သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌
Vol. 26 Ch. 349
ဤရက်ပိုင်းအတွင်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအကြောင်း ဝေဖန်ဆွေးနွေးမှုများမှာပို၍ပို၍ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလာပေသည်။
လူတိုင်းမှာ လာမည့်ရွေးချယ်ခြင်းပြိုင်ပွဲ အခမ်းအနားတွင် မည်သူမှ ချန်ပီယံ ဖြစ်နိုင်မည်ကို ငြင်းခုံဆွေးနွေးလျက်ရှိ၏။
သက်ဆိုင်ရာတောင်ထွတ်များမှ အကျော်ကြားဆုံးသော ပါရမီရှင် ပထမတန်း ရွှေခါးစည်းတပည့်များ၏ အကြောင်းသည် မပါမဖြစ်ပင် ဖြစ်သည်။
ကန်ရွှမ်းတောင်ထွတ်မှ စူးဝမ်၊ ဟုန်ယာတောင်ထွတ်မှ ဝူယွဲ့၊ဓားကပ်ဘေးတောင်ထွတ်မှ လီထျန်း၊မိုးကြိုးအကျဥ်းထောင်တောင်ထွတ်မှ ဝမ်ချန်း၊သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ရှားယွီ.....ဤအမည်များသည် တပည့်ပေါင်းများစွာ၏ ထပ်ခါတစ်လဲလဲ ထင်ကြေးပေးခံရသော အမည်များဖြစ်ပြီး အလွန်ကျော်ကြားနေသူများ ဖြစ်သည်။သူတို့အားလုံးမှာ အလွန်ထင်ရှားကြကာ တစ်ဦးချင်းစီကလည်း စွမ်းရည်ပြည့်ဝကြသူများဖြစ်ပြီး ခရမ်းရောင်ခါးစည်းပြိုင်ပွဲအတွက် အရည်အချင်းပြည့်မှီသည်ထက်ပင် ကျော်လွန်နေကြသူများ ဖြစ်သည်။
လာမည့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် သူတို့၏ ဂုဏ်သတင်းများသည် တစ်ဖန်ပြန်လည် ထွန်းတောက်လာဦးမည်ပင် ဖြစ်၏။
သူတို့အားလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းလောက်သော အရှိန်အဝါရှိနေသည့်တိုင် ချန်ပီယံမှာ တစ်ယောက်သာဖြစ်နိုင်ပြီး ထိုတစ်ယောက်ကသာ မူလကြယ်ပွင့်ဆေးလုံးကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လာမည့်ရွေးချယ်ခြင်းအခမ်းအနားသည် အလွန်ပြင်းထန်သော ယှဥ်ပြိုင်ပွဲဖြစ်ပေါ်လာမည့်ဟန် ရှိပေသည်။
ဇူယွမ် ပြိုင်ပွဲတွင် ပါဝင်လာခြင်းအတွက် အစပထမတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သော်လည်း သူ၏အမည်ကို တဖြည်းဖြည်းနှင့် မေ့လျော့သွားကြလေ၏။
စစခြင်း၌ အံ့သြထူးဆန်းခဲ့ကြသော်လည်း ထို့နောက်တွင်တော့ တပည့်အများစုမှာ သူသည် အနာဂတ်အတွက် အတွေ့အကြုံနှင့် ကြိုတင်ပြင်ဆင်မှု ရယူခြင်းသာဖြစ်သည်ဟု ယူဆလိုက်ကြတော့သည်။ ချန်ပီယံနေရာအတွက် ယှဥ်ပြိုင်ကြမည့် များစွာသော ပါရမီရှင်တပည့်များအကြားတွင် ဇူယွမ်မှာ ဆယ်ယောက်ထဲတွင်ပင် ပါဖို့မဖြစ်နိုင်ဟု ထင်ကြေးပေးကြလေသည်။
