#ပထမအဆင့်၊ အောင်မြင်စွာခုခံခြင်း#
Vol. 59 Ch. 834
ဒီအဆင့်မှာပင် နတ်ဖန်တီးခြင်းအဆောင်၏ စွမ်းအားက ၎င်း၏အကန့်အသတ်ကို ထုတ်လွှတ်ခဲ့ပြီးဖြစ်သည်။
ဆေးလုံးကိုပါ ပေါင်းစပ်လိုက်ခြင်းဖြင့် ဒါက မုဖူရှန်း၏ခွန်အားကို ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ထိ ရောက်သွားစေသည်။
ယခုလိုအချိန်အတော်ကြာမြင့်ခဲ့သဖြင့် ဒါကပင် အတော်လေးကောင်းကင်ကို ဆန့်ကျင်နေလေပြီ။
ဒီလိုအဆောင်မျိုးကို မကြားဖူးဟုဆို၍ရသည်။
သို့စေကာမူ မုဖူရှန်း၏ လက်ရှိခွန်အားကြောင့် သူပြီးပြည့်စုံသော နတ်ဖန်တီးခြင်းအဆောင်ကို မရေးထွင်းနိုင်ခဲ့ပေ။
ယခုပင်လျှင် သူက နတ်ဖန်တီးခြင်းအဆောင်၏ ၃၀ရာခိုင်နှုန်းကိုသာ ရေးထွင်းနိုင်ခဲ့သည်။
သို့စေကာမူ နတ်ဖန်တီးခြင်းအဆောင်၏ ထူးခြားမှုကြောင့်ပင် ဒါကို မပြည့်စုံသည့်တိုင် သုံးစွဲနိုင်သေးသည်။
ချီရှာဒေါင် မုဖူရှန်း၏အော်ရာ ပြောင်းလဲမှုကို ခံစားမိသဖြင့် သူ့မျက်နှာက လင်း၀င်းသွား၏။
မုဖူရှန်း၏အော်ရာက အဆက်မပြတ် အားနည်းလာနေသည်။
ဒါက သူတို့အတွက် သံသယမရှိ သတင်းကောင်းတစ်ခုပေတည်း။
ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားပင်လျှင် ဖြည်းဖြည်းချင်း ကျဆင်းလာနေသည်။
မုဖူရှန်းဒါကိုသတိထားမိသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
မူလက သူ့ခွန်အားဖြင့် သူခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကို သိပ်သည်းအောင် မလုပ်နိုင်ပေ။
နတ်ဖန်တီးခြင်းအဆောင်၏ စွမ်းအားနှင့် မု၀မ်အာ၏ဆေးလုံးကို အားကိုးရင်း သူကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို တက်လှမ်းသွားခဲ့သည်။
ထို့နောက်တွင်သာ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကို သူအတင်းအဓမ္မ သိပ်သည်းအောင် လုပ်နိုင်ခဲ့ခြင်းပင်။
နတ်ဖန်တီးခြင်းအဆောင်၏ သက်ရောက်မှုက ၎င်း၏သက်ရောက်နိုင်စွမ်းကို တဖြည်းဖြည်းဆုံးရှုံးနေပြီး စွမ်းအားကလည်း မြင်နိုင်သည့်အမြန်နှုန်းတစ်ခုဖြင့် အားနည်းလာနေသည်။
ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကို ထိန်းသိမ်းထားရခြင်းကပင် အလွန်အမင်း ခက်ခဲနေလေပြီ။
ပုံရိပ်ယောင်ဝိဉာဉ်စစ်တပ်ထံ ကျဆင်းနေသည့် မိုးကြိုးလုံး၏ အဖျက်စွမ်းအားကလည်း တဖြည်းဖြည်းအားနည်းလာသည်။
ပစ်လွှတ်လိုက်သည့် မိုးကြိုးကလည်း တောက်ပမှုကို ဆုံးရှုံးလာရသည်။
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"မင်းမှာတခြားနည်းလမ်းတွေရှိသေးလား"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်ထဲက အသက်စွန့်အလံကို ချက်ချင်းလှုပ်ယမ်းလိုက်၏။
ဂျုန်း......!
