အပြစ်ဒဏ် ... ။
Vol. 13 Ch. 154
“ ရွှပ် ... ။ ”
ကောင်းကင်ရှိ ရစ်သိုင်းလာသော ဓားရောင်ဝါများသည် ရုတ်တရက် ရပ်သွားကာ အသိုက်ထံပြန်သည့် ငှက်တစ်ကောင်အလား နောက်ပြန်လှည့်သွားကြသည်။
လီဖုန်ရှင်းသည် ဓားတာအိုသည် ချန်ကွာခယ်ထက် နိမ့်ကျခြင်းမရှိချေ။ သို့သော် ၎င်းသည် ထိုဓားကို ပြန်သိမ်းလိုက်သည်မှာ သူ့ကိုယ်သူ ကယ်တင်ရာရောက်ချေပြီ။
ယင်းအစား ဓားကိုသာ လွှဲခဲ့ပါက လူသေ ဖြစ်သွားပေလိမ့်မည်။ မဝေးလှသော အရပ်ဆီမှ လူသုံးယောက် ရွေ့လျားလာသည်။
ဦးဆောင်သူသည် တိမ်ပုံသဏ္ဍာန်ပါရှိသော ခရမ်းရောင်၀တ်စုံ ၀တ်ဆင်ထားခဲ့ပြီး ဆံထုံးကို သပ်ရပ်စွာ ချည်နှောင်ထား၏။
အသက်အရွယ်အရ ဆယ့်နှစ်နှစ်သာ ရှိသေးသည့် အပြစ်ကင်းစင်သော မိန်းကလေး တစ်ယောက်ဖြစ်သည်။
သို့သော် သတိထား ကြည့်ပါက သူမမျက်ဝန်းများတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ကိန်းဝပ်နေ၏။
ဆိုလိုသည်မှာ ပြန်လည်နုပျိုခြင်းကို ရယူထားသော ကျွမ်းကျင်သူ တစ်ယောက် ပေပင်။ လက်ရာမြောက်ချေ၏။ စိတ်ဝင် စားစရာပေပင်။
အနိမ့်ဆုံးအဆင့် အစွမ်းထက်သော ယိုတစ်ကောင် ဖြစ်နိုင်သည်။ သေမျိုးကမ္ဘာတွင် မြေကြီးအဆင့် ကျွမ်းကျင်သူပင် ‘နုပျိုခြင်း’၏ လျှို့ဝှက်ချက်ကို နားမလည်ချေ။
သူမဘေးတွင် အလွန်အိုမင်းနေသည့် အဖိုးအိုတစ်ဦးနှင့် နဖူး၌ အမာရွတ်ပါရှိသော အမျိုးသားတစ်ဦး လိုက်ပါလာ၏။
“ ဦးလေးစု၊ ဒါ ... နန်းတော်သခင် ... ၊ ပထမအကြီးအကဲနဲ့ ဒုတိယ အကြီးအကဲတွေပဲ။ ”
ကျန်းမူယောင်ခမျာ တုန်ယင်စွာဖြင့် မိတ်ဆက်ပေးလေသည်။ နန်းတော်သခင်၏ အမည်မှာ နင်စစ်ဟွာဖြစ်၏။
သူမနောက်ခံသည် မဟာကျိုး၌ အလျှို့ဝှက်ဆုံးပေပင်။ အကယ်ဒမီကို တာဝန်ယူ ခဲ့သည်မှာ အနှစ်နှစ်ဆယ်ရှိပြီ ဖြစ်၏။
ထိုကာလအတွင်း လောကီရေးရာ အမှုကိစ္စများအပေါ် ဂရုမစိုက်ဘဲ ကြိုးကြာငှက် တစ်ကောက်ကဲ့သို့ တောင်တန်များအတွင်း အမြဲတမ်း ခရီးသွားလာနေတတ်သည်။
နှစ်များကြာလာသည်နှင့်အမျှ အကယ်ဒမီရှိတပည့်အများစုသည် သူမကို မေ့လျော့ကုန်သည်။
သူမဘေးနားရှိ အဖိုးအိုသည် ကိုယ်ခံပညာနယ်ပယ် ပဉ္စမအဆင့် မဟာသခင် ရှန့်ကျန်းဖြစ်သည်။
နဖူးတွင် အမာရွတ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် စတုတ္ထ အဆင့် မဟာသခင်ဟန်ကျိုး ဖြစ်၏။