ဇူယွမ်သည် ထိုသို့သော ပြောဆိုဆွေးနွေးမှုများကို အလုံးစုံလျစ်လျူရှုထားကာ သူ၏ ခရမ်းရောင်ဂူနန်းထဲ၌ပင် ကျင့်ကြံခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ပျားပန်းခပ်မျှစည်ကားလှသော ကန်ရွှမ်းကလန်ကြီးတွင် သူ၏အမည်မှာ ကျောက်စခရစ်ခဲလေးအား ရေလှိုင်းမှ တိုက်စားသွားသကဲ့သို့ပင် မှေးမှိန်ပျောက်ကွယ်လာခဲ့သည်။ ထို့အပြင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲကဲ့သို့ ကြီးကျယ်သောအခမ်းအနား ကျင်းပတော့မည့်အချိန်တွင် သာမန်ရွှေခါးစည်းအဆင့်တပည့် တစ်ယောက်လောက်အား မည်သူမှ အရေးစိုက်နေမည်မဟုတ်ပေ။
ဤသို့ဖြင့် အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့၏။
***
ခရမ်းရောင်ဂူနန်းအစွန်ဖက်ရှိ ဆေးဥယျာဥ်ထဲ၌ ယောင်ယောင်မှာ သူမစိုက်ပျိုးထားသော မူလအရင်းအမြစ်ဆေးပင်များကို ဂရုစိုက်နေလျက်ရှိပေသည်။ယောင်ယောင်သည် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း သူမ၏ လှပဖူးငုံနေသော မျက်နှာအသွင်အပြင်လေးမှာ ဥယျာဥ်ထဲရှိ လှပပါသည်ဆိုသော ပန်းပင်များကိုပင် အရောင်အဆင်းမဲ့စေနိုင်လောက်၏။
အချိန်အချို့ကြာပြီးနောက်တွင် ယောင်ယောင်သည် သူမ၏ သေးကျဥ်သောခါးလေးကို ဆန့်ထုတ်လိုက်ပြီး ဂူနန်းအတွင်းဖက်သို့ လှမ်း၍ကြည့်လိုက်သည်။
ဤအချိန်များအတွင်း ဇူယွမ်မှာ ဂူအတွင်းပိုင်း၌သာ နေထိုင်၍ ကျင့်စဥ်များကို ကျင့်ကြံနေလျက်ရှိပြီး တစ်ခါတစ်ရံမှသာ ထွက်လာတက်ပေသည်။ထို့ကြောင့် သူမ၏နေ့ရက်များမှာ တဖြည်းဖြည်းနှင့် ပျင်းရိစရာကောင်းလာခဲ့ရ၏။
“သူတော်စင်မှော်စာလုံးတောင်ထွတ်ကို သွားလည်ဦးမှပဲ။” ယောင်ယောင် သူမဘာသာရေရွတ်လိုက်သည်။
မနေ့ကပင် သူတော်စင်မှော်စာလုံးတောင်ထွတ်ကို စာတစ်စောင်ပို့ကာ သူတော်စင်မှော်စာလုံးခန်းမအား ယနေ့ သူမလာရောက်လည်ပတ်မည့်အကြောင်းအသိပေးထားပြီးဖြစ်သည်။အသင်္ချေမျှသော မူလမှော်စာလုံးများကို သိမ်းဆည်းထားသောခန်းမဟူ၍ ကျော်ကြားပြီး သူတော်စင်မှော်စာလုံးတောင်ထွတ်တစ်ခုလုံးတွင် သူမ၏ စိတ်အာရုံများကိုဖမ်းစားနိုင်သည်မှာ ထိုနေရာသာရှိပေသည်။ ထိုသို့မှမဟုတ်လျှင် သူမသည် တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ၏ ဖိတ်ခေါ်မှုအား ယခင်ထဲမှ ငြင်းပယ်လိုက်မည်သာဖြစ်သည်။
