နောက်ဆုံး နှောင်ကြိုး ... ။
Vol. 13 Ch. 150
“ ဦးလေးစု ... မင်းဘာလို့ ဝမ်လင်ကျောက်ဆီ လာတာလဲ မင်းတို့ကြားမှာ ပတ်သတ်မှုရှိလို့လား။ ”
ကျန်းမူယောင်မှ အနည်းငယ် စူးစမ်းလိုက်သည်။
“ အရင်က ပတ်သတ်မှု အချို့ရှိပေမယ့် အခုတော့ ရှိတော့မှာ မဟုတ်ပါဘူး။ ”
စုရီက ပြန်ဖြေသည်။ ထိုအချိန်တွင် ရှန့်မင်နှင့်အဖွဲ့သည် ပေသုံးဆယ် အမြင့်ရှိသော နှစ်ထပ်နန်းတော်ရှေ့ ရောက်ရှိသွားပြီ ဖြစ်၏။
နှင်းကဲ့သို့ ဖြူဖွေးနေသော မိန်းကလေးတစ်ယောက်သည် နန်းတော် အတွင်းမှ လှမ်းထွက်လာသည်။
“ ဂျူနီယာညီမ ... မင်း ဒီနေ့ ရှေးဟောင်းစာပေတွေ လေ့လာဖို့ ကျမ်းဆောင် ဆီကို သွားမလို့လား။ ”
ရှန့်မင်မေးခွန်းကို ဝမ်လင်ကျောက်က စကားဖြင့်မဖြေဘဲ ခေါင်းညိတ်ပြသည်။ ရှန့်မင်မှ ပြုံးရယ်ပြီး ကျမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။
“ ဒီမှာ စီနီယာယွဲ့ရှစ်ချန် ရေးသားတဲ့ မှတ်တမ်းပါ မဟာသခင်နယ်ပယ်ကို ဖြတ်ကျော် တုန်းက ကြုံရတဲ့ အခက်အခဲတွေပဲ ...
... ငှက်မွှေးမှတ်တမ်းလို့ ခေါ်ပါတယ် မနေ့ကပဲ ငါ့အဖေ ကျောက်စိမ်းမြို့တော်ကနေ ယူဆောင်လာတာ။ ”
ငှက်မွှေးဘုရင် ယွဲ့ရှစ်ချန် ဟူသောအမည်ကြောင့် လူတိုင်း ရင်မောသွား ကြသည်။
မဟာကျိုးမင်းဆက်ရှိ အခြားသော မျိုးရိုးဘုရင်ကိုးပါးတွင် ငှက်မွေးဘုရင်သည် နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်၏။
အသက်ဆယ့်ငါးနှစ်တွင် မဟာသခင် အဆင့်ရောက်ရှိကာ အသက်ဆယ့်ခုနစ်နှစ်တွင် ရှန်ရှင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။
အသက်ဆယ့်ကိုးနှစ်အရွယ်တွင် လက်ရှိဧကရာဇ်ကျိုးမှ လူကိုယ်တိုင်ဆင့်ခေါ်ပြီး ဘုရင်ဘွဲ့ကို အပ်နှင်းခဲ့သည်။
ကျိုးမင်းဆက်သမိုင်းတစ်လျှောက် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်ကြီး အဖြစ်လည်း ချီးကျူးထား၏။
တစ်ချိန်က မဟာဝေနယ်နိမိတ်ကို ဝင်ရောက်ပြီးနောက် မဟာဝေ၏ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကိုးဦးကို ဆက်တိုက် သတ်ဖြတ်ပစ်ခဲ့သည်။
