင်” သူသည် အလျင်စလိုလျှောက်သွားပြီး ရှီမာလွီရွှမ်ကို အရိုအသေပေးလိုက်သည်။
“အဲနှစ်က ခင်ဗျားအသက်ကိုကယ်ခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်မယ် လို့ ပြောခဲ့တယ်မလား၊ ဒီနေ့ကျွန်တော်မေးချင်ပါတယ် အဲစကားက အကြုံး ဝင်သေးလား”
“လူကြီးလူကောင်းတစ်ယောက်ရဲ့ ကတိက ရွှေတစ်ထောင်ထက် တန်ဖိုးရှိပါတယ်”
“ဒါဆိုရင် ဒီကလေးကို ပျိုးထောင်ပေးပါ၊ သူမ ကြီးပြင်းတဲ့အထိ စောင့်ရှောက်ပေးပါ” ရှီမာလွီရွှမ်သည် ရှီမာလိုင်၏ ရင်ခွင်ထဲသို့ ရှီမာယူယူကို ပေးလိုက်သည်။
“သူမက….”
“ကျွန်တော့်သမီးပါ” ရှီမာလွီရွှမ်သည် ရှီမာယူယူ၏ သေးငယ်သော မျက်နှာလေးကိုကြည့်ကာ “ယူယူ သူမကို ရှီမာယူယူလို့ခေါ်ပါ”
ယူယူလား… သူမက ယူမင်နဲ့ တခြားသူတွေနဲ့ မျိုးဆက်အတူတူပဲ မဟုတ်ဘူးလား။
“စိတ်ချပါ ကျွန်တော် သူမကိုပျိုးထောင်ပေးပါမယ်”
“သူမကို ဒါသေချာဝတ်ခိုင်းပါ သူမက မိန်းကလေးဆိုတာကို တခြားသူ တွေမသိအောင်လုပ်ပေးဖို့ သတိရပါ” ရှီမာလွီရွှမ်သည် အဝတ်ထုတ်ထဲသို့ လက်စွပ်တစ်ကွင်းထည့်လိုက်ပြီး ထပ်ခါထပ်ခါပြောလေသည်။
“သူမကို ဘယ်တော့ပြန်လာရှာမလဲ” ရှီမာလိုင် မေးလိုက်သည်။
“အခုချိန်တော့မသိနိုင်သေးဘူး ကျွန်တော်ပြန်လာလို့ရရင် ပြန်လာမှာ ပါ….”
ထိုညနေတွင် နေရောင်သည် သွေးနီရောင်ဖြစ်နေသည်….
ရှီမာယူယူသည် ရှီမာလိုင်ပြန်ပြောသည့် ထိုနေ့အကြောင်းကိုနားထောင် ပြီး ရှီမာလွီရွှမ်ကို စိတ်မပါစွာဖြင့် ပုံဖော်မိလေသည်။
ဖြစ်နိုင်သည်မှာ သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ကြာမြင့်စွာပေါင်းစပ် ထားသဖြင့် နှစ်ယောက်မှာတစ်သားတည်းဖြစ်သွားပြီး ရှီမာလွီရွှမ်၏ ကလေး ကိုလွမ်းဆွတ်မှုကို သူမ ခံစားနိုင်ခြင်းဖြစ်လိမ့်မည်။
“ဘာတွေဖြစ်ခဲ့လို့လဲ” ရှီမာလိုင် မေးလိုက်သည်။
“သမီး ရှီမာမျိုးနွယ်ကလူတွေနဲ့တွေ့ခဲ့တယ် သူတို့က သမီးရဲ့ ဦးလေး တွေလို့ပြောတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် သူတို့က သမီးကိုတစ်ခုခုလုပ်လိုက်သေးလား” ရှီမာလိုင်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“မလုပ်ပါဘူး” ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည်။
“ဒါဆိုရင် သမီးက သမီးဆိုတာကို သူတို့ကဘယ်လိုသိတာလဲ” ရှီမာလိုင် မေးလိုက်သည်။
ရှီမာယူယူသည် ရှီမာမျိုးနွယ်မှလူများနှင့်တွေ့ခဲ့စဉ်က အဖြစ်အပျက် တစ်ခုလုံးကိုပြောပြရာ ရှီမာလိုင်သည် နားထောင်ရင်းနှင့် စိုးရိမ်မိသည်။
