← Chapters

ရိုးသားသော ခင်မင်မှု။

Vol. 13 Ch. 145

ရိုးသားသော ခင်မင်မှု။

Vol. 13 Ch. 145

ထိုညနေတွင် တိမ်ပင်လယ်စံအိမ်အတွင်း ကြာပန်းများ ယိမ်းထိုးနေသည့် ရေကန်အနား၌ စုရီက ကြိမ်ကုလားထိုင်ပေါ်တွင်အိပ်ကာ အနားယူနေခဲ့သည်။

ယနေ့ မလိုအပ်သော ပစ္စည်းများကို ရောင်းချပြီးနောက် တတိယတန်း ဝိညာဉ် ကျောက်တုံး ဆယ်လုံး ရရှိခဲ့သည်။

ထိုပမာဏသည် ကျင့်ကြံရန်အတွက် ဆယ်ရက်စာပင် မလုံလောက်ချေ။ တတိယ အဆင့် ဝိညာဥ်ကျောက်တုံးများသည် အလွန် ရှားပါးပြီး မဟာကျိုးရှိ ထိပ်တန်းအင်အားစု များပင် လိုသလို အသုံးပြုနိုင်ခြင်း မရှိချေ။

သို့သော် ဒုတိယအဆင့် ချီသန့်စင်ခြင်းဖြင့် တတိယတန်း ဝိညာဉ်ကျောက်တုံးများကို သုံးစွဲ နေရသည်မှာ နှမျောစရာပေပင်။

အုတ်မြစ်အရ ဒုတိယတန်း ဝိညာဥ်ကျောက်တုံးများသည် စုရီအတွက် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိတော့သည်။

တတိယတန်း ဝိညာဉ်‌ကျောက်တုံး၏ စျေးနှုန်းသည် အလွန် ဒေါသထွက်စရာ ပေပင်။ ၎င်းတစ်လုံးသည် ဒုတိယတန်း ဝိညာဉ် ကျောက်တုံး တစ်ရာနှင့်ညီမျှ၏။

“ သခင်လေး၊ ဒီည ဘာစားချင်လဲ။ ”

ချာကျင်က ကြော့ရှင်းပြီး ရိုးရှင်းသော ကြာပန်းရောင်အင်္ကျီနှင့် ပါးလျလျ အပြာရောင် စကတ်အသစ်ကို ၀တ်ဆင်ထားသည်။

ဆံပင်များ မြင့်မြင့် ချည်နှောင်လျက် လှပသောမျက်နှာကို ရှင်းလင်းစွာ မြင်သာစေ သည်။

“ ဝိုင်နဲ့ အသားကင်။ ”

“ ဒါဆို ... ငါ အပြင်သွားဝယ်လိုက်မယ်။ ”

စုရီက စကားမပြောချင်သဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး လျစ်လျူရှုတော့သည်။ နေရောင်ခြည်သည် ရွှေများ အရည်ပျော်နေ သကဲ့သို့ လိမ္မော်ရောင်နှင့် အနီရောင် အလင်းများ ပါဝင်နေ၏။

ကြာကန်အတွင်းရှိ စိမ်းမြသော ကန်ရေများသည် ခမ်းနားသော ရွှေအလွှာများ ကဲ့သို့ လှိုင်းထနေသည်။

“ ဒေါက် ဒေါက် ဒေါက် ... ။ ”

ရုတ်တရက် အဝေးခြံတံခါးဆီမှ ခေါက်သံကြားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။

“ သခင်လေးစု ဒီမှာလား။ ”

ဤသည်မှာ ကျိုးကျစ်လီ၏ အသံ ဖြစ်သောကြောင့် စုရီတစ်ယောက် အံ့အားသင့် သွားသည်။ သို့သော် ယန်ကူမြို့ ဇာတ်လမ်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်နိုင်မည်ဟု ကောက်ချက်ချလိုက်သည်။

“ ခြံစည်းရိုးကို ကျော်လာခဲ့။ ”

