လျှပ်စီးလေငှက်
Vol. 8 Ch. 149
လွင်ပြင်ဒေသသည် အတော်ပင် ဝေးလံခေါင်သီသလို ဆေးဖက်ဝင် သစ်သီးသစ်ဖုများ၊ ဝိညာဉ်ရတနာများလည်း မရှိသလောက်ပင်ဖြစ်သည်။ ယုတ်စွအဆုံး နတ်ဆိုးသားရဲများ၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရပါ။ ကျန်းချန်ရွှမ်တို့ လွင်ပြင်ဒေသကို ခြေချမိသည်နှင့် လုအော်ရင်ယွဲ့ ဦးဆောင်သော လော့ရှားမန်ဂိုဏ်းသားများ အသင့်ဆီးကြိုလျက်ရှိသည်ကို တွေ့ရသည်။ လုအော်ရင်ယွဲ့နံဘေးတွင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော လှပချောမောသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိရသည်။ ထိုအမျိုးသမီးနောက်တွင် လော့ရှားမန်ဂိုဏ်း၏ ဂိုဏ်းတပည့်များကို အစုံအလင်တွေ့ရသည်။ အများစုမှာ နုပျိုငယ်ရွယ်သော အမျိုးသမီးကျင့်ကြံသူများဖြစ်၍ အမျိုးသားကျင့်ကြံသူများမှာ အနည်းစုဖြစ်သည်။
လော့ရှားမန်ဂိုဏ်းသားများအနက်တွင် ကျန်ချန်ရွှမ်းနှင့် ရင်းနှီးဖူးသူနှစ်ယောက် ပါဝင်နေသည်ကို ကျန်းချန်ရွှမ်သတိပြုမိလိုက်သည်။ ရန်ကျွန်းလန်နှင့် ချိုးယီရွှေ တို့ဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မြင်တွေ့လိုက်ရပြီးနောက်တွင် အမျိုးအမည်မသိသော ခံစားချက်များ ရောထွေးဖြစ်ပေါ်လာတော့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ သူမတို့နှစ်ဦးကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်သော်လည်း ယခုအခါ နှစ်ဦးစလုံး ကျီဖုအဆင့် ကျင့်ကြံသူများဖြစ်နေကြပြီး သူမတို့နှင့် အနေအထားတစ်ခု ကွာဟသွားခဲ့ပြီဖြစ်သည်။
လုအော်ရင်ယွဲ့သည် ဦးစွာ ရှေ့သို့တက်လာပြီး ကျန်းချန်ရွှမ်တို့အား နှုတ်ခွန်းဆက်လိုက်သည်။
“တာအိုမိတ်ဆွေတို့ကို ဟောဒီက အမျိုးသမီးနဲ့ မိတ်ဆက်ပေးပါရစေ၊ သူက ကျွန်မတို့ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲ မေဖန်းဝူပါ၊ ဖန်းဝူ သူတို့က ရှန်းမိသားစုရဲ့ ဘိုးဘေး ရှန်းယွမ်လုံနဲ့ အဓိပတိအကြီးအကဲတွေဖြစ်တဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ပဲ”
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ပြုးလျက် နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်”
ရှန်းယွမ်လုံတို့လည်း အလားတူ နှုတ်ဆက်တုံ့ပြန်လိုက်သည်။ ထို့နောက် ရှန်းယွမ်လုံက
“ဂိုဏ်းသခင်ကြီးနဲ့ အကြီးအကဲမေတို့ အနေနဲ့ လျှပ်စီးလေငှက်ကိစ္စကို ဘယ်လိုစီစဉ်ထားကြလဲ”
