မိန်းမဟူသည် ... ။
Vol. 13 Ch. 148
ရထားလုံးအတွင်းတွင် ကျယ်ဝန်းပြီး နီရဲနေသော သားရဲအရေခွံ ခင်းထားကာ အရက်၊ လက်ဖက်ရည်၊ သစ်သီးများနှင့် အခြားသော အဖျော်ယမကာများစွာ စီစဉ်ပေးထားသည်။
ထိုင်ခုံများသည် သက်တောင့်သက်သာ ရှိလှပြီး ရထားလုံး၏ လှုပ်ရှားမှုကိုပင် မခံစား ရချေ။ အမိုးနေရာတွင် လက်သီးအရွယ်ရှိ တောက်ပနေသော ပုလဲလုံးတစ်လုံးကို ချိတ်ဆွဲထား၏။
နှစ်ဖက်စလုံးတွင် လေဝင်လေထွက် ရှိသောကြောင့် အတွင်း၌ လေထုညစ်ညမ်းခြင်း လုံးဝမရှိချေ။
ဤသည်မှာ ကျန်းတျန်းဟီ ကိုယ်တိုင် စီးနင်းသော ရထားလုံး ဖြစ်နိုင်၏။ မဆိုးလှချေ။ ခရီးသွားသော် ဇိမ်ရှိနိုင်မည်။ ချက်ချင်းပင် ထိုအတွေးကို ငြင်းဆန်လိုက်သည်။
ခရီးသွားခြင်းသည် သဘာဝတရား၏ ကျက်သရေကို ခံစားခြင်းဖြစ်သည်။ တောင်များ၊ မြစ်များနှင့် အလှတရားကို တန်ဖိုးထားမှသာ တာအိုကို နားလည်ပေမည်။
ရထားလုံးသည် မြို့အတွင်း၌သာ အကောင်းဆုံးဖြစ်သည်။ ထိုစဉ်ကျန်းမူယောင်မှ နှစ်သက်ဖွယ် အပြုံးမျိုးဖြင့် စုရီအနား တိုးကပ်လာ၏။
“ ဦးလေးစု ... ငါတို့ ဘယ်သွားမလို့လဲ။ ”
“ ဟိုမှာ သွားထိုင် ... ။ ”
စုရီက ရထားလုံး ထောင့်နေရာကို ညွှန်ပြလိုက်သည်။
“ မင်းဆီက အရွက်ကိုးရွက်နှစ်တစ်ရာ ခရမ်းရောင်ပင်စိမ်းနဲ့ ... ရေမုန်လာဥ ရနံ့မျိုးတွေ ရနေတယ် ပြီးတော့ ...
... အနည်းဆုံး ပါဝင်ပစ္စည်း စုစုပေါင်း ကိုးမျိုးလောက်ရှိတယ် အဲဒီပေါင်းစပ်ထားမှုက ငါ့အရေပြားကို ယားယံစေတယ်။ ”
သူ့စကားကြောင့် ကျန်းမူယောင်ခမျာ မျက်နှာပြောင်းသွားပြီး ရုတ်တရက် အဆင်မပြေ ဖြစ်လာတော့၏။
ထို့နောက် သူမ ခါးနားရှိ အိတ်ကပ်ထံမှ ကြေးနီဒင်္ဂါးပြားစေ့အရွယ် ရနံ့အိတ်ကို ဖြုတ်ပြီး ပြတင်းပေါက်မှ လွှင့်ပစ်လိုက်သည်။
တစ်ဆက်တည်းမှာပင် ရထားလုံးထောင့်စွန်းသို့ ပြောင်းထိုင်ကာ၊
“ ဦးလေးစုက ... ဒီလိုရနံ့မျိုးနဲ့ မတည့်တာ ငါမသိလိုက်ဘူး အပြစ်ပေးချင်ရင် ငါ့တင်ပါးကို ရိုက်နိုင်ပါတယ် ... ။ ”
“ ဟမ့် ... ဘာကိစ္စ မင်းတင်ပါးကို ငါရိုက်ရမှာလဲ ... ။ ”
