သော့ချက်ကိုဖမ်းဆုပ်ခြင်း
Vol. 8 Ch. 141
ရှန်းယွမ်လုံကို နှုတ်ဆက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ကျောက်စိမ်းပျံတောင်ထွတ်ကို ပြန်လာခဲ့ကြသည်။ လမ်းတွင် ကျန်းချန်ရွှမ်က
“ရူယန် ကိုယ်တို့မှာ သုံးလအချိန်ရှိသေးတယ်။ ဒီအတောအတွင်း ကိုယ့်ရဲ့ လက်နက်သန့်စင်စွမ်းရည်ကို အဆင့် ၃ ဒါမှမဟုတ် အဆင့် ၃ နီးပါး ရအောင် မြှင့်တင်ကြည့်ဦးမယ်”
အမှန်တကယ်တွင် ကျန်းချန်ရွှမ်၏ လက်နက်သန့်စင်ခြင်း စွမ်းရည်မှာ အဆင့် ၃ အထိ ရောက်ရှိလုနီးပါး ဖြစ်နှင့်ပြီး ဖြစ်သလို ထိုအဆင့်ကို ကျော်ဖြတ်နိုင်ပါက သူ၏မူလဓမ္မရတနာကို စတင်သန့်စင်နိုင်မည်ဖြစ်သည်။ ထိုအခါ ရှန်းရူယန်က
“ဒါဆို ရှင့်ရဲ့ကျင့်ကြံရေးအခန်းထဲကို ကျွန်မပါလိုက်ခဲ့မယ်၊ အရေးကြီးတဲ့အချိန်ရောက်ရင် ဘေးကနေ ကူညီ ညွှန်ပြလို့ရတာပေါ့”
ကျန်းချန်ရွှမ်က ပြုံးလျက် သဘောတူလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
မကြာမီ ကျန်းချန်ရွှမ်၏ ကျင့်ကြံရာ လှိုဏ်ဂူထဲသို့ နှစ်ဦးသား ဝင်ရောက်သွားကြတော့သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ ရှေ့တွင်ပင် လက်နက်များကို စတင်သန့်စင်သည်။ ၁၅ ရက်ခန့်ကြာပြီးနောက်…
ရှန်းရူယန်သည် ကျန်းချန်ရွှမ် သွန်းလုပ်သန့်စင်ထားသည့် အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ ဓားပျံလက်နက်တစ်ခုကို အံ့သြစွာ လေ့လာကြည့်ရှုရင်း မှတ်ချက်ချလိုက်သည်။
“မဆိုးဘူး ယောက်ျား၊ ဓားပျံကို ထုဆစ်ပုံသပ်ရပ်တယ်။ နောက်ပြီး ဒီဓားပျံမှာ မီးဓာတ်အခြေခံ လက်နက်တစ်ခုရဲ့ လောင်ကျွမ်းပေါက်ကွဲအားမျိုး ရှိသလို မြေဓာတ်အခြေခံ ဓားပျံတစ်စင်းရဲ့ လေးပင်မှုမျိုးလည်း ရှိတယ်၊ ဒီလက်နက်ရဲ့ အဆင့်အတန်းက အဆင့်၃ နီးပါးရှိတဲ့အတွက် အဆင့် ၂ ဓမ္မလက်နက်တွေထဲမှာ ထိပ်ဆုံးအဆင့်လို့ သတ်မှတ်နိုင်တယ်၊ ရှင့်အနေနဲ့ အဆင့်၃ လက်နက်ကို သန့်စင်ချိန်တန်ပြီလို့ ကျွန်မယူဆတယ်”
ကျန်းချန် ရွှမ်တစ်ယောက် ဇနီးဖြစ်သူ၏ စကားကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးနောက် လက်ခံလိုက်သည်။
“ဒါဖြင့် မိန်းမကိုပဲ ဒုက္ခပေးရတော့မယ်။ ကိုယ့်ရဲ့ လုပ်နည်းလုပ်ဟန် မမှန်ရင် ဘေးကနေ အချိန်မီထောက်ပြလိုက်ပါ”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
“မစိုးရိမ်ပါနဲ့၊ ရှင်မအောင်မြင်လည်း ဆုံးရှုံးစရာဆိုလို့ အဆင့်၃ ကုန်ကြမ်းပစ္စည်းတွေပဲရှိတယ်၊ ဒါတွေကိုလည်း ကျွန်မတို့တတ်နိုင်ပါတယ်၊ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးပါနဲ့”
ကျန်းချန်ရွှမ်က ဇနီးဖြစ်သူ၏စကားကို တစ်စုံတစ်ရာ မတုံ့ပြန်တော့ဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး အဆင့်၃ လက်နက်သန့်စင်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြင်ဆင်လိုက်သည်။ ထို့နောက် အချိန်မဖြုန်းတော့ဘဲ အဆင့်၃ ဓမ္မရတနာလောင်းတစ်ပါးကို စတင်သန့်စင်တော့သည်။ အဆိုပါလက်နက်သည် ကျန်းချန်ရွှမ်ရည်ရွယ်ထားသည့် မူလဓမ္မရတနာအတွက် မဟုတ်ဘဲ ကြိုတင်လေ့ကျင့်သည့် အစမ်းသဘောမျိုးသာဖြစ်သည်။ သူ့ထံတွင် မူလဓမ္မရတနာအတွက် ပြင်ဆင်ထားသည့် ကုန်ကြမ်းပစ္စည်းမှာ တစ်စုံစာသာရှိသည့်အတွက် သန့်စင်ရာတွင် အမှားအယွင်းရှိခဲ့လျှင် အဆိုပါကုန်ကြမ်းပစ္စည်းများကို အစကနေ ပြန်လည်စုဆောင်းရမည်ဖြစ်ကာ အချိန်ကုန်မည်ဖြစ်သည်။
ယခု အကြိုလေ့ကျင့်သည့်သဘောအနေနှင့် ကျန်းချန်ရွှမ် သန့်စင်မည့် ဓမ္မရတနာမှာ အဆင့်၃ ဖြစ်သောလည်း ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများမှာ ပေါပေါလောလော ရရှိနိုင်မည့် ပစ္စည်းများဖြစ်၍ အကယ်၍ သန့်စင်မှု မအောင်မြင်ခဲ့လျှင်တောင် ကြီးကြီးမားမား နစ်နာစရာမရှိပါ။
တစ်ပတ်အကြာတွင်….
