← Chapters

သော့​ချက်​ကို​ဖမ်း​ဆု​ပ်​ခြင်း

Vol. 8 Ch. 141

သော့​ချက်​ကို​ဖမ်း​ဆု​ပ်​ခြင်း

Vol. 8 Ch. 141

ရှန်းယွမ်လုံကို နှုတ်​ဆက်​ပြီး​နောက်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့​လည်း ကျောက်​စိမ်း​ပျံ​တောင်​ထွတ်​ကို ပြန်​လာ​ခဲ့ကြသည်။ လမ်း​တွင် ကျန်း​ချန်​ရွှမ်​က

“ရူယန် ကိုယ်​တို့​မှာ သုံးလ​အချိန်​ရှိသေးတယ်။ ဒီအတောအတွင်း ကိုယ့်ရဲ့ လက်​နက်​သန့်စင်​စွမ်း​ရည်​ကို အဆင့် ၃ ဒါမှမဟုတ်​ အဆင့် ၃ နီး​ပါး ရအောင်​ မြှင့်တင်​ကြည့်​ဦးမယ်”

အမှန်​တကယ်​တွင်​ ကျန်း​ချန်​ရွှမ်၏ လက်နက်​သန့်စင်​ခြင်း စွမ်းရည်မှာ အဆင့် ၃ အထိ ရောက်​ရှိ​လုနီးပါး ဖြစ်နှင့်ပြီး ဖြစ်​သလို ထိုအဆင့်ကို ကျော်​ဖြတ်​နိုင်​ပါက သူ၏မူလဓမ္မရတနာကို စတင်​သန့်စင်​နိုင်​မည်ဖြစ်​သည်။ ထိုအခါ​ ရှန်း​ရူယန်က

“ဒါဆို​ ရှင့်ရဲ့​ကျင့်ကြံရေးအခန်းထဲကို ကျွန်​မပါလိုက်ခဲ့မယ်၊ အရေး​ကြီး​တဲ့​အချိန်​ရောက်​ရင် ဘေးကနေ ကူညီ​ ညွှန်​ပြလို့ရတာပေါ့”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက် သဘော​တူ​လိုက်​သည်။

“ကျေးဇူးတင်​ပါတယ်​”

မကြာမီ​ ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​ရာ လှိုဏ်ဂူထဲသို့ နှစ်​ဦးသား​ ဝင်ရောက်သွားကြတော့သည်။ ထို့နောက်​​ ကျန်း​ချန်​ရွှမ်သည် ရှန်းရူယန်၏ ရှေ့​တွင်​ပင် လက်​နက်​များ​ကို စတင်​သန့်စင်​သည်။ ၁၅ ရက်​ခန့်​ကြာ​ပြီးနောက်…

ရှန်းရူယန်သည် ကျန်း​ချန်​ရွှမ် သွန်း​လုပ်​သ​န့်​စင်​ထားသည့် အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ ဓား​ပျံ​လက်​နက်​တစ်ခုကို​ အံ့သြ​စွာ လေ့လာ​ကြည့်​ရှု​ရင်း မှတ်ချက်​ချလိုက်​သည်။

“မဆိုးဘူး ယောက်ျား၊ ဓား​ပျံကို ထုဆစ်ပုံသပ်ရပ်တယ်။ နောက်ပြီး​ ဒီဓားပျံမှာ မီးဓာတ်​အခြေခံ​ လက်​နက်​တစ်ခုရဲ့ လောင်​ကျွမ်း​ပေါက်ကွဲ​အားမျိုး ရှိသလို မြေ​ဓာတ်​အခြေခံ​ ဓားပျံ​တစ်​စင်း​ရဲ့ လေးပင်​မှုမျိုးလည်း ရှိတယ်၊ ဒီလက်နက်ရဲ့ အဆင့်​အတန်း​က အဆင့်​၃ နီး​ပါး​ရှိတဲ့အတွက် အဆင့် ၂ ဓမ္မ​လက်နက်​တွေထဲမှာ ထိပ်​ဆုံး​အဆင့်​လို့ သတ်မှတ်နိုင်တယ်၊ ရှင့်​အနေ​နဲ့​ အဆင့်​၃ လက်​နက်​ကို သန့်​စင်​ချိန်​တန်ပြီလို့ ကျွန်မ​ယူဆတယ်”

