အဆင့်မြင့်တိုးတက်ခြင်း
Vol. 011 Ch. 1033
ရှီမာယူယူသည် စာရွက်ကို စားပွဲပေါ်တင်ပြီး စာရွက်အပေါ်ပိုင်းကို လက်ချောင်းထောက်ကာ ပြောလေသည် “ကြည့်လိုက် စီနီယာအစ်ကိုကြီး သာလက်စားချေချင်ရင် အဆိပ်ကိုသုံးမှာမဟုတ်ဘူး ပြီးတော့ ကျန်းကျူကျိ တစ်ယောက်တည်းကိုပဲ သုံးခဲ့တာလေ”
“ဖြစ်နိုင်တာက သူ မသေခင်ကို အဆိပ်ကြောင့် ခံစားစေချင်လို့ နေမှာ ပေါ့” ဟန့်မြောင်ရွှမ် ခန့်မှန်းလေသည်။
“စီနီယာတို့သိတဲ့ စီနီယာအစ်ကိုကြီးက အဲလိုလုပ်မှာလား” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
ဟန့်မြောင်ရွှမ်သည် ကြောင်စီစွာကြည့်ပြီး ခေါင်းရမ်းကာ ပြောလေ သည် “မလုပ်ဘူး သူတကယ်ပဲ ကျန်းကျူကျိကို အဆိပ်ခပ်ချင်ရင် ဒီလောက် ပြင်းတဲ့အဆိပ်ကိုမရွေးဘူး သေချာပေါက် ဖြည်းဖြည်းချင်းသေသွားစေမယ့် အဆိပ်ကိုရွေးမှာပဲ”
“အဲဒါကြောင့် ကျန်းကျူကျိကို သူက ဒီအဆိပ်သုံးပြီး လုပ်ကြံတယ်လို့ တခြားသူတွေကို တမင်ပြောတာပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “နောက်ကိုဘာဖြစ်တာလဲဆိုတာ စီနီယာတို့တွေ့လား”
“ကျန်းမျိုးနွယ်နဲ့ အနက်ရောင်နဂါးကိုးကွယ်ရေးတို့ စတိုက်တော့တာပဲ” ရှောင်ချီ ဆက်ပြောလေသည် “ရှောင်ချီအခုမှပဲနားလည်တော့တယ်၊ သူတို့ တိုက်ချင်တာနဲ့ တစ်ယောက်ယောက်က တမင်ရည်ရွယ်ပြီးလုပ်တာပဲ”
“အလယ်ပိုင်းဒေသကလည်း ဂယက်ထထားတာ မကြာသေးဘူး အဂ္ဂိရတ်ပြိုင်ပွဲမှာ ဖြစ်ခဲ့တာတွေကို ထည့်တွက်လိုက်ရင် အဲဒီဖြစ်နိုင်ချေကို ဘေးဖယ်ထားလို့မရဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “အခုဒါဖြစ်သွား ပြီဆိုတော့ သေချာထပ်ပြီးစဉ်းစားမှဖြစ်တော့မယ်”
“ဒီလိုစဉ်းစားလိုက်တော့လည်း အကျိုးအကြောင်းသင့်တယ်” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “အဲဒီလှုပ်ရှားတဲ့သူတွေက ကျန်းကျူရှန့် နဲ့ ကျန်းမျိုးနွယ်ကြားက အမုန်းတရားကိုသုံးပြီး အင်အားကြီးနှစ်ခုလုံးကို ဆွဲချ ချင်တာပဲ”
“ဒါဆိုရင် ရှောင်ချီတို့ ဘာလုပ်ဖို့လိုတာလဲ” ရှောင်ချီ မေးလိုက်သည်။
“မလုပ်ဘူး ဒါ ငါတို့ကိစ္စမဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြန်ဖြေလိုက်သည်။
အားလုံး တိတ်သွားကြသည်။ ထိုကိစ္စသည် အမှန်တကယ်ပင် သူတို့ ကိုင်တွယ်နိုင်သည့် ကိစ္စမဟုတ်ပေ။
“ဂျူနီယာမောင်လေး ငါဗိုက်ဆာပြီ ထမင်းလေးချက်လိုက်ပါလား မင်း လက်ရာကိုမစားရတာကြာနေပြီ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကို မျှော်လင့် နေသော မျက်လုံးများဖြင့်ကြည့်လေသည်။
“ကောင်းတာပဲ” ရှီမာယူယူသည် ထိုကိစ္စကိုချောင်ထိုးထားလိုက်ပြီး ပစ္စည်းကိရိယာများထုတ်ပြီး အားလုံးအတွက် အရသာရှိသည့်အရာများကို ချက်ပြုတ်ရန်ပြင်ဆင်လိုက်သည်။
