← Chapters

အခန်း (၃၀)

Vol. 12 Ch. 30

အခန်း (၃၀)

Vol. 12 Ch. 30

မင်းလွင်က သူ့ရှေ့မှာရှိနေတဲ့ မိန်းကလေးကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ မျက်လုံးတွေက ဘာခံစားချက်မှ ရှိတော့တဲ့ပုံမပေါ်ဘဲ ငေးကြောင်နေပြီး ပါးစပ်ကနေ သွားရည်တွေစီးကျနေပါတယ်။ ပခုံးကို ကိုင်ပြီးတော့ လှုပ်နှိုးပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။ သုံးနှစ်သမီးကလေးတစ်ယောက်လိုမျိုး အဓိပ္ပါယ်ဖော်မရတဲ့ ဝူးဝါးဝူးဝါး ညည်းညူသံလောက်ပဲ ထွက်လာတယ်။

“ခင်ဗျား၊ သူ့ကို ဘာလုပ်ခဲ့တာလဲ။” မင်းလွင်က ဒေါသ ထွက်လာပြီး ဆိုက်ဘာခရိုးဆီကို တိုးကပ်သွားခဲ့တယ်။ ဆိုက်ဘာခရိုးက အေးအေးဆေးဆေးပဲ ရှိနေပြီးတော့ အခုလိုပြောလိုက်တယ်။

“ သူ့ရဲ့ဦးနောက်ကို ဖျက်ဆီးခဲ့ရုံလေးပါ။ ဒါမှ အနာဂတ်မှာ အခုလိုအန္တရာယ်များတဲ့ အလုပ်မျိုး သူမလုပ်နိုင်တော့မှာ။”

အမြဲတမ်းလိုလို မာဂရပ်ရဲ့အလုပ်က ကြိုးတန်းတစ်ခုပေါ်မှာ လမ်းလျှောက်နေခဲ့တာပါ။ ရာဇဝတ်ဂိုဏ်းတွေနဲ့ အရင်းရှင်ကြီးတွေရဲ့မကောင်းသတင်းတွေကို ဖောက်ချရင်း အကြိမ်ကြိမ်အသတ်ခံရမလိုမျိုး ဖြစ်ခဲ့တယ်။ အမြဲတမ်းလိုလို မင်းလွင်က သူ့ကိုကာကွယ်ပေးခဲ့ပေမဲ့ အခုတစ်ခါမှာတော့...

“ဘာလို့လဲ... ခင်ဗျားကို ဘယ်တုန်းကမှ မလိမ်တဲ့သူလို့ ထင်ထားခဲ့တာ။”

“ငါမလိပ်ခဲ့ပါဘူး။ ငါပြောထားတဲ့အတိုင်း မာဂရပ်ကို နင့်ဆီ ပြန်ပေးခဲ့တာပဲလေ။”

“ခင်ဗျားက သူ့ကိုသတ်ပစ်ရုံတင်မကဘဲ သေပြီးတဲ့သူတွေကို မလေးမစားလုပ်တယ်။”

မင်းလွင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဆိုက်ဘာခရိုးနဲ့မျက်နှာကို ထိုးချလိုက်တယ်။ ဆိုက်ဘာခရိုး မခုခံတဲ့အတွက် ဆုံလည်ကုလားထိုင်ပေါ်က ပြုတ်ကျသွားပြီ။ ဒါပေမဲ့ မင်းလွင်က ဒေါသမပြေသေးဘဲ ဆိုက်ဘာခရိုးကို အပေါ်စီးကနေပြီး လက်သီးနဲ့ဆက်ထိုးတယ်။

သတ္တုမျက်နှာဖုံး ဝတ်ထားတဲ့အတွက် လက်ဆစ်အရေပြား ပေါက်ပြဲပြီး သွေးတွေအများကြီးထွက်လာပေမဲ့ နာကျင်မှုကို သူဂရုမစိုက်ဘူး။ နောက်ဆုံး သတ္တုမျက်နှာဖုံးက ပိန်လိန်ပြီး ကျွတ်ထွက်သွားမှ သူရပ်လိုက်တယ်။

