မြေခွေးမလေး ... ။
Vol. 13 Ch. 147
အပြင်၌ ရပ်စောင့်နေသော လုဟွာက ခြံစည်းရိုးပေါ်မှ ပြုတ်ကျ သေဆုံးသွားသော လျူဟုန်ချီကို ကြည့်ကာ ရုတ်တရက် တောင့်တင်းသွားတော့သည်။
“ ဘာလုပ်နေတာလဲ နင့်အိပ်ယာထဲ ရောက်လာတဲ့အထိ ရပ်စောင့်နေတာလား အစ်ကိုလု။ ”
ချာကျင်မှ လုဟွာကို အော်ငေါက် သတိပေးကာ သူမ ကိုယ်တိုင်သည်လည်း ခြံထဲ ပြေးဝင်လိုက်တော့သည်။
ရေကန်နား ရောက်သောအခါ စုရီတစ်ယောက် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်ကို မြင်လိုက်ရချေ၏။
ချန်ကွာခယ်မှ ခြံပြင်ပြေးထွက်သွားပြီး အလောင်းကို သယ်ဆောင်လာ၏။ လျူဟုန်ချီ မျက်နှာတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက် နေသည်။ သေခြင်းတရားကို လက်ခံနိုင်ပုံ မရခဲ့ချေ။
“ တံခါးကို ကန်ဖွင့်ပြီး ခြံစည်းရိုးကို ကျော်တက်တဲ့အတွက် ... လဂိုဏ်းရဲ့ ပြင်ပ အကြီးအကဲတစ်ယောက် ဘဝက သနားစရာ အဆုံးသတ်သွားရပြီ။”
ကျန်းတျန်းဟီတစ်ယောက် ခံစားချက် အပြည့်ဖြင့် ညည်းတွားမိလေသည်။ အသက် တရှိုက်စာအတွင်း မဟာသခင်တစ်ဦး သေဆုံးသွားခြင်းဖြစ်၏။
“ မိန်းကလေး အဆင်ပြေရဲ့လား။ ”
ချန်ကွာခယ်မှ တုန်တုန်ယင်ယင် ဖြစ်နေသောချာကျင်ကို မေးမြန်းလိုက်သည်။ ချာကျင်က ခေါင်းကို အလျင်အမြန် ခါယမ်းပြီး ကူကယ်ရာမဲ့သော အမူအရာဖြင့်၊
“ သူ့ကို မလာဖို့ တားခဲ့သေးတယ် ... ။ ”
“ မိန်းကလေးချာကျင် ဒီလူက သူ့ကိုယ်သူ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ယူဆပြီး မောက်မာလွန်းခဲ့တယ် ...
... အရေးအကြီးဆုံးက သူ တံခါးကို ကန်ဖွင့်ပစ်လိုက်တယ် သေသင့်ပါတယ် မင်း အစ်ကိုစုကို အပြစ်တင်လို့မရပါဘူး။ ”
ကျိုးကျစ်လီက မုန်းတီးစွာ ရှင်းပြလိုက်သည်။ ချာကျင်မှ အသက်ပြင်းပြင်း ရှူကာ စုရီထံကျေနပ်အောင် ရှင်းပြရန်ပြင်၏။
“ သခင်လေး ... ငါ ... ။ ”
“ ညစာဝယ်ပြီးပြီလား ... ။ ”
စုရီမှ စကားဖြတ်မေးသည်။
“ ဟုတ်ကဲ့ ... ။ ”
“ ဘာရပ် လုပ်နေတာလဲ သွားပြင်ထား ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
သို့မှသာ ချာကျင်တစ်ယောက် စိတ်သက်သာရာ ရလာပြီး လှည့်၍ ထွက်ခွာ သွားတော့၏။ သူမ ထွက်သွားသည်နှင့် စုရီက သက်ပြင်းချသည်။
“ ငါ့ကို သူ့ပစ္စည်းတွေ ကူပြီးရှာပေးပါဦး။ ”
ဤတစ်ကြိမ်တွင် ချန်ကွာခယ်မှ ဦးစွာထရပ်သည်။ လူသေ၏ ချိုင်းကြားများနှင့် အတွင်းခံဘောင်းဘီပင် ချွတ်ရှာ၏။
