နောက်ဆုံးတိုက်ပွဲ
Vol. 12 Ch. 29
ဝါ့ဇ်နဲ့မင်းလွင်တို့က နှစ်ယောက်သား ကျောချင်းယှဥ်လျက် တိုက်ခိုက်ရင်းနဲ့ အထပ်အမြင့်ပိုင်းကို ဖြည်းဖြည်းချင်းစီ ရှေ့ဆက်လာနိုင်ကြတယ်။ တစ်ထပ်ချင်းစီမှာရှိတဲ့ အစောင့် တိုင်းက ပိုပိုပြီးတော့ အားကောင်းလာတယ်။
ဒါပေမဲ့ ဝါ့ဇ်ရဲ့မှော်ဂါထာတွေက ဒီကမ္ဘာမှာ ပြိုင်ဖက်ကင်း ဖြစ်နေပြီးတော့ ဝါ့ဇ်အားနည်းတဲ့ အနီးကပ်တိုက်ပွဲပိုင်းကို မင်းလွင်က တာဝန်ယူထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပြိုင်တူတိုက်ကွက်တွေကို ဘယ်သူမှ မခံနိုင်ခဲ့ကြပါဘူး။
“ဒီတစ်ခေါက်ပြီးရင်တော့ နောက်ဆုံးထပ်ပဲ။ ဆိုက်ဘာခရိုးဆိုတဲ့ ဗီလိန်က ဘာကြံနေမှန်း မသိတာကြောင့် ငါတို့သတိထားသင့်တယ်လို့ထင်တယ်။”
ဝါ့ဇ်က ပြောလိုက်တယ်။ မင်းလွင်ကလည်း “ဆိုက်ဘာခရိုးက ကြောက်စရာကောင်းလောက်အောင် ကောက်ကျစ်တာမှန်ပေမဲ့ သူက သူ့စကားသူတည်တဲ့သူပဲ။ ငါအရင်က သူနဲ့ရင်ဆိုင်ရတိုင်း ဘယ်တုန်းကမှ သူလိမ်တာ မမြင်ဖူးဘူး။ သူက မာဂရပ်ကို ပြန်ပေးမယ်လို့ပြောထားရင် သေချာပေါက် ပြန်ပေးမှာမလို့ပဲ။”
“ကောင်းပြီလေ။” ဝါ့ဇ်က ဆိုက်ဘာခရိုးနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာဖြစ်တဲ့အတွက် မင်းလွင်စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဲဒီနောက်တော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လက်သီးချင်းယှဥ်တိုက်လိုက်ပြီး နောက်ဆုံးတံခါးဖြစ်တဲ့ အထပ်တစ်ရာရဲ့တံခါးကို ဖွင့်လိုက် ပါတော့တယ်။
ပထမဆုံးအနေနဲ့ သူတို့သတိထားမိတာက မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ တန်ဖိုးကြီး ခရစ်စတယ်ဖန်မီးဆိုင်းတွေက မီးရောင်ကြောင့် အထပ်တစ်ခုလုံးဟာ အရင်းလင်းထိန် နေတာမျိုးလည်းမဟုတ် မှောင်မိုက်နေတာမျိုးလည်း မဟုတ်တဲ့ အလင်းရောင်အခြေအနေမှာ ရှိနေတာ တွေ့ရတယ်။
အထပ်တစ်ခုလုံးက ကြီးမားလှတဲ့ရုံးခန်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပုံရပြီးတော့ နေရာတိုင်းမှာ စာရွက် စာတမ်းတွေထားတဲ့ ဗီရိုတွေနဲ့ ပြည့်နှက်နေပါတယ်။ ရုံးခန်းရဲ့အလယ်မှာတော့ ဆယ်ပေလောက်ရှည်လျားတဲ့ မာဘယ်ကျောက်နက်အစစ်နဲ့ ပြုလုပ်ထားတဲ့ စာရေးစားပွဲ ရှိနေပါတယ်။
စာရေးစားပွဲရဲ့ရှေ့မှာ ကြေးသား ကမ္ဘာလုံးတစ်ခုရှိနေပြီး အဲဒီကမ္ဘာလုံးရဲ့ဘေးမှာ မျက်လုံးကိုပဝါစည်းထားတဲ့ ဗလကောင်းကောင်း လူမည်းဓားသမားတစ်ယောက်က ရပ်နေပါတယ်။ အရင်က သူတို့တွေ့ဖူးတဲ့ ဓားနတ်ဆိုး ဆိုသူပါပဲ။