ပထမဆုံးအနေနဲ့ ဆိုက်ဘာခရိုးရဲ့မျက်နှာအစစ်ကို သူမြင်ဖူးတာပဲ။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေ။ သိမ်မွေ့ပြီးကျက်သရေရှိတဲ့ မျက်နှာ။ ဒါပေမဲ့ ညာဘက်မျက်လုံးနေရာက အဖြူရောင် သက်သက်ဖြစ်နေပြီး မီးလောင်ဒဏ်ရာတစ်ခုက သူ့နဖူးနေ မျက်လုံးအောက်မျက်ခွံအထိ ရှိနေကာ ရှိရင်းဆွဲ အလှတရားကို ဖျက်ဆီးထားသလိုပါပဲ။

“မဖြစ်နိုင်တာ... ခင်ဗျားက.... ခင်ဗျားကို သေသွားပြီလို့ပဲ ကျွန်တော်ထင်ထားတာ။”

မျက်နှာဖုံးအောက်က မျက်နှာရှင်က ပြုံးလိုက်တယ်။ အဲဒီနောက် မင်းလွင်ရဲ့မျက်နှာကို သူ့လက်တွေ ဆန့်ထုတ်လိုက်ပြီး ညင်သာစွာထိတွေ့လိုက်တယ်။

“ဟုတ််တယ်... ငါက ဖလေရာ ဘယ်ရီဂရင်းပါပဲ။”

လွန်ခဲ့တဲ့နှစ်အနည်းငယ်က နယူးယောက်မြို့ရဲ့မျက်နှာဖုံး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ပလာဒင်အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီက ဒေဝါလီခံခဲ့ရတယ်။ ကုမ္ပဏီရဲ့ဆက်ခံသူဖြစ်တဲ့ ဖလေရာကတော့ သူ့ကိုယ်သူနဲ့မိသားစုကို ကာကွယ်ဖို့အတွက် နယူးယောက်ရဲ့မာဖီးယားဥက္ကဋ္ဌဖြစ်သူ ရေဂင်စီနီယာရဲ့သား ရေဂင်ဂျူနီယာကို လက်ထပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ရေဂင်စီနီယာအပါအဝင် သုံးဦးလုံး ရဟတ်ယာဥ်ပျက်ကျမှုထဲမှာ ပါသွားပြီး သုံးဦးလုံး သေဆုံး ခဲ့ရပါတယ်။ အဲဒီနောက်မှ အခုဥက္ကဋ္ဌ ဆိုက်ဘာခရိုးက ဒီမြို့ကို ရောက်လာခဲ့တာပါ။

“အဲဒီတုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောခဲ့တာ အလိမ်အညာ မဟုတ်ပါဘူး။ ဒီအတိုင်း ငါ့ကိုယ်ငါ မကယ်တင်နိုင်ခဲ့ရုံပါ။”

ဖလေရာက ဆက်ပြောတယ်။ မင်းလွင်ကတော့ တိတ်ဆိတ် နေခဲ့ပါတယ်။ မြို့ရဲ့သူရဲကောင်းစဖြစ်ကာစ မဟာမိတ်တွေ အများကြီးမရှိခင် မင်းလွင်ဟာ ဖလေရာရဲ့ကုမ္ပဏီမှာ ဖလေရာရဲ့ကိုယ်ရေးလက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးတယ်။

မိန်းမလှလေးတစ်​ယောက်နဲ့အတူ နေ့စဥ်အလုပ်လုပ်ခဲ့ပြီး နောက်မှာတော့ မင်းလွင်က အရဲစွန့်ပြီး ဖွင့်ပြောခဲ့ရာကနေ ချစ်တယ်ဆိုတဲ့အဖြေကို ရခဲ့တာ။ ဒါပေမဲ့ အဲဒီအဖြေရပြီး မကြာခင်မှာပဲ ဖလေရာက လက်ထပ်သွားခဲ့တယ်လေ။