ယောင်ယောင်မှာ အခန်းတစ်ခုထဲသို့ဝင်သွားပြီး သန့်ရှင်းသောအဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ထို့နောက် သူမ၏နောက်သို့ တကောက်ကောက်လိုက်နေသော ထန်ထန့်အား နီးစပ်ရာကျောက်တုံးတစ်ခုပေါ်သို့တင်ပေးလိုက်လေသည်။
“ဂူနန်းကိုစောင့်ကြည့်ထား၊ဘယ်သူမှသူ့ကို မနှောင့်ယှက်စေနဲ့။”
မှာပြီးပြီသည့်နှင့်တစ်ပြိုင်နက် ယောင်ယောင်မှာ ဂူနန်းထဲမှ ထွက်ခွာလာခဲ့၏။ ထန်ထန်မှာ သူမအား မကျေနပ်သောအကြည့်များဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။
သူတော်စင်မှော်စာလုံးတောင်ထွတ်…။
ယောင်ယောင်မှာ သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များအား ဖြတ်ကျော်ပြီး ကျောက်တုံးလှေကားအတိုင်း တက်နေလျက်ရှိ၏။လူတိုင်း၏ အကြည့်များက သူမထံရောက်ရှိလာသည်။ယောက်ျားလေးတပည့်အများစုမှာ သူတို့၏အကြည့်များအား ယောင်ယောင့်ထံမှ မခွာနိုင် ဖြစ်နေကြပေသည်။
အခြားတစ်ဖက်တွင်တော့ မိန်းကလေးတပည့်များမှာ သူမအား မနာလိုဖြစ်နေသောမျက်ဝန်းများဖြင့် လိုက်ကြည့်လျက်ရှိ၏။ ယောင်ယောင်သည် ရိုးရှင်းစွာဖြင့်ပင် အလွန်လှပလွန်းပေသည်။ မိန်းကလေးတပည့်များမှာ ယောင်ယောင့်အား အလိုမကျသော်လည်း ယောင်ယောင်သည် လှပလွန်းသောကြောင့် သူမတို့အားလုံးပင် ယောင်ယောင်၏အလှနှင့် နှိုင်းယှဥ်ရန် မဝံ့ရဲပေ။
ယောင်ယောင်သွားရာလမ်းတစ်လျှောက် လူစုလူဝေးကြီးမှာ သူမနောက်မှ လိုက်ပါသွားသည်။
ယောင်ယောင်သည် ထူးထူးခြားခြားဘာမှ လုပ်မနေသော်လည်း သားရဲတွင်းထဲ ခုန်ဆင်းသွားသည့် ဖီးနစ်ငှက်မလေးအလား ဖြစ်နေရသည်။ အလွန်လှပလွန်းသောကြောင့် သားရဲတိုင်းမှ လိုချင်တပ်မက်နေသော်လည်း ရယူပိုင်ဆိုင်ဖို့ရန်မှာ အလှမ်းဝေးကွာလွန်းလှသည်။
ချောမောခန့်ညားသော ယောက်ျားလေးတပည့်များမှာ မောပန်းပုံပင်မရပဲ သူမနောက်မှ လိုက်ပါနေကြ၏။ သို့သော် မည်သူမျှ ခြေလှမ်းစကာ သူမထံ ချည်းကပ်ဖို့ မဝံ့ရဲကြပေ။
လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံယူနေရသော်လည်း ယောင်ယောင်၏ လှပတင့်တယ်သော မျက်နှာလေးမှာ မည်သည့်စိတ်ခံစားချက်မှ မရှိနေပေ။ကျောက်တုံးလှေကားထံမှ အကြည့်တစ်လက်မပင်မရွေ့ပဲ ဖြည်းညှင်းစွာ တက်နေလျက်ရှိ၏။
“သူတော်စင်မှော်စာလုံးခန်းမကဘယ်မှာလဲ။” သူမအနီးရှိ တပည့်များကို ဂရုပင်ထားပုံမရပဲ မေးမြန်းလိုက်သည်။
ယောက်ျားလေးတပည့်များ၏ မျက်နှာများမှာ ချက်ချင်းပင် နီရဲသွားလေသည်။ သူတို့၏ မျက်နှာချင်းဆိုင်တွင်ရှိနေသော အလှနတ်ဘုရားမလေးမှာ တင့်တယ်လွန်းသောကြောင့် စေ့စေ့မျှပင် မကြည့်ရဲပါချေ။ ထို့ကြောင့် အရပ်မျက်နှာတစ်ခုအား လျင်မြန်စွာ လက်ညှိုးထိုးပြလိုက်ကြ၏။