စုရီမှ ပြန်အော်သည်။ ခြံဝင်းသည် ကျယ်ပြောလွန်းသောကြောင့် တံခါးထဖွင့်ရန် ပျင်းလွန်းချေပြီ။

“ ခြံစည်းရိုးကို ကျော်တက် လာရမှာလား။ ”

ကျိုးကျစ်လီ၊ ချန်ကွာခယ်နှင့် ကျန်းတျန်းဟီတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိ၏။

သူတို့သည် မြို့တော်၌ ဂုဏ်သရေရှိ အထက်တန်းစားများဖြစ်သည်။ နောက်ခံနှင့် ကျော်ကြားမှုများအရ ဤနည်းလမ်းသည် သူခိုးသူဝှက်နှင့် မခြားတော့ချေ။

“ မှန်တယ် ... ငါတို့က ဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။”

“ အဟွတ် ... အဟွတ် ... ။ ”

ကျိုးကျစ်လီက ချောင်းခြောက်ဆိုးကာ ခြံစည်းရိုးပေါ် ချက်ချင်း ကုပ်တက်တော့သည်။ ချန်ကွာခယ်နှင့် ကျန်းတျန်ဟီမှ ကတိုက်ကရိုက် ပြေးတက်လိုက်ရ၏။

ဆဌမမင်းသားသည်ပင် ဤအရာကို ဂရုမစိုက်နိုင်သောကြောင့် သူတို့အနေဖြင့်လည်း အဘယ်ကြောင့် ဂရုမစိုက်နေရမည်နည်း။

“ မြန်မြန် ... အစ်ကိုချန် တစ်ယောက်ယောက်လာနေပြီ။ ”

“ ဝှစ် ... ။ ”

“ ဖပ် ... ။ ”

ခြံစည်းရိုးသည် အနည်းငယ် မြင့်မားသဖြင့် မဟသခင်ပင် ခြေတစ်လှမ်းနင်းပြီး ဖြတ်ကျော်ရ လေသည်။

ခဏအကြာတွင် ရေကန်ဘေးရှိ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော စုရီကို မြင်လိုက်ရ၏။

“ အစ်ကိုစု၊ မဖိတ်ခေါ်ဘဲ ဒီကိုလာခဲ့မိတာ တောင်းပန်ပါတယ်။ ”

ကျိုးကျစ်လီက ပြုံးပြီး ဦးညွှတ်လိုက် လေသည်။ စုရီမှ မျက်လုံးဖွင့်ကြည့်လာ၏။ ချန်ကွာခယ်ကို မြင်သောအခါ၊

“ မင်းဘာလို့ ထပ်ပေါ်လာတာလဲ။ ”

-ဟု မေးမြန်းတော့သည်။

ချန်ကွာခယ်ခမျာ ချက်ချင်း အေးခဲသွားပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လျက်၊

“ သခင်လေး ... ငါ့ကို ဆဋ္ဌမမင်းသားခေါ်လာတာပါ။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ အစ်ကိုစု ... မင်းမသိသေးဘူး သိုင်းဦးလေးချန်နဲ့ သိုင်းအဒေါ်ချင်ကျင်းတို့က ငါ့ကိုကူညီပေးဖို့ ဒီတစ်ခါ တောင်ပေါ်ကို ဆင်းလာခဲ့ကြတာပါ။ ”

ကျိုးကျစ်လီမှ ဝင်ရောက် ဖြေရှင်း လိုက်သည်။ မဟုတ်သော် သိုင်းဦးလေးချန် အနေဖြင့် စုရီစကားကြောင့် ချက်ချင်းပင် မြေကြီးထဲ ငုပ်လျှိုးသွားနိုင်၏။

“ အိုး ... ဒုတိယအဆင့် မဟာသခင် တစ်ပါးက ... မျက်လုံးစိမ်း ကြက်သွေးရောင် မီးတောက်ကျားကို တိုက်ခိုက်ဝံ့တာ ...