“ဒီဒဏ်ရာက...” မင်းလွင်ရဲ့လက်တွေက တုန်ယင်နေတယ်။ သူ့လက်တွေက ဖလေရာရဲ့မီးလောင်ခံထားရတဲ့ မျက်လုံးဆီ ရောက်သွားတယ်။

“ရေဂင် လုပ်ခဲ့တာလေ...” ဖလေရာရဲ့လေသံမှာ မုန်းတီးမှု များစွာပါဝင်နေတာကို မင်းလွင်သတိထားခဲ့မိတယ်။

“ငါသူ့လက်အောက်ကို ကျသွားပြီးတဲ့နောက် ကလဲ့စားချေဖို့ တစ်ခုတည်းကိုပဲ ငါတွေးနေခဲ့တာ။ ငါ... ငါ... သာမန်လူတွေ မတွေးဝံ့တဲ့ ကိစ္စတွေအများကြီး လုပ်ခဲ့မိတယ်။ ငွေလိုချင်တဲ့ လူတွေကို ငွေပေးခဲ့ပြီး... အလိုရမ္မက်ကြီးတဲ့သူတွေအတွက် ငါ့ခန္ဓာကိုယ်ကိုတောင် ပေးဆပ်ခဲ့ရတယ်။”

ဖလေရာက သူ့ကိုယ်သူရွံရှာမုန်းတီးနေပုံနဲ့ ခန္ဓာကိုယ်ကို ပြန်ဖက်ထားလိုက်တယ်။ “မနက်နိုးလာတိုင်း ငါ့ကိုယ်ငါ ခံစားမိတယ်။ ငါ့ခန္ဓာကိုယ်က မသန့်စင်တော့ဘူး။”

“တစ်နေ့ ရေဂင်က ငါဖောက်ပြန်နေတာကို သိသွားပြီး ငါ့မျက်လုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ကျသွားပြီ။ သူတို့သားအဖရဲ့အင်ပါယာကို လုယူမယ့် ငါ့အကြံက အောင်မြင်သွားပြီ။”

ဖလေရာရော မင်းလွင်ရော တစ်ယောက်နဲ့တစ်ယောက် အကြာကြီး စိုက်ကြည့်နေခဲ့မိကြတယ်။ မင်းလွင်က သူ့ရှေ့မှာ ရှိနေတဲ့ ဖလေရာကို လုံးဝ နားမလည်နိုင်တော့ဘူးလို့ ခံစားနေရတယ်။ အရင်နှစ် အနည်းငယ်က သူသိခဲ့တဲ့ ဖလေရာက ဒီလိုကိစ္စတွေ အများကြီးကို လုပ်မှာမဟုတ်ဘူးလေ။

“ဒါပေမဲ့ ဘာတွေလဲ... ခင်ဗျားက ဖလေရာဆိုရင် ဒါတွေ အားလုံးကို လုပ်စရာမရှိဘူးလေ။ ဘာကြောင့် သူတို့ကို သေတာထက်ေတာင် ဆိုးဝါးတဲ့ ကံကြမ္မာမျိုးနဲ့ ကြုံရအောင်လုပ်တာလဲ။ ဘာလို့လဲ... ဘာလို့လဲ....”

