← Chapters

ရှင်းပြချက်မရှိ

Vol. 011 Ch. 1032

ရှင်းပြချက်မရှိ

Vol. 011 Ch. 1032

ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် တစ်လကျော်နေပြီး ဝိညာဉ် သားရဲများနှင့်အတူ တခြားသူများအားလုံးကိုပါခေါ်ပြီး စာအုပ်ရှာရာ နောက် ဆုံးတွင် ပေါင်းစပ်ခြင်းနှင့်ပတ်သတ်သည့်စာအုပ်တစ်အုပ်ကိုတွေ့လေသည်။

“မင်းတို့ ဆက်ရှာလိုက်ကြဦး ငါဒီစာအုပ်မှာ လိုချင်တဲ့အကြောင်းအရာ ရှိလားဆိုတာ ကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ကြမ်းပြင်တွင်ထိုင်ပြီး စာအုပ်မှ စာရွက်များကိုစတင်လှန်လှောလေသည်။

ထိုစာအုပ်မှာ ပါးလွှာသဖြင့် ရှီမာယူယူသည် သေချာဖတ်သည့်တိုင် အောင် နေ့တစ်ဝက်ပင်မကြာလိုက်ပေ။

ထိုစာအုပ်တွင် ဝိညာဉ်ပေါင်းစပ်ခြင်းအခြေအနေတချို့သာပါဝင်ပြီး ပေါင်းစပ်ပြီးနောက် လက်ရှိအခြေအနေအတွက် အသုံးမဝင်ပေ။

စာအုပ်ထဲတွင် လူတစ်ယောက်သည် ဝူလင်းယူ၏အခြေအနေနှင့် ဆင် တူလေသည်။ ဝိညာဉ်ပေါင်းစပ်နေစဉ်တွင် အမှားတစ်ခုဖြစ်သွားရာ မပြည့်စုံ သောဝိညာဉ်ပေါင်းစပ်ခြင်းကို ဖြစ်စေကာ မှတ်ဉာဏ်များရှုပ်ထွေးခြင်း၊ အားအင်နည်းခြင်း၊ အိပ်မောကျခြင်း၊ ပုံမှန်ပြန်ဖြစ်ရာမှ အားပြန်နည်းသွားခြင်း များသည် ပေါင်းစပ်ခြင်းပြည့်စုံသည်အထိ ပတ်လည်ဖြစ်နေမည်။

စာအုပ်၏နောက်ဆုံးအခန်းတွင်ပြောထားသည်မှာ ထိုအခြေအနေ အတွက် ဖြေရှင်းရန်တစ်ခုတည်းသောနည်းလမ်းမှာ ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို ဖြစ်နိုင်သလောက်မြန်မြန် ပြည့်စုံအောင်ပေါင်းစပ်ခြင်းသာဖြစ်သည်။ သို့သော် ဖြစ်နိုင်သလောက်မြန်မြန် ပေါင်းစပ်ရမည့်နည်းလမ်းကို မှတ်တမ်းတင်မထား ပေ။

ထို့နောက်တွင် အသုံးဝင်သည့်စာအုပ်ကိုထပ်မတွေ့တော့ပေ။ ကံကောင်းစွာပင် ထိုစာအုပ်တွင်ပြောထးာသည်မှာ ထိုကဲ့သို့အခြေအနေ သည် စိုးရိမ်ဖွယ်ရာမရှိပဲ လုပ်ရသည်မှာ ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစပ်ရန် သာဖြစ်သည်။

ထိုနေရာမှ စာအုပ်များကိုလှန်လှောပြီးနောက်တွင် ရှီမာယူယူသည် ဆက်မရှာတော့ပေ။ ထိုအခြေအနေသည် သူမတွေးနိုင်အောင် နက်နဲသည့် အခြေအနေဖြစ်သည်။ စာအုပ်အနည်းငယ်ကို တွေ့သည်မှာပင် အဆင်ပြေလှ သည်။ ထိုနေရာတွင်မရှိပါက တခြားဘယ်နေရာတွင်မှ မရှိနိုင်ပေ။

“ယူယူ မစိုးရိမ်နဲ့ ဒီလိုအခြေအနေက အများကြီးသက်ရောက်မှုမဖြစ်နိုင် ဘူးလို့ စာအုပ်မှာပြောထားတယ်၊ ခန္ဓာကိုယ်နဲ့ ဝိညာဉ်တို့ ပြည့်စုံအောင် ပေါင်းစပ်သွားရင် အကုန်လုံးကောင်းသွားပြီ” ရှောင်ချီ နှစ်သိမ့်လေသည်။