စုရီမှ မျက်ခုံးများကို ပွတ်သပ်လျက် စကားဆက် မပြောတော့ချေ။ ဂုဏ်ကျက်သရေ ဟူသော ဝေါဟာရသည် ဤမိန်းကလေးအမြင်၌ ပရောပရီနှင့် ရောထွေးနေပုံရ၏။ ရင်မောစရာပေပင်။
ခဏအကြာတွင် တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့ဘဲ ကျန်းမူယောင်ခမျာ အံကြိတ်လျက်၊
“ ဦးလေးစု ... မင်းအမြင်မှာ ငါက အရမ်း ရဲဝံ့လွန်းနေလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒီနားလာဦး ... ။ ”
စုရီက ပြန်မဖြေဘဲ လက်ပြသည်။ ကျန်းမူယောင်တစ်ယောက် ခဏမျှ ထိတ်လန့် သွားကာ အနည်းငယ် စိတ်ရှုပ်လျက် စုရီအနားသို့ တိုးကပ်လာခဲ့၏။
“ ဦးလေးစု ဘာလုပ်မို့လဲ။ ”
စုရီက သူ့လက်ကို ဆန့်တန်းပြီး နူးညံ့သိမ်မွေ့သော သူမမျက်နှာထံ သဘာဝ အတိုင်း ပွပ်သပ်ကြည့်လိုက်သည်။
မွှေးညှင်းများ ထောင်လာကာ ခန္ဓာကိုယ် တောင့်တင်းလျက် ချစ်စဖွယ် မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ဒေါသများ ထွက်ပေါ်လာ၏။
“ မင်းတုန့်ပြန်မှုအရ ရဲဝံ့လွန်းတယ်လို့ ယူဆလို့မရပါဘူး၊ ဟန်ဆောင်မနေနဲ့ မင်းအဖေ သတိပေး စကားတွေကို လိုက်နာပါ။ ”
“ ဟမ့် ... ။ ”
ကျန်းမူယောင်တစ်ယောက် တုန်လှုပ် သွားတော့သည်။ တစ်ဖက်လူသည် သူမ၏ စိတ်ကူးများကို သိနေပုံရ၏။
“ ဦးလေးစု မင်းဘာကို ပြောချင်တာလဲ။ ”
“ မနေ့ညက မင်းတို့သားအဖ စကားအများကြီးပြောပြီး မင်းငါ့ကို အစေခံဖို့ သဘောတူခဲ့တယ် မဟုတ်လား။ ”
ကျန်းမူယန်မှ ပြန်မဖြေချေ။ စုရီက သစ်သားပုံးအတွင်းမှ ဝိုင်ပုလင်းကို ကောက်ယူ လိုက်ပြီး တစ်ခွက်ငှဲ့သောက်လိုက်သည်။
“ ဒီနေ့ ... မင်းငါ့ကို ကစားပြီး အိမ်ပြန်သွားတဲ့အခါမှာ မင်းအဖေကို ငါက လူယုတ်မာအဖြစ် ပုံပြင်ပြောပြချင်နေတာ မဟုတ်လား။ ”
ဤတစ်ကြိမ်၌ ကျန်းမူယောင်ခမျာ စိတ်မသက်မသာ ဖြစ်လာတော့သည်။ စုရီက စပျစ်သီးကို ကောက်ဝါးကာ၊
“ ကျန့်မိသားစုရဲ့ ... မင်းသမီးလေးမို့ သူစိမ်းတစ်ယောက်ဆီမှာ ကျွန်တစ်ယောက် အဖြစ် ဘယ်လိုများ လုပ်ပြနိုင်မှာလဲ ...