“ မင်္ဂလာပါ နန်းတော်သခင်။ ”
ဝမ်ကျန့်ချုံး၊ လီဖုန်ရှင်းနှင့် တပည့်များ အားလုံးက နှုတ်ဆက်လိုက်သည်။ စုရီသည်သာ ကွဲပြားခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေခဲ့၏။
နင်စစ်ဟွာက လူတိုင်းကို လျစ်လျူရှုပြီး ချူခုံချောင်ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်သည်။ ဝမ်ကျန့်ချုံးမှ လှမ်းတက်လိုက်ကာ ရှင်းပြရန်ပြင်မိ၏။
“ နန်းတော်သခင်၊ အခုပဲ ... ။ ”
“ ငါ အကုန်သိတယ်။ ”
နင်စစ်ဟွာမှ လှည့်ပင် မကြည့်ဘဲ ဝမ်ကျန့်ချုံးကို လက်ရမ်းပြလိုက်၏။ ဝမ်ကျန့်ချုံး တစ်ယောက် ပါးစပ်ပိတ်လိုက်ရသည်။
ခဏအကြာတွင် နင်စစ်ဟွာမှ ချူခုံချောင်အလောင်းထံမှ အကြည့်များကို ပြန်ရုတ်လိုက်ပြီး၊
“ ဒုတိယအကြီးအကဲ၊ ဒီအလောင်းကို တာဝန်ယူလိုက်။ ”
-အမိန့်ပေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြကာ ချူခုံချောင်ခန္ဓာကိုယ်ကို ကောက်ကိုင်လျက် လှည့်ထွက်သွား၏။
“ မဟာအကြီးအကဲ၊ သူတို့ကို ခေါ်သွား။ ”
“ ဟုတ်ကဲ့ ... ။ ”
အဘိုးအိုရှန့်ကျန်းက အနည်းငယ် ဦးညွှတ်လိုက်ပြီး လူတိုင်းထံ ဝေ့ကြည့်ကာ၊
“ သွားရအောင် ... ။ ”
-ဟု ပြောကြားလိုက်သည်။
ရှန့်မင်နှင့် အခြားသူများသည် အပျော်သဘောဖြင့် စုရီအရိုက်ခံရမည့် အရေးကို ကြည့်ရှုရန် အလွန်စိတ်ထက်သန်နေကြ သော်လည်း လိုက်ပါသွားရ၏။
ဝမ်လင်ကျောက်တစ်ယောက် လှည့်ထွက်သွားသည်ကို မြင်ချိန်၌ စုရီက မျက်မှောင်ကြုတ်ပြီး၊
“ မင်းနဲ့ ငါကြားက ... ကိစ္စပြီးမှ ထွက်သွားလည်း ... သိပ်နောက်ကျဦးမှာ မဟုတ်ပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်းတုန့်ဆိုင်းစွာဖြင့် လှည့်ကြည့် ကြသည်။ အန္တရာယ်ကို မသိနားမလည်သော ပိုးဖလံတစ်ကောင် ပေပင်။
နန်းတော်သခင် ရှေ့တွင် မဟာအကြီးအကဲသည်ပင် အသံမထွက်ဝံ့ သည်ကို လူတိုင်းမြင်သာ၏။
“ ဦးလေးစု မင်းလေသံကို နည်းနည်း ပြင်လို့မရဘူးလား။ ”
ကျန်းမူယောင်မှ သတိပေးလို၏။ သို့သော်လည်း အသံထွက်မလာချေ။ ရှန့်မင်က ရွှင်မြူးသွားသည်။
ဝမ်လင်ကျောက်မှ အံ့အားသင့်သွား၏။ တစ်ဖက်လူသည် အမှန်ပင် သေခြင်းတရားကို သိပုံမရချေ။
“ ဒါဆို ဝမ်လင်ကျောက်နေခဲ့။ ”