“ရှီမာမျိုးနွယ်က လုံခြုံရင် သမီးအဖေက သမီးကို ယိလင်းတိုင်းပြည် အထိ ခေါ်လာပြီး ပျိုးထောင်ခိုင်းမှာမဟုတ်ဘူး” ရှီမာလိုင် ပြောလိုက်သည် “အခု သူတို့အခြေအနေကမရှင်းသေးဘူး အဲဒါကြောင့် တစ်ခုခုဖြစ်တာ ဖြစ် နိုင်တယ်”
“အနည်းဆုံးတော့ အဲနှစ်ယောက်က သမီးကိုထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့က အမြစ်ကနေလှန်ပစ်ချင်ရင် ဒီနေ့ သမီးကိုပြန်ခွင့်ပြုမှာမဟုတ်ဘူးလေ”
“ဒါပေမဲ့ အန္တရာယ်များတုန်းပဲ” ရှီမာလိုင်၏ မျက်လုံးများသည် စိုးရိမ်မှု များဖြင့်ပြည့်နေသည်။
ရှီမာမျိုးနွယ်သည် မည်ကဲ့သို့သောမိသားစုဖြစ်သည်ကို သူ မသိပေ။ သို့သော် သူ ရှင်းလင်းသည်မှာ တစ်ခုရှိသည်။ သူတို့သည် မည်သူပင်ဖြစ်စေ ကာမူ အခုအချိန်တွင် အနှောင့်အယှက်ပေးလို့ရသည့် သူများမဟုတ်ကြပေ။
“အခုသူတို့က ဘယ်လိုသဘောထားရှိလဲဆိုတာ ရှင်းလင်းအောင် လုပ် ချင်တ် ပြီးတော့ အဲတုန်းက သမီးကိုဘာလို့ ယိလင်းတိုင်းပြည်ကိုပို့ခဲ့တာလဲ ဆိုတာ သိချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် သမီး သူတို့ကိုတွေ့မလို့လား” ရှီမာလိုင် မေးလိုက်သည်။
“အခုထိ သမီးအတွေးကို မရှင်းလင်းသေးဘူး” ရှီမာယူယူသည် လေကို ရှိုက်လိုက်သည် “မနက်ဖြန်က အဂ္ဂိရတ်ပညာပြိုင်ပွဲနေ့ပဲ ပြီးတော့ အဂ္ဂိရတ် ပညာရှင်အသင်းက ကိစ္စတွေက မရှင်းလင်းသေးဘူး အဲဒါကြောင့် အဂ္ဂိရတ် ပြိုင်ပွဲက ဘယ်လိုဖြစ်သွားမလဲဆိုတာ ဘယ်သူမှမသိနိုင်သေးဘူး၊ မျိုးနွယ် ကိစ္စက ပြိုင်ပွဲပြီးတဲ့အထိ စောင့်လို့ရတယ်”
သူမသည် ထိုခန္ဓာကိုယ်၏ဖခင် သတင်းကိုလည်း အမှန်တကယ်ပင် သိချင်သည်။ သူမသည် မူလပိုင်ရှင်၏ အဖေအမေကို ရှာပေးမည်ဟု ကတိ ပေးခဲ့သည်။
“အင်း” ရှီမာလိုင် ခေါင်းညိတ်သည် “အရင်ဆုံး လာမယ့်ကိစ္စကို ဖြေရှင်း ရမှာပေါ့ ဒီရက်တွေမှာ သူတို့သဘောထားကို စောင့်ကြည့်လို့ရတယ် ဒါပေမဲ့ အဘိုးစဉ်းစားတာက ရှီမာမျိုးနွယ်က ဘယ်လိုသဘောထားပဲရှိရှိ သမီး အဖေ က သမီးကိုချစ်ပါတယ်”
ရှီမာယူယူသည် ရှီမာလိုင်အားကြည့်လိုက်သည်။ ခဏအကြာတွင် သူမ ခေါင်းညိတ်ပြီး ရှီမာလွီရွှမ်ထားခဲ့သော မှော်ဝင်လက်စွပ်ကိုထုတ်ကာ မှင်တက် စွာကြည့်မိသည်။
ရှီမာလိုင်သည် သူမအခြေအနေကိုမြင်သောအခါ သက်ပြင်းချပြီး ခေါင်း ရမ်းလေသည်။
သူမ၏ ကိုယ်ပိုင်ကိစ္စက အခုလေးတင်ဖြေရှင်းပြီးကာ အခု ရှီမာမျိုးနွယ် ၏ကိစ္စနှင့်ရင်ဆိုင်ရသဖြင့် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