သူတို့မသိလိုက်သည်မှာ ထိုတိုက်ပွဲကြောင့် အနက်ရောင်နဂါးကိုးကွယ် ရေးဂိုဏ်းတွင် ကောင်းကင်ခွဲနတ်ဆိုးဓားရှိသည့် သတင်းမှာပြန့်သွားလေ သည်။ ချက်ချင်းပင် အတွင်းဒေသတွင် သွေးစီးကြောင်းစီးကာ အနက်ရောင် နဂါးကိုးကွယ်ရေးဂိုဏ်း ပျက်လုနီးပါးဖြစ်သွားသည်။
ကံကောင်းစွာပင် အရေးပါသော အခိုက်အတန့်တွင် ရွှီချူးရှောင်သည် ကောင်းကင်ခွဲဓားတုကို ပစ်လိုက်ရာ အတွင်းပိုင်းပဠိပက္ခများဖြစ်ပြီး တိုက်ခိုက် ရန်လာသော လူများသည် အနက်ရောင်နဂါးကာကွယ်ရေးဂိုဏ်းကို မတိုက် တော့ပဲ နတ်ဆိုးဓားကိုလုကြလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် အတွင်းဒေသတွင်ဖြစ်နေသည့် အရာ များကို မသိကြပေ။ ပြီးခဲ့သည့် လအနည်းငယ်တွင် သူမသည် စိတ်အေးလက် အေးဖြစ်ကာ ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားသည်။
အခုချိန်တွင် သူမသည် အားအင်များတိုးလာသည်။ စွမ်းအားနှင့်ဆိုလျှင် သူမသည် ပြောရေးဆိုခွင့်ရှိသူဖြစ်နိုင်သည်။
သူမအားအင်သည် အံ့ဖွယ်သူတော်စင်ကနဦးအဆင့်တွင် နှစ်ပေါင်းများ စွာရပ်တန့်နေရာ မကြာခင်ကပင် အဆင့်တက်မည့်အခွင့်အရေးကိုခံစားမိခဲ့ သည်။ ပြီးခဲ့သည့်လပိုင်းများတွင် အရေးတကြီးကိစ္စများမရှိသဖြင့် သူမသည် ထိုအခွင့်အရေးတွင် တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်ရန် ဆုံးဖြတ်ထားလေ သည်။
သူမသည် ဝိညာဉ်စေတီအတွင်းတွင် ဝိညာဉ်ကျောက်တုံးများတွေ့ သဖြင့် ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူလေသည်။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် ရက်များစွာ စုပ်ယူပြီးသည့် အချိန်တွင် သူမခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်များပြည့်ဝသွားသည်။ ထို့နောက်တွင် သူမသည် ဝိညာဉ်စေတီမှထွက်ပြီး ခန္ဓာကိုယ်မှ အားကို ထိန်း ချုပ်ပြီး အတားအဆီးဆီသို့ သွားလိုက်သည်။
ပထမအကြိမ်ကြိုးစားသည်။ ဒုတိယအကြိမ်ကြိုးစားသည်။ တတိယ အကြိမ်… အကြိမ်မည်မျှကြိုးစားခဲ့သည်ကိုပင် ရှီမာယူယူ မသိတော့ပေ။ ဖြစ်နိုင်သညမှာ အကြိမ်ပေါင်း ထောင်ချီ၊ သောင်းချီရှိလောက်မည်။ သူမ၏ ဇွဲလုံ့လအောက်တွင် ထိုပုံရိပ်မဲ့ အတားအဆီးသည် နောက်ဆုံးတွင် ကျိုးပဲ့ သွားကာ ဝိညာဉ်စွမ်းအင်သည် သူမ တစ်ကိုယ်လုံးဆီသို့ ချက်ချင်းပင်စီးဝင် သွားပြီး ကြယ်အမှတ်အသားပေါ်လာသည်။ ဝိညာဉ်စွမ်းအင်ပမာဏသည် သူမခန္ဓာကိုယ်ထဲသို့ဝင်သွားပြီး အခန်းထဲတွင် ဝိညာဉ်စွမ်းအင်ရေဝဲဖြစ်လေ သည်။
“ဘာဖြစ်တာလဲ” ဂိုဏ်းမှလူများသည် နိုးနိုးကြွကြွရှိကာ ထိုဦးတည် ဘက်သို့ကြည့်လိုက်ကြသည်။