နန်းတော်သခင်မှ အမိန့်ပေးသည်။ အံသြလွန်းသဖြင့် လူတိုင်း မျက်လုံးများပြူး ကုန်တော့၏။ သူတို့၏ နန်းတော်သခင်သည် မည်သည့်အချိန်ကစကာ ဤသို့စကားပြော လွယ်ကူလာသနည်း။
တပည့်တိုင်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လာသည်။ စုရီမှ ထင်းရှူးပင်အနား လျှောက်လှမ်းသွားကာ မှင်ကျောက်ကို ပြန်ကြိတ်နေ၏။
လီဖုန်ရှင်းနှင့် ဝမ်လင်ကျောက်တို့က စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိ၏။ လက်ရှိ အချိန်၌ ဤစာချုပ်သည် အသက်ထက် အရေးပါနေသည်လော။
ဤသည်မှာ သူတို့နှစ်ဦး အမြင်ဖြစ်သည်။ နန်းတော်သခင်မှာမူ စုရီအနားသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းသွားပြီး၊
“ မင်းလိုလူက ... ဘာလို့ ဒီစာချုပ်ကို အလေးအနက် ထားနေတာလဲ တာအိုမိတ်ဆွေ။ “
“ တာအို မိတ်ဆွေ ... ။ ”
မှင်ကြိတ်နေသော စုရီ၏လက်က ရပ်တန့်သွားသည်။ ဤနာမ်စားကို ကြာရှည်စွာ မကြားခဲ့ရသဖြင့် ပျောက်ဆုံးသွားသော ခံစားချက်ကို ပြန်လည်နိုးထစေသည်။
စုရွှမ်ကြွယ်ဘဝ အမှတ်တရများနှင့်အတူ လူများစွာ၏ ပုံရိပ်များ ပေါ်လာသည်။ လွမ်းစရာ ကောင်း၏။
“ မင်းသိနေတာပဲ ... ဘာလို့ မေးနေရသေးလဲ ... မင်းငါ့ကိုတားဖို့ စီစဉ် နေတာလား။ ”
စုရီက နင်စစ်ဟွာကို ပြန်လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။ ဤလူသည်မဟာကျိုးတွင် အဆန်းကျယ်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။
ဧကရာဇ်ကျိုးသည်ပင် မျိုးဆက်သွေး ထူးခြားသော ယိုတစ်ကောင်အဖြစ် ယူဆချေပြီ။ စုရီ၏ စကားလုံးများသည် ရိုသေခြင်း၊ ကြောက်ရွံ့ခြင်းကင်းသည်။
နင်စစ်ဟွာက ခေါင်းရမ်းလိုက်ပြီး၊
“ ငါ့အတွက် သူတို့ကို အာရုံစိုက်နေဖို့ မလိုပါဘူး။ ”
-ဟုပြန်ဖြေ၏။
ဝမ်ကျန့်ချုံးတစ်ယောက် အံ့သြမှုနှင့် သံသယများ ပြည့်နှက်လာသည်။ နန်းတော် သခင်သည် စုရီအပေါ် သတိထားနေ၏။ နားမလည်နိုင်ချေ။
သူ့ဘေးရှိ လီဖုန်ရှင်းသည်လည်း မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာများ ပေါ်လာသည်။
“ လောကီမှာ ကျင်လည်တဲ့အခါ နှောင်ကြိုးတွေကနေ လွတ်ကင်းအောင် နေနိုင် ရမယ် ငါ့အတွက် စိတ်နှလုံးကို အဟန့်အတား ဖြစ်စေမဲ့ အရာတိုင်း ...
