← Chapters

ချန်​ထျန်း​ဂိုဏ်း​၏ ဂိုဏ်းသခင်

Vol. 8 Ch. 142

ချန်​ထျန်း​ဂိုဏ်း​၏ ဂိုဏ်းသခင်

Vol. 8 Ch. 142

“သူတောင် ဒီပွဲကိုတက်တယ်ပေါ့”

ပရိသတ်​အား​လုံး​က ထိုသို့​တွေးမိလိုက်ကြသည်။ ထိုစဉ် ရှန်းယွမ်လုံနှင့် ခပ်​ချော​ချော​အမျိုးသမီး​တို့​နှစ်ဦး​သည် ကျန်း​ချန်​ရွှမ်​တို့​ထံ လျှောက်​လှမ်း​လာ​ကြသည်။ ဆောင်​ဟွေ့က​ အမျိုးသမီး​ကို ဦးစွာ ဆီးကြို​နှုတ်ဆက်​လိုက်​သည်။

“ဂိုဏ်း​သခင်​ကြီး​လုအော် မတွေ့​တာ​ကြာ​ပြီပဲ၊ ဒီနေ့​မှ မမျှော်လင့်ဘဲ ပြန်​ဆုံ​ခွင့်​ရလို့ ဂုဏ်ယူ​မိပါ​တယ်”

ဂိုဏ်း​သခင်​ကြီး​လုအော် ဆိုသည့်​ အမျိုးသမီး​က ဆောင်​ဟွေ့၏ နှုတ်​ဆက်စကားကို အပြုံး​တစ်​ပွင့်​နှင့်​ တုံ့​ပြန်​လိုက်​သည်။

“အကြီးအကဲ​ဆောင်​က မြှောက်​နေပြန်ပါပြီ”

ထို့နောက်​ ထို​အမျိုးသမီး​သည် ကျန်း​ချန်​ရွှမ်နှင့်​ရှန်းရူယန်တို့ နှစ်ဦးကို သေချာ​စွာ​ ကြည့်ရှုလိုက်သည်။ ထိုအခါ​ ရှန်းယွမ်လုံက အလိုက်​တသိနှင့် မိတ်​ဆက်​ပေး​လိုက်​သည်။

“ချန်​ရွှမ်၊ ရူယန်နဲ့ တောက်​မင် ဒီပုဂ္ဂိုလ်က ချန်​ထျန်း​ဂိုဏ်း​ရဲ့ လက်ရှိ​ဂိုဏ်း​သခင်​ လုအော်​ရင်​ယွဲ့ တဲ့”

ကျန်း​ချန်​ရွှမ်​တို့လည်း​ ရှန်းယွမ်လုံစကားကြောင့် မှင်​သက်​သွားသည်။ သူတို့​ရှေ့မှောက်တွင် ရှိနေ​သော အမျိုးသမီး​သည် ချန်​ထျန်း​ဂိုဏ်း၏ ဂိုဏ်း​သခင်​ကြီး​ ဖြစ်နေသည်​လေ။ သတင်း​စကား​များ​အရ အဆိုပါ​အမျိုးသမီး​သည် အသက်​၅နှစ်တွင် ချီသ​န့်​စင်ခြင်းနယ်ပယ်ကို ဝင်​ရောက်နိုင်ခဲ့ပြီး အသက်​ ၂၀ တွင်​ အခြေခံတည်ဆောက်ခြင်း​အဆင့်​ကို တက်​လှမ်း​နိုင်​ခဲ့ကာ အသက်​ ၆၀ မပြည့်ခင်တွင် ကျီဖုအဆင့်​သို့​ တက်​လှမ်းနိုင်ခဲ့သည်ဟု ဆို​ကြသည်။ နောက်​ထပ်​ အနှစ်​ ၆၀ ကြာပြီးနောက်တွင်မူ ကျီဖု​နယ်ပယ်​ နောက်ဆုံး​အဆင့်ကို ရောက်ရှိ​ခဲ့သည့်အတွက် ထိုအမျိုးသမီး​ကို ယွင်​နိုင်ငံ​ကျင့်​ကြံ​ခြင်းလောက၏ ဉာဏ်​ကြီး​ရှင်​အဖြစ် သတ်မှတ်ဂုဏ်ပြုကြသည်။