ဓားနတ်ဆိုးရဲ့နောက်မှာ လက်ထဲသေနတ်ကိုင်ထားပြီး ကျီးကန်းပုံ နည်းပညာမျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ရှိနေတယ်။ အဲဒီအမျိုးသမီးရဲ့ဘေးမှာတော့ သတင်းတင်ဆက်သူတွေဝတ်နေကျ မီးခိုးရောင် ဘလေဇာ ဝတ်ထားတဲ့ ရွှေရောင်ဆံပင်၊ မျက်မှန်နဲ့ မိန်းမလှလေးရှိလို့ နေပါတယ်။ ဒါပေမဲ့ တစ်ကိုယ်လုံး ပုစွန်ထုပ်လို ကြိုးတုပ်ခံ ထားရပြီးတော့ ပါးစပ်ကို တိတ်နဲ့ကပ်ထားတာခံရတယ်။
“မာဂရပ်...” မင်းလွင်က ပြေးသွားပြီး ကယ်ဖို့ကြိုးစားပေမဲ့ ဓားနတ်ဆိုးက ကျောက ဓားနက်ကြီးကို ဆွဲထုတ်ပြီးတော့ မင်းလွင်ကို တားဆီးလိုက်တယ်။
ဆိုက်ဘာခရိုးလို့ယူဆရတဲ့ အမျိုးသမီးကတော့ ကလေးဆန် ပေမဲ့ ကောက်ကျစ်တဲ့အရိပ်အယောင်အပြည့်ပါတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“တာဝါရဲ့ထိပ်ဆုံးကို ရောက်လာပြီဆိုမှတော့ ဘော့စ်နဲ့ အရင်ချပြီးမှ ဆုလဒ်ကိုယူရမယ့် စည်းမျဥ်းကို သိသင့်တာပေါ့။”
ဆိုက်ဘာခရိုးက လက်ထဲမှာ သေနတ်ကို လှည့်ကာ ကစားရင်း ပြောလိုက်တယ်။ မင်းလွင်ကတော့ စိတ်မရှည်တော့ပါဘူး။
“ဆိုက်ဘာခရိုး၊ ခင်ဗျားဘာတွေ ကြံနေပြန်ပြီလဲ။”
“ငါသဘောအကျဆုံး သူရဲကောင်းတစ်ယောက်အတွက် အကောင်းဆုံးဗီလိန်တစ်ယောက် ဖြစ်လာပေးဖို့ ကြိုးစား နေတာလေ။”
မင်းလွင် မျက်မှောင်ကြုတ်လိုက်တယ်။ ဝါ့ဇ်ကိုယ်တိုင်လည်း အလားတူပါပဲ။ ဝါ့ဇ်က ဆိုက်ဘာခရိုးဆီကနေ မင်းလွင်ကို ရန်လိုတဲ့ ခံစားချက်မျိုး ရမနေပါဘူး။ အဲဒီအစား မင်းလွင်ကို နက်နက်ရှိုင်းရှိုင်း စွဲလမ်းနေတဲ့ ခံစားချက်မျိုးကိုပဲ ရနေပါတယ်။
“နင်တို့ မြန်မြန်လုပ်ရင် ကောင်းမယ်နော်။ နင်တို့မှာ အချိန်က သိပ်ရတာ မဟုတ်ဘူးလေ။”
ဆိုက်ဘာခရိုးက မာဂရပ်ကို သေနတ်နဲ့ချိန်လိုက်တယ်။ ပြီးတဲ့နောက် “အခုည အသက်အန္တရာယ်ရှိနေတဲ့သူက ဒီမိန်းကလေး တစ်ယောက်တည်းတင် မဟုတ်ဘူးဆိုတာ နင်တို့သိသင့်တယ်။”
ဒီစကားကြောင့် ဝါ့ဇ်နဲ့မင်းလွင်တို့ နှစ်ယောက်လုံး မျက်လုံး ပြူးသွားကြတယ်။ ဆိုက်ဘာခရိုးကတော့ ယုံကြည်ချက် အပြည့်နဲ့ စကားဆက်ပြောနေဆဲပါ။
“နင်တို့ ဒီတာဝါထဲမှာ မြို့ထဲက တခြားဂိုဏ်းစတား ခေါင်းဆောင်တွေ ရှိမနေတာ သတိမထားမိကြဘူးလား။ အခုဆိုရင် သူတို့တွေက ဒိုင်းမွန်းစစ်စတားဌာနချုပ်ကို ဝင်စီးနေကြလောက်ပြီ။”
...