“တစ်ယောက်ယောက်တော့ အဆင့်တက်နေပြီ”
“အဲဒါခွဲခွာခြင်းဥယျာဉ်ဘက်ပဲ သူတို့ထဲက ဘယ်သူအဆင့်တက်တာလဲ မသိဘူး”
“သာမန်အဆင့်တက်တာလောက်က ဒီလောက်လှုပ်ရှားမှုမကြီးပါဘူး”
“ကြည့် ဘေးသင့်မှုတိမ်တိုက်”
လူတစ်ယောက်သည် လေထဲမှ ဘေးသင့်မှုတိမ်တိုက်ကိုမြင်သောအခါ အော်လေသည်။
“အဆင့်တက်တာက ဘာလို့ဘေးသင့်မှုတိမ်တိုက်ကိုဖြစ်စေတာလဲ ဝိညာဉ်သားရဲများ အသွင်ပြောင်းတာလား”
“ဝိညာဉ်သားရဲအသွင်ပြောင်းတာမဟုတ်ဘူး၊ လျှပ်စီးဘေးသင့်မှုပဲ၊ ဒီလို မိုးကြိုးဘေးသင့်မှုက မတူဘူး”
“ကြည့် ရှီမာယူယူပဲ” ရှီမာယူယူသည် လေထဲသို့ပျံတက်သွားရာ ထိုလူ များသည် သူမကို ချက်ချင်းပင် မှတ်မိလေသည်။
“မိုးကြိုးအပစ်ခံရမှာ သူပဲ”
“ဘုရားရေ သူ ဘာမှမပြင်ဆင်ပဲ မိုးကြိုးကို ဒီတိုင်းပဲအပစ်ခံမလို့လား”
“မစိုးရိမ်နဲ့ သူသာဆိုရင် မိုးကြိုးဘေးသင့်မှုကို သေချာပေါက် ကျော်လွှား နိုင်မှာ”
ရှီမာယူယူသည် အပြင်တွင်ဝိုင်းနေသော ကျောင်းသားများကို ခံစားမိ သည်။
အစပိုင်းတွင် သူမ အဆင့်တက်တော့မည့်အချိန်တွင် နီးစပ်ရာ လူမရှိ သည့်နေရာသို့ သွားချင်ခဲ့သည်။ သို့သော် ဝိညာဉ်စေတီအတွင်းထဲမှ ဝိညာဉ် ကျောက်တုံးမှ စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင်သည် အဆင့်တက်မှုကို မြန် စေသောကြောင့် လက်လျော့လိုက်ရသည်။ တခြားသောသက်ရောက်မှုဖြစ် မည်ကို စိုးရိမ်သောကြောင့် သူမ တခြားသူများကို မရှောင်ပဲ ဒီအတိုင်းပင် ထွက်လာခဲ့သည်။
အခု အားလုံးက သူမကို သတ္တဝါကြီးတစ်ကောင်လို ဝိုင်းကြည့်တာကို ရင်ဆိုင်ရတော့မည်။
ဒီတစ်ကြိမ်တွင် သူမသည် အဆင့်တစ်ခုသာတက်သဖြင့် မိုးကြိုးဘေး သင့်မှုသည် မကြီးမားပေ။ ထိပ်တန်းအဆင့်ခရမ်းရောင်လျှပ်စီးကိုသာအသုံး ပြုပါက သူမ နာကျင်မည်မဟုတ်ပေ။
မိုးကြိုးဘေးသင့်မှု အစပျိုးပြီးသည်နှင့် ချက်ချင်းပင် ရှီမာယူယူကို ပစ်ချ လေသည်။
ရှီမာယူယူသည် လေထဲတွင်ရပ်တန့်ကာ မိုးကြိုးပစ်လာသည်ကို မရှောင်ရှားပဲ အပစ်ခံလိုက်သည်။ ထိုဝိုင်းကြည့်နေကြသော ကျောင်းသားများ သည် ကြောက်သဖြင့် မျက်လုံးများပိတ်ထားကြသည်။
လျှပ်စီးများ သူမခန္ဓာကိုယ်သို့ထိသည်နှင့် ခရမ်းရောင်လျှပ်စီးသည် ချက်ချင်းပင် စုပ်ယူလေသည်။ သူမ ခန္ဓာကိုယ်တွင် အနာများရှိမနေပေ။
“စုပ်ယူလိုက်တာ… စုပ်ယူလိုက်တာလား” လူတစ်ယောက်သည် အံ့သြ လွန်းကာ စကားပင်ထစ်လေသည်။
“ဒီတစ်ခေါက် သူပြိုင်ပွဲမှာတုန်းက လျှပ်စီးအရည်အချင်းဝိညာဉ်စွမ်းအင် ကိုသုံးခဲ့တာ ဒါပေမဲ့ အရင်ကမိုးကြိုးဘေးသင့်မှုကို မစုပ်ယူူဖူးဘူး၊ သူက သဘာဝကို အာခံနေတာပဲ”
“လျှပ်စီးကိုစုပ်ယူတယ်…” အဖွဲ့ထဲတွင် ရှီမာယူယူ မိုးကြိုးအပစ်ခံရ သည်ကို မြင်ရသောလူတစ်ယောက်၏ မျက်လုံးထဲတွင် မလိုမုန်းထားမှုများ ဖြတ်ပြေးသွားလေသည်။