“ကျေးဇူး”
အလှနတ်ဘုရားမလေး ဖြတ်လျှောက်သွားသည့်အလျှောက် သင်းပျံ့မွှေးကြိုင်သောရနံ့များမှာ သူတို့၏ နှာခေါင်းဝတွင် ကျန်ရစ်ခဲ့လေသည်။သူမ၏ တင့်တယ်သောပုံရိပ်လေးအား အတန်ကြာငေးကြည့်နေခဲ့ကြပြီး အချိန်အတန်ကြာမှ သူတို့ကိုယ်သူတို့ အိန္ဒြေမရခဲ့ခြင်းအား ရှက်ရွှံ့နေမိကြသည်။
သူမလာရာလမ်းတစ်လျှောက်အား အုတ်အောသောင်းနင်း ဖြစ်စေခဲ့ပြီးနောက်တွင်တော့ယောင်ယောင်မှာ သူတော်စင်မှော်စာလုံးခန်းမရှေ့သို့ ရောက်ရှိခဲ့လေသည်။အသင်္ချေမျှသော မူလမှော်စာလုံးများကို စုဆောင်းသိမ်းဆည်းထားသည်ဆိုသော ခန်းမ။
ကြီးကျယ်ခမ်းနားသော ရှေးဟောင်းခန်းမကြီးမှာ တောင်၏အထွတ်အထိပ်နေရာတွင် တည်ရှိနေပြီး ထောင်ပေါင်းများစွာသော ကျောက်တုံးလှေကားများဖြင့် ဝန်းရံထားလေသည်။ ကျောက်တုံးလှေကား၏ အောက်ခြေမှပင် သူတော်စင်မှော်စာလုံးခန်းမ၏ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ခံစားနိုင်ပေသည်။
ထိုနေရာတွင် တပည့်အများအပြား စုဝေးရောက်ရှိနေသည်ကို မြင်တွေ့ပြီးနောက်တွင် ယောင်ယောင်၏ မျက်ခုံးများမှာ အနည်းငယ်ကျုံ့ဝင်သွားခဲ့သည်။
ထို့အပြင် သူမရောက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အကြည့်များက သူမထံရောက်ရှိလာပြီး ထိုအကြည့်များမှာ အနည်းငယ် သံသယဝင်စရာကောင်းနေပေသည်။
သူမ သူတော်စင်မှော်စာလုံးခန်းမရှေ့သို့ ရောက်သောအခါ တပည့်များမှ လမ်းမဖယ်ပေးကြပေ။
ယောင်ယောင်မှာ ဂရုမစိုက်သောပုံစံဖြင့် မေးမြန်းလိုက်၏။ “ငါအားသုံးပြီးဝင်ရမှာလား။”
လူစုလူဝေးကြီးမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အနည်းငယ် လူစုခွဲသွားကြသည်။ ထို့နောက် ယောင်ယောင်၏ရှေ့တွင် ပိန်ပါးသောပုံရိပ်တစ်ခု ပေါ်လာခဲ့ပေသည်။ ထိုရင်းနှီးနေသော မျက်နှာပိုင်ရှင်မှာ ယဲ့ကယ်ဖြစ်ပြီး မူလရေကန်တွင် သူမနှင့်တိုက်ခိုက်ခဲ့သောသူ ဖြစ်၏။
“ဟားဟား....အကိုတို့တွေ့ကြပြန်ပြီနော်...ဂျူနီယာ ညီမတော် ယောင်ယောင်။” ယဲ့ကယ်မှပြုံးကာ နှုတ်ဆက်လိုက်သည်။
“ဘယ်လောက်တောင်များတဲ့ လူတန်းကြီးလဲ။ သူတို့က ငါနဲ့ချဖို့လာကြတာလား။” ယောင်ယောင်မှ ယဲ့ကယ်အား ကြည့်ကာမေးလိုက်သည်။ “တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူက သူ့ရဲ့စကားကို ပြန်ရုတ်သိမ်းသွားပြီလား။အဲ့လိုဆိုရင်တော့ ငါသူတော်စင်မှော်စာလုံးခန်းမထဲကို မဝင်တော့ဘူး။”