မူလက ထွက်ခွာရန် စီစဉ်ထားသော ဝမ်လင်ကျောက်မှ ရုတ်တရက် ရပ်တန့်သွားပြီး အနည်းငယ် အံ့သြသွား၏။
“ စိတ်ဝင်စားရင် တစ်ချက်လောက် ကြည့်လိုက်ပါဦး။ ”
ရှန့်မင်က ပြုံး၏။ ဝမ်လင်ကျောက်သည် ငှက်မွှေးဘုရင်ကို အလေးအမြတ် ထားကြောင်း သူ ကြားသိထားသည်။
“ ယူပါ ... ဒီစာအုပ်က အရမ်းတန်ဖိုးကြီးလွန်းတယ် ဖတ်ပြီးရင် မင်း ပြန်ပေးလို့ ရပါတယ် ... အပိုင်မပေးနိုင်တာ နားလည်မယ် ထင်ပါတယ်။ ”
ရှန့်မင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကမ်းပေးနေ၏။ ဝမ်လင်ကျောက်မှ မျက်နှာ လွှဲလိုက်ကာ၊
“ မေ့လိုက်ပါ၊ ဒီစာအုပ်က အရမ်း တန်ဖိုးရှိတယ် ငါမယူတော့ဘူး။ ”
-ဟု ငြင်းဆန်လိုက်သည်။
ထို့နောက် ရှန့်မင်ကို လျစ်လျူရှုပြီး ဆက်လက် လျှောက်လှမ်း သွားတော့သည်။ ဤအရာက ရှန့်မင်၏ အပြုံးကို ပျက်ယွင်းသွား စေသည်။
စာအုပ်တစ်အုပ်သည် တစ်စုံတစ်ဦးကို မဟာသခင်အဆင့်သို့ ရောက်ရှိရန် အတိုင်းအဆ မရှိ အထောက်အကူပေးနိုင်၏။ မည်သူမဆို လက်လွှတ်နိုင်မည် မဟုတ်ချေ။
“ ဝမ်လင်ကျောက်က ... ငါမျှော်လင့် ထားသလိုပါပဲ ... သူကို သာမာန်လူတွေလိုမျိုး ဆက်ဆံလို့ မရပါဘူး။ ”
အဝေးမှနေပြီး ကျန်းမူယောင်က မှတ်ချက်ပေးလိုက်သည်။ စုရီမှ တိတ်ဆိတ်စွာ ကြည့်နေဆဲ ဖြစ်၏။
ထိုအချိန်တွင် ရှေ့သို့ လျှောက်လှမ်း နေသောဝမ်လင်ကျောက်က ချက်ချင်း ရပ်ပြီး ဦးတည်ရာ တစ်ရပ်ထံ ငဲ့စောင်းကြည့် လာတော့သည်။
၎င်းအကြည့်သည် ကျန်းမူယောင်ကို ကျော်ကာ စုရီထံ တိုက်ရိုက်ကျဆင်းသွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။
***
ထင်းရှူးပင်အောက်တွင် လက်နှစ်ဖက်ကို နောက်ပို့လျက် ကျောက်စိမ်းရောင် ဝတ်စုံဖြင့် လူငယ်တစ်ယောက် ရပ်နေခဲ့သည်။
၎င်းကို မြင်ချိန်၌ အံ့အားသင့်မှုနှင့်အတူ ရေကန်ကဲ့သို့ ငြိမ်သက်နေသော နှလုံးသားသည် မကျေနပ်မှု၊ အံ့အားသင့်မှု၊ ရှုပ်ထွေးမှု စသည့် ခံစားချက်များ ရောထွေးလာတော့၏။
“ ခင်ပွန်း။ ”