“ခေါင်းဆောင်၊ မကောင်းတော့ဘူး။ မြောက်ဘက်ဂိတ်ကို ဆိုက်ကယ်လူမိုက်ဂိုဏ်းက ဝင်စီးနေပါပြီ။ လူအင်အား အယောက်နှစ်ရာလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။”
ရုတ်တရက် အစည်းအဝေးခန်းမထဲ ရောက်လာတဲ့ ဆက်သားကြောင့် တပ်တွေကိုစုဝေးနေဆဲဖြစ်တဲ့ ဖလောအာ အငိုက်မိသွားတယ်။ ဖလောအာနဲ့အတူကျန်နေခဲ့တဲ့ ဖရာလီတာလည်း စိုးရိမ်လာတဲ့ပုံပဲ။
“ကြည့်ရတာ သူတို့က မင်းလွင်နဲ့ဝါ့ဇ်ကို အပြင်ထွက်ဖို့ မျှားခေါ်ပြီး ဒီနေရာကို သိမ်းပိုက်ဖို့ ကြံထားတာမျိုးလား။” ဖရာလီတာက ကျိုးပဲ့နေတဲ့ သူ့ရဲ့မှော်နှင်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း ပြောလိုက်တယ်။ ဖလောအာကလည်း နဖူးကို လက်နဲ့ဆုပ်ကိုင်ထားရင်း..
“အဲဒီလိုဖြစ်နေမှာ စိုးရိမ်ရတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မှာပဲ။”
အဲဒီနောက် ဖလောအာက ထိုင်ခုံကနေ ထလိုက်ပြီးတော့ ထိုင်ခုံဘေးမှာထောင်ထားတဲ့ ငွေရောင်ဘေ့ဘောရိုက်တံကို ဆုပ်ကိုင်ကာ ပခုံးပေါ်တင်ထားလိုက်တယ်။ အဲဒီနောက် ခေါင်းဆောင်ငယ်တစ်ယောက်ကို ကြည့်လိုက်ပြီး
“ ဟူစိန်၊ နင့်အဖွဲ့ကိုဦးဆောင်ပြီး မြောက်ဘက်ဂိတ်ကို သွားကူချေ။ ဆိုင်ကယ်ဂိုဏ်းကို လမ်းမကျယ်ကြီးပေါ်မှာ ရင်ဆိုင်ဖို့မကြိုးစားနဲ့။ လမ်းသွယ်တွေထဲကို မျှားခေါ်။”
“ဟုတ်...” ဟူစိန်ဆိုတဲ့ နှုတ်ခမ်းမွှေးကြီးတကားကားနဲ့ ထိပ်ပြောင်ဂိုဏ်းစတားကြီးက အမိန့်ရတာနဲ့ သူ့လူတွေကို ဦးဆောင်ပြီး ခန်းမထဲကနေ ထွက်သွားတယ်။
ဒါပေမဲ့ ငါးမိနစ်လောက်အကြာမှာပဲ နောက်ထပ် ဆက်သား တစ်ယောက်ထပ်ရောက်လာပြန်ရော။
“ခေါင်းဆောင်၊ အရှေ့ဘက်ဂိတ်ကို တရုတ်တန်းက လူမိုက်တွေ ဝင်စီးနေပါပြီ။ သူတို့ခေါင်းဆောင် လီဟောင် လည်းပါလာတယ်။”
“မာယာ၊ နင့်လူတွေနဲ့သွားဖြေရှင်း။ တရုတ်တန်း လူမိုက်တွေနဲ့ အနီးကပ်ယှဥ်ချဖို့မကြိုးစားနဲ့။ စနိုက်ပါသုံးပြီး မင်လီကို ဖြေရှင်း။” ဖလောအာမှာ လူမိုက်ဂိုဏ်းတိုင်းဖို့ ဗျူဟာမျိုးစုံ ရှိနေပုံပဲ။