... ဒါပေမယ့် မင်းက နည်းနည်း ထက်မြက်တဲ့အတွက် ငါ့ကို စော်ကားလိုက်ရင် မင်းအဖေ ခွင့်မလွှတ်ဘူးဆိုတာ သိနေတယ် ဒါကြောင့် ငါ့အတွက် ဒီလို ပျားရည် ထောင်ချောက်တွေ ဖန်တီးနေတာပဲ။ ”
ကျန်းမူယောင်မှ သက်ပြင်းချလိုက်၏။ ဟန်ဆောင်ရန် စိတ်ပျက်သွားပြီး မူလအသွင်မျိုး ပြန်ပေါ်လာသည်။
လှပသော မျက်ဝန်းများအတွင်း မာန အရိပ်အမြွက် ပေါ်လာသည်။ ခဏအကြာတွင် သူမက ပြုံးလျက်၊
“ ဦးလေးစု ... ငါမင်းကို နည်းနည်း သဘောကျလာပြီ ... အခုကစပြီး ငါမင်းကို ကစားတော့မှာ မဟုတ်ဘူး။ ”
-ဟု ဝင်ခံလိုက်တော့သည်။
“ ငါ့ခြေထောက်ကို နှိပ်ပေးပါ။ ”
စကားပြောရသည်ကို ပင်ပန်းဟန်ဖြင့် ခြေထောက်နှစ်ချောင်း ခုံပေါ်ပစ်တင်လိုက်ကာ စုရီမှ မှိန်းနေတော့၏။
ကျန်းမူယောင်ခမျာ မျက်လုံးများ ပြူးကျယ်သွားသည်။ အရှက်နှင့် ဒေါသများ တဟုန်ထိုး ဝင်လာပြီး အံကြိတ်လိုက်မိ၏။ သို့တိုင် နှိပ်ပေးရန် လက်လှမ်းလိုက်ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ လက်ဆယ်ချောင်းလုံး နာကျင် ကိုက်ခဲလာခဲ့၏။ သူမသည် ဖခင်ကိုပင် ဤသို့ ပြုစုရကောင်းမှန်း မသိခဲ့ချေ။
“ ရပ် ... ။ ”
ရုတ်တရက် စုရီမှ သွေးဖယောင်းတိုင် တစ်တိုင်ကို ထုတ်ယူလိုက်၏။ ဖယောင်းတိုင်မှ အနီရောင်အဆင်းများ တောက်ပလျက် သွေးရနံ့သင်းပျံ့လာသည်။
“ မင်းဒီမှာ နေခဲ့ ... ။ ”
ရထားလုံးပေါ်မှ ဆင်းပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ယိုယွင်းနေသော အိမ်များ ပြန့်ကျဲနေသော လူနေရပ်ကွက်တစ်ခုသာ ဖြစ်သည်။
“ ဒီနေရာက ဘာလဲ ... ။ ”
စုရီမေးခွန်းကို ပိန်းလှီသော ရထားထိန်းသမားက ရိုကျိုးစွာ ပြန်ဖြေ၏။
“ သခင်လေး၊ ဒီနေရာက ထာဝရငြိမ်းချမ်းရေးလမ်းပါ ... ဒီဒေသမှာ နေထိုင်သူ အများစုဟာ ကုန်သည်တွေပဲ။”
စုရီမှ ခေါင်းညိတ်ပြပြီး လက်တစ်ဖက်၌ သွေးဖယောင်းတိုင်ကိုင်ကာ ကျဉ်းမြောင်းသော လမ်းကြားဆီသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
“ ဦးလေးလျောင်၊ ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”
ကျန်းမူယောင်မှ မေးသည်။
“ မိန်းကလေး ... ဒီလူငယ်လေးဟာ ပတ်ဝန်းကျင်နဲ့ ရင်းနှီးဖို့ ... မြို့အနှံ့ လှည့်ပတ် သွားလာနေတယ်လို့ ထင်မိပေမယ့် အခုတော့ တစ်စုံတစ်ယောက်ကို ရှာနေတာ သိသာနေပါပြီ။ ”
“ တစ်စုံတစ်ယောက်ကို ရှာဖို့ သွေးဖယောင်းတိုင် တစ်တိုင်ကို သုံးနေတာလား တကယ့် ထူးဆန်းတယ်။ ”
“ မိန်းကလေး ဒီကမ္ဘာမှာ လျှို့ဝှက် ဆန်းကြယ်တဲ့ လူထူးလူဆန်းတွေ အများကြီး ရှိပါတယ် ဒီလူငယ်ကို မိသားစုခေါင်းဆောင်က အရမ်းလေးစားတဲ့အတွက် သူ့လုပ်ရပ်တွေမှာ ငါတို့စိတ်ကူးထက် ကျော်လွန်သွားတာ သဘာဝပါပဲ။ ”
“ ဟမ့် ... ဒီကောင်က လူကောင်း မဖြစ်နိုင်ဘူး ... မဟုတ်ရင် ဘာလို့ ငါ့ကို သူ့ခြေထောက် နှိပ်ခိုင်းရတာလဲ။ ”
“ သခင်မလေး၊ မိသားစုခေါင်းဆောင်က မင်းကို ပုလဲလိုဆက်ဆံတယ် ... ဒါပေမယ့် ဒီနေ့ မင်းရဲ့အဆင့်အတန်းကို နှိမ့်ချပြီး ဒီသခင်လေးရဲ့ အစေခံ ဖြစ်စေချင်နေတယ် ဒါဘာကြောင့်လဲ ဆိုတာ မင်းတွေးဖူးလား။ ”
“ သားသမီးကို အသုံးချချင်နေတာ။ ”
ကျန်းမူယောင်မှ မကျေမနပ်ဖြင့် ပြန်ဖြေလိုက်တော့၏။ အဖိုးအိုက သက်ပြင်းချ လိုက်လေသည်။
“ သခင်မလေး၊ ငါတို့ မိသားစုခေါင်းဆောင်က မင်းကိုအရင်တုန်းက ဒီလိုလုပ်ခဲ့ဖူးလား။ ”
“ မလုပ်ဘူး ... ဦးလေးလျောင် ဘာပြောချင်နေတာလဲ။ ”
“ ကမ္ဘာကြီးမှာ သားသမီးတွေကို မိဘတိုင်းက အနာဂါတ်အတွက် စီမံပေးတတ် ကြတာ သဘာဝပါပဲ ...