ဤသည်မှာ အမြဲတမ်း စိတ်ပျက် အားငယ်နေတတ်သော သူမခင်ပွန်းဖြစ်သည်။ ထိုသူသည် ကောင်းကင်မူလအကယ်ဒမီသို့ အမှန်ပင် လာဝံ့နေသည်လော။
အဆုံးတွင် ခံစားချက်များကို ထိန်လျက် ၎င်းထံသို့ ဦးတည် လျှောက်လှမ်းသွားမိသည်။
“ ဟမ့် ... ။ ”
ရုတ်တရက် ဦးတည်ရာအရပ် ပြောင်းသွားသော ဝမ်လင်ကျောက်ကြောင့် ရှန့်မင်က ခေါင်းငဲ့ကြည့်လိုက်၏။ အဝေးမှ ကျန်းမူယောင်ကို ဦးစွာမြင်သည်။
၎င်းဘေးတွင် ရပ်နေသော စုရီထံ အကြည့်ကို ရွေ့ပြီးနောက် မျက်နှာအမူအရာမှာ ချက်ချင်း အေးစက်သွားချေပြီ။
“ ဒီကောင်က ဘယ်သူလဲ။ ”
မည်သူမျှ ပြန်မဖြေချေ။ ယင်းသည် အကယ်ဒမီ၏ အတွင်းတပည့် မဟုတ်ကြောင်း မြင်သာစေ၏။
“ ဒီမှာ ဘာလုပ်နေတာလဲ။ ”
ထိုအချိန်တွင် ဝမ်လင်ကျောက်က စုရီနှင့် ခြေသုံးလှမ်းအကွာတွင်ရပ်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
ဤသည်မှာ လက်ထပ်ပြီးနောက် တစ်နှစ်အတွင်း တတိယအကြိမ် မြောက်တွေ့ ဆုံခြင်းဖြစ်သည်။
“ ငါ ဒီကို လာချင်နေတယ်လို့ ထင်နေတာလား။ ”
စုရီမှ ပြန်မေး၏။
“ နင့်ကျင့်ကြံမှု ပြန်ကောင်းလာပြီး နဂါးတံခါးပြိုင်ပွဲမှာ ပထမ ဖြစ်လာတယ်ဆိုတာ ငါကြားတယ် ဒါပေမယ့် ငါဂရုမစိုက်ဘူးဆိုတာ နင်သိထားသင့်တယ် ...
... နင့်မှာ ကောင်းကင်ကို ရောက်နိုင်တဲ့ အရည်အချင်းမျိုး ရှိနေရင်တောင် ငါတို့ ဆက်ဖို့ မဖြစ်နိုင်ဘူး။ ”
ဝမ်လင်ကျောက်စကားကြောင့် ကျန်းမူယန်ခမျာ မျက်ခုံးပင့်မိ၏။ ဦးလေးစုသည် အမှန်ပင် ဝမ်မိသားစု၏ အသုံးမကျသော သားမက် ဖြစ်နေခဲ့ချေပြီ။
“ ငါသိတယ် ... ။ ”
ဝမ်လင်ကျောက်မှ အနည်းငယ် အံ့အားသင့်သွားစဉ် စုရီက သက်ပြင်းချကာ၊
“ ငါကို ... မင်းရဲ့ ခင်ပွန်းသည်အဖြစ် အသိအမှတ် ပြုမှုရအောင် ... လုပ်နေတာလို့ မင်းထင်နေတာလား ... ။ ”
“ မဟုတ်ဘူးလား ... ။ ”
ချက်ချင်းပင် သူမအဖြေသည် အနည်းငယ် သင့်လျော်ခြင်းမရှိဟု ခံစားလာရကာ၊
“ ငါပြောတာက နည်းနည်းတော့ တိုက်ရိုက်ဆန်တယ် နင့်အတွက် ကြားရတာ မသက်မသာ ဖြစ်နေလိမ့်မယ် ဒါပေမယ့် ...