ကြည့်ယုံဖြင့် လက်ဖျားခါလောက်အောင် ကျွမ်းကျင်မှု ရှိနေမှန်း မြင်သာသည်။ ပထမဆုံး အကြိမ် မဟုတ်နိုင်ချေ။ ဤကိစ္စများ၌ ရင်းနှီး နေပုံရသည်။
များမကြာခင်မှာပင် တစ်ပေအမြင့်ခန့် ရှိသော ရတနာများ မြေပြင်၌ ပုံကျလာသည်။ ပြီးသည်နှင့် ချန်ကွာခယ်မှ ကြွေပုလင်းအချို့ ဖွင့်ကာ လျူဟုန်ချီ အလောင်းအပေါ် လောင်းချပေးလိုက်သည်။
ရောင်စုံအမှုန့်များ တဖျပ်ဖျပ် တောက်ပလာပြီး အလောင်းမှာ တဖြည်းဖြည်း ကွဲထွက်လျက် များမကြာခင် ပြာမှုန်အဖြစ် လေထဲလွင့်ပျံသွားတော့သည်။
“ ဒါ … ဒါက လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ နည်းလမ်းတွေလား။ ”
ကျန်းတျန်းဟီပင် ထိတ်လန့်သွားသည်။ ချန်ကွာခယ်မှ အနည်းငယ် ရှက်ရွံ့သွားတော့၏။ သူက ချောင်းခြောက်ဆိုးလိုက်ပြီး၊
“ အဟမ်း ... ဒါက လေလွင့်ကျင့်ကြံသူ ဘဝတုန်းက နည်းလမ်းတွေပါ ငါတို့လိုလူတွေ ကျင်လယ်ရာလောကမှာ သဲလွန်စကို ဖျောက်ပစ်ဖို့လိုတယ် မဟုတ်လား။ ”
ထိုအချိန်တွင် ချာကျင်တစ်ယောက် အစားအသောက်နှင့် ဝိုင်များသယ်ဆောင်ကာ ပြန်ရောက်လာ၏။ မြေပြင်၌ လျူဟုန်ချီ၏ အလောင်းပျောက်သွားသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံရလေသည်။
“ အစ်ကိုစု၊ ငါတို့ ပြန်တော့မယ်။ ”
“ ကောင်းပြီ လက်ဖက်ရည် သောက်ပွဲစတဲ့အချိန် ... ငါ့ကိုလာခေါ်ဖို့ မမေ့နဲ့။ ”
ကျိုးကျစ်လီမှ သဘောတူချက်ကို လျင်မြန်စွာ ခေါင်းညိတ်ပြပြီး နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။
ညသည် တရွေ့ရွေ့ မှောင်လာခဲ့သည်။ ကြယ်များ ကျဲပါးလျက် လ၏အလင်းရောင်ပင် မှေးမှိန်သွား၏။
စုရီက အပေါ်ထပ် လသာဆောင်တွင် ထိုင်ကာ သိုးသားကင်နှင့် ဝိုင်များကို အရသာခံ သောက်နေခဲ့သည်။ စားပြီးသား အရိုးအချို့ကို ချီနီထံ ပစ်ချပေးလိုက်၏။
ချီနီက ဝပ်တွားနေရာမှ ထိုအရိုးများထံ ငုံ့နမ်းကာ လျစ်လျူရှုလျက် ရွံရှာဖွယ်အမူအရာ မျိုးနှင့် ထထွက်သွားလေသည်။
သူသည် အဆင့်(၉) ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်၏။ ခွေး မဟုတ်ချေ။ ဘုရင် ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ချာကျင်မှ ပြုံးသည်။
“ ဒီညမှာ မင်းနဲ့ပတ်သတ်တဲ့ ဒေါသတွေ ပြေပျောက်သွားပြီး ... မင်းကို ရွေးချယ်ခွင့်နှစ်ခု ပေးမယ် ... တစ်ခုက မင်းပြန်လို့ရပြီ၊ ...