ကျန်း​ချန် ရွှမ်​တစ်ယောက်​ ဇနီး​ဖြစ်သူ၏ စကား​ကို အပြန်ပြန်​အလှန်​လှန် သုံးသပ်ပြီးနောက်​ လက်​ခံလိုက်သည်။

“ဒါဖြင့် မိန်း​မကိုပဲ ဒုက္ခ​ပေးရတော့မယ်။ ကိုယ့်​ရဲ့​ လုပ်​နည်း​လုပ်​ဟန်​ မမှန်ရင် ဘေးကနေ အချိန်​မီထောက်​ပြလိုက်ပါ”

ရှန်းရူယန်က ပြုံးလျက် ခေါင်း​ညိတ်​ပြသည်။

“မစိုးရိမ်ပါနဲ့၊ ရှင်​မ​အောင်မြင်​လည်း ဆုံးရှုံး​စရာဆိုလို့ အဆင့်​၃ ကုန်​ကြမ်း​ပစ္စည်း​တွေပဲရှိတယ်၊ ဒါတွေ​ကို​လည်း ကျွန်​မတို့​တတ်နိုင်ပါတယ်၊ ကိုယ့်ကိုယ်ကို​ အရမ်းတွန်းအား​မပေးပါနဲ့”

ကျန်း​ချန်​ရွှမ်က ဇနီး​ဖြစ်သူ၏စကား​ကို​ တစ်စုံ​တစ်​ရာ မ​တုံ့ပြန်​တော့ဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး အဆင့်​၃ လက်​နက်​သန့်စင်​ရာတွင်​ လိုအပ်​သည့်​ ကုန်ကြမ်းပစ္စည်း​များ​ကို ပြင်ဆင်​လိုက်​သည်။ ထို့နောက်​ အချိန်​မဖြုန်းတော့ဘဲ အဆင့်၃ ဓမ္မရတနာ​လောင်း​တစ်ပါး​ကို စတင်​သန့်စင်​တော့သည်။ အဆိုပါ​လက်နက်သည်​ ကျန်းချန်ရွှမ်ရည်ရွယ်ထားသည့် မူလ​ဓမ္မ​ရတနာ​အတွက်​ မဟုတ်​ဘဲ ကြိုတင်လေ့ကျင့်သည့် အစမ်းသဘောမျိုးသာဖြစ်သည်။ သူ့​ထံတွင်​ မူလဓမ္မရတနာအတွက်​ ပြင်ဆင်​ထား​သည့်​ ကုန်​ကြမ်း​ပစ္စည်း​မှာ တစ်စုံစာသာရှိသည့်အတွက် သန့်စင်​ရာတွင်​ အမှား​အယွင်းရှိခဲ့လျှင် အဆိုပါကုန်ကြမ်းပစ္စည်း​များကို​ အစကနေ ပြန်​လည်​စု​ဆောင်း​ရမည်ဖြစ်ကာ အချိန်ကုန်မည်ဖြစ်သည်။

ယခု အကြို​လေ့ကျင့်​သည့်​သဘော​အနေနှင့်​ ကျန်း​ချန်​ရွှမ်​ သန့်စင်မည့် ဓမ္မ​ရတနာ​မှာ အဆင့်​၃ ဖြစ်​သော​လည်း​ ပါဝင်သည့်​ ကုန်​ကြမ်း​ပစ္စည်း​များ​မှာ ပေါပေါလောလော ရရှိနိုင်မည့် ပစ္စည်း​များ​ဖြစ်၍ အကယ်၍ သန့်စင်မှု မအောင်မြင်ခဲ့လျှင်တောင် ကြီးကြီးမားမား​ နစ်နာ​စရာမရှိပါ။

တစ်ပတ်​အကြာတွင်….