ကျန်းချန်ရွှမ်သည် သတ္တုအမှိုက်များအဖြစ် ပြောင်းလဲသွားသည့် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း စိတ်မသက်မသာ ပြုံးမိသည်။ သူ၏တုံ့ပြန်မှု အနည်းငယ်နှေးသွားသည့်အတွက် လိုအပ်သည့် အပူချိန်ကို လျှော့ချနိုင်ခြင်းမရှိဘဲ ပုံပေါ်စပြုနေသည့် ဓမ္မရတနာလောင်းမှာ တစ်စစီကွဲကြေသွားခြင်းဖြစ်သည်။ ထိုအခါ ရှန်းရူယန်က ဘေးမှဝင်၍ အားပေးနှစ်သိမ့်ရသည်။
“ယောက်ျား ရှင်ကတော်ပြီးသားပဲ၊ နောက်တစ်ကြိမ် အာရုံစူးစိုက်လိုက်ရင် ရှင်သန့်စင်ချင်တဲ့ ဓမ္မရတနာလောင်းရဲ့ ပုံထည်ပေါ်လာမှာပါ”
“နှစ်သိမ့်ပေးလို့ ကျေးဇူးပါ”
ကျန်းချန်ရွှမ်မှာ အမှန်တကယ်တွင် စိတ်ဓာတ်ကျဆင်းခြင်းမရှိပါ။ ချက်ချင်းပင် စိတ်အာရုံကို စုစည်းကာ ဒုတိယအကြိမ် ကြိုးစားလိုက်သည်။ သည်တစ်ခါတော့ သူ၏လက်ရာမှာ သိသိသာသာပင် တိုးတက်လာတော့သည်။ တစ်ပတ်အတွင်း၌ ဓမ္မရတနာလောင်းမှာ ပုံပေါ်လာပြီး နောက်ထပ် လဝက်ခန့်အကြာတွင် ဓမ္မရတနာလောင်းပေါ်တွင် မှော်သင်္ကေတများ စတင်ထွင်းထုနေပြီဖြစ်သည်။ နောက်ထပ်နှစ်လကြာလျှင် ထွင်းထုခြင်းလုပ်ငန်း ပြီးဆုံးကာ နောက်တစ်ဆင့်တက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်လက်ထဲရှိ ဓမ္မရတနာလောင်းသည် ပုံမှန်မဟုတ်သည့် စည်းချက်တစ်မျိုးဖြင့် အလင်းများ ထုတ်လွှင့်လျက်ရှိသည်။ ထိုအခါ ဘေးတွင်ရပ်ကြည့်နေသော ရှန်းရူယန်က အလန့်တကြား ထအော်လိုက်သည်။
“ယောက်ျား သတိထား”
ထိုခဏတွင် လက်ထဲရှိ ဓမ္မရတနာလောင်းမှာ ရုတ်တရက်ပေါက်ကွဲသွားပြီး အဟုန်ပြင်းသည့် ပေါက်ကွဲမှုအားတစ်ရပ်က ကျန်းချန်ရွှမ်ထံ လှိမ့်ဝင်လာတော့သည်။ ကျန်းချန်ရွှမ်သည် ဓမ္မရတနာလောင်းကို အလျင်အမြန်ဖမ်းယူဆုတ်ချေလိုက်ရသည်။ ရှန်းရူယန်က စိုးရိမ်တကြီးဖြင့်
“ယောက်ျား ရှင်ဘာဖြစ်သွားသေးလဲ”
ကျန်းချန်ရွှမ်က ခေါင်းခါပြလိုက်သည်။ ယခုလို ပေါက်ကွဲမှုအဆင့်မျိုးသည် ကျန်းချန်ရွှမ်ကို ထိခိုက်နိုင်စွမ်းမရှိပါ။ ကျန်းချန်ရွှမ်သည် မီးသွေးခဲအဖြစ် ပြောင်းသွားသော ဓမ္မရတနာ လောင်းကို ကြည့်လျက် အတွေးနယ်ချဲ့နေမိသည်။ နောက်ဆုံး၌ သူ့မျက်နှာတွင် ယုံကြည်မှုရှိသည့် လက္ခဏာတစ်ရပ် ထင်ဟပ်လာတော့သည်။ ဘေးမှ အရိပ်အကဲကြည့်နေသော ရှန်းရူယန်က အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ယောက်ျား ရှင် သော့ချက်ကို ဖမ်းဆုပ်နိုင်ပြီထင်တယ်”
“ဟုတ်တယ်”
ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“နောက်တစ်ခါကျရင် ဒီရတနာကို ကိုယ်သန့်စင်နိုင်တော့မယ်”