“ဟုတ်ကဲ့ ခေါင်းဆောင်။” ဖရာလီတာနဲ့ဝါ့ဇ်ကို လမ်းပြခဲ့တဲ့ လူမည်းမိန်းကလေးက ဖလောအာကို ဦးညွှတ်ပြီးတော့ ထွက်သွားတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေး ခန်းမအပြင်ကို ရောက်တယ်ဆိုရင်ပဲ ဆက်သားနှစ်ယောက်က တစ်ပြိုင်တည်းဆိုသလို ခန်းမထဲ ပြေးဝင်လာပြီး
“ခေါင်းဆောင်၊ တောင်ဘက်ဂိတ်ကို ရုရှားတွေ ဝင်တိုက်နေပြီ။ အလစ်မှ ဘဇူကာသုံးပြီး ကျွန်တော်တို့ကင်းတဲကို ဖြိုပစ်လိုက်လို့ ညီအစ်ကိုဆယ်ယောက်လောက် အသေပေးလိုက်ရပါတယ်။”
“ခေါင်းဆောင် အနောက်ဘက်ဂိတ်ကို အိုင်းရစ်ဂိုဏ်းက ဝင်စီးနေပြီ။ ကျွန်တော်တို့ ကြာကြာထိန်းထားနိုင်မယ် မထင်တော့ဘူး။”
ဖလောအာက မျက်မှောင်ကြုတ်လိုက်ပြီး အဲဒီနေရာတွေဖို့ ခေါင်းဆောင်ငယ်တွေကို ထပ်လွှတ်လိုက်ပြန်တယ်။ ဒါပေမဲ့ ဂိတ်တိုင်းဂိတ်တိုင်းကို လူသုံးလေးရာလောက် ဝင်စီးနေတာ ဖြစ်ပြီး ဒိုင်းမွန်းစစ်စတာမှာ အဲဒီလောက်လူအများကြီး မရှိပါဘူး။
“လူအင်အားလက်နက်အင်အား မမျှတော့ဘူးပဲ။ လေးဖက် လေးလံ ဝင်စီးခံနေရတဲ့အခြေအနေကို အချိန်အကြာကြီး ဆက်ဖြစ်ခိုင်းထားလို့မဖြစ်ဘူး။ ငါကိုယ်တိုင် တစ်ခုခု လှုပ်ရှားမှဖြစ်မယ်။”
ဖလောအာကိုယ်တိုင် လူတချို့ကိုဦးဆောင်ပြီး ဂိတ်တစ်ခုကို သွားကူဖို့ ဆုံးဖြတ်လိုက်တယ်။ ဖရာလီတာကလည်း ဘာလုပ်ရမှန်း မသိတာကြောင့် နောက်ကနေလိုက်လာခဲ့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ခန်းမရဲ့ပြတင်းပေါက်မှန်တွေ ကွဲထွက်သွားပြီး ဓားကိုင်ထားတဲ့ အနက်ရောင်ဝတ်လူ နှစ်ဆယ်လောက်ဝင်လာတယ်။ သူတို့ခေါင်းဆောင်ကတော့ အနက်ရောင်ဆံပင်ရှည်တွေရှိတဲ့ မိန်းမလှတစ်ယောက်ပါ။
“ယာမာကူချီက ရှီနိုဘီတွေပဲ။” ဖလောအာ မျက်မှောင် ကြုတ်လိုက်တယ်။
ရန်ဘက်ခေါင်းဆောင်ကတော့ နင်ဂျာတိုဓားကို ဆွဲဆောင်မှု ရှိရှိဆွဲထုတ်လိုက်ရင်း “အိုက်ဇာဝါ-ဆမ ခံစားခဲ့ရတာတွေအတွက် ဒိုင်းမွန်စစ်စတာဂိုဏ်းတစ်ခုလုံးက ပြန်ပေးဆပ်ရမယ်။”
“အာအိုရီ...”