ကျန်း​ချန်​ရွှမ်သည် သတ္တု​အမှိုက်​များ​အဖြစ် ပြောင်း​လဲ​သွား​သည့် ကုန်​ကြမ်း​ပစ္စည်းများ​ကို​ ကြည့်​ရင်း​ စိတ်​မသက်မသာ ပြုံး​မိသည်။ သူ၏တုံ့ပြန်​မှု အနည်းငယ်​နှေးသွားသည့်အတွက် လိုအပ်​သည့် အပူချိန်​ကို လျှော့​ချနိုင်ခြင်းမရှိဘဲ ပုံ​ပေါ်​စပြုနေသည့် ဓမ္မ​ရတနာ​လောင်း​မှာ တစ်စစီ​ကွဲကြေ​သွားခြင်းဖြစ်သည်။ ထိုအခါ​ ရှန်း​ရူယန်က​ ဘေးမှဝင်၍ အား​ပေး​နှစ်​သိမ့်ရသည်။

“ယောက်ျား​ ရှင်​ကတော်ပြီးသားပဲ၊ နောက်​တစ်​ကြိမ်​ အာရုံ​စူး​စိုက်​လိုက်​ရင် ရှင်​သန့်စင်ချင်တဲ့ ဓမ္မ​ရတနာ​လောင်းရဲ့ ပုံထည်ပေါ်လာမှာပါ”

“နှစ်သိမ့်​ပေး​လို့​ ကျေး​ဇူး​ပါ”

ကျန်း​ချန်​ရွှမ်မှာ အမှန်​တကယ်​တွင် စိတ်ဓာတ်​ကျဆင်း​ခြင်း​မရှိပါ။ ချက်​ချင်း​ပင် စိတ်အာရုံကို စုစည်း​ကာ ဒုတိယ​အကြိမ်​ ကြိုး​စား​လိုက်​သည်။ သည်တစ်ခါတော့ သူ၏လက်ရာမှာ သိသိသာသာ​ပင် တိုး​တက်​လာတော့သည်။ တစ်ပတ်​အတွင်း​၌ ဓမ္မရတနာ​လောင်း​မှာ ပုံပေါ်လာပြီး နောက်​ထပ်​ လဝက်ခန့်အကြာတွင် ဓမ္မရတနာလောင်း​ပေါ်တွင်​ မှော်​သင်္ကေတများ စတင်​ထွင်းထုနေပြီဖြစ်သည်။ နောက်​ထပ်​နှစ်​လကြာလျှင် ထွင်း​ထု​ခြင်း​လုပ်ငန်း​ ပြီး​ဆုံး​ကာ နောက်​တစ်​ဆင့်​တက်​ရန် ပြင်ဆင်လိုက်သည်။ ထို​အချိန်​တွင် ကျန်း​ချန်​ရွှမ်​လက်​ထဲရှိ ဓမ္မရတနာ​လောင်း​သည် ပုံမှန်မဟုတ်သည့် စည်း​ချက်​တစ်မျိုးဖြင့် အလင်း​များ​ ထုတ်လွှင့်​လျက်ရှိ​သည်။ ထိုအခါ​ ဘေး​တွင်​ရပ်ကြည့်နေသော ရှန်းရူယန်​က အလန့်တကြား​ ထ​အော်​လိုက်​သည်။

“ယောက်ျား​ သတိထား​”