ယဲ့ကယ်ပြုံးယောင်သမ်းသွားကာ ပြန်၍ပြောလိုက်၏။”တောင်ထွတ်ဆရာသခင်က သူ့ရဲ့စကားတွေကို ပြန်မရုတ်သိမ်းပါဘူး။”
“ညီမတော် ယောင်ယောင် ဒီနေ့လာလည်မယ်ဆိုတဲ့အကြောင်းကို ကြားရလို့ သူတော်စင်မှော်စာလုံးတောင်ထွတ်က တပည့်တွေက လာကြည့်ကြတာပါ။ အကိုတို့ထဲမှာ ဘယ်တပည့်ကမှ တောင်ထွတ်ဆရာသခင်ဆီက အထူးတလည် ဆက်ဆံတာမျိုးကို မခံရဖူးဘူး။”
ယောင်ယောင်၏ မျက်ဝန်းများမှာ ပြောင်းလဲခြင်းမရှိပဲ ယဲ့ကယ်အား တိတ်ဆိတ်စွာကြည့်နေကာ သူမ၏ နီရဲဖူးငုံသောနှုတ်ခမ်းသားများက ပွင့်ဟလာသည်။
“အဲ့ဒီတော့”
ယဲ့ကယ်မှာ ဖြည်းညင်းစွာ ပြုံးလိုက်ရင်း စကားဆက်လိုက်၏။ “အဲ့ဒီတော့ ဂျူနီယာ ညီမလေးယောင်ယောင့်ကို ကြိုဆိုဖို့အတွက် သူတော်စင်မှော်စာလုံးခန်းမရဲ့ရှေ့မှာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို ပြင်ဆင်ထားတယ်။ ညီမလေးယောင်ယောင်ကသာ ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် သူတော်စင်ခန်းမကို ဝင်လို့ရပြီ။”
သူသည် ခေတ္တမျှတွေဝေနေပြီးနောက် ဆက်၍ပြောလိုက်သည်။ “တောင်ထွတ်ဆရာသခင်ကလည်း ဒီအကြောင်းကို သိပြီးသွားပါပြီ။”
ယောင်ယောင် သဘောပေါက်သွားခဲ့သည်။ တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှ သူမအား အနာဂတ်တွင် တောင်ထွတ်ဆရာသခင်နေရာအား လွှဲပြောင်းပေးအပ်ရန်ပင် ဆန္ဒရှိခဲ့၏။ ယောင်ယောင်မှာ ထိုကိစ္စအား တစ်စက်ကလေးမှပင် စိတ်မဝင်စားသော်လည်း သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များအတွက်မူ ဤကိစ္စတစ်ခုလုံးအား လက်ခံနိုင်ရန် ခက်ခဲနေပေလိမ့်မည်။
ထို့ကြောင့် တပည့်များမှ သူမအား ယနေ့တွင် အနှောင့်အယှက်ပေးရန်အတွက် ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်ဟန်ရှိသည်။
ယဲ့ကယ်မှ သူ၏လက်အား ဝေ့ယမ်းပြလိုက်သည်နှင့် တပည့်များမှာ လူစုကွဲသွားြကပြီးနောက် သူတော်စင်မှော်စာလုံးခန်းမအား ထုထည်ကြီးမားလှသော မြူခိုးများမှ ဖုံးအုပ်သွားလေသည်။ မြူခိုးများထဲ၌ မရေမတွက်နိုင်သော မူလမှော်စာလုံးများမှာ ခပ်မှိန်မှိန် လင်းလက်နေလျက်ရှိသည်။ ဤအရာသည် ထူးခြားသော မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ပင်ဖြစ်သည်။