... အံ့ဩစရာတော့ မရှိတော့ပါဘူး ... ကျော်ကြားတဲ့ လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ တပည့် တစ်ဦးပီပီ မာနကြီးရမှာပေါ့။ ”

ထိုမှတ်ချက်က ချန်ကွာခယ်ကို မျက်နှာများနီရဲကာ ရှက်ရွံ့မှုကို ခံစားရစေ၏။ တစ်ဖက်လူသည် သူ့အပေါ် အမြဲ လှောင်ပြောင်နေသလိုပေပင်။

“ အစ်ကိုစု၊ ဒီမှာ ဝမ်းကွဲဦးလေး ကျန်းတျန်းဟီပါ အင်ပါယာမြို့ရဲ့ ကျန်းမိသားစု ခေါင်းဆောင်ပဲ အစ်ကိုစုကို အရမ်း လေးစားနေတာ။ ”

ကျိုးကျစ်လီမှ အပြုံးဖြင့် ထပ်မံ မိတ်ဆက်ပေးလိုက်သည်။

“ ဒီအဖိုးကြီးကျန်းက ... မင်းကို နှုတ်ဆက်ပါတယ် သခင်လေး ... ။ ”

ကျန်းတျန်းဟီမှ လေးလေးနက်နက် နှုတ်ဆက်လိုက်၏။ စုရီက လက်ဝှေ့ရမ်းကာ၊

“ ငါ့မှာ အစေခံမရှိဘူး ... ၊ လက်ဖက်ရည်သောက်ချင်ရင် ကိုယ်တိုင် တည်သောက်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

( ဧည့်သည်များ ရေနွေးကြမ်း ကိုယ်တိုင်ယူ စနစ်သည် စုရီထံမှ စတင်ခဲ့ပုံရ၏။ )

“ မင်းတို့တွေ စကားစမြည် ပြောနှင့်​ကြဦး ... ငါလက်ဖက်ရည် ကြိုလိုက်မယ်။ ”

ကျန်းတျန်းဟီက အခွင့်အရေးရသူ တစ်ယောက်ကဲ့သို့ ချက်ချင်း ပြေးလွှားသွားကာ လိုအပ်သည်များ ရှာဖွေတော့၏။

“ ခေါင်းဆောင်ကျန်းက အလွန် လိုက်လျောညီထွေရှိတာပဲ။ ”

( အစ်ကိုစု ... ဒါက ငါတို့ အင်ပါယာ မြို့တော်ရဲ့ ... ဂုဏ်သရေရှိ အထက်တန်းစား မိသားစုခေါင်းဆောင်ပါ။)

စုရီမှ မှတ်ချက်ပေး၏။ ကျိုးကျစ်လီနှင့် ချန်ကွာခယ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အဆုံးတွင် မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။

ထို့နောက် ကျိုးကျစ်လီမှ၊

“ အစ်ကိုစု ဒီနေ့ ယွီပိုင်တျန်က ငါ့ကိုလာတွေ့ပြီး ... ။ ”

-ဟု အစချီကာ သူတို့ စကားဝိုင်းကို အသေးစိတ် ပြောပြလိုက်၏။ ထိုစကားကြား ပြီးနောက် စုရီတစ်ယောက် ခဏမျှ တတိတ်ဆိတ်သွားသည်။

“ ငါသူတို့ဆီ မသွားခင် ... သူက ငါ့ကိုလက်တုံ့ပြန်ဖို့ စီစဉ်နေပြီလား ... ။ ”

“ အစ်ကိုစု၊ မနေ့ညက ဘာဖြစ်ခဲ့တာလဲ။ ”

စုရီမှ ရှင်းပြရန် ပျင်းလွန်းလှသဖြင့်၊

“ ချာကျင်လာရင် မေးကြည့်လိုက်။ ”

-ဟု ပြန်ဖြေ၏။

ကျိုးကျစ်လီမှ စံအိမ်အတွင်း လှည့်ကြည့်လိုက်သော်လည်း ချာကျင်ကို မတွေ့သဖြင့် နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ချေ။

ထိုအချိန်တွင် ကျန်းတျန်ဟီက လက်ဖက်ရည်ဖျော်ပြီး အခြားပစ္စည်းများနှင့် အတူ ရောက်ရှိလာ၏။