ထို​ခဏတွင် လက်​ထဲရှိ ဓမ္မ​ရတနာ​လောင်း​မှာ ရုတ်တရက်​ပေါက်​ကွဲသွားပြီး အဟုန်ပြင်းသည့် ပေါက်​ကွဲ​မှု​အားတစ်ရပ်က ကျန်း​ချန်​ရွှမ်​ထံ လှိမ့်ဝင်လာတော့သည်။ ကျန်း​ချန်​ရွှမ်​သည် ဓမ္မ​ရတနာ​လောင်း​ကို အလျင်အမြန်​ဖမ်း​ယူဆုတ်ချေလိုက်ရသည်။ ရှန်းရူယန်​က စိုးရိမ်​တကြီး​ဖြင့်

“ယောက်ျား​ ရှင်​ဘာဖြစ်​သွား​သေး​လဲ”

ကျန်း​ချန်​ရွှမ်က ခေါင်း​ခါ​ပြလိုက်သည်။ ယခု​လို​ ပေါက်​ကွဲ​မှုအဆင့်မျိုးသည် ကျန်းချန်ရွှမ်ကို ထိခိုက်​နိုင်​စွမ်း​မရှိပါ။ ကျန်း​ချန်​ရွှမ်သည် မီးသွေးခဲအဖြစ် ပြောင်းသွားသော ဓမ္မ​ရတနာ လောင်းကို ကြည့်​လျက်​ အတွေး​နယ်​ချဲ့နေမိသည်။ နောက်ဆုံး​၌​ သူ့​မျက်​နှာ​တွင်​ ယုံကြည်​မှုရှိသည့် လက္ခဏာ​တစ်​ရပ်​ ထင်​ဟပ်​လာ​တော့​သည်။ ဘေး​မှ အရိပ်​အကဲ​ကြည့်​နေသော​ ရှန်းရူယန်​က အံ့အားသင့်​သွား​ပြီး မေးလိုက်သည်။

“ယောက်ျား​ ရှင်​ သော့​ချက်​ကို ဖမ်း​ဆုပ်​နိုင်​ပြီထင်တယ်”

“ဟုတ်​တယ်”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက် ခေါင်းညိတ်​လိုက်သည်။

“နောက်​တစ်​ခါ​ကျရင်​ ဒီရတနာကို ကိုယ်​သန့်စင်နိုင်တော့မယ်”

“ကြို​တင်​ဂုဏ်ပြု​ထား​ပါတယ်”

ရှန်း​ရူယန်က​ ပြုံးလျက် လက်​သီး​ဆုပ်​ဂါရဝ​ပြု​လိုက်​သည်။ ကျန်း​ချန်​ရွှမ်​ကလည်း​ ထိုနည်းတူ တုံ့ပြန်​ရင်း​

“စကား​မစပ် မိန်း​မရဲ့ သွန်သင်​လမ်းညွှန်​မှု မပါ​ရင်​ ကိုယ်​လုပ်​နိုင်​မှာ မဟုတ်​ဘူး၊ ဒီသော့ချက်ကို ရှာ​တွေ့​ဖို့ အချိန်​အများ​ကြီးပေးရမှာ သေချာ​တယ်​”

အမှန်​တကယ်​လည်း ရှန်း​ရူယန်​သည် အရေးကြီး​သော​ အဆင့်​များ၌ အနီး​ကပ်​ညွှန်​ပြ​သင်ကြား​ပေးခဲ့၍သာ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ယခုလို သော့​ချ​က်ကို မြန်​မြန်​ဆန်ဆန် ရှာ​တွေ့​ခဲ့ခြင်း​ဖြစ်​သည်။

“ဒါနဲ့​ ကိုယ်​တို့​အပြင်​ထွက်​ချိန်​တန်ပြီ၊ မကြာခင်​ ဂုဏ်ပြု​ပွဲ​စတော့မယ်”