...
“ဟား....” ဓားနတ်ဆိုးက ဧရာမဓားပြားကြီးကို ဝေ့ယမ်း လိုက်ပါတယ်။ သူတို့နောက်မှာရှိနေတဲ့ မြောက်မြားစွာသော စာရွက်စာတမ်း ဗီရိုတွေက ထက်ပိုင်းပြတ်ကျကုန်ပါတယ်။ စာရွက်တွေအများကြီး လေထဲမှာ လွင့်မျောနေပြီးတော့ ဝါ့ဇ်နဲ့ မင်းလွင်တို့နှစ်ယောက်က သူတို့ထက် ပိုသန်၊ ပိုမြန်ပြီး ပိုစွမ်းအားရှိတဲ့ ဓားနတ်ဆိုးဆီကနေ လွတ်မြောက်အောင် ထွက်ပြေးနေရသလို ဖြစ်နေပါတယ်။
“ငါတို့ တစ်ခုခုကြံမှဖြစ်မယ်။ ဒီထက်ပိုပြီးတော့ အချိန်ဆွဲလို့ မကောင်းတော့ဘူး။”
မင်းလွင်က ပြောလိုက်တယ်။ ဒါပေမဲ့ သူ့စကားသံက မျက်မမြင် ဓားသမားကြီးကို သတိပေးလိုက်သလိုဖြစ်ပြီး ဓားနတ်ဆိုးက မင်းလွင်ကို ပိုပြီးသည်းသည်းမည်းမည်း စတင်တိုက်ခိုက်တော့တယ်။ ဝါ့ဇ်က ခေါင်းခါလိုက်ရင်းနဲ့ “ဒီလိုဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ မင်းလွင်၊ တောင်းပန်ပါတယ်...”
ဝါ့ဇ်က ငွေရောင်မိတ်ကပ်ဘူးလေးကို ထုတ်လိုက်တယ်။ မင်းလွင်ကတော့ ဝါ့ဇ်ရဲ့ဆိုလိုရင်းကို နားမလည်နိုင်သေးဘူး။
“ဒီကမ္ဘာက မင်းရဲ့ကမ္ဘာဖြစ်လို့ မင်းကို အစွန်းကုန် တောက်ပစေချင်ခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ ငါကာကွယ် ပေးချင်တဲ့ မိန်းကလေးလည်း အန္တရာယ်ကျနေတဲ့ပုံပဲ။”
ဝါ့ဇ်က ရွေးချယ်မှုတစ်ခုကို နာနာကျင်ကျင်နဲ့ ရွေးချယ်လိုက်ရပုံနဲ့ မိတ်ကပ်ဘူးကို လေပေါ်မြှောက်ပြီး ဂါထာတစ်ပုဒ်ရွတ်ဆိုလိုက်တယ်။
“Moom Prism Power! Make up!”