ယဲ့ကယ်မှပြုံးကာ ပြောလိုက်သည်။”ဟားဟား...ခုနက အကိုက နောက်နေတာပါ။ဒီမူလမှော်စာလုံးနယ်နိမိတ်အစီအရင်က သူတို့ဘာသာ အပျော်သဘောနဲ့ လုပ်ထားကြတာ။ တကယ်လို့ ညီမလေးယောင်ယောင်က မဖြတ်သန်းနိုင်ဘူးဆိုရင်လည်း တခြားတစ်ဖက်ကနေ သူတော်စင်မှော်စာလုံးခန်းမထဲ ဝင်သွားလို့ရပါတယ်။ ခုနက အကိုပြောခဲ့တဲ့စကားတွေကို အတည်ယူစရာ မလိုပါဘူး။”
ယောင်ယောင်၏လှပသော မျက်ဝန်းများက ကျဥ်းမြောင်းသွားကာ ထူထဲလှသောမြူတောကို ကြည့်လိုက်ပြီးနောက် ယဲ့ကယ်အား ပြောလိုက်သည်။ “ကလေးဆန်လိုက်တဲ့ စနောက်မှုပဲ။ ဒီလိုမှမဟုတ်ရင်လည်း ငါကအရှေ့တံခါးပေါက်ကနေ ဝင်နိုင်တယ်။”
ယောင်ယောင်မှာ ထိုစကားများကိုပြောပြီးသည့်နှင့်တစ်ပြိုင်နက် သူမ၏သွယ်လျသော ခြေတံများဖြင့် မူလမှော်စာလုံးနယ်နိမိတ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားလေတော့သည်။
ယောင်ယောင်၏ လှပသောပုံရိပ်လေး မြူတောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အား ယဲ့ကယ်မှရပ်ကြည့်နေပြီးနောက် သူ၏မျက်ဝန်းအစုံတွင် နှစ်ထောင်းအားရမှုပုံရိပ်များ ပေါ်လာလေသည်။
ထို့နောက် ယဲ့ကယ်မှာ ခပ်လှမ်းလှမ်းရှိ တဲအိမ်လေးတစ်လုံးထဲသို့ လျှောက်ဝင်လာခဲ့၏။ တဲအိမ်ထဲ၌ တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှာ ခုံတစ်လုံးပေါ်တွင် ထိုင်လျက်ရှိကာ လက်ဖက်ရည်အား လွတ်လပ်စွာ အရသာခံနေဟန်ရှိသည်။
“သူမဝင်သွားပြီလား။” တောင်ထွတ်ဆရာသခင်မှ ပြုံး၍မေးလိုက်သည်။
ယဲ့ကယ်မှ ခေါင်းငြှိမ့်ပြကာ သက်ပြင်းချလိုက်သည်။ “သူမက တကယ်ကို မောက်မာတဲ့မိန်းကလေးပဲ။ သူမရဲ့ အရည်အချင်းပေါ်မှာလည်း ယုံကြည်ချက် အပြည့််အဝ ရှိနေတဲ့ပုံပဲ။”
ထို့နောက် ယဲ့ကယ်မှာ နှုတ်ခမ်းများတွန့်ကွေးသွားအောင် ပြုံးလိုက်ရင်း ညင်သာစွာစကားဆိုလိုက်သည်။”ဘယ်လောက်တောင် ကောင်းမွန်လှပတဲ့ မိန်းကလေးလဲ။ သူမက တကယ့်ကို အရည်အချင်းပြည့်ဝတဲ့သူနဲ့ပဲ ထိုက်တန်တယ်။”
“အဟက်...မင်းကအမြဲတမ်း မာနကြီးနေတာမဟုတ်ဘူးလား။ အခုတော့ တစ်ယောက်ယောက်ကို သဘောကျနေပြီလား။”
တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှ စနောက်လိုက်ပြီးနောက် အံကိုကြိတ်ကာ ဆက်၍ပြောလေသည်။ “ဒီမိန်းကလေးက မခန့်မှန်းနိုင်လောက်အောင် မူလမှော်စာလုံးပညာရပ်မှာ ပါရမီပါပြီးတော့ အံ့အားသင့်စရာကောင်းတဲ့ ပင်ပျိုလေးပဲ။ တကယ်လို့ မင်းသာသူမရဲ့နှစ်သက်မှုကို ရရှိခဲ့မယ်ဆိုရင် ငါတို့ရဲ့ သူတော်စင်မှော်စာလုံးတောင်ထွတ်အတွက်တော့ အရမ်းကိုကောင်းတဲ့ကိစ္စ ဖြစ်လာမှာပဲ။”