... ဒါကြောင့် ရည်ရွယ်ချက်ကို နားမလည်ရင်တောင် မင်းအတွက်ကောင်းဖို့ ဆိုတာ သိထားရင် လုံလောက်ပါပြီ။ ”
“ ဟမ့် ... ။ ”
- ဟူသော အသံကို မကျေမနပ် ညည်းတွားလျက် ကျန်းမူယောင်တစ်ယောက် ငြိမ်သက်သွားတော့၏။
များမကြာခင် စောင့်ဆိုင်းနေသော ရထားလုံးပေါ်သို့ စုရီ ပြန်ရောက် လာသည်။ တစ်ဆက်တည်းမှာပင်၊
“ ကောင်းကင်မူလ အကယ်ဒမီကို သွားမယ်ဆိုရင် ဘယ်လောက်ကြာနိုင်လဲ။ ”
ဦးလေးလျောင်မှ တွက်ဆလိုက်သည်။
“ ကောင်းကင်မူလအကယ်ဒမီက မြို့အပြင်ဘက် မိုင်ဒါဇင်ပေါင်းများစွာဝေးတယ် နာရီဝက်ထက် မနည်းပဲ။ ”
“ အပြင်လူတွေ ဝင်ခွင့်ပြုလား။ ”
“ မပြုဘူး ... ဒါပေမယ့် သခင်လေး သွားချင်ရင် ငါတို့မိန်းကလေးက ခေါ်သွားပေး နိုင်တယ် ... သူက ပဉ္စမမြောက် အကြီးအကဲရဲ့ နောက်ဆုံးတပည့်ပဲ။ ”
“ ကောင်းပြီ၊ အခုသွားရအောင်။ ”
စုရီမှ ခေါင်းညိတ်ပြပြီး မျက်စိမှိတ်ကာ အနားယူလိုက်တော့သည်။
“ ဦးလေးစု ... မင်းဘာလုပ်မို့လဲ။ ”
ကျန်းမူယောင်က စူးစမ်းချင်စိတ်ဖြစ်လာ၏။
“ ရောက်ရင် သိလိမ့်မယ်။ ”
အမျိုးသမီးဟူသည် တစ်စုံတစ်ရာကို သိချင်စိတ်ပျင်းပြလာပါက နည်းလမ်းပေါင်း တစ်ထောင်မက ကြံဆနိုင်၏။ ချက်ခြင်းပင် စုရီခြေထောက်များကို သူမပေါင်ပေါ် ဆွဲတင်ပစ်လိုက်သည်။
“ ဟမ့် ... ဘာလုပ်တာလဲ။ ”
ရုတ်တရက် ဖြစ်သဖြင့် စုရီတစ်ယောက် ထိတ်လန့်တကြား ဖြစ်သွား၏။
“ ဦးလေးစု ... ငါမင်းကို နှိပ်ပေးမယ်လေ။ ”
( အဟား ... ဦးလေးစု မင်းလည်း ကြောက်တတ်တယ်လား ... ကြီးမြတ်ချင်သလို ဟန်ဆောင်နေတာ ငါသိတယ်။ )
ကျန်းမူယောင်မှ ကောက်ကျစ်စွာ ပြုံးရယ်လျက် စေသနာပါပါ နှိပ်ပေးတော့သည်။ ဤတစ်ကြိမ်၌ စုရီတစ်ယောက် ရွစိရွစိ အထိအတွေ့ကြောင့် အမှန်ပင် ငြိမ်သက် မနေနိုင်တော့ချေ။
***