... နင် ကွမ်လင်ကနေ ... ဒီကို ရောက်လာတည်းက ငါ့အသိအမှတ်ပြုမှုကို လိုချင်လို့ဆိုတာ ငြင်းမရပါဘူး။ ”
“ ဟမ့် ... ။ ”
စုရီက အံ့ဩစွာဖြင့် မျက်ခုံးပင့်မိသည်။ သို့သော် ရှင်းပြရန် ပျင်းလွန်းသဖြင့်၊
“ ကောင်းပြီ ... မင်းမှာ စာရွက်နဲ့ စုတ်တံရှိလား။ ”
-ဟု မေးလိုက်၏။
“ ဘာအတွက်လဲ။ ”
“ ကွာရှင်းရအောင် ငါတို့ကြိုးတွေကို ဖြတ်ရမယ်။ ”
ထိုအဖြေက ဝမ်လင်ကျောက်ကို အံ့အားသင့်သွားကာ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားစေသည်။ ခဏအကြာတွင်
“ ငါ့စကားက နင့်ကို အရှက်ရစေတာ ငါသိပါတယ် မဟာကျိုးမင်းဆက်ရဲ့ ဥပဒေအရ ငါ့ဝမ်မိသားစုကသာ ကွာရှင်းစာချုပ်ကို ရေးခွင့်ရှိတယ် နင်မဟုတ်ဘူး။ ”
-ဟု ငြင်းဆန်လိုက်သည်။
အဆုံးတွင် ဝမ်လင်ကျောက်တစ်ယောက် စိတ်ရှုပ်ထွေးလာခဲ့၏။ စုရီမှ မျက်မှောင်ကြုတ် လိုက်မိသည်။
“ ဒါဟာ သေမျိုးတွေရဲ့ စည်းမျဉ်းပဲ ... ငါတို့လို တာအိုကျင့်ကြံသူတွေအတွက် အသုံး မဝင်ပါဘူး ... စာရွက်နဲ့ စုတ်တံပေးပါ မင်းနဲ့ငါ သဘောတူသရွေ့ အဆင်ပြေတယ်။ ”
“ ဟမ့် ... ဒီလိုကလေးဆန်တာကို ရပ်လို့ရမလား ဒီလက်ထပ်ပွဲရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ... နင် မသိဘူးလား။ ”
စုရီက အလိုမကျဟန်ဖြင့် ကျန်းမူယောင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ‘ထွက်သွား’၊- ဟု အမိန့်ပေးလိုက်သည်။
ကျန်းမူယောင်မှ သူတို့ စကားဝိုင်းကို နားထောင်လိုသေးသော်လည်း နာခံမှုရှိစွာဖြင့် ထွက်ခွာသွားတော့၏။
ထိုမြင်ကွင်းကြောင့် ဝမ်လင်ကျောက်မှ မျက်ခုံးပင့်မိသည်။ ဤမိန်းကလေးသည် မည်မျှ မောက်မာပြီး တပည့်များအပေါ် ရက်စက်တတ် သည်ကို သူမ ကြားသိထားသည်။
ယခုမူ ထိုကောလဟာလများဖြင့် ဆန့်ကျင်ပြီး စုရီစကားတစ်ခွန်းကို နာခံမှုရှိနေ သည်မှာ ယုံနိုင်ဖွယ်မရှိချေ။
“ မြို့တော်က စုမိသားစုအကြောင်း ... မင်းပြောချင်နေတာလား သူတို့က မင်းအမြင်မှာ အစွမ်းထက်တဲ့ မိသားစုတစ်ခုလို့ ထင်ကောင်း ထင်နိုင်ပါတယ် ဒါပေမယ့် ...