ငွေရောင်အလင်းတန်းတွေက အစည်းအဝေးခန်းမကြီးကို ဖုံးလွှမ်းသွားတယ်။ အဲဒီနောက်တော့ တစ်ကိုယ်လုံးမှာ လျှပ်စီးတန်းတွေဖြတ်စီးနေတဲ့ ဆေလာမက်ဒါနာက သိပ်ကို မြန်ဆန်လွန်းတဲ့အမြန်နှုန်းနဲ့ ဓားနတ်ဆိုးရှေ့မှာပေါ်လာပြီး ဓားနတ်ဆိုးရဲ့ရင်ဘတ်ကို လက်သီးနဲ့ထိုးချလိုက်တယ်။
ဓားနတ်ဆိုးကလည်း ဓားကို ကန့်လန့်ဖြန့်ထားပြီး ကာခဲ့တာ ဖြစ်ပေမဲ့ ဆေလာမက်ဒါနာရဲ့လက်သီးချက်ကြောင့် နောက် အဝေးကြီးဆုပ်သွားရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဓားက အနက်ရောင်သံချေးတွေ ကျွတ်သွားပြီး ငွေရောင်စတင် တောက်ပလာတယ်။
“ဟဲဟဲ...” ဓားနတ်ဆိုးက ရယ်မောလိုက်တယ်။ အဲဒီနောက် ဓားရိုးမှာပတ်ထားတဲ့ ပက်တီးတွေကို ဆွဲခွာပစ်လိုက်တယ်။ ကျောက်မျက်ခုနစ်ခုနဲ့ စီခြယ်ထားတဲ့ ဓားရိုးက သူတို့ရှေ့မှာ ပေါ်လာပြီးတဲ့နောက် ဆေလာမက်ဒါနာက ခါးထောက်ရင်း ဓားကိုကြည့်တယ်။
“ကြည့်ရတာ အဲဒီဓားက ပုံမှန်ဓားတော့ မဟုတ်ဘူးလား။”
ဓားနတ်ဆိုးကလည်း “ကြီးမြတ်တဲ့ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက်ဖြစ်တဲ့ ရိုလန်ရဲ့ဓား ဒူရမ်ဒဲလ်လေ။ ဒီလိုနေ့မျိုးမှာ ဒီဓားရဲ့စွမ်းအားအစစ်ကို စမ်းကြည့်ရမယ်လို့ ထင်မထားခဲ့ဘူး။”
“ဟား....”
ဘုန်း...
ဓားနတ်ဆိုးက ဒူရမ်ဒဲလ်ဓားကို အားကုန်ယမ်းလိုက်တယ်။ ဓားက အလင်းလွှာတစ်ခုအဖြစ်ပြောင်းသွားပြီး ဆေလာ မက်ဒါနာကို ရိုက်မိတယ်။ ဆေလာမက်ဒါနာက ခရစ်စတယ် ဒိုင်းနဲ့ကာခဲ့ပေမဲ့ အချည်းအနှီးပါပဲ။ သူ့ခန္ဓာကိုယ်က နံရံ အထပ်ထပ်ကိုဖောက်ထွက်သွားပြီး တိုက်အပြင်ကို ရောက်သွားပြီ။ အတောင်ပံကို အသင့် ဖွင့်မထားမိတာကြောင့် အောက်ကိုပြုတ်ကျနေပြီဖြစ်ပြီး သူအသင့် မဖြစ်သေးခင်မှာပဲ ဓားနတ်ဆိုးက နောက်ကနေ လိုက်ပါခုန်ချလာတယ်။
လေထုထဲမှာပဲ နှစ်ယောက်လုံးပြုတ်ကျနေရင်း ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။
“ကြည့်ရတာ အနှောင့်အယှက်တွေတော့ သွားပြီထင်တယ်။ နင်နဲ့ငါနဲ့ နှစ်ယောက်ပဲ ကျန်တော့တယ်။”