သို့သော် ထိုင်ခုံနှင့် စားပွဲများ မရှိလေရာ နီးစပ်ရာ သစ်မြစ်ပေါ်တင်လျက် မြေပြင်၌ပင် ထိုင်ချလိုက်လေသည်။

ဤမြင်ကွင်းသည် အင်ပါယာမြို့တော်မှ အခြားသူများသာ မြင်သော် ရူးသွပ်သွားနိုင်၏။ ချန်ကွာခယ်မှ၊

“ သခင်လေးစု အဲဒီနေ့က အကူအညီအတွက် ... ငါတကယ် ကျေးဇူး တင်ပါတယ်။ ”

“ မင်းက တကယ့်ဒုက္ခသည်ပဲ။ ”

စုရီမှ ပြန်ပြော၏။ ချန်ကွာခယ်ခမျာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေသည်။ သူသည် လေလွင့် ကျင့်ကြံသူ ဖြစ်ဖူးသဖြင့် ပွင့်လင်း မြင်သာသော စရိုက်လက္ခဏာရှိ၏။

တစ်ဖက်လူသည် သူ့အပေါ် ဒုက္ခသည်ဟု အကြိမ်တိုင်း ရည်ညွှန်ပြောဆိုနေခဲ့ သော်လည်း ငြင်းဆန်ခြင်း မပြုမိချေ။

“ တကယ်တော့ ... ဒါက ငါ့အပြစ်တွေပါ အစ်ကိုစု ... ငါ့ရဲ့ဒုတိယနဲ့ တတိယအစ်ကိုတွေ အခုလို ပါ၀င်လာလိမ့်မယ်လို့ မမျှော်လင့် ထားမိဘူး ... ။ ”

ကျိုးကျစ်လီက သက်ပြင်းချကာ ချန်ကွာခယ်အစား ဝန်ခံစကား ပြောကြားလာ တော့သည်။

“ မှန်တယ် ... မင်းမှ တကယ့်ရင်းမြစ်ပဲ သူ့ကိုသာမက ငါကိုပါ ပတ်သက်ဆက်နွယ်မှု ရှိလာစေတယ် ...

... သူ့ရဲ့ အစေခံတွေကို သတ်ခဲ့တော့ ဒီတတိယမင်းသားက ငါ့ကို လွှတ်ထားတော့မှာ မဟုတ်ဘူး ... အတိအကျပြောရရင် မနေ့ညက ယွီမိသားစုနဲ့ ဖြစ်ပွားခဲ့တဲ့ ...

... ပဋိပက္ခကလည်း မင်းရဲ့ လက်အောက်ငယ်သားအဖြစ် ငါ့ကိုသူတို့ မှတ်ယူခဲ့တာကနေ စတာပဲ။ ”

“ အစ်ကိုစု၊ စိတ်ချပါ ဒီပြဿနာတွေ အားလုံးကို ငါဖြေရှင်းပေးပါ့မယ်။ ”

“ မင်းအရည်အချင်းနဲ့လား။ ”

စုရီက စိတ်ပျက်စွာ ခေါင်းယမ်းသည်။

“ ယွီပိုင်တျန်လို လူတောင် မင်းကို မျက်နှာချင်းဆိုင် စော်ကားဝံ့နေတာ ဒါဆို မင်းရဲ့ ပုံရိပ်က အများအမြင်မှာ ဘယ်လောက်များ သိပ်ဖျင်းနေလဲ မသိသေးဘူးလား။ ”

“ ငါ ... ။ ”

ဤစကားများသည် အလွန် တိုက်ရိုက်ဆန်လွန်းသဖြင့် ကျိုးကျစ်လီအပေါ် မသက်မသာ ဖြစ်စေ၏။

လက်ဖက်ရည်သောက်နေသော ကျန်းတျန်းဟီပင် အသက်အောင့်လျက် ခေါင်းငုံ့ သွားလေသည်။

ဤစုရီသည် မည်သည့်အချိန်မှစကာ မင်းသားတစ်ပါးအပေါ် ကြိမ်းမောင်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာသနည်း။

ဆဌမမင်းသားတစ်ယောက် ဆူပူကြိမ်းမောင်းခြင်းကို ခံရသဖြင့် ခေါင်းမဖော် နိုင်တော့ချေ။ ချန်ကွာခယ်မှ အနည်းငယ် တွန့်ဆုတ်သော လေသံဖြင့်၊

“ သခင်လေး ဆဌမမင်းသားက ဒုတိယမင်းသားလောက် အစွမ်းမထက်တာ မှန်ပါတယ် ဒါပေမယ့် သူလည်း ... ။ ”

“ မင်းလို ဒုက္ခသည်ပဲ မဟုတ်လား။ ”

လေထုမှာ ချက်ချင်း တင်းကြပ် သွားလေသည်။ ဝင်ပြောပေးသော ချန်ကွာခယ် ခမျာ သူ့ကိုယ်သူ ပါးရိုက်ချင်စိတ် ပေါက်လာ၏။ တစ်ဖက်တွင် ကျန်းတျန်းဟီမှ အားတင်းပြုံးပြကာ၊

“ သခင်​ငယ် ... စိတ်မဆိုးပါနဲ့ တကယ်တော့ ... ။ ”

“ လုံလောက်ပြီ ... ။ ”

စုရီက လက်ဝှေ့ယမ်းလျက် သက်ပြင်းချသည်။ ထို့နောက် ကျိုးကျီလီထံ ပြန်ကြည့်ပြီး၊

“ လက်ဖက်ရည် သောက်ပွဲကျရင် ငါ့ကိုလာခေါ်ပါ။ ”

-ဟု ပြောကြားလိုက်တော့၏။

“ အစ်ကိုစု ... ငါမှားပါတယ် ... ၊ ဟမ့်ဘယ်လို ... ။ ”

ထိတ်လန့်နေသော ကျိုးကျစ်လီခမျာ ထိတ်လန့်နေရာမှ တစ်ကိုယ်လုံး တုန်ခါလျက်၊

“ အစ်ကိုစု၊ မင်း .. မင်းငါ့ကို တကယ် ကူညီမှာလား။ ”

-ဟု ပြန်မေးလိုက်မိ၏။

“ မင်းရဲ့ဒုက္ခက ... ငါ့ပခုံးပေါ် ရောက်လာမှတော့ ငါဘယ်လိုလုပ် ရပ်ကြည့် နေနိုင်မှာလဲ ...

... ပြီးတော့ တိမ်မြစ်စီရင်စုမှာ ငါ့ အရှုပ်အထွေးတွေကို မင်းပဲ နှစ်ကြိမ်တိုင်တိုင် ရှင်းပေးခဲ့တယ် ... ဒါဆို မင်းအနိုင်ကျင့် ခံနေရတာကို ငါမပျော်နိုင်ဘူး။ ”

ကျိုးကျစ်လီတစ်ယောက် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပြည့်နှက်လာ တော့၏။

‘မင်းအနိုင်ကျင့်ခံရတာကို ငါမပျော်ဘူး၊’ ဟူသော စကားသည် သူ့နှလုံးသား တစ်ခုလုံး နွေးထွေးလာစေသည်။

မျက်ရည်များပင်ဝဲလာ၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလာကာ သံသယများစွာဖြင့် စုရီထံ ခိုးကြည့်လိုက် မိသည်။

( အစ်ကိုစု မင်းနဲ့ငါ့ကြား ... တကယ်ပဲ ရိုးသားတဲ့ ခင်မင်မှုဆိုတာ သေချာပါတယ်နော်။)

သူ့ သိုင်းအဒေါ်စကားများသည် တစ်နည်းနည်းဖြင့် ရှုထောင့်ပြောင်းသွားသော် အစ်ကိုစုသည် အမှန်ပင် ကြောက်စရာ ကောင်းချေမည်။

ထိုစဉ်က တိမ်လှိုင်းစံအိမ်ရှိ ချာကျင်၏ အော်သံများ ပြန်လည် ကြားယောင်လာမိကာ ကြက်သီးများ ထလာတော့သည်။

***

All Chapters