ထို့နောက်​ နှစ်ဦး​သား​ ဂူထဲမှထွက်၍ ဂုဏ်ပြု​ပွဲ​ကျင်းပ​မည့်​ တောင်​ထွတ်​နေရာ​သို့​ ဦးတည်လိုက်​ကြ​သည်။ ပွဲကျင်းပ​မည့်​နေရာ​သို့ ရောက်​သောအခါ ဧည့်သည်အတော်များများ​ ရောက်ရှိ​ပြီး​ဖြစ်​သည်​ကို တွေ့ရသည်။ အများ​စုမှာ​ ကျီဖုအဆင့်​ မိသားစု​များ​မှ ဧည့်သည်​များ​ဖြစ်​ပြီး ကျန်း​ချန်​ရွှမ်​တို့နှင့်​ ရင်း​နှီး​သူများကို​လည်း တွေ့ရသည်။ ထို​လူ​များ​ထံတွင်​ကျီဖုအဆင့်​ကျင့်ကြံသူ​ဖြစ်​သည့် ဆောင်​ဟွေ့လည်း ပါဝင်ပြီး ရှန်း​တောက်​မင်နှင့် စကား​ပြော​နေ​သည်ကို မြင်​လိုက်​ရသည်။ မကြာ​ခင်​ သူတို့​ဇနီး​မောင်နှံ​နှစ်ဦး​ ရောက်​ရှိ​လာ​သည်ကို ဂုဏ်ပြု​ပွဲ​လာ ပရိသတ်​များ​ သတိထား​မိပြီး​ အားလုံး၏အကြည့်က သူတို့​နှစ်ဦး​ထံ ရောက်​လာ​ကြ​တော့​သည်။

“ချန်​ရွှမ်နဲ့ ရူယန် မင်း​တို့​ရောက်လာ​ကြပြီ​ပဲ”

ရှန်းတောက်မင်က ပြုံး​ရွှင်​စွာဖြင့် ဆောင်​ဟွေ့နှင့်အတူ သူတို့​နှစ်ဦး​ထံ လာရောက်​နှုတ်ဆက်​လိုက်​သည်။

“တာအိုရောင်းရင်း​ကျန်း​နဲ့ ရူယန်​တို့​က တကယ်​လိုက်ဖက်​တဲ့ စုံတွဲ​တွေ​ဖြစ်​ကြောင်း ကြားဖူး​နေတာ​ကြာပါပြီ၊ ခုမှ​ပဲ တွေ့ရတော့တယ်”

ဆောင်​ဟွေ့က ကျန်း​ချန်​ရွှမ်​တို့​ ဇနီး​မောင်နှံ​ကို ဦးစွာ နှုတ်ဆက်​လိုက်​သည်။

“ဒီက တာအို​မိတ်ဆွေ​ကျန်းနဲ့ ရှန်း​တို့​ ကျီဖုအဆင့်​ကို တက်​လှမ်း​နိုင်ခဲ့​တဲ့အတွက်​ ဂုဏ်ပြုကြောင်း​ ပြောလိုပါတယ်”

ဆောင်​ဟွေ့၏ ဖော်ရွေ​သော အမူအရာ​ကြောင့်​ ကျန်း​ချန်​ရွှမ်နှင့်​ ရှန်းရူယန်​တို့လည်း​ ပြုံးလျက်​ နှုတ်ဆက်​လိုက်​သည်။ ထိုစဉ် လူပုံရိပ်နှစ်ခု ဂုဏ်ပြု​ပွဲ​ကို ရုတ်တရက်​ ပျံသန်း​ရောက်​ရှိ​လာ​ကြသည်။ ပထမ​တစ်​ဦးမှာ ရှန်း​ယွမ်လုံဖြစ်ပြီး သူနှင့်အတူ ပါလာသူမှာ လှပသော​ဝတ်ရုံ​ကို ဆင်​မြန်း​ထားသည့် မိန်း​မချောတစ်ဦးဖြစ်သည်။ သူတို့​နှစ်ဦး​ ယှဉ်တွဲရောက်ရှိ​လာ​သည်​ကို ဆောင်​ဟွေ့အပါအဝင် ပရိသတ်​အား​လုံး​ သတိထားမိလိုက်ပြီး အံ့သြ​မှင်သက်​သွား​ကြ​သည်​။

***

All Chapters