... ငါအမြင်မှာတော့ သာမန် သေမျိုးမိသားစုပါပဲ ... မင်းသတိပေးနေစရာ မလိုဘူး ... အနာဂတ်မှာ ငါကျောက်စိမ်းမြို့ကို သွားပြီ ဒီကိစ္စကို အပြီးသပ်လိုက်မယ်။ ”
လျစ်လျူရှုလွန်းသော စကားလုံးများသည် အကြွင်းမဲ့မောက်မာမှုနှင့် ယုံကြည်မှု အပြည့်ရှိ နေသည်။
ဝမ်လင်ကျောက်မှ ဒေါသထွက်လာ၏။ စုမိသားစုသည် မဟာကျိုး၏ အာဏာ အပေါ်ပင် သက်ရောက်မှုပေးနိုင်သော မိသားစု ဖြစ်သည်။
တစ်ဖက်တွင်လည်း နှလုံးသားထဲ၌ နားမလည်နိုင်သော ဆုံးရှုံးမှုတစ်ရပ်ကို ခံစား လာရသည်။
သူမသည် ငှက်မွှေးဘုရင်ကဲ့သို့သော အဆင့်မျိုး ရောက်ရှိရန် အချိန်သုံးနှစ်သာလို၏။ ထိုအချိန်၌ စုမိသားစုကို အကြောင်းပြချက် ပေးပြီး ဖျက်သိမ်းနိုင်ပေမည်။
ယခုမူ ဤမတိုင်မီ တစ်ဖက်လူမှ ဖျက်သိမ်းရန် တောင်းဆိုလာခဲ့သဖြင့် သူမ လုပ်သမျှ အဓိပ္ပါယ်မဲ့သွားချေပြီ။
ဝမ်လင်ကျောက်တစ်ယောက် အချိန်ကြာကြီး တိတ်ဆိတ်နေသည်ကို မြင်ချိန်၌ စုရီက၊
“ မင်းယုံတာ ... မယုံတာထက် ပိုအရေးကြီးတာက မင်းနဲ့ငါ့ကြားကိစ္စတွေ ဒီနေ့ ပြီးပြတ်အောင် လုပ်ဆောင်ရမယ်။ ”
-ဟု ထပ်မံပြောကြားလိုက်သည်။
ဝမ်လင်ကျောက်၏ စိတ်နေသဘောထား အပြောင်းအလဲကို သဘာဝကျကျ သတိပြုမိပြီး စုရီမှ ခေါင်းရမ်းလိုက်မိသည်။
ပုစဉ်းရင်ကွဲများသည် ဆောင်းဦးပေါက် ကာလကို မသိနိုင်ဟူသည့် ရှေးဆိုရိုးစကားများ အမှန်ပင် ဖြစ်ပေမည်။
“ ဟမ့် ... ဥပဒေနဲ့ စည်းကမ်းတွေကို ဆန့်ကျင်ပြီး သားမက်တစ်ယောက်က ငါ့ကို ကွာရှင်းချင်တာလား အရည်အချင်းရှိလား ...
... နင်ကိုယ်နင် ဒုက္ခမပေးဘဲ ... ဒီမှာတင်ရပ်လိုက်ဖို့ အကြံပေးတယ် မဟုတ်ရင် နင့်ကိုငါ ပိုပြီး စိတ်ပျက်စေမိလိမ့်မယ်။ ”
ထိုစကားကို ပြောပြီးနောက် ဝမ်လင်ကျောက်မှ လှည့်ထွက်သွားတော့သည်။
“ ကွာရှင်းစာ တစ်စောင်က မင်းအတွက် နည်းနည်းတော့ ရှက်စရာပါပဲ ... ဒါပေမယ့် ငါတို့ ကွာရှင်းပြီးရင် မင်းပျော်ရလိမ့်မယ် ... ဒါက ထိုက်တန်ပါတယ်။ ”
စုရီစကားကြောင့် ဝမ်လင်ကျောက်မှ ခေတ္တရပ်လိုက်ပြီး ထိန်းမနိုင်သိမ်းမရ ဒေါသများ ပေါက်ကွဲလုမတတ်ဖြစ်လာ၏။
အဆုံးတွင် ဓားတစ်လက်ကဲ့သို့ ထက်ရှသောအကြည့်ဖြင့် ပြန်လှည့်ကြည့်ပြီး၊
“ ငါစိတ်ရှည်နေတုန်း ... နင်ထွက်သွားရင် ပိုကောင်းလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
***