“ငါသိပါတယ်၊ ငါတွေးနေတာက သူအန္တရာယ်ကျနေတဲ့အချိန်မှာ အားနည်းသွားရင် ဘယ်လိုလုပ်မလဲလို့” ရှီမာယူယူ စိုးရိမ်လေသည် “ဒါပေမဲ့ သူ့နောက်ကို နတ်ဆိုးလောကက တန်ခိုးကြီးလိုက်နေတာကို တွေးလိုက်ရင် ငါပဲ အစိုးရိမ်လွန်နေတာလို့ ထင်မိတယ်”

အန္တရာယ်တစ်စုံတစ်ရာဖြစ်လာလျှင်တောင် ထိုနတ်ဆိုးသားရဲသည် သူ့ ကိုဘာမှအဖြစ်ခံမည်မဟုတ်ပေ။

သူမသည် ရှောင်ချီကိုခေါ်ပြီးထွက်ခဲ့ရာ နတ်ဆိုးမျိုးနွယ်ပေါ်လာသည့် ရက်မှ ၇ရက် ၈ရက်ရှိပြီဖြစ်သည်။

အင်အားစုများသည် သဲလွန်စရလိုရငြား အပြင်တွင်ရှာဖွေနေဆဲဖြစ် သည်။ သို့သော် လက်ဗလာဖြင့်သာပြန်လာရသည်။

ထိုမျှအောင် အင်အားကောင်းသောနတ်ဆိုးသားရဲသည် သူတို့ရှာချင် သလိုရှာတွေ့နိုင်သည့်အရာမဟုတ်ပေ။

အားလုံး နားမလည်နိုင်ဖြစ်ကြသည်။ ထိုနတ်ဆိုးလောကမှ တန်ခိုးကြီး အကောင်သည် တစ်နေရာမှထွက်လာကာ ရုတ်တရက်ပျောက်သွားသည့်ပုံ ပင်။ မည်သည်သူ့ကိုမှစားသွားခြင်းမရှိပဲ ရှောင်ယွန်ရှောင်တစ်ယောက်တည်း ကိုသာ သတ်ရန်ပေါ်လာသည့်ပုံနှင့်တူသည်။

အားလုံးသည် လတစ်ဝက်ကြာ ဆက်တိုက်ရှာဖွေသော်လည်း သဲလွန်စ ရှာမတွေ့သဖြင့် လက်စသတ်ကာ မြို့သို့ပြန်လာကြသည်။ အဂ္ဂိရတ်ပြိုင်ပွဲ သည် ပြီးဆုံးသွားပြီဖြစ်ရာ အင်အားစုတချို့သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်ကြ လေသည်။

အားလုံးပြန်ပြီးနောက်တွင် ရှီမာယူယူ၏ အဂ္ဂိရတ်ပြိုင်ပွဲသည် တိုင်းပြည် တွင် တဟုန်ထိုး သတင်းပြန့်သွားလေသည်။ ထိုအကြောင်းကိုကြားသောအခါ လူအများသည် သူမကို လေးစားမှုပိုတိုးလာလေသည်။

ဒီနေ့တွင် သူမသည် ကျင့်ကြံနေရာမှ ရိုသေခြင်းအားအင်များ သူမ ခန္ဓာကိုယ်တွင် အဆုံးမရှိတိုးလာရာ သူမ ကြောက်သွားသဖြင့် လျင်မြန်စွာပင် ကျင့်ကြံခြင်းမှ ထွက်လိုက်သည်။

“သေစမ်း အဲဒီအားအင်က ပိုပိုပြီးသန်မာလာတယ်” ရှီမာယူယူသည် ပူပန်ကာ တစ်ချိန်တည်းမှာပင် အသက်ရှုကြပ်လာသည်။ ထိုသည်မှာ မရေ တွက်နိုင်သော အားအင်ဖြစ်သော်လည်း သူမ အသုံးပြု၍မရသည်မှာတော့ နှမြောစရာပင်။ သူမသည် ထိုအရာကိုဖိနှိပ်မည့် နည်းလမ်းကိုပင် စဉ်းစား လိုက်သေးသည်။

“ဟူး ဘယ်လောက်တောင်…” သူမ သက်ပြင်းချကာ ခန္ဓာကိုယ်အတွင်း အချိန်အဆညီရန် လေထဲမှ အမှောင်စွမ်းအင်ကို စုပ်ယူလိုက်သည်။