... နောက်ရွေးချယ်မှုက မင်းငါ့ရဲ့ အစေခံအဖြစ် ဆက်နေနိုင်တယ် ငါမင်းကို လမ်းညွှန်ပေးမယ် ... ။ ”
ရုတ်တရက် စုရီမှ ပြောကြားလာသည်။
“ ငါ ဘယ်လို ပြန်ဖြေရမှန်း မသိဘူး ... ။ ”
ရုတ်တရက် ဖြစ်သဖြင့် ချာကျင်ခမျာ ဆုံးဖြတ်ချက်မချနိုင် ဖြစ်လာခဲ့သည်။ စုရီက ခေါင်းညိတ်လိုက်၏။
“ ကောင်းပြီ ... ငါအလျင်မလိုဘူး မင်းသေချာစဉ်းစားပြီးရင် အဖြေပြန်ပေးလို့ ရတယ်။ ”
ထို့နောက် စုရီမှ အခန်းတွင်းဝင်ကာ အိပ်ပျော်သွားတော့သည်။ နောက်နေ့မနက်တွင် နံနက်စာကို ချာကျင်မှ ပြင်ဆင်ပေး၏။
နံနက်ခင်းလေနုအေးတွင် ကြာပင်များ လှုပ်ခါနေပြီး ကန်ရေများသည် နေရောင်ခြည်၌ တောက်ပနေ၏။ မနက်စာစားပြီးသည်နှင့် စုရီက ပစ္စည်းမျိုးစုံကို ထုတ်ယူကာ၊
“ ရွှေကျောက်တုံး ခန်းမကိုသွားပါ အဲဒါတွေကို အဆင့်နှစ် ဝိညာဉ်ကျောက်တုံးနဲ့ ဆေးဝါးတွေ အဖြစ် လဲလှယ်လာခဲ့။ ”
-ဟု အမိန့်ပေးလိုက်သည်။
အဆိုပါပစ္စည်းများသည် ယမန်နေ့က လျူဟုန်ချီထံမှ ရရှိခဲ့သော တစိတ်တပိုင်း ဖြစ်သည်။
လဂိုဏ်းမှ အကြီးအကဲ တစ်ယောက်၏ ချမ်းသာကြွယ်ဝမှုသည် တူညီသော အဆင့်ရှိသူ များထက် အဆတစ်ရာ သာ၏။
ဤသည်မှာ လျူဟုန်ချီထံမှ ရတနာများ ဖြစ်သည်ကို ချာကျင်ခမျာ သတိပြုမိလေသည်။ သို့တိုင် နာခံမှုရှိစွာ ခေါင်းညိတ်မိ၏။
ထို့နောက် စုရီမှ ခြံဝသို့ လျှောက်လှမ်း လာခဲ့သည်။
“ သခင်လေး၊ မင်းဘယ်သွားမလို့လဲ။ ”
“ လမ်းလျှောက်ထွက်မလို့။ ”
စုရီက သူမ မေးခွန်းကို ပြန်ဖြေရသည်ပင် စိတ်မရှည် ဖြစ်နေခဲ့၏။ ချာကျင်တစ်ယောက် ပါးစပ်ပိတ်လိုက်ကာ ရွှေကျောက်တုံးခန်းမသို့ သွားရန်ပြင်လိုက်တော့သည်။
“ ကျွီ ... ။ ”
ခြံတံခါးကို ဖွင့်လိုက်သည်နှင့် ခမ်းနားထည်ဝါသော ရထားလုံးတစ်စင်း စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
“ သခင်လေး ... ။ ”
ကျန်းတျန်းဟီမှ အနက်ဝတ် မိန်းကလေးတစ်ယောက် တစ်ဦးနှင့်အတူ စုရီကို ကြိုဆိုနှုတ်ဆက်လာသည်။
၎င်းသည် အင်ပါယာ စီရင်စုမြို့တော်၏ ထိပ်တန်းမျိုးနွယ်စုများတွင် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ကြင်နာတတ်သော သူဌေး တစ်ဦးကဲ့သို့ ပြုမူပြနေ၏။
သူ့ဘေးရှိ အနက်ဝတ် မိန်းကလေးမှ စုရီ၏ငယ်ရွယ်မှုကို မြင်ပြီးနောက် အံ့အားသင့် သွားလေသည်။
“ တကယ်ချောတာပဲ။ ”