ငရဲဂိုဏ်းမှ ကျွမ်းကျင်သူများက ခွန်အားအပြည့်နှင့် တစ်ချိန်တည်းတွင် ပေါက်ကွဲလာကြစဉ် သွေးရောင်ဘီဘူးက သွေးနီရောင်အလင်းနှင့် တောက်ပကာ သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒဖြင့် လောင်ကျွမ်းနေသည့် ၎င်း၏ဧရာမလက်သီးကို မြှောက်လိုက်၏။
ထို့နောက် သွေးပင်လယ်ထဲက လှိုင်းအစုအပုံကြီးတစ်ခုကို ဖမ်းကိုင်ကာ မုဖူရှန်းရှိရာသို့ ပစ်ချလိုက်သည်။
ရုတ်ချည်းဆိုသလို လှိုင်းများက လိမ့်တက်လာကြပြီး အသက်စွန့်အလံကနေ မရေမတွက်နိုင်လောက်သော ပုံရိပ်ယောင်ဝိဉာဉ်များ ထွက်လာကြသည်။ ၎င်းတို့က သွေးရောင်လှိုင်းများပေါ်သို့ တက်နင်းကာ မုဖူရှန်းအား ဝါးမြိုပစ်ချင်ကြသည်။
ဒါကိုမြင်သောအခါ မုဖူရှန်း ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကို ဆက်လက်အသုံးပြုချင်သည်။
သို့စေကာမူ ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်ကို သူ့ကိုယ်ထဲတွင် လှည့်ပတ်လိုက်သည့်အခိုက်အတန့်၌ အားနည်းနေသည့် ပြင်းထန်သောခံစားချက်က သူ့ခြေလက်အင်္ဂါများနှင့် အရိုးများကို အလျင်အမြန်ပင် ပြည့်နှက်သွားစေသည်။
မုဖူရှန်း၏မျက်နှာက တင်းမာလာခဲ့သည်။
နတ်ဖန်တီးခြင်းအဆောင်၏ သက်ရောက်မှုက ပျောက်ကွယ်သွားလေပြီ။
ဒါက ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးစွမ်းအားကို ထိန်းသိမ်းရန်အတွက် မလုံလောက်ပါ။
နတ်ဖန်တီးခြင်းအဆောင်၏ ဘေးထွက်ဆိုးကျိုးများက သူ့အခြေခံနှင့် နတ်အဆောင်တာအိုကို မထိခိုက်စေသော်လည်း ဧရာမဝိဉာဉ်ချီများပျောက်ကွယ်သွားသည့် အချိန်တွင် ဒါက သူ့ဒန်တျန်နှင့် မရီဒျန်များထဲက ဝိဉာဉ်စွမ်းအင်ကို အလျင်အမြန် ကုန်ခမ်းသွားစေလိမ့်မည်။
ထို့နောက် အချိန်တိုအတွင်းမှာပင် ၎င်းကို ဝိဉာဉ်ချီနှင့် ဖြည့်စွက်နိုင်မည်မဟုတ်တော့။
ရလဒ်အဖြစ် နတ်ဖန်တီးခြင်းအဆောင်က ၎င်း၏သက်ရောက်မှုကို ဆုံးရှုံးသွားသည်နှင့် မုဖူရှန်းကလည်း သူ့၏ တိုက်ခိုက်မည့်စွမ်းရည်ကို အချိန်ကာလတစ်ခုကြာ ဆုံးရှုံးသွားရပေလိမ့်မည်။
အဆောင်များကိုလည်း သုံး၍ရမည်မဟုတ်တော့။
မုဖူရှန်း၏အစီအစဉ်အရ နတ်ဖန်တီးခြင်းအဆောင်ကို အသုံးပြုပြီးနောက် သူ့၏ အားနည်းနေသည့် အခြေအနေတွင် ရန်သူကို မကိုင်တွယ်နိုင်ပါက သူ့ခွန်အားပြန်မပြည့်ခင်အထိ ရန်သူကို ခုခံကာ အချိန်ဆွဲရန် သူအဆောင်များကို သုံးမည်သာ။
သို့စေကာမူ ကောင်းကင်မြေအောက်နန်းတော်၏ သံလိုက်အိမ်မြှောက်အစီအရင်အောက်တွင် မုဖူရှန်းအဆောင်များ၏ ၉၀ရာခိုင်နှုန်းကို သုံး၍မရပေ။
ယခုလိုအခြေအနေအောက်တွင် မုဖူရှန်းက အကူအညီမဲ့နေပြီဖြစ်ကာ နောက်ထပ်အပိုအစီအစဉ်များ မရှိတော့ပါ။
သွေးလှိုင်းများပေါ်ကနေ ပုံရိပ်ယောင်ဝိဉာဉ်များက မုဖူရှန်းထံသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။
မုဖူရှန်း သူ့နောက်က ဇီရှန်း၏ လှုပ်ရှားမှုကို အာရုံခံမိသည်။
မှိန်ဖျော့သည့်အပြုံးတစ်ပွင့်က သူ့မျက်နှာထက်တွင် ပေါ်လာပြီး သူ့လက်ချောင်းကို သိုလှောင်လက်စွပ်ဆီသို့ တင်လိုက်၏။