ခဏအကြာတွင် ရှီမာယူယူသည် ရှီမာလိုင်၏အခန်းထဲမှထွက်ပြီး နောက်ခြံတစ်ခုဆီသို့ဦးတည်သွားလေသည်။
မိုဒိဆန်းသည် ခြံဝန်းထဲတွင် စာအုပ်ဖတ်နေရင်းနှင့် ရှီမာယူယူ ဝင်လာ သည်ကိုတွေ့လိုက်ရာ စာအုပ်ကိုင်ထားရာမှ လက်ကိုဝေ့ရမ်းပြလိုက်သည် “ဒီမှာ စာအုပ်တွေအများကြီးရှိတာပဲ”
“ကြိုက်တယ်ဆို သွားဖတ်လို့ရတယ် ငါ့ကိုပြောဖို့မလိုဘူး” ရှီမာယူယူ လျှောက်လာရင်း သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
“အဲလောက်ကတော့” မိုဒိဆန်းသည် စာအုပ်ကိုချပြီး ပြောလိုက်သည် “အမျိုးတွေကို ဘာလို့သတိထားနေတာလဲ မင်းဘာတွေစဉ်းစားနေတာလဲ”
သူ့ခံစားနိုင်စွမ်းမှာ ထက်မြက်လိမ့်မည်ဟု ရှီမာယူယူ မထင်ထားမိပေ။ သူမ ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါစဉ်းစားနေတာ တကယ်ပဲ ငါကဘယ်သူလဲ”
မိုဒိဆန်း၏ မျက်ခုံးများမြင့်တက်သွားသည်။ ဒီလူက တကယ်ပဲ ဒီမေးခွန်းကိုစဉ်းစားနေတာလား။ “ဘာလို့အဲလိုစဉ်းစားတာလဲ”
“ငါ့ဝိညာဉ်က အရင်ဘဝက ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို မှတ်မိနေ တုန်းပဲ ပြီးတော့ အချိန်တော်တော်များများမှာ ငါ့ကိုယ်ငါ ရှီမန်ယူယူလို့ ခံစားရ တယ်၊ ဒါပေမဲ့ အဘိုးနဲ့တခြားသူတွေ ငါ့သူငယ်ချင်းတွေနဲ့ရှိနေရင်တော့ ယိလင်းတိုင်းပြည်မှာ ကြီးပြင်းလာခဲ့တဲ့ ရှီမာယူယူလို့ခံစားရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ပြီးတော့ရော”
“ဒါပေမဲ့ အခု ငါ့ကိုယ်ငါ ဘယ်သူလဲဆိုတာကို ရှုပ်နေပြီ” ရှီမာယူယူ ပြော လိုက်သည် “တစ်ခါတလေ ငါကရှီမန်ယူယူလို့ခံစားရတဲ့အချိန်ဆိုရင် ရှီမာယူယူကို အားနာမိတယ်၊ ပြီးတော့ ငါ့ကိုယ်ငါ ရှီမာယူယူလို့ခံစားရတဲ့ အချိန်ဆိုရင် ရှီမန်ယူယူမဟုတ်သလိုခံစားရတယ်”
“မင်းက ရှီမာယူယူလည်းဟုတ်တယ် ရှီမန်ယူယူလည်းဟုတ်တယ်လေ ရှုပ်စရာဘာမှမရှိဘူး” မိုဒိဆန်း ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့အမျိုးတွေနဲ့ တွေ့လိုက်တော့ အနည်းနည်းနေရခက်တယ် လို့ ခံစားရတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါက ရှီမာယူယူအဖြစ် လုံးဝ ပြောင်းလဲမသွားဘူးလို့ ခံစားရတယ် ဥပမာဆိုရင် ဒီတစ်ခေါက်ကို ငါ သူမ ဦးလေးတွေနဲ့တွေ့တယ် အဲအမျိုးတွေနဲ့ပတ်သတ်ပြီး ငါ့မှာခံစားချက်မှမရှိဘူး ဥပမာ ငါ့အဖေပေါ့ သူတို့သမီးရဲ့ဝိညာဉ်ပြောင်းလဲသွားတယ်ဆိုတာ သူတို့သိ ရင် သေချာပေါက်ဝမ်းနည်းသွားကြမှာပဲ”
***