ချက်ချင်း မျက်ဝန်းများ တောက်ပလျက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူမအတွက် နေ့ရက်များသည် ထင်သလောက် ပျင်းစရာ ကောင်းတော့မည် မဟုတ်ချေ။
ထိုသို့သော အပြုံးသည် မြေခွေးမလေး တစ်ကောင်ကဲ့သို့ အနည်းငယ် ဆွဲဆောင်မှု ရှိနေခဲ့၏။
“ ငါနဲ့ ကိစ္စရှိလား။ ”
စုရီက သူမကို လျစ်လျူရှုကာ မေးသည်။
“ ဟား ဟား ဟား ... သခင်လေး မင်းမနေ့ကမှ ပြည်နယ်မြို့တော်ကို ရောက်တာ မဟုတ်လား ... မြို့တော်ကို လျှောက်လည်ဖို့ လမ်းပြတစ်ယောက် လာပို့တာပါ ... ။ ”
ချာကျင်မှ ထိုစကားကိုကြားချိန်တွင် ဆက်မသွားသေးဘဲ ပြန်လှည့်ကြည့်လိုက်မိ၏။ ကျန်းတျန်းဟီမှ စုရီကို ပြုံးပြပြီး အနက်ရောင် ၀တ်စုံဖြင့် ကောင်မလေးထံ လက်ပြကာ၊
“ ယောင်အာ၊ လာ ... မင်းရဲ့ ဦးလေးစုကို နှုတ်ဆက်လိုက် မြန်မြန်လုပ် ... ။ ”
-ဟု ပြောကြားလိုက်တော့သည်။
အနက်ရောင်ဝတ် အမျိုးသမီးငယ်သည် တောက်ပသော မျက်ဝန်းများနှင့် လျင်မြန်စွာ ချဉ်းကပ်လာပြီး၊
“ ဦးလေးစု ... ငါ့ဖေဖေက မင်းအကြောင်း ပြောပြီးပါပြီ စိတ်ချပါ မင်းကို ငါဂရုစိုက်ပါ့မယ် လုံးဝ အာမခံတယ်။ ”
-ဟု ကတိပေးလာသည်။
သူမ အသက်သည် (၁၆/၁၇) မျှသာ ရှိသေးသည်။ အနက်ရောင် ၀တ်စုံအောက်မှ လှုပ်ရှားလိုက်တိုင်း နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရေကို ပေါ်လွင်လာစေ၏။
ရှည်လျားသော ဆံပင်များသည် မက်မွန်သီးမှည့်ရောင်နှင့်တူကာ နှုတ်ခမ်းကို အရောင်တောက်တောက် ဆိုးထားသည်။
( မြေခွေးမလေး … မင်းဘယ်သူ့ကို ဦးလေးလို့ ခေါ်နေတာလဲ ဖေဖေလို့ ခေါ်လိုက် ပါလား။)
ဘေးမှ ရပ်နားထောင်နေသော ချာကျင်က ဒေါသဖြင့် ကျိန်ဆဲလိုက်၏။
“ သခင်လေး၊ သူက ငါ့သမီးအငယ်ဆုံးပါ နာမည်က မူယောင်၊ မင်းသူ့ကို ယောင်လေးလို့ ခေါ်လို့ရပါတယ်။ ”
ကျန်းတျန်းဟီမှ မိတ်ဆက်ပေး၏။
“ ဒါက ပြဿနာ မရှိပါဘူး ... ငါခိုင်းသမျှ လုပ်ပေးရင် သူ့အတွက် အန္တရာယ်ကင်းမှာပါ။ ”
“ ဦးလေးစု ... စိတ်ချပါ၊ ယောင်လေး အမြဲနာခံပါမယ်။ ”
ကောင်မလေးက မြေခွေးမလေး တစ်ကောင်ကဲ့သို့ မျက်ဝန်းများ ကျဉ်းမြောင်း သွားသည်အထိ ပြုံးကာ ကတိပေးသည်။
စုရီက ကောင်မလေးကို တစ်ချက် လှမ်းကြည့်သည်။ ဤမိန်းကလေးထံပါးတွင် အကြံစည်များ ရှိနေသည်ကို မြင်နိုင်၏။
သို့သော် အသေးအဖွဲကိစ္စများအတွက် အချိန်ဖြုန်း မနေနိုင်ချေ။ သူမသည်သာ သူ့ကို အမှန်တကယ် ဒုက္ခပေးဝံ့ပါက အကျိုးဆက်များ ခံယူရန် ကျန်းတျန်းဟီ သိရှိထားရပေမည်။