... ဖယ်ရှားဖို့လိုတယ် ... ဒါကို လျစ်လျူရှုထားမိရင် တစ်ချိန်မှာ ဥပါဒါန်ကြောင့် ကပ်ဘေး ရောက်ရတတ်တယ်။ ”
စုရီမှ ပြောကြားလိုက်သည်။
“ နှလုံးသားထဲက ကြိုးတွေကို ဖြတ်ပြီး ပိတ်ဆို့မှုတွေကို ကျော်လွှားပါ ... ငါနားလည်ပြီ တာအိုမိတ်ဆွေ၊ ဒါပေမယ့် ငါတို့ဒီစာချုပ်ကို မဖျက်သိမ်းခင် ဒီနေ့ကိစ္စကို ဘယ်လို အဆုံးသတ်သင့်တယ်လို့ ထင်လဲ။ ”
ဤစကားဝိုင်းကို နားထောင်နေသော ဝမ်လင်ကျောက်တစ်ယောက် အနည်းငယ် အံ့သြနေမိသည်။
မဟာကျိုးတွင် ဒဏ္ဍာရီတစ်ပုဒ်လို ကျော်ကြားသော နန်းတော်သခင်သည် စုရီကို ဆက်ဆံရာ၌ ကျိုးကြောင်းဆင်ခြင်နေ၏။ ထူးဆန်းချေပြီ။
ဝမ်ကျန့်ချုံးနှင့် လီဖုန်ရှင်းသည်ပင် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ စိတ်လှုပ်ရှားလာကြ၏။ အဆုံးတွင် သူတို့၏ နန်းတော်သခင် လှုပ်ရှားပေတော့မည်။
စုရီက မှင်ကျောက်ကို ဖယ်လိုက်ပြီး နင်စစ်ဟွာဟူသည့် အမျိုးသမီးထံ ပြန်လှည့် ကြည့်လိုက်၏။
“ ငါနဲ့ ရန်သူဖြစ်ရင် အကျိုးဆက်က ဘယ်လောက်အထိ ဆိုးရွားနိုင်တယ်ဆိုတာ မင်းသိသင့်တယ်။ ”
သူ့စကားက ကြီးစိုးပြီး တည်ငြိမ်နေသည်။ ကြမ်းပြင်ကို မမြင်ရသော သမုဒ္ဒရာကြီးတစ်စင်း အလား ခန့်မှန်းရခက်ချေ၏။
“ မင်းဘယ်လို သတ္တိရှိလဲ။ ”
ဝမ်ကျန့်ချုံးက မထိန်းနိုင်တော့ဘဲ၊
“ မင်းက ဒီလိုမျိုး ခြိမ်းခြောက်ပြီး နန်းတော်သခင် ဂုဏ်သိက္ခာကို စော်ကားဝံ့လား သေဖို့ထိုက်တန်တယ်။ ”
-ဟု ပြေးဝင်တိုက်ခိုက်ရန် ပြင်တော့၏။
စုရီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လေသည်။ နင်းစစ်ဟွာမှ သက်ပြင်းချ လိုက်၏။
“ မင်းကို အရှက်ရစေခဲ့တဲ့အတွက် တောင်းပန်ပါတယ် တာအိုမိတ်ဆွေ ... ။ ”
ထို့နောက် ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါတွင် လှိုင်းကြီးတစ်ခုက ဝမ်ကျန့်ချုံးခန္ဓာကိုယ်ကို ဘေးသို့ တွန်းဖယ် ပစ်တော့သည်။
“ ဝုန်း ... ။ ”
အဆုံးတွင် ချောက်ကမ်းပါးနံရံဖြင့် ပြင်းထန်စွာထိမှန်ကာ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးထွက်လာ၏။
ခန္ဓာကိုယ်တစ်ခုလုံး ကျောက်နံရံ၌ နစ်မြုပ်သွားချေပြီ။ လူတိုင်း တိတ်ဆိတ်သွား၏။
“ ငါစကားပြောနေတယ် ... နောင်တချောက်ကမ်းပါးမှာ တစ်နှစ်တိတိ ဆင်ခြင်ပါ ခြေတစ်လှမ်းမှ မထွက်နဲ့။ ”
နောင်တ ချောက်ကမ်းပါးဟူသည် ကောင်းကင်မူအကယ်ဒမီ၏ အရက်စက်ဆုံးနှင့် ပြစ်ဒဏ်အကြီးဆုံးအရပ် ဖြစ်သည်။
ကြီးလေးသော ရာဇ၀တ်မှု ကျူးလွန်သူများကိုသာ အကျဉ်းချထား၏။ နေ့ညမပြတ် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းသည်။
၎င်း၌ တစ်နှစ်ကြာနေရခြင်းသည် မဟာသခင်တစ်ဦးအတွက်ပင် ကြီးလေးချေပြီ။ မသေသော်မှ ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်၏။
***