ထိုအခါ အမျိုးသမီးနှစ်ဦးမှာ အကြည့်ချင်းဆုံသွားပြီး လုအော်ရင်ယွဲ့က ပြုံးလျက်ပင်
“ကျွန်မတို့ လျှို့ဝှက်နည်းစနစ်တစ်ခု သုံးပြီး စုံစမ်းကြည့်ပြီးပါပြီ။ လျှပ်စီးလေငှက် အကြီးအကဲက မကြာခင်မှာ ဥချပါတော့မယ်။ တာအိုမိတ်ဆွေ ရှန်းယွမ်လုံနဲ့ ကျွန်မ နှစ်ယောက်က ခေါင်းဆောင်ငှက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ပါမယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ခဏအတွင်း သုတ်သင်နိုင်လောက်မယ်။ တကယ်လို့ ထင်ထားသလို မလွယ်ရင်တောင် အချိန်တစ်ခုယူလိုက်ရင် ပြီးပြတ်သွားနိုင်ပါတယ်။ နောက်တစ်ချက်က စစ်ကူလာမဲ့ မျက်လုံးပြာ နတ်ဆိုးမျောက်ဝံတွေကို ကိုင်တွယ်ဖို့ပါ”
ထိုနေရာအရောက်တွင် လုအော်ရင်ယွဲ့က ကျန်းချန်ရွှမ်တို့ စုံတွဲကိုကြည့်လိုက်ပြီး
“စစ်ကူလာမဲ့ နတ်ဆိုးမျောက်ဝံတွေကို ထိန်းချုပ်ဖို့ကိစ္စကို ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့က မေဖန်းဝူနဲ့ ပူးပေါင်းပြီး ကိုင်တွယ်ပေးပါ၊ မင်းတို့သုံးယောက်ပေါင်း အင်အားနဲ့ဆိုရင် နတ်ဆိုးမျောက်ဝံတွေ အလုံးအရင်းနဲ့ ဝင်လာရင်တောင် အလွယ်တကူ ကိုင်တွယ်နိုင်ပါလိမ့်မယ်”
လုအော်ရင်ယွဲ့၏ အစီအစဉ်ကို ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းယွမ်လုံတို့သည် လေးလေးနက်နက်တွေးတောနေမိကြသည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက် ကျန်းချန်ရွှမ်တို့လည်း သဘောတူလိုက်ကြသည်။ ထိုအခါ လုအော်ရင်ယွဲ့က အစီအရင်အလံ တချို့ကို ထုတ်ယူပစ်လွှတ်လိုက်ရာ အလံများ၏ စက်ကွင်းအတွင်းရှိ လူအားလုံးသည် ကိုယ်ဖျောက်ထားသည့်ပမာ ဖုံးကွယ်ပြီးသား ဖြစ်သွားတော့သည်။
“အဆင့် ၃ ကိုယ်ဖျောက်အစီအရင်ကို သုံးလိုက်တာပါ။ ဒီနည်းနဲ့ ကျွန်မတို့အားလုံး လျှပ်စီးလေငှက်ခေါင်းဆောင်ရှိတဲ့ အသိုက်နေရာထိ ရန်သူသတိမထားမိဘဲ ချဉ်းကပ်နိုင်လိမ့်မယ်”
“နားလည်ပါပြီ”
ရှန်းယွမ်လုံက ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်တို့အားလုံး မတိုင်ပင်ဘဲ တစ်ပြိုင်နက်တည်း တွေးမိသည်က လော့ရှားမန်ဂိုဏ်းသည် ကျီဖုအဆင့် ဂိုဏ်းများအနက်တွင် ထိပ်တန်းနေရာ၌ ရပ်တည်နေသည်မှာ အဆန်းမဟုတ် ဟူသောအတွေးပင်ဖြစ်သည်။ လော့ရှားမန်ဂိုဏ်း၏ အုတ်မြစ်ခိုင်မာမှု၊ ရင်းမြစ်ကြွယ်ဝမှုတို့ကို သူတို့ရှန်းမိသားစုအနေနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပါ။
…..