မင်းလွင်က ဖလေရာရဲ့အင်္ကျီကော်လံကို ကိုင်ဆွဲထားရင်း အော်ဟစ်နေတယ်။ အရူးတစ်ယောက်လိုပဲ။ ခံစားချက်တွေ ဆူပွက်နေပြီး ပေါက်ကွဲထွက်လာတယ်။ ဖလေရာကတော့ မျက်ရည်တွေစီးကျနေပေမဲ့ မင်းလွင်ရဲ့ပုံစံကို ကြည့်ရင်း ပြုံးနေမိတယ်။

“နင်သိသား... ဒီတာဝါရဲ့ထိပ်ဆုံးကို နင်တက်လာနိုင်လို့ င သိပ်ဝမ်းသာတာပဲ။ ငါ့ကို အဆုံးသတ်ပေးမယ့်သူက နင်ဖြစ်နေတာ သိလိုက်ရလို့လေ။”

ဖလေရာက ကြမ်းပြင်မှာကျနေတဲ့ သေနတ်ကိုလှမ်းယူပြီး မင်းလွင်ရဲ့လက်ထဲ ထည့်ပေးခဲ့တယ်။ မင်းလွင်ကတော့ ခေါင်းခါရင်း...

“ခင်ဗျားက ကျုပ်သတ်တာကို ခံချင်တာလား။”

ဖလေရာက ခေါင်းညိတ်ပြတယ်။ “ ဒီနှစ်တွေပြီးတဲ့နောက် င သိလိုက်ရတာက ငါရောက်နေတဲ့နေရာဟာ လွယ်လွယ်နဲ့ ပြန်လှည့်လို့ရတဲ့ နေရာမျိုး မဟုတ်တော့ဘူးဆိုတာပဲ။”

မြို့ထဲက မာဖီးယားဂိုဏ်းအားလုံးကို ထိန်းချုပ်ထားတဲ့သူ ဖြစ်လာပြီးတဲ့နောက် ဆိုက်ဘာခရိုးတစ်ဖြစ်လည်း ဖလေရာဟာ အားနည်းချက်နည်းနည်းလေးကိုမှ ပြသလို့ မဖြစ်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့တယ်။ ဒီအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားတဲ့ သွေးတွေက သူ့လက်မှာ စွန်းထင်းလာခဲ့တယ်။

“ဒါပေမဲ့ ငါ့မှာ အားနည်းချက်တစ်ခုရှိခဲ့တယ် မင်းလွင်။”

ဖလေရာက တိုက်ရိုက်ထုတ်မပြောခဲ့ပေမဲ့ မင်းလွင်က နားလည်နေခဲ့ပါတယ်။ “အဲဒါက ကျွန်တော့်ကြောင့်လား။”

ဖလေရာက ထပ်ပြီးခေါင်းညိတ်ပြခဲ့တယ်။ “ဒီလောက်များတဲ့ ပြဿနာတွေလုပ်ထားပြီး ဒီအချိန်ထိ အသက်ရှင်နေနိုင်သေးတာ ဘာကြောင့်လို့ မင်းထင်လဲ။”

မင်းလွင်မှာ ဖြေစရာအကြောင်းမရှိခဲ့ဘူး။ အစတည်းက ဖလေရာသာ သူ့ကိုရှင်းပစ်ချင်ရင် သူသေလို့သေမှန်းတောင် မသိလိုက်ရဘဲ သေသွားခဲ့မှာ။

“မင်းလွင်၊ နင်သိလား။ နင့်မှာလဲ ငါ့လိုပဲ အားနည်းချက် ရှိတယ်လေ။”

ဖလေရာက မာဂရပ်ကို လှမ်းကြည့်လိုက်တယ်။ “နင်ကရော နင့်ချစ်တဲ့သူတွေနဲ့ပတ်သက်လာရင် တရားလွန်ကာကွယ် ပေးတတ်တာပဲမဟုတ်လား။”

“ကာလကြာရှင် နင့်ကိုလွှတ်ထားပေးပြီးတဲ့နောက်တော့ မြို့ထဲက ဂိုဏ်းတွေက ငါ့ကိုစောဒက တတ်လာခဲ့ကြတယ်။ နင်နဲ့ ဒိုင်းမွန်းစစ်စတာဂိုဏ်းကို ဖြိုခွဲဖို့ပေါ့။ အဲဒါကို ငါမလုပ်ရင် သူတို့က ငါ့ကိုဖြုတ်ချလိမ့်မယ်။ ဒီလိုဆိုရင် ငါရောနင်ရော သေသွားလိမ့်မယ်။”