သူက ဝှက်ဖဲသန်းတစ်ရာခန့် ချွေတာထားနိုင်ခဲ့သည်။
မုဖူရှန်းမြေပေါ်၌ အမြစ်တွယ်နေသည့်ပမာရပ်နေသည်။
ကောင်းကင်ပေါ်က တိမ်မည်းများကလည်း ပြန့်ကြဲသွားလေပြီ။
သွေးတိမ်က နောက်တစ်ကြိမ် နေ့တာ၏ အလင်းကို မြင်ခွင့်ရခဲ့သည်။
သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒ၏ အားဖြည့်မှုအောက်တွင် ပုံရိပ်ယောင်ဝိဉာဉ်များက မုဖူရှန်းထံသို့ အလွန်အမင်းရူးသွပ်နေသည့် အမြန်နှုန်းဖြင့် တိုး၀င်သွားကြ၏။
မုဖူရှန်း ခုခံနေတာကို ရပ်လိုက်တာကို ချီရှာဒေါင်မြင်ပါသည်။
သို့စေကာမူ ပျော်ရွှင်မှုလုံး၀မရှိပါ။
မုဖူရှန်း မခုခံတော့တာက သူအကူအညီမဲ့နေပြီး သူ့ကံကြမ္မာကို လက်လျှော့လိုက်သောကြောင့်ဟုလည်း သူမတွေးပေ။
မုဖူရှန်းနှင့်ကျန်သောသူများနောက်တွင် ဇီရှန်းက ဧရာမဝိဉာဉ်နတ်ဒိုင်းကို အသက်သွင်းနေတာကို သူရှင်းလင်းစွာ ခံစားနိုင်သည်။
ဒိုင်း၏မျက်နှာပြင်က ချိုင့်ခွက်များက စတောက်ပလာကြလေပြီ။
အလွန်အမင်းဆန်းကြယ်ပြီး ရှေးဆန်သည့်အော်ရာတစ်ခုက ဒီနေရာ၌ လျင်မြန်စွာပင် ပျံ့သွားခဲ့သည်။
ကြည်လင်သည့်အကြေးခွံတစ်ခုက ဇီရှန်းကို ဗဟိုပြုကာ အပြင်သို့ပြန့်သွားသည်။
သူ ဇီရှန်းကိုမတားဆီးနိုင်တော့ကို ချီရှာဒေါင်သိလိုက်သည်။
သို့စေကာမူ အနည်းဆုံးတော့ သူ့ကို အဆောင်နှင့် ခြိမ်းခြောက်နိုင်သည့် ဒီဂျူနီယာလေးကို သူသတ်ပစ်ချင်သည်။
သူတတ်နိုင်သလောက် များများသတ်ပစ်ချင်သည်။
ထိုအတွေးကို စိတ်တွင်စွဲထားပြီး ချီရှာဒေါင် သူ့ဝိဉာဉ်၏ မူလစွမ်းအားကို သုံးရန်ပင် တုံ့ဆိုင်းမနေခဲ့ပေ။ အမြင့်ဆုံးအဆင့်သို့ ပြန်ရောက်နိုင်သည့် သူ့၏ကုသမှုကို သူရွေ့ဆိုင်းထားချင်သည်။
သူအသက်စွန့်အလံ၏ စွမ်းအားအကုန်လုံးကို အတင်းအဓမ္မအသက်သွင်းလိုက်၏။
ရုတ်ချည်းဆိုသလို ကောင်းကင်ထဲတွင် မှေးမှိန်ဝေဝါးကာ မြေကြီးအားဖုံးနေသည့် ပုံရိပ်ယောင်ဝိဉာဉ်များနှင့် သွေးရောင်လှိုင်းများအပေါ် တက်လှမ်းနေကြသည့် ပုံရိပ်ယောင်ဝိဉာဉ်များက အမှန်တကယ် စတင်ပေါင်းစပ်လာခဲ့သည်။
မျက်နှာကိုဖုံးထားသည့် ဧရာမပုံရိပ်ယောင်ဝိဉာဉ်တစ်ခုက မုဖူရှန်းရှိရာဘက်သို့ ဖမ်းကိုင်သည်။
လေပြင်းများက တိုက်ခတ်သွား၏။
ကောင်းကင်တစ်ခုလုံးက အဆုံးမဲ့အရိုးခိုက်လုနီးပါး ဟစ်ကြွေးသံများကို ထုတ်လွှတ်သည့် ဧရာမပုံရိပ်ယောင်ဝိဉာဉ်များကြောင့် ဆုတ်ဖြဲခံရလုနီးပါးပင်။
ထိုအချိန်တွင် ၎င်းတို့၏အမြန်နှုန်းကလည်း တိုးလာခဲ့သည်။
မုဖူရှန်း တဖြည်းဖြည်းချဉ်းကပ်လာသည့် ဧရာမပုံရိပ်ယောင်တစ္ဆေလက်သည်းကို တည်ငြိမ်စွာပင်ကြည့်နေပြီး လုံး၀ယိမ်းယိုင်သွားခြင်းမရှိသလို သူ့အကြည့်ကလည်း အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။
ဧရာမပုံရိပ်ယောင်တစ္ဆေလက်သည်းများက မုဖူရှန်းအပေါ် ကျရောက်တော့မည့်အချိန်တွင် ချီရှာဒေါင် ဆိုးယုတ်သည့်အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်၏။
ဂျုန်း......!