မုန့်ဆန်းချွယ် အသင်းမှကိစ္စများပြီးသည့်နောက်တွင် ကောင်းကင်ဂိုဏ်း သည်လည်း အိမ်ပြန်ကြလေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြား တိမ်ပင်လယ်မြို့မှ ထွက်သွားတော့မည့် အချိန်တွင် ရှီမာယူယူသည် လျန်ဝူမင်ကိုသွားတွေ့လေသည်။

“တောင်ကြားသခင်လေး” အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အဖွဲ့ဝင်များ သည် သူမကိုမြင်သေအခါ တရိုတသေ နှုတ်ဆက်ကြလေသည်။

သူမသည် အနိမ့်တိုင်းပြည်မှလာ သဖြင့် တောင်ကြားသခင်လေးဖြစ်ရန် မထိုက်တန်ဟု ရှီမာယူယူကို မမြင်ဖူးသည့် လူများသည် သဘောမကျခဲ့ကြ ပေ။ ထိုအဂ္ဂိရတ်ပြိုင်ပွဲမှတစ်ဆင့် အားလုံးသည် သူမကို တလေးတစားဖြစ် သွားကြသည်။

“ဆရာဦးလေးရော” ရှီမာယူယူ မေးလုကိသည်။

“သူက နတ်ဆိုးဘုရင်နဲ့စကားပြောနေပါတယ်”

“မွေးစားအဖေလည်း ဒီမှာလား” ရှီမာယူယူ အံ့သြသွားသည်။

“ဟုတ်ပါတယ်”

ရှီမာယူယူသည် ဧည့်ခန်းသို့သွားရာ လျန်ဝူမင်၊ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန် တို့ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

“မွေးစားအဖေ မွေးစားအမေ ဆရာဦးလေး”

“ယူယူလာပြီလား” ရွှမ်ရှင်းမန်သည် ထလာကာ သူမလက်ကိုဆွဲကာ သူမ ဘေးသို့ထိုင်ခိုင်းလိုက်သည်။

“မွေးစားအမေ ဒီမှာပျော်ရဲ့လား” ရှီမာယူယူသည် ပြုံးပြီးမေးလိုက် သည်။

“ပျော်ပါတယ်” ရွှမ်ရှန်းမန် ဆက်ပြောလေသည် “ငါတို့ အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ရက်နည်းနည်းလောက်သွားလည်မလို့ပြောနေကြတာ အမေ သွားလို့ဖြစ်လား”

“မွေးစားအမေရဲ့အခြေအနေက အခုအများကြီးကောင်းနေပါပြီ၊ သန္ဓေ သားကလည်း ကြီးလာပြီ နေ့တိုင်းအဟာရအတွက် ဝိညာဉ်စွမ်းအင်ထည့်စရာ မလိုတော့ဘူး မွေးစားအမေသွားချင်ရင် သွားလည်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား ဘုရင်ကြီး ကြားတယ်မလား ကျွန်မသွားပြီးပျော်လို့ရ တယ်လို့ ယူယူပြောတယ်” ရွှမ်ရှင်းမန်သည် ဝူလာမန်၏ မေးစေ့ကို ပျော်ရွှင် စွာ ပုပ်ကာစနောက်လေသည်။

“မင်းသွားချင်မှတော့ သွားကြတာပေါ့” သူမ ခေါင်းမာသည့်အချိန်တွင် ဝူလာမိုင်သည် အားအနည်းဆုံးဖြစ်ကာ မတတ်သာစွာသဘောတူလိုက်ရ သည်။

“ဆရာဦးလေးတို့ ဘယ်တော့ပြန်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မနက်ဖြန်” လျန်ဝူမင်သည် ဆက်ပြောလေသည် “တောင်ကြားပြိုင်ပွဲ လုပ်ဖို့ လနည်းနည်းလိုသေးတယ် တောင်ကြားသခင်လေးတစ်ယောက် အနေနဲ့ မင်းလာနိုင်ရင်ကောင်းမယ်”

“နားလည်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လေသည် “ကျွန်တော် မနေ့က ဒါရိုက်တာမုန့်နဲ့ ဆွေးနွေးပြီးပါပြီ အခုဆိုရင် ကျွန်တော်အချိန်မရွေးကျောင်း ပြီးလို့ရပြီလို့ပြောပါတယ်၊ ဒါပေမဲ့ ဂိုဏ်းမှာ ကျွန်တော့်ရဲ့ကျောင်းနာမည် စာရင်းထွက်လာရင် ကျောင်းကနေထွက်လို့ရပြီလို့ပြောပါတယ်”