မင်းလွင်က အခြေအနေကို တဖြည်းဖြည်းနဲ့ ပိုပြီးတော့ နားလည် သဘောပေါက်လာပြီ။ ဖလေရာ ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကိုပေါ့။

“ခင်ဗျားက ခင်ဗျားဘက်တော်သားတွေအားလုံးကို ပျက်စီးစေမယ့်အကြံမျိုး ဖန်တီးလိုက်တာလား။ ပြီးတော့ ခင်ဗျားကိုယ်တိုင် ကျုပ်အတွက်အသေခံမယ်ပေါ့။”

“ဒါတွေအားလုံးပြီးသွားရင် မြို့က ဂိုဏ်းစတားတွေ အားလုံး အားနည်းသွားလိမ့်မယ်။ နင်လုပ်ရမှာက ဘယ်သူ့ကိုမှ ဥက္ကဋ္ဌနေရာမပေးတော့ဘဲ လူမိုက်တွေကို အမြစ်ဖြတ်ဖို့ပဲ။ ဒီလိုနဲ့နယူးယောက်မြို့က ပုံမှန်ပြန်ဖြစ်လာလိမ့်မယ်။ ပြီးတော့ နင်ချစ်တဲ့သူတွေကို ငါရှင်းထုတ်လိုက်တဲ့အတွက်ကြောင့် အနာဂတ်မှာ နင့်ကို တခြားသူတွေက အကျပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး။”

မင်းလွင်ရဲ့လက်တွေက တုန်ယင်လာတယ်။ ဖလေရာက သူ့ရဲ့အားနည်းချက်တွေကို အမြစ်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတာ။ ဖလေရာက မင်းလွင်ရဲ့လက်ကိုကိုင်ပြီး သေနတ်ကို သူ့နဖူးမှာတေ့ထားလိုက်တယ်။ ဒါပေမဲ့ မင်းလွင်က သေနတ်မောင်းကိုဆွဲရမယ့်အစား သေနတ်ကို အတင်းပြန်လုပြီး လွှတ်ပစ်လိုက်တယ်။

“ကာကွယ်ပေးရမယ့်သူတွေ မရှိတော့ရင် ကျုပ်က ဘယ်လိုလုပ်ပြီး သူရဲကောင်းလုပ်လို့ရတော့မှာလဲဗျ။”

မင်းလွင်က ဖလေရာပေါ်ကနေ ဖယ်လိုက်တယ်။ သူ့ပုံစံက တော်တော်စိတ်ထိခိုက်သွားတဲ့ ပုံစံမျိုး။ “ကိုယ့်အနားက လူတွေကိုတောင် မကာကွယ်နိုင်ရင်၊ သန်းနဲ့ချီတဲ့ ဒီမြို့က လူတွေကို ကျုပ်ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။”

ဘုန်း...

အဲဒီအချိန်မှာပဲ ရုံးခန်းထဲက မှန်တွေအားလုံး ကွဲသွားတယ်။ ဆေလာမက်ဒါနာက ကွဲသွားတဲ့ မှန်ချပ်တွေနေရာကနေ လှလှပပ ရုံးခန်းထဲကို ပြန်ဆင်းသက်လိုက်ပါတယ်။ အပြင်ဘက် တိုက်ပွဲက အဖြေပေါ်သွားပြီ။ ဓားနတ်ဆိုး ရှုံးသွားပြီး ဆေလာမက်ဒါနာ အနိုင်ရတယ်။ ဆေလာ မက်ဒါနာက ဝါ့ဇ်အဖြစ်ပြန်ပြောင်းသွားပြီး မင်းလွင်ကို မေးလိုက်တယ်။ သူ့ပုံစံကြည့်ရတာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို နားမလည်နိုင်သလိုပါပဲ။