မင်းလွင်က ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆိုက်ဘာခရိုးကို တိုက်ခိုက်ဖို့ပြင်တယ်။ ဒါပေမဲ့ ဆိုက်ဘာခရိုးက ခုခံမယ့်အစား လက်ထဲက သေနတ်ကို ပစ်ချလိုက်ပါတယ်။ ဒါကြောင့် မင်းလွင်နားမလည်နိုင်အောင် ဖြစ်သွားတယ်။
“ခင်ဗျားက တိုက်ခိုက်ရေးသမားတစ်ယောက် မဟုတ်ဘူးလေ။ ဘာလို့ ခင်ဗျားရဲ့လက်နက်ကို စွန့်ပစ်လိုက်တာလဲ။”
ဆိုက်ဘာခရိုးက မင်းလွင်လိုမျိုး အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်ယောက်မဟုတ်ပါဘူး။ ငွေကြေးနဲ့အရင်းအမြစ်တွေကို အသုံးချပြီးတော့ အကြံဉာဏ်တွေထုတ် သူများတွေကိုမကောင်းကြံရင်း ရပ်တည်နေတဲ့ ဗျူဟာသမားတစ်ယောက်ပါ။
ဆိုက်ဘာခရိုးက လက်နှစ်ဖက်ကို ခါပြလိုက်ရင်းနဲ့ “ဘယ်တတ် နိုင်ပါ့မလဲ။ သေနတ်တစ်လက်က နင့်လို အဆင့်မြင့်ဓားသမားတစ်ယောက်လက်က ကယ်တင်ပေးနိုင်ဖို့ မကူညီနိုင်ဘူးလေ။ ပြီးတော့ အပြင်က နင့်သူငယ်ချင်းကလည်း ထင်တာထက် ပိုအားကောင်းတဲ့ ပုံပဲ။”
သူတို့နှစ်ယောက်လုံးက အပြင်ဘက်ကို ကြည့်လိုက်တယ်။ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မြင့်မားတဲ့ ပြတင်းမှန် ချပ်ကြီးတွေကနေတစ်ဆင့် အပြင်ကတိုက်ပွဲကို မြင်ရတယ်။ ဓားနတ်ဆိုးက ဆေလာမက်ဒါနာကို ယှဥ်နိုင်လုနီးပါးအထိ အားကောင်းပြီးတော့ သန်မာမှုနဲ့မြန်နှုန်းမှာ အားသာပေမဲ့ ဆေလာမက်ဒါနာမှာ မှော်ပညာဆိုတဲ့ လှည့်ကွက်တစ်ခု ရှိနေတယ်လေ။ သူက မှော်ပညာအကြောင်း နားမလည်တဲ့ ဓားနတ်ဆိုးကို လှည့်ကွက်အမျိုးမျိုးနဲ့ လှည့်စားနေပြီး တဖြည်းဖြည်း အပေါ်စီးရောက်လာတယ်။
“ဒီတော့ ခင်ဗျားအရှုံးပေးလိုက်တာလား။”
“အဲဒီလို ပြောလို့ရပါတယ်။ မင်း မာဂရပ်ကို ပြန်ခေါ်သွားလို့ ရပါပြီ။”
ဆိုက်ဘာခရိုးက မာဂရပ်ကို ရှေ့ကိုတွန်းထုတ် ပေးလိုက်တယ်။ လှည့်ကွက်ရှိမရှိ မသေချာတာမလို့ မင်းလွင်က တုံ့ဆိုင်းနေခဲ့ပေမဲ့ အရင်တုန်းက ဆိုက်ဘာ ခရိုးနဲ့ရင်ဆိုင်ဖူးတဲ့အကြောင်းတွေကို ပြန်တွေးပြီးတဲ့နောက် ယုံကြည်ဖို့ဆုံးဖြတ်လိုက်ကာ ရှေ့ကို ပထမဆုံးခြေလှမ်းတစ်လှမ်း စလှမ်းလိုက်တယ်။ အဲဒီနောက် မာဂရပ်ရဲ့ကိုယ်ပေါ်က ကြိုးတွေကို ဖြေပေးလိုက်ပြီး ပါးစပ်က တိတ်ကို ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။
“ဘာ....”