အချိန်အနည်းငယ်ကြာသွားသည်။
ကျန်းချန်ရွှမ်တို့အားလုံး တောင်ကြားဒေသအတွင်းသို့ ခြေချမိကြပြီးဖြစ်သည်။ ကောင်းကင်ဘုံထွတ်ဖျားတောင်ကြား ဆိုသည့်အတိုင်း နာမည်နှင့်လိုက်အောင်ပင် မိုးထိမြင့်မားသော တောင်ထွတ်နှစ်ခုအကြားတွင် တောင်ကြားလမ်းသွယ်လေးတစ်ခုက ကျဉ်းမြောင်းစွာတည်ရှိနေသည်။ သူတို့ရောက်ရှိနေသည်မှာ တောင်ကြားလမ်းမြောင် တစ်နေရာတွင်ဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်ထွတ်များသည် ဓားသွားပမာ ချွန်ထက်လျက်ရှိပြီး အဆိုပါတောင်ထွတ်များ အထက်ရှိ ကျောက်ဆောင်များတွင် လျှပ်စီးလေငှက်များက အသိုက်ဖွဲ့နေထိုင်ကြခြင်းဖြစ်သည်။ လုအော်ရင်ယွဲ့က တောင်ထွတ်များကို တစေ့တစောင်း အကဲခတ်လိုက်ပြီးနောက်
“တာအိုမိတ်ဆွေ ရှန်းယွမ်လုံရေ ဘယ်ဖက်က တောင်ပေါ်မှာ လျှပ်စီးလေငှက်တွေရဲ့ ခေါင်းဆောင်ငှက်က အသိုက်ဖွဲ့ထားတယ်၊ ကျွန်မတို့အဖွဲ့ထဲက လူအချို့ကိုခေါ်ပြီး အပေါ်တက်ကြရမယ်”
ထို့နောက် သူမက ကျန်းချန်ရွမ်နှင့် မေဖန်းဝူတို့ကို ကြည့်ပြီး
“မင်းတို့သုံးယောက်က ဒီမှာပဲနေပြီး အခြေအနေကြည့်ထားကြ၊ နတ်ဆိုးမျောက်ဝံတွေ စစ်ကူလာရင် ငါတို့ပြန်မရောက်ခင်အထိ အချိန်ဆွဲပြီး ခုခံပေးထားပါ”
ကျန်းချန်ရွှမ်တို့လည်း ခေါင်းညိတ်ပြလိုက်သည်။ ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့လည်း လူအချို့ကို ခေါ်ဆောင်လျက် တောင်ထွတ်ပေါ်သို့ တိတ်တိတ်ဆိတ်ဆိတ် ပျံသန်းသွားကြတော့သည်။ မကြာမီ သူတို့တက်သွားကြသော တောင်ထွတ်ပေါ်မှ အလွန်ပြင်းထန်သော အော်ရာလှိုင်းများ နိမ့်ချီမြင့်ချီ ထွက်ပေါ်လာသည်ကို ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် မေဖန်းဝူတို့သုံးဦးစလုံး အသီးသီး ခံစားမိလိုက်ကြသည်။ ထိုတစ်ခဏတွင် မိုးပြိုသည့်ပမာ တောလဲသံကြီးတစ်ခုကြားလိုက်ရပြီး ပေတစ်ရာကျော်အမြင့်ရှိသည့် လျှပ်စီးကြောင်းကြီးတစ်ခု တောင်ထွတ်တစ်နေရာမှ ထိုးတက်လာသည်။ တစ်ချိန်တည်းတွင် အလွန်အမင်း စူးရှကျယ်လောင်သော ငှက်အော်သံကြီးတစ်ခု တောင်နံရံများတလျှောက် ပဲ့တင်ထပ်လာသည်ကို ကျန်းချန်ရွှမ်တို့သုံးဦးလုံး ကြားမိလိုက်ကြပြီး နေရာမှာပင် မှင်တက်နေမိကြသည်။
ထို့နောက်တွင် တောင်ပံအကျယ် ပေရာဂဏန်းခန့်ရှိသော လျှပ်စီးလေငှက်ကြီးတစ်ကောင်သည် လူအားလုံး၏မြင်ကွင်းတွင် ရုတ်တရက်ပေါ်လာတော့သည်။ အဆိုပါသတ္တဝါကြီး၏ ခန္ဓာကိုယ်ကို လျှပ်စစ်ကွန်ရက်များ ဖုံးလွှမ်းထားပြီး ပြင်းထန်သော နတ်ဆိုးချီလှိုင်းတစ်မျိုးကို အဆက်မပြတ် ထုတ်လွှင့်နေရာ မိုင်ငါးဆယ်ပတ်လည်ရှိ နတ်ဆိုးသားရဲတို့မှာ ကျဉ်စက်နှင့်တို့သည်ပမာ ကြောက်ရွံတုန်လှုပ်လျက်ရှိသည်။ ငှက်ကြီး၏မျက်လုံးများသည် ဒေါသအလွန်ထွက်နေသည့် လက္ခဏာနှင့် လောင်ကျွမ်းလုမတတ် ဝင်းဝင်းတောက်နေသည်။ ထိုငှက်ကြီးသည် လျှပ်စီးလေငှက်တို့၏ အကြီးအကဲဖြစ်ပြီး အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိသည်။ ငှက်ကြီး၏ နှုတ်သီးမှ လျှပ်ရောင်တလက်လက် ထနေသည့် လျှပ်စီးဘောလုံးကြီးတစ်ခု အန်ထွက်လာပြီး လုအော်ရင်ယွဲ့တို့အဖွဲ့ကို ချိန်ရွယ်ထားလျက်ရှိသည်။
ထိုအခိုက်တွင် လျှပ်စီးဘောလုံးကြီး၏ အလယ်တစ်နေရာတွင် ဆည်းဆာရောင် အလင်းတစ်ခု လင်းလက်လာပြီးနောက် ပန်းချီကားတစ်ချပ်ပမာ အသွင်ပြောင်းသွားပြီး ငှက်ကြီးပစ်လွှတ်လိုက်သော လျှပ်စီးဘောလုံးကြီးကို ခွေခေါက်ရစ်ပတ်လိုက်တော့သည်။
“ဆည်းဆာအလင်း ပန်းချီကားပဲ”
ကျန်းချန်ရွှမ်တို့နံဘေးတွင် ရပ်နေသည့် မေဖန်းဝူက အလန့်တကြားထအော်သည်။ အဆိုပါရတနာသည် လော့ရှားမန်ဂိုဏ်း၏ အထွတ်အထိပ်ရတနာဖြစ်ပြီး အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိသည်။ ထို့နောက်တွင် အဆုံးမရှိသော သတ်ဖြတ်ခြင်းအော်ရာများ ပြည့်လျှမ်းနေသည့် ဓားအလင်းတန်းများသည် ငှက်ကြီး၏ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်ပေါက်ကွဲတော့သည်။ ထို့နောက်တွင် သွေးများဖြာထွက်လာပြီး ငှက်ကြီး၏ အော်ရာမှာ ရုတ်ခြည်းကျဆင်းသွားတော့သည်။ တစ်ဆက်တည်းတွင် ငှက်ကြီးသည် ခန္ဓာကိုယ်ပတ်လည်ရှိ လျှပ်စီးကွန်ရက်ကြီးကို ထိန်းသိမ်းနိုင်စွမ်း ဆုံးရှုံးလိုက်ရပြီး အဆိုပါလျှပ်စစ်လှိုင်းကြီးသည် မရေမတွက်နိုင်သော လျှပ်စီးကြောင်းများအဖြစ် အရပ်ဆယ်မျက်နှာသို့ ဖြာထွက်လွင့်စင်သွားတော့သည်။
ဒါဇင်နှင့်ချီသော အဆင့်နိမ့် လျှပ်စီးလေငှက်များကို လျှပ်စီးတန်းများ ထိမှန်ပြီး တစ်ခဏချင်း ပြာအဖြစ်သို့ရောက်ကုန်ကြသည်။ ထိုမြင်ကွင်းကြောင့် ငှက်ကြီးသည် ဒေါသတကြီး ဟစ်အော်လိုက်ပြီး လူတစ်ဦးပမာ ကြိမ်းဝါးလိုက်သည်။
“မင်းတို့အားလုံး သေရမယ်”
ထိုတစ်ခဏတွင် ငှက်ကြီး၏ကိုယ်သည် ပေတစ်ထောင်ကျော်အထိ ရုတ်တရက် ကြီးထွားလာပြီး နှုတ်သီးအတွင်းမှ စိမ်းပြာရောင် ချီစီးကြောင်းများ ယှက်သန်းနေသော အမြုတေအလုံးတစ်လုံး ပျံထွက်လာတော့သည်။ အဆိုပါအရာမှာ နတ်ဆိုးအူတိုင် ဓာတ်လုံးပင်ဖြစ်သည်။ ငှက်ကြီးအား ရှိသမျှအားအင်များဖြင့် အစွမ်းကုန်တိုက်ခိုက်နေသော ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့မှာ အဆိုပါမြင်ကွင်းကြောင့် မျက်နှာပျက်သွားကြသည်။
“မကောင်းတော့ဘူး နတ်ဆိုးအူတိုင်ဓာတ်လုံးကို အသေခံဖောက်ခွဲတော့မယ်၊ သတိထားကြ”
***