“ကြိုတင်ဂုဏ်ပြုထားပါတယ်”
ရှန်းရူယန်က ပြုံးလျက် လက်သီးဆုပ်ဂါရဝပြုလိုက်သည်။ ကျန်းချန်ရွှမ်ကလည်း ထိုနည်းတူ တုံ့ပြန်ရင်း
“စကားမစပ် မိန်းမရဲ့ သွန်သင်လမ်းညွှန်မှု မပါရင် ကိုယ်လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒီသော့ချက်ကို ရှာတွေ့ဖို့ အချိန်အများကြီးပေးရမှာ သေချာတယ်”
အမှန်တကယ်လည်း ရှန်းရူယန်သည် အရေးကြီးသော အဆင့်များ၌ အနီးကပ်ညွှန်ပြသင်ကြားပေးခဲ့၍သာ ကျန်းချန်ရွှမ်တစ်ယောက် ယခုလို သော့ချက်ကို မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
“ဒါနဲ့ ကိုယ်တို့အပြင်ထွက်ချိန်တန်ပြီ၊ မကြာခင် ဂုဏ်ပြုပွဲစတော့မယ်”
ထို့နောက် နှစ်ဦးသား ဂူထဲမှထွက်၍ ဂုဏ်ပြုပွဲကျင်းပမည့် တောင်ထွတ်နေရာသို့ ဦးတည်လိုက်ကြသည်။ ပွဲကျင်းပမည့်နေရာသို့ ရောက်သောအခါ ဧည့်သည်အတော်များများ ရောက်ရှိပြီးဖြစ်သည်ကို တွေ့ရသည်။ အများစုမှာ ကျီဖုအဆင့် မိသားစုများမှ ဧည့်သည်များဖြစ်ပြီး ကျန်းချန်ရွှမ်တို့နှင့် ရင်းနှီးသူများကိုလည်း တွေ့ရသည်။ ထိုလူများထံတွင်ကျီဖုအဆင့်ကျင့်ကြံသူဖြစ်သည့် ဆောင်ဟွေ့လည်း ပါဝင်ပြီး ရှန်းတောက်မင်နှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။ မကြာခင် သူတို့ဇနီးမောင်နှံနှစ်ဦး ရောက်ရှိလာသည်ကို ဂုဏ်ပြုပွဲလာ ပရိသတ်များ သတိထားမိပြီး အားလုံး၏အကြည့်က သူတို့နှစ်ဦးထံ ရောက်လာကြတော့သည်။
“ချန်ရွှမ်နဲ့ ရူယန် မင်းတို့ရောက်လာကြပြီပဲ”
ရှန်းတောက်မင်က ပြုံးရွှင်စွာဖြင့် ဆောင်ဟွေ့နှင့်အတူ သူတို့နှစ်ဦးထံ လာရောက်နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်းကျန်းနဲ့ ရူယန်တို့က တကယ်လိုက်ဖက်တဲ့ စုံတွဲတွေဖြစ်ကြောင်း ကြားဖူးနေတာကြာပါပြီ၊ ခုမှပဲ တွေ့ရတော့တယ်”
ဆောင်ဟွေ့က ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံကို ဦးစွာ နှုတ်ဆက်လိုက်သည်။
“ဒီက တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုကြောင်း ပြောလိုပါတယ်”
ဆောင်ဟွေ့၏ ဖော်ရွေသော အမူအရာကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။ ထိုစဉ် လူပုံရိပ်နှစ်ခု ဂုဏ်ပြုပွဲကို ရုတ်တရက် ပျံသန်းရောက်ရှိလာကြသည်။ ပထမတစ်ဦးမှာ ရှန်းယွမ်လုံဖြစ်ပြီး သူနှင့်အတူ ပါလာသူမှာ လှပသောဝတ်ရုံကို ဆင်မြန်းထားသည့် မိန်းမချောတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦး ယှဉ်တွဲရောက်ရှိလာသည်ကို ဆောင်ဟွေ့အပါအဝင် ပရိသတ်အားလုံး သတိထားမိလိုက်ပြီး အံ့သြမှင်သက်သွားကြသည်။
***