ယဲ့ကယ်မှ ဖြည်းညင်းစွာပြုံးရင်း ပြန်၍ပြောလိုက်၏။
“ဒီကိစ္စအတွက် တောင်ထွတ်ဆရာသခင်ရဲ့ အကူအညီကို လိုအပ်မလားမသိဘူး။ဂျူနီယာညီမတော်ယောင်ယောင်က တကယ်ကို မူလမှော်စာလုံးပညာရပ်မှာ အရည်အချင်း ရှိလွန်းတယ်။ ဒီမူလမှော်စာလုံးနယ်နိမိတ်အစီအရင်က သူမကိုတားနိုင်ပါ့မလား။”
တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှ သူ၏ရှည်လျားဖြူဖွေးနေသော မျက်ခုံးများကို ပွတ်ကာ ပြောလိုက်သည်။ “သူမက အရည်အချင်းရှိတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ ဒီအစီအရင်ရဲ့လျှို့ဝှက်ချက်က အပိုင်းနှစ်ခုပါတာပဲ။ အစီအရင်ကို ချိုးဖျက်နိုင်ဖို့အတွက် လူနှစ်ယောက်က တစ်ချိန်တည်းမှာ အတူတကွလုပ်ဆောင်ဖို့ လိုအပ်တယ်။”
ထို့နောက် ယဲ့ကယ်အားကြည့်လိုက်ပြီး ဆက်ကာပြောလိုက်၏။ “သူမထွက်လာတဲ့အခါကျရင် မင်းကသွားပြီးတော့ အကူအညီပေးဖို့ကို ကမ်းလှမ်းသင့်တယ်။ ပြီးရင်တော့ ဘာဆက်လုပ်ရမလဲဆိုတာကို သင်ပေးနေစရာ မလိုတော့ဘူးမလား။”
“သူမက အရမ်းကိုမာနကြီးတဲ့ မိန်းကလေးပဲ။ အဲ့ဒါကြောင့် သူမနဲ့ဆက်ဆံရေးကို ချက်ချင်းကြီးတိုးတက်လာဖို့တော့ မမျှော်လင့်နဲ့။ မင်းက သူမနဲ့ဆက်ဆံရေးကို တစ်ဆင့်ချင်းစီ တည်ဆောက်သွားရမယ်။ မှတ်ထားပါ၊မင်းလုပ်လိုက်တဲ့ သေးငယ်တဲ့ခြေလှမ်းတိုင်းက ကြီးမားတဲ့အောင်မြင်မှုကို ဖြစ်စေလိမ့်မယ်။”
ယဲ့ကယ်မှ ကျေနပ်အားရစွာပြုံးလိုက်ရင် လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်၏။
“သည်တပည့်လေးက တောင်ထွတ်ဆရာသခင်ရဲ့ သင်ကြားပြသမှုအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။”
စကားပြောပြီးသည်နှင့် ယဲ့ကယ်မှာ တဲအတွင်းမှထွက်လာကာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ရှေ့သို့ ပြန်လာပြီး သူ၏လက်နှစ်ဖက်ကို ကျောဖက်တွင်ယှက်သိုင်းကာ စောင့်နေလိုက်သည်။
တဖြည်းဖြည်းနှင့်ပင် အချိန်များကုန်ဆုံးလာခဲ့၏။
ယခုဆိုလျှင် နာရီလက်တံအချို့ပင် ကျော်လွန်ခဲ့ပြီးဖြစ်သည်။
သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များသည် ဆက်လက်၍ မစောင့်နိုင်တော့ဟန်ရှိနေသည်။ အခြားတောင်ထွတ်မှ တပည့်များသည်ပင် ထွက်ခွာသွားကြပြီဖြစ်ပြီး ကြီးမားသောလူအုပ်ကြီးမှ အတော်အသင့် လူစုလူဝေးအဖြစ်သာ ကျန်ရစ်သည်။
ယဲ့ကယ်သည် မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ရှေ့တွင် ရပ်လျက်ရှိပြီး သူ၏အင်္ကျီလက်မောင်းအိုးမှာ လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေလျက်ရှိ၏။သူ၏
