ဝေစုခွဲကြခြင်း
Vol. 8 Ch. 155
ယခုအခါ သစ်သားဓာတ်အခြေခံ မိစ္ဆာဝိညာဉ် ၆ ကောင်အနက် သုံးကောင်သာ ကျန်တော့သည်။ ရှန်းယွမ်လုံက နှစ်ကောင်ကို ထပ်မံတိုက်ခိုက် သတ်ဖြတ်လိုက်ပြန်ရာ နောက်ဆုံးတွင် တစ်ကောင်သာ ကျန်တော့သည်။ ထိုနောက်ဆုံးနတ်ဆိုးသည်လည်း ကျန်းချန်ရွှမ်နှင့် ကျန်သုံးဦးတို့လက်ချက်ဖြင့် ကိစ္စတုံးသွားတော့သည်။ သူတို့အားလုံး၏ အခြေအနေ ရုတ်တရက် ချိန်ခွင်လျှာပြောင်းလဲသွားရခြင်းမှာ ကျန်းချန်ရွှမ်၏ အဇူရာဧကရာဇ် ကောင်းကင်ဘုံ ရန်နှိမ်ဓား နတ်ဘုရားစွမ်းအားကြောင့်ဟု ဆိုရမည်။
အဆိုပါနတ်ဘုရားစွမ်းအားသည် သစ်သားဝိညာဉ်ချီများ အလျှံပယ်ပေါများနေသည့် ယခုလိုနေရာမျိုးတွင် အထူးတလည် အစွမ်းထက်လှသည်။ ကျန်းချန်ရွှမ် သတိပြုမိသည်မှာ ဤနတ်ဘုရားစွမ်းအားသည် သစ်သားဓာတ်အခြေခံ မိစ္ဆာများအပြင် သစ်သားဓာတ် မိစ္ဆာသားရဲကြီးများကိုပါ ချုပ်နှောင်ဖိနှိပ်နိုင်စွမ်း မြင့်မားသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းချန်ရွှမ်အနေနှင့် အဆိုပါ မိစ္ဆာများကို အလွယ်တကူ နှိမ်နင်းနိုင်ခြင်းဖြစ်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ကျန်သုံးဦးတို့လည်း အချိန်မဆွဲတော့ဘဲ အဆင့် ၃ အမြင့်ဆုံး အဆင့်ရှိ မိစ္ဆာဝိညာဉ်နှင့် ရင်ဆိုင်နေရသော လုအော်ရင်ယွဲ့ကို အပြေးအလွှားကူညီလိုက်ကြသည်။
နောက်ဆုံးကျန်ရှိနေသော မိစ္ဆာသည် သူ၏အပေါင်းအပါများ ကျန်းချန်ရွှမ်တို့၏ လက်ချက်ဖြင့် ကိစ္စတုံးကုန်သည်ကို မြင်လျှင် ဒေါသကြီးစွာ မာန်ဖီလိုက်သည်။ တစ်ချိန်တည်းတွင် အကြောက်တရားကိုလည်း ခံစားမိစပြုလာတော့သည်။ သို့သော် ထွက်ပြေးရန် အချိန်နှောင်းသွားပြီဖြစ်သည်။ လုအော်ရင်ယွဲ့အပါအဝင် ကျန်းချန်ရွှမ်တို့ ငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုဒဏ်ကို နောက်ဆုံးတွင် ကြံ့ကြံ့ခံနိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံးတွင် မရှုမလှသေဆုံးသွားတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင် လုအော်ရင်ယွဲ့မှ ဦးဆောင်လျက် သူတို့အားလုံး အဆင့် ၃ သစ်သားဝိညာဉ်သွေးကြော အပေါ်တွင် ခြေချမိကြသည်။ အဖွဲ့သားအားလုံး၏ မျက်နှာများမှာ မှိုရသကဲ့သို့ ပြုံးပျော်သွားကြသည်။ သွေးကြောထဲတွင် အဆင့် ၃ ဝိညာဉ်သွေးကြောများတွင်သာ ပျိုးထောင်နိုင်သော အဆင့် ၃ ဝိညာဉ်ရတနာ အမျိုးမျိုးကို အလျှံပယ်တွေ့ရှိရသည်။ အထူးသဖြင့် အဇူရာသစ်သားနဂါး သလင်းကျောက်ဖြစ်ပြီး ထူးခြားသည်မှာ နှစ်ခုကို တွဲလျက်သား တွေ့ရှိရခြင်းဖြစ်သည်။ ထို့အပြင် ခရမ်းရောင်နေနွယ်၊ ရွှေနက်မြက်၊ ထူးကဲသစ်သား အဆီအနှစ်ကဲ့သို့ ရှားပါးတန်ဖိုးကြီး ရတနာများကိုလည်း အစုအပြုံလိုက် တွေ့ရသေးသည်။
သို့သော် တန်ဖိုးအကြီးဆုံးအရာမှာမူ အငြင်းပွားဖွယ်မရှိ ဝိညာဉ်သွေးကြော ကိုယ်တိုင်ပင်ဖြစ်သည်။ သည်နေရာတွင် ကျင့်ကြံလျှင် အခြားသော အဆင့် ၃ ဝိညာဉ်သွေးကြောများတွင် ကျင့်ကြံသည်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်မည်ဖြစ်သလို သစ်သားဓာတ်အခြေခံ နည်းစနစ်များကို ကျင့်ကြံလေ့ကျင်လျှင်လည်း နှစ်ဆခန့် ပိုမိုထိရောက်မည်ဖြစ်သည်။
“ကဲ အခု အားလုံးအတွက် ဝေစုခွဲချိန်တန်ပြီ”
လုအော်ရင်ယွဲ့က အဖွဲ့သားအားလုံးကို ပြုံးလျက်ပြောလိုက်တော့သည်။ ထို့နောက် ရတနာပစ္စည်းစာရင်းနှင့် အဖွဲ့သားအားလုံး၏ စွမ်းဆောင်မှုကို မှတ်တမ်းတင်ထားသော စာရင်းတစ်ခုကို ထုတ်ယူလိုက်သည်။ စွမ်းဆောင်ရည်အပေါ် မူတည်သတ်မှတ်ထားသော ရမှတ်များကို အသုံးပြု၍ ရတနာပစ္စည်းများကို လဲလှယ်နိုင်မည်ဖြစ်သည်။ ထိုစဉ် လုအော်ရင်ယွဲ့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်ပြီး
“ဒီတစ်ခေါက်ခရီးမှာ မင်းတို့နှစ်ယောက်ကို အဓိက ကျေးဇူးတင်ရမယ်၊ ဒီတော့ မင်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းတို့အလိုရှိရာ ရတနာပစ္စည်းသုံးခုကို အရင်ရွေးချယ်ခွင့်ပေးမယ်၊ အားလုံးသဘောတူကြလား”
မေဖန်းဝူနှင့် ရှန်းယွမ်လုံတို့ နှစ်ဦးစလုံး ခေါင်းခါပြသည်။ မေဖန်းဝူက ကျန်းချန်ရွှမ်ကို ကျေးဇူးတင်စွာကြည့်လျက်
“သူတို့နှစ်ယောက်ကို ဦးစားပေးမှ သင့်မှာပေါ့၊ သည်စစ်ဆင်ရေး အောင်မြင်တာ သူတို့ကြောင့် အများကြီးပါတယ်”
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မနေသာတော့ဘဲ ရှေ့ထွက်၍ အလိုရှိရာ ရတနာများကို ရွေးယူလိုက်ကြသည်။ ထိုရတနာများအနက် တန်ဖိုးအကြီးဆုံးမှာ အဇူရာနဂါး သစ်သားသလင်းကျောက် နှစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့လည်း သဘာဝကျစွာပင် အဆိုပါပစ္စည်းနှစ်ခုကို ရွေးချယ်လိုက်သည်။ နောက်ဆုံးပစ္စည်းအနေနှင့် ရွေးချယ်စရာနှစ်ခုရှိသည်။ လျှပ်စီးလေငှက်ခေါင်းဆောင်၏ အဆင့် ၃ အမြင့်ဆုံးအဆင့် အမြုတေနှင့် သစ်သားဓာတ် မိစ္ဆာဝိညာဉ်၏ အဆင့်တူ အမြုတေပင် ဖြစ်သည်။