“အဲဒါကောင်းတယ်” လျန်ဝူမင် ဆက်ပြောလေသည် “ဒါဆိုရင် တောင် ကြားပြိုင်ပွဲမတိုင်ခင် ပြန်လာဖို့သတိရပါ တပည့်လေး၊ အဲအချိန်ကျရင် တောင်ကြားသခင်လေးက ဘယ်လိုလဲဆိုတာကို အားလုံးကိုပြလို့ရပြီ”

“ကောင်းပါပြီ”

နောက်တစ်နေ့တွင် ကောင်းကင်ဂိုဏ်းနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြား မှ အဖွဲ့ဝင်များသည် မြို့မှအတူတကွထွက်ကြပြီး ကုန်းမြင့်ဒေသမှ ထွက် သည်နှင့် အားလုံးသည် လမ်းခွဲလိုက်ကြသည်။

ရှီမာယူယူ ဂိုဏ်းသို့ပြန်လာပြီးနောက်တွင် ဆင်ခြေတစ်ခုရှာကာ မိုဒိဆန်းကိုတွေ့ရန် ထွက်ခဲ့လိုက်သည်။

“အကုန်လုံး မင်းကျေးဇူးတွေပဲ” မိုဒိဆန်းသည် ကျေးဇူးတင်လေသည်။

“ငါ့ကိုယဉ်ကျေးနေဖို့မလိုပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ငါ အပြင်မှာ ဆေးပစ္စည်းတွေဆက်ရှာနေမယ်၊ ရှာတွေ့ရင် မင်းကိုဆက်သွယ် လိုက်မယ်”

“အင်း”

“ငါကူညီနိုင်တာရှိရင် ငါ့ကိုသာပြောလိုက်” ရှီမာယူယူ မှတ်ချက်ပေးလေ သည်။

“ပြောပါမယ်” မိုဒိဆန်းသည် သူမကို လက်နှစ်ဖက်စုကာ နှုတ်ဆက်ပြီး နောက် လှည့်ထွက်သွားလေသည်။

ရှီမာယူယူ ဂိုဏ်းသို့ပြန်ရောက်ချိန်တွင် သူမသည် အဂ္ဂိရတ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်ကို အားလုံးသိသောအခါ အရင်ကထက်ပင် ပိုလေးစားကြလေ သည်။

ခွဲခွာခြင်းဥယျာဉ်သို့ရောက်ရန်ပင် ရှီမာယူယူအတွက် မလွယ်ကူခဲ့ကာ ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် အထဲတွင်စောင့်နေကြလေသည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာတွင် ရှုပ်ထွေးသည့်အရိပ်အယောင်များဖြစ် နေကြသည်။

“ဘာဖြစ်ထားကြတာလဲ” ရှီမာယူယူ မေးလုကိသည်။

စူးရှောင်ရှောင်သည် သူ့အရှေ့မှ စာကိုရှီမာယူယူဆီသို့ပေးလိုက်သည်။ ရှီမာယူယူ ဖတ်လိုက်ချိန်တွင် အံ့အားသင့်သွားလေသည်။

“ကျန်းမျိုးနွယ်ကလူတွေအားလုံးက တိမ်ပင်လယ်မြို့ကအပြန်မှာ အသတ်ခံလိုက်ရတာလား၊ စီနီယာအစ်ကိုကြီးနဲ့ တခြားသူတွေက သူတို့ကို သတ်လိုက်တဲ့သူတွေလား”

“အင်း” စူးရှောင်ရှောင် ဆက်ပြောလေသည် “ရှီချန်းကျိက ကျန်းကျူကျိ ကိုအဆိပ်မိအောင်လုပ်တယ်လို့ပဲပြောခဲ့တယ်၊ အခုကျန်းမျိုးနွယ်ကအမိန့်ချ တယ်တဲ့ သူတို့ကိုသေအောင်အထိတိုက်ခိုက်ဖို့ပြင်ဖို့ကို”

ရှီမာယူယူသည် စာထဲမှအကြောင်းအရာကိုနောက်တစ်ခေါက် ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “ဒါကိုထူးဆန်းတယ်လို့ ဘာလို့ ခံစားမိနေရတာလဲ”

“ဘာထူးဆန်းလို့လဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

***

All Chapters