ချောမောခန့်ညားသော အသွင်အပြင်မှာ မိန်းကလေးတပည့်ပေါင်းများစွာ၏ စိတ်အာရုံအား ဖမ်းစားထားပေသည်။ ရွေးချယ်ခံဆယ်ယောက်ထဲမှတစ်ယောက် ဖြစ်နေသည့်အလျှောက် ကန်ရွှမ်းကလန်ထဲတွင် ယဲ့ကယ်၏ကျော်ကြားမှုမှာလည်း အံ့မခန်းပင်ဖြစ်သည်။
သို့သော်လည်း သူသည်ထိုအကြည့်များအား အလုံးစုံ လျစ်လျူရှုထားကာ မြူတောနယ်နိမိတ်အစီအရင်သို့သာ အာရုံစိုက်ထား၏။
ထူထပ်လှသောမြူခိုးတောထဲမှ ယောင်ယောင်ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးသောအကြည့်များက သူမထံရောက်ရှိလာသည်။ ယောင်ယောင်၏တင့်တယ်လှပသော မျက်နှာလေးသည် အရင်အတိုင်းပင် တည်ငြိမ်နေလျက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ယောင်ယောက်မှာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်အား ချိုးဖျက်နိုင်ခြင်းမရှိခဲ့သည်မှာ ထင်ရှားပေသည်။
များစွာသောတပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ ဟိုတစ်စု ဒီတစ်စု ထွက်လာကြသည်။
ယဲ့ကယ်ပြုံးယောင်သမ်းသွားကာ ရှေ့သို့လျှောက်လှမ်းသွားလိုက်ကာ စကားပြောတော့မည့်အချိန်မှာပင် ယောင်ယောင်၏ အကြည့်စူးစူးများက သူ့ထံရောက်ရှိလာပြီးနောက် သူ့အားဖြတ်လျှောက်သွားလေသည်။
“ငါမနက်ဖြန် ဒီအစီအရင်ကို ချိုးဖျက်ပြမယ်။”
သူမ၏လေသံသည် အရင်အတိုင်းပင် တည်ငြိမ်နေလျက်ရှိသည်။
ယဲ့ကယ်၏ပြုံးယောင်သမ်းနေသော မျက်နှာမှာ တည်ကြည်သွားကာ ခေတ္တမျှတွေဝေနေပြီးနောက် စကားဆိုလိုက်သည်။ “ညီမတော်က ဇူယွမ်ရဲ့အကူအညီကိုယူဖို့ စဥ်းစားနေတယ်ဆိုရင်တော့ သူကဒီအတွက် မသင့်တော်မှာ အကိုစိုးရိမ်မိတယ်။
ဒီအစီအရင်ကို မူလမှော်စာလုံးနဲ့ပဲ ချိုးဖျက်လို့ရမှာ။အားသုံးပြီး ချိုးဖျက်လို့ရမှာ မဟုတ်ဘူး။”
ယောင်ယောင်ခေါင်းတခါခါနှင့် ယဲ့ကယ်အား လှည့်၍ကြည့်လိုက်ပြီး ပြန်၍ပြောလိုက်၏။ “ငါကတော့ သူလုပ်နိုင်မယ်လို့ ထင်တယ်။”
ထိုစကားများပြောပြီးသည့်အချိန်တွင် သူမမှာ အဝေးသို့ရောက်ရှိနေပြီ ဖြစ်သည်။
ယဲ့ကယ်သည် ကူကယ်ရာမဲ့စွာဖြင့်ပင် ပခုံးကိုတွန့်လိုက်ရင်း ရေရွတ်လိုက်လေသည်။ “အကိုတို့တွေ့ရမှာပါညီမ တော်ယောင်ယောင်။ဒီအစီအရင်ကိုချိုးဖျက်ဖို့ ညီမတော်ကိုကူညီနိုင်တာ အကိုတစ်ယောက်ပဲရှိတယ်ဆိုတာကိုပေါ့။ ဇူယွမ်အတွက်ကတော့....”
“သူကကောင်းကောင်းမလုံလောက်သေးဘူး။”