ပထမတွင် ရှန်းရူယန်က သစ်သားမိစ္ဆာ၏ အဆင့် ၃ အမြုတေကို ရွေးမည်လုပ်သေးသော်လည်း ကျန်းချန်ရွှမ်က တားမြစ်၍ လျှပ်စီးလေငှက်၏ အမြုတေကိုသာ ရွေးလိုက်သည်။ အဆိုပါအမြုတေတွင် လျှပ်စီးဓာတ်နှင့် လေဓာတ်နှစ်ခု တွဲဖက်ပါရှိနေရာ ရှန်းရူယန်ကဲ့သို့ လျှပ်စီးငါးပါး တာအိုခန္ဓာပိုင်ဆိုင်ထားသူ အဖို့ အသုံးဝင်မည်မှာ သေချာပါသည်။ သူတို့စုံတွဲအပြီး ဒုတိယအလှည့်ကျသူက လုအော်ရင်ယွဲ့ဖြစ်ပြီး မဆိုင်းမတွပင် သစ်သားမိစ္ဆာ၏ အဆင့် ၃ အမြင့်ဆုံးအဆင့် အမြုတေကို ရယူလိုက်သည်။
ထို့နောက်တွင် ရှန်းယွမ်လုံနှင့် မေဖန်းဝူတို့အလှည့်ဖြစ်သည်။ ရှန်းယွမ်လုံက မျက်လုံးပြာနတ်ဆိုးမျောက်ဝံခေါင်းဆောင်၏ အမြုတေကို လဲလှယ်လိုက်ပြီး မေဖန်းဝူက သစ်သားဓာတ် အဆီအနှစ် ဆေးပုလင်း အကြီးစားကို လဲလှယ်ရယူလိုက်သည်။ ထို့နောက်တွင်တော့ ကျန်ရှိနေသော ဝိညာဉ်ရတနာများအနက် ကျန်းချန်ရွှမ်အတွက် အသုံးဝင်နိုင်သည်က အဆင့် ၃ အလယ်အဆင့် သစ်သားမိစ္ဆာ အမြုတေများနှင့် သစ်သားသွေးကြောအတွင်းရှိ အဆင့် ၃ ဝိညာဉ်ရတနာများသာ ကျန်ပါတော့သည်၊ သို့သော် ကျန်းချန်ရွှမ် မျက်စိကျနေသည်က မျောက်ဝံခေါင်းဆောင် ကိုင်ဆောင်သော ရွှေနက်တုတ်ကြီးဖြစ်သည်။
အဆိုပါတုတ်လက်နက်ကြီးကို ပြင်ပလောကတစ်ခုမှ ဖြစ်ဟန်တူသည့် သံမဏိအနက် သတ္တုနှင့် တခြားသော ကျန်းချန်ရွှမ် မမြင်ဖူး၊ မကြားဖူးသည့် ကုန်ကြမ်းများဖြင့် သွန်းလောင်းထားခြင်းဖြစ်သည်။ ရွှေနက်တုတ်သည် မယုံနိုင်စရာ မာကျောခိုင်ခန့်သလို အထူးပင် လေးလံလှသည်။ သူ၏ နဂါးဆင် ရုပ်ပိုင်းနတ်ဘုရားစွမ်းအားနှင့် တွဲဖက်အသုံးပြုရန် လိုက်ဖက်မည်ဟု ကျန်းချန်ရွှမ်တွေးမိသည်။ သို့သော် သူတို့နှစ်ဦးတွင် စွမ်းဆောင်ရည်ရမှတ်များ သိပ်မကျန်တော့၍ ရွှေနက်တုတ်ကို ရွေးလိုက်လျှင် အခြားသော ဝိညာဉ်ရတနာများကို လက်လွှတ်ရမည်ဖြစ်သည်။ ကျန်းချန်ရွှမ်တစ်ယောက် ဝေခွဲမရဟန်နှင့် တွေဝေနေသည်ကို ရှန်းရူယန်မြင်လျှင် ပြုံးလိုက်ပြီး
“ရှင် တုတ်လိုချင်လို့မလား၊ လိုချင်ရင် လဲလိုက်ပါ”