“ ဒါဆို ... သခင်လေးနဲ့ မိန်းကလေးချာကျင် ငါ့ကိုခွင့်ပြုပါဦး သွားပါတော့မယ်။ ”
ကျန်းတျန်းဟီမှ တုံ့ဆိုင်းမနေတော့ဘဲ လှည့်ထွက်သွား၏။ ရထားလုံးနှင့် မောင်းနှင် သူကို ထားရစ်ခဲ့သည်။
“ ကောင်မလေး မင်းအဖေက သခင်ငယ်လေးအတွက် ရည်ရွယ်ချက်ကောင်းနဲ့ မင်းကိုထားခဲ့တယ် မင်းတစ်ခုခု လုပ်တော့မယ် ဆိုရင် နှစ်ခါပြန်စဉ်းစားပါ။ ”
ချာကျင်မှ သတိပေး၏။ မူယောင်က ချာကျင်ကို သတိထားမိပြီးဖြစ်သည်။ ထို့ကြောင့် ပြုံးလျက်၊
“ ဒေါ်လေး ... မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဤအမျိုးသမီးသည် အရမ်းလှပြီး သတိကြီးပြနေသည်။ ရယ်ချင်ဖွယ် ပေပင်။
( နင့်ကြီးတော် ဒေါ်လေး။)
“ မင်းငါ့ကို ဘယ်လို ခေါ်လိုက်တယ်။ ”
“ ခစ်ခစ်ခစ် ... ဒေါ်လေးက အရမ်း စိတ်ကြီးတာပဲ ... ဒေါ်လေးနဲ့ဦးလေးစုတို့က မျိုးဆက်တစ်ခုတည်းဆိုတော့ ဒေါ်လေးလို့ ခေါ်သင့်တယ် မဟုတ်ဘူးလား။ ”
( မြေခွေးမ ... ။ )
မြေခွေးဟူသည် ကြီးကြီးသေးသေး မြေခွေးများသာ ဖြစ်၏။ ချာကျင်က ပြုံးလျက် မူယောင်၏ ခေါင်းကို ပွတ်သပ်ကာ၊
“ ကောင်းပြီ ... မင်းက တကယ့် ကလေးတစ်ယောက်လိုပဲ ကလေးတွေအမှား လုပ်မိရင် တင်ပါးကို အရိုက်ခံရတတ်တယ် သတိထား။ ”
-ဟု လူကြီးတစ်ယောက်လို ပြုမူပြလိုက်၏။
“ ဒေါ်လေး ... စိတ်မပူနဲ့ ငါနားလည်တယ် ဦးလေးစု ငါ့ကိုရိုက်ရင် ဒါက ငါ့အကျိုးအတွက်ပဲ ဖြစ်လိမ့်မယ်။ ”
“ မင်းတို့ မပြီးသေးဘူးလား။ ”
ရုတ်တရက် စုရီမှ စိတ်မရှည်တော့ချေ။ ချာကျင်တစ်ယောက် ချက်ချင်း ထွက်ခွာသွား တော့၏။ မူယောင်မှ ပြုံးလျက် ရထားလုံးပေါ် လှမ်းတက်လိုက်သည်။
“ ဦးလေးစု ဘယ်သွားချင်လဲ။ ”
“ မြို့ပတ်မောင်းပါ။ ”
စုရီမှ ပြန်ဖြေသည်။ ချာကျင်အနားမှ ရထားလုံးဖြတ်သန်းသွားစဉ် ကျန်းမူယောင်က ပြတင်းပေါက်မှ ခေါင်းပြူပြီး၊
“ ဒေါ်လေး ... ငါအခု ဦးလေးစုကို ကူညီလိုက်ပါ့မယ် ... စိတ်ချလက်ချနေပါ။ ”
-ဟု ကတိပေးလိုက်၏။
ချာကျင်က အဝေးသို့ ရွေ့လျား ပျောက်ကွယ်သွားသော ရထားလုံးကို ကြည့်ကာ အေးစက်သော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
“ ဒီလို အရွယ် မရောက်သေးတဲ့ ကလေးမလေးတစ်ယောက်က ... ငါ့ကို ပြိုင်ဝံ့ သလား မွေးကင်းစ နွားကလေးတွေက ကျားကို တကယ်မကြောက်ဘူး … ။ ”
သို့သော် သူမစကားကို သူမ ရှက်ရွံ့ သွားလေသည်။ သူမဟူသည် သခင်လေး၏ အစေခံမျှသာ ဖြစ်၏။ ကျားတစ်ကောင် မဟုတ်ချေ။
***