ကျယ်လောင်သည့်အသံတစ်သံထွက်လာပြီး ဧရာမပုံရိပ်ယောင်တစ္ဆေလက်သည်းများက မမြင်ရသည့် အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသည့်အလား မုဖူရှန်းနှင့် တစ်ပေအကွာတွင် ရပ်သွားသည်။
ထိုအချိန်မှာပင် ချီရှာဒေါင်၏ မျက်နှာပေါ်က ဆိုးယုတ်သည့်အပြုံးက အေးခဲသွား၏။
မုဖူရှန်း၏နှုတ်ခမ်းထောင့်စွန်းက သရော်နေသည့် အပြုံးတစ်ပွင့်နှင့်အတူ ကွေ့ညွတ်သွားခဲ့သည်။
"ဘာလဲ၊ တခြားနည်းလမ်းမရှိတော့ဘူးလား"
ဧရာမဝိဉာဉ်နတ်ဒိုင်းက လုံး၀အသက်၀င်သွားပြီဆိုတာ သိသာထင်ရှားနေလေပြီ။
တခြားတစ်ဘက်တွင် တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက မည်းမှောင်နေသည့် အမူအရာများဖြင့် တိုက်ခိုက်နေတာကို ရပ်လိုက်ကြ၏။
သူတို့ဒေါသထွက်နေသည့် ချီရှာဒေါင်အားကြည့်ရင်း ဒေါသတကြီးပြောသည်။
"ဒါမင်းပြောတဲ့ မင်းရဲ့အစီအစဉ်လား၊ အင်အားစုတွေ အများကြီးကို စုစည်းပြီးတာတောင် မင်းသူ့ကိုမသတ်နိုင်ဘူး"
ချီရှာဒေါင် ဒေါသကို မဖွင့်ဟနိုင်ခဲ့ပေ။
သူ့တွင်ဘာရွေးချယ်စရာရှိဦးမည်နည်း။
အစီအစဉ်က ပြီးပြည့်စုံနေပြီဖြစ်သလို သူ့တွက်ချက်မှုများကလည်း အကန့်အသတ်ကို ရောက်နှင့်နေပြီဖြစ်သည်။
သူတို့ဆော်ဩစုစည်းခဲ့သည့် အင်အားစုများကလည်း အတော်လေးအစွန်းထက်သည်။
တျန်ကျင်းကုန်သည်များအသင်း အပါအ၀င် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူခုနှစ်ဦးရှိသည်။
မြေအင်မော်တယ်၂၃ဦးနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ သံလိုက်အိမ်မြှောက် အစီအရင်ရှိသည့်တိုင် သူကျရှုံးနေဆဲပင်။
တခြားဘက်က ဒါကို အောင်မြင်စွာပင် ခုခံနိုင်ခဲ့သည်။
ဒီပြင်ဆင်မှုက မလုံလောက်သေးဘူးလား!
ချီရှာဒေါင် မုဖူရှန်းနှင့်ကျန်သောသူများကို မည်းမှောင်သည့် အမူအရာဖြင့် ကြည့်ကာ အသံနိမ့်ပြီးပြောသည်။
"ဒီလိုဆိုရင်တောင် အဲဒီလိပ်ခွံထဲမှာ မင်းတို့ဘယ်လောက်ကြာကြာနေနိုင်မှာမို့လို့လဲ"
"ဒီလိပ်ခွံရဲ့စွမ်းအင် လုံး၀ပျောက်ကွယ်သွားတဲ့အခါကျရင် မင်းတို့က ငါတို့ရဲ့ သနားညှာတာမှုထဲမှာ ရှိနေဦးမှာပဲမလား"
ချီရှာဒေါင် တျန်ကျင်းကုန်သည်များအသင်းက လူသုံးယောက်ကို ကြည့်ရင်း ပြင်းပြင်းထန်ထန်ပြောသည်။
"မင်းတို့သုံးယောက်လည်း မမလေးဇီရှန်းကို ဘေးကင်းကင်းနဲ့ ထွက်သွားမှာကို လိုချင်မယ်လို့ ငါမထင်ဘူး"
"အရာတွေက ဒီအခြေအနေအထိ တိုးတက်လာပြီဆိုမှတော့ ဒီနေရာမှာ သေတဲ့အထိ စောင့်ကြပ်ကြတာပေါ့"
.....
တခြားတစ်ဘက်တွင် သေမျိုးကျေးရွာ၌ဖြစ်သည်။
အပိုင်း(835) coming။