တကယ်တော့ သူသည် သူမမျိုးနွယ်ကို စစ်ဆေးခဲ့သူဖြစ်သည်။
တိမ်တိုက်ဝိညာဉ်သည် ရှီမာယူယူ တိမ်တိုက်ဘေးသင့်မှုခံနေသည်ကို ကြည့်ပြီး အရှုံးပေးလိုက်ရတော့သည်။ ဒီလူက ဘယ်လိုလုပ်မိုးကြိုးပစ်လည်း မသေတာလဲ။ သူ့ကိုမိုးကြိုးပစ်လို့ မသေတာတော့ထားတော့ ဘယ်လိုလုပ် ဒဏ်ရာတောင်မရတာလဲ။
ထိုကဲ့သို့ ခံစားချက်သည် သူမကို မပျော်ရွှင်စေပေ။
မိုးကြိုး၇ချက်ပစ်ပြီးနောက်တွင် တိမ်တိုက်ဝိညာဉ်သည် တိတ်ဆိတ်စွာ ပင် အဝေးသို့လွှင့်သွားသည်မှာ သူမကို မမြင်ရသကဲ့သို့ပင်။
ရှီမာယူယူသည် မိုးကြိုးဘေးသင့်မှုမှ မထိမခိုက်ပဲ ရှင်သန်နေခဲ့ရာ ဂိုဏ်း မှကျောင်းသားများသည် အော်ရုံအပြင်မရှိတော့ပေ။
ဒီလို အရိုင်းဆန်တဲ့လူကို မတွေ့ဖူးဘူး။
သူမ မိုးကြိုးဘေးသင့်မှုမှလွတ်မြောက်ပြီးနောက်တွင် ခွဲခွာခြင်းဥယျာဉ် သို့သာပြန်သဖြင့် သူတို့မှာ အနီးကပ်လာခွင့်မရှိသည်မှာတော့ နှမြောစရာ ကောင်းသည်။
“မင်းလုပ်လိုက်တဲ့ အပြုအမူကောင့် တစ်ဂိုဏ်းလုံးကတော့ ရက်ပိုင်း အတွင်း ပျော်နေကြဦးမှာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“မမျှော်လင့်ပဲဖြစ်သွားတာ” ရှီမာယူယူသည် ပခုံးတွန့်လိုက်သည်။ သူမ သည် တကယ်ပင် မမျှော်လင့်ထားပေ။
“အဆင့်တက်တာအောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်” စူးရှောင်ရှောင်သည် ရှီမာယူယူအတွက် ဝမ်းသာနေလေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
“ဒါဆို မင်းဘယ်တော့ထွက်သွားမှာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
သူမသည် ထိုနေရာတွင် အဆင့်တက်ရန်နေသည်ကို သူတို့သိထား သည်။ အခု သူမသည် အောင်မြင်စွာအဆင့်တက်နိုင်သဖြင့် သူမကို လိုအပ် သည့် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားမည်မှာ အချိန်တစ်ခုသာဖြစ်သည်။
“နောက်၂ရက်နေပြီးမှဖြစ်လောက်တယ်၊ အခြေအနေတွေငြိမ်မှ ပြန် ပြောကြတာပေါ့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အဲဒါလည်းကောင်းတယ် အခုထွက်သွားရင်လည်း အဲကျောင်းသား တွေ ဝိုင်းတာခံရလိမ့်မယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ပြီးတော့ ဒါရိုက်တာမုန့်နဲ့ တခြားသူတွေကိုလည်း သတင်းပို့ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
ဒီတစ်ကြိမ် သူမ ဂိုဏ်းမှထွက်ခွာလျှင် ဘယ်အချိန်ပြန်လာမည်ကို မသိ နိုင်ပေ။ သူမ တိတ်တဆိတ်ထွက်မသွားပဲ အနည်းဆုံးတော့ ကျောင်းသားများ ကို အသိပေးသွားရမည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမသည် မုန့်ဆန်းချွယ် ရုံးခန်းသို့ သွားလိုက်သည်။
***