ထို့နောက် ရှန်းရူယန်သည် ခင်ပွန်းဖြစ်သူ၏ အဖြေကိုပင် မစောင့်တော့ဘဲ လက်ကျန်ရမှတ်များကို အသုံးပြု၍ တုတ်ကိုရယူလိုက်တော့သည်။ ကျန်းချန်ရွှမ်လည်း တစ်စုံတစ်ရာမပြောဘဲ ထိုင်ကြည့်နေလိုက်တော့သည်။ အမှန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ သည်တစ်ခေါက်ခရီးမှ အတော်ပင် အမြတ်ထွက်ပြီးဖြစ်သည်။ အဇူရာနဂါး သစ်သားသလင်းကျောက်နှစ်ခုအပြင် လျှပ်စီးလေငှက်အမြုတေကိုပါ ရရှိလိုက်ခြင်းကြောင့် ရှန်းရူယန်အနေနှင့် ကျီဖုနယ်ပယ် တတိယအဆင့်ကို လွယ်လင့်တကူ တက်ရောက်နိုင်မည်ဖြစ်ပြီး ကျန်းချန်ရွှမ်၏ တိုက်ပွဲဝင်စွမ်းရည်သည်လည်း ရွှေနက်တုတ်အကူအညီဖြင့် များစွာတိုးတက်လာပါလိမ့်မည်။
ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း အလိုရှိရာများကို လဲလှယ်ပြီးပြီဖြစ်၍ ရှန်းယွမ်လုံ လဲလှယ်မည့် အရာများကို အာရုံစိုက်မိသွားသည်။ ပထမတွင် အဆင့် ၃ ဝိညာဉ်ရတနာများကို လဲလှယ်မည်ဟု ထင်မှတ်ထားသော်လည်း ရှန်းယွမ်လုံက ထူးခြားစွာပင် လျှပ်စီးလေငှက်ခေါင်းဆောင်၏ ဥတစ်လုံးကို လဲလှယ်လိုက်သည်။ နတ်ဆိုးသားရဲဥများမှာ ရေတိုအားဖြင့် တန်ဖိုးမမြင့်လှသော်လည်း ဥဖောက်မွေးမြူထားပါက နောင်တစ်ချိန်တွင် ရှန်းမိသားစုအတွက် တစ်တပ်တစ်အား ဖြစ်လာနိုင်သည်။ သာမန်လျှပ်စီးလေငှက် တစ်ကောင်၏ဥသည် အဆင့် ၂ အထိသာ အမြင့်ဆုံးရနိုင်သော်လည်း ငှက်ခေါင်းဆောင်၏ ဥကတော့ အနည်းဆုံး အဆင့် ၃ အနိမ့်စားအဆင့်ထိ ရရှိနိုင်ပါသည်။ ဆိုလိုသည်မှာ ရှန်းမိသားစုအနေနှင့် အဆိုပါဥကို အောင်မြင်စွာ သားဖောက်မွေးမြူနိုင်ပါက အရွယ်ရောက်လာသည့်အခါ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကို ပိုင်ဆိုင်ခွင့်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။
ကံကောင်းထောက်မပါက မိခင်ဖြစ်သူ၏ အဆင့်အတန်းကိုပင် ရရှိနိုင်ချေရှိသေးသည်။ အဆိုပါဥကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုနှင့် ပျိုးထောင်ပြုစုနိုင်စွမ်းအပေါ် မူတည်ပြီး အလားအလာ အတိုးအလျော့ရှိသွားနိုင်ပါသည်။ ကျန်ရှိနေသော ဝိညာဉ်ရတနာများကို ခွဲဝေပြီးသည့်နောက်တွင် လုအော်ရင်ယွဲ့ကပင်
“နောက်ထပ်ဆွေးနွေးမှာက အနာဂတ်မှာ ဒီသွေးကြောဆီက ရရှိလာမဲ့ ရင်းမြစ်တွေကို ဘယ်လိုခွဲဝေမလဲဆိုတာနဲ့ ဒီနေရာကို စောင့်ကြပ်ဖို့ လူရွေးမဲ့ကိစ္စပဲဖြစ်ပါတယ်”
***