“မင်းလွင်၊ ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ။”

“အိမ်ပြန်ကြတာပေါ့။” မင်းလွင်က အသိဉာဏ်ရှိပုံမရတဲ့ မာဂရပ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရုံးခန်းထဲကနေပြီး စတင်ထွက်ခွာတယ်။ ဝါ့ဇ်က ဖလေရာကို လှည့်ကြည့်တော့ ဖလေရာက မှန်တွေမရှိတော့တဲ့ ပြတင်းပေါက်ကနေ အပြင်လောကကြီးကို စိုက်ကြည့်နေရင်း ရယ်မောနေတာ သူတွေ့ရတယ်။ ဒါပေမဲ့ မင်းလွင်က ထွက်ခွာနေပြီ ဖြစ်လို့ သူလည်း နောက်ကနေ လိုက်လာခဲ့ပါတယ်။

သူတို့တိုက်အောက်ကိုပြန်ရောက်တော့ လမ်းမပေါ်မှာ မိန်းမလှတစ်ယောက် ပြုတ်ကျသေဆုံးနေတာ သူတို့ တွေ့ခဲ့ရတယ်။ ဘယ်သူလဲဆိုတာ မေးဖို့မလိုခဲ့ဘူး။ မင်းလွင်က အဲဒီမြင်ကွင်းကို လစ်လျူရှုထားပြီး ဒိုင်းမွန်းစစ်စတာဂိုဏ်းဆီ ပြန်လာခဲ့တယ်။

ဒါပေမဲ့ သူတို့တွေပြန်ရောက်တော့ ဂိုဏ်းခန်းမထဲမှာ သေဆုံးနေတဲ့ နှစ်ဖက်ဂိုဏ်းသားတွေရဲ့အလောင်းကိုသာ တွေ့ရပြီး အသက်ရှင်နေသူ တစ်ယောက်ကိုမှ မတွေ့ရဘူး။ ခန်းမကြီးရဲ့အလယ် ပလ္လင်မှာတော့ ဖလောအာက လက်ထဲ ဘေ့ဘောလ်တုတ်ကိုကိုင်ပြီး ရပ်နေတယ်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးရှိနေပြီး ခန်းမအပြင်ဘက်ကို လှမ်းမျှော်ကာ ကြည့်နေပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှု လုံးဝမရှိဘူး။

“ကျွန်တော်ကောင်းကောင်း ပြန်ရောက်လာပါပြီ။ ငြိမ်းချမ်းစွာ အနားယူပါတော့။”

မင်းလွင်က အသက်မရှိတော့တဲ့ ဖလောအာရဲ့လက်ထဲက တုတ်ကို ခက်ခက်ခဲခဲဖြုတ်ယူလိုက်ပြီး ဖလောအာရဲ့မျက်လုံးတွေကို မှိတ်ပေးလိုက်တယ်။ အဲဒီနောက် ထိုင်ခုံနောက်မှီမှာ သက်သောင့်သက်သာ မှီစေလိုက်ပြီး ခဏတာ အနားယူပါတယ်။ ဝါ့ဇ်ကတော့ ဖရာလီတာပျောက်နေတဲ့အတွက် လိုက်ရှာပါတယ်။ ဒါပေမဲ့ သိပ်ကြာကြာ မရှာလိုက်ရဘဲ အသေးမလေးက ကြောက်လန့်နေတဲ့ပုံစံနဲ့ စားပွဲခုံတစ်လုံးအောက်ကနေ ထွက်လာတယ်။

“ဖရာလီတာ၊ နင်ဘာမှမဖြစ်ဘူးနော်။” ဝါ့ဇ်က ဖရာလီတာ အဆင်ပြေမပြေ ကြည့်တယ်။ ဖရာလီတာက ငိုယိုပြီးတော့ ဝါ့ဇ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။

“ဝါ့ဇ်၊ ငါက နင့်ကို ပြန်မလာနိုင်တော့ဘူးလို့တောင် ထင်နေတာ။”

အဲဒီနောက်တော့ ဖရာလီတာက ဒီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကို အကျဥ်းချုံး ပြန်ပြောပြပါတယ်။ “ဒိုင်းမွန်းစစ်စတာဂိုဏ်းနဲ့ တခြားဂိုဏ်းတွေ ဒီနေရာမှာတိုက်ခဲ့ပြီးတော့ နှစ်ဖက်လုံးက ရှိသမျှလူတွေအားလုံး သေကုန်ပြီ။”

ဖလေရာရဲ့အကြံက အလုပ်လုပ်ခဲ့ပုံပဲ။ ဒီတိုက်ပွဲပြီးနောက် နယူးယောက်မှာ ရာဇဝတ်ဂိုဏ်းတွေရဲ့အင်အားက ကြီးကြီးမားမား ကျဆင်းသွားခဲ့ပြီဖြစ်တာကြောင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ရောက်ရှိလာတော့မယ့် နိမိတ်ပါပဲ။

“မင်းလွင်၊ ကြည့်ရတာ မင်းအိပ်မက်တွေတော့ တကယ် ဖြစ်လာတော့မယ်နဲ့တူတယ်။ မင်းမိဘတွေအတွက် မင်းလိုချင်ခဲ့တဲ့ ကလဲ့စားကလည်း ဒီလိုမျိုးပဲ မဟုတ်လား။”

မင်းလွင်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ သူက မာဂရပ်ကို တင်းတင်းဖက်ထားလိုက်ရင်း... “ဒီမြို့လေးဆီကို တရားဥပဒေစိုးမိုးမှု ပြန်ရောက်လာရင် ငါသူရဲကောင်း အဖြစ်ကနေ အနားယူပြီးတော့ မာဂရပ်ကိုပဲ စောင့်ရှောက် တော့မယ်။”

မင်းလွင်က သူ့ကြောင့်အခုလိုမျိုး ဖြစ်သွားတဲ့ မာဂရပ်ကို စွန့်ပစ်သွားမှာ မဟုတ်ပါဘူး။ သူက မာဂရပ်အနားမှာနေပြီး ထာဝရ အမြဲတမ်း စောင့်ရှောက်သွားတော့မှာ။ ဖလေရာက မာဂရပ်ကို တခြားသူတွေလိုမျိုးမသတ်ဘဲ အခုလိုလုပ်ခဲ့တာကလည်း မင်းလွင်ကြောင့်ဖြစ်လိမ့်မယ်လို့ ဝါ့ဇ်ခံစားမိပြန်တယ်။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေနှုတ်ဆက်ရမယ့်အချိန် ရောက်လာပြီပဲ။ ငါလည်း ငါ့ရဲ့ကမ္ဘာမှာ ကိုယ်ပိုင် အလုပ်ကိစ္စတွေ ရှိနေသေးတယ်လေ။”

ဝါ့ဇ်က သူ့ရဲ့မိတ်ကပ်ဘူးလေးကို ပြန်ကြည့်လိုက်တယ်။ လောလောဆယ် အားမပြည့်သေးပေမဲ့ သိပ်မလိုတော့ဘူး။ ဒီလိုဆိုရင် သူတို့နှစ်ယောက် မူလကမ္ဘာကို ပြန်သွားလို့ရပြီ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ လေထုထဲမှာ အက်ကွဲကြောင်း တစ်ခုပေါ်လာပြီး ပေါ်တယ်တစ်ခု ပွင့်လာတဲ့အတွက်ကြောင့် ဝါ့ဇ်မျက်နှာပျက်သွားတော့တယ်။

“မဖြစ်နိုင်တာ... သူတို့ဘယ်လိုလုပ်ပြီး ငါ့ကိုရှာတွေ့သွားတာလဲ။”

All Chapters