ထို​ကဲ့သို့​ ဂုဏ်​သရေ​ကြီး​မြင့်သော ပုဂ္ဂိုလ်​မျိုး​က ရှန်း​မိသားစု၏ ကျီဖုအဆင့်​ ဂုဏ်ပြု​ပွဲကို​ တက်​ရောက်​လာခြင်း​မှာ လူအတော်များများ၏ အာရုံ​ကို ဆွဲဆောင်​လျက်ရှိသည်။ လုအော်​လို ပုဂ္ဂိုလ်​မျိုး​ကို ရှန်း​ယွမ်လုံတစ်ယောက် ဘယ်လိုဘယ်ပုံ ဆွဲဆောင်​သိမ်း​သွင်း၍ ဖိတ်ကြား​ခဲ့သနည်း ဆိုသည်ကို ပရိသတ်​အများစု​ စိတ်​ဝင်​စား​နေကြသည်။ ထိုအချိန်တွင် လုအော်​ရင်​ယွဲ့​သည် ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန် နှင့် ရှန်းတောက်မင်​တို့ကို​ စေ့စပ်​စွာ အကဲခတ်​လိုက်​ပြီး​နောက် ရောင်​စဉ်များ ဖြာ​ထွက်နေသော ခရမ်းရောင်​ချီအမျှင်များကို ထုတ်​ယူလိုက်သည်။ ထို့နောက်​ အမျိုးသမီး​သည် ပြုံး​လျက်

“မင်း​တို့ သုံး​ယောက်​အတွက်​ ဆည်း​ဆာ ခရမ်းရောင်​ချီသုံးမျှင်ကို ဂုဏ်ပြုလက်ဆောင်အနေနဲ့​ ချီးမြှင့်​လိုက်မယ်”

ထို့နောက်​ ကျန်း​ချန်​ရွှမ်တို့သုံးဦးအား ခရမ်းရောင်​ချီ တစ်​မျှ​င်စီ ခွဲဝေ​ပေး​လိုက်​သည်။ ဘေးတွင်​ရပ်​ကြည့်​နေသော​ ကျင့်ကြံသူ​အများအပြား​မှာ ကျန်း​ချန်​ရွှမ်​တို့​ ရရှိ​လိုက်​သည့်​ လက်​ဆောင်​များ​ကို ကြည့်ရင်း မနာလိုဝန်တိုစိတ်များပင် ဖြစ်​ပေါ်​လာ​ကြတော့​သည်။ ကျန်း​ချန်​ရွှမ်တို့ ကိုယ်​တိုင်​လည်း အံ့သြ​မိသည်။ အဆိုပါ​ ဆည်းဆာ​ ခရမ်းရောင်​ချီမျှင်သည် ချန်​ထျန်း​ဂိုဏ်းတစ်ခုတည်းသာ ပိုင်ဆိုင်​သော ရှား​ပါး​ရတနာ​ဖြစ်ပြီး ဓမ္မရတနာ​များကို​ မွမ်း​မံသန့်စင်ရာတွင် အဓိက​အသုံးပြု​သည့် ပစ္စည်း​ဖြစ်သည်။ ချီမျှင်တစ်ခုတည်း အသုံးပြု​ရုံဖြင့် ဓမ္မ​ရတနာ၏ အဆင့်​အတန်းကို နောက်​တစ်ဆင့်​ မြှင့်တင်​ပေး​နိုင်​သည်ဟု ဆိုကြ​သည်။ ကံအကြောင်းမလှ၍ ဓမ္မ​ရတနာ​ကို အဆင့်မမြှင့်နိုင်ခဲ့လျှင်ပင် ဓမ္မ​ရတနာ၏ အခြေ​ခံ​အုတ်​မြစ်နှင့် အလား​အလာ​ကို မြှင့်တင်ပေးနိုင်ဦးမည်ဖြစ်သည်။

ထို့​ကြောင့်​လည်း​ ဂုဏ်ပြု​ပွဲလာ ပရိသတ်​အားလုံးမှာ လုအော်​ရင်​ယွဲ့၏ လက်​ဆောင်​ကို ကြည့်​ပြီး အုတ်​အုတ်​ကျက်​ကျက်​ ဖြစ်​သွား​ကြခြင်း​ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့​သုံးဦးလည်း လုအော်ရင်ယွဲ့ကို ကျေး​ဇူးတင်​စကား အမြန်​ဆို​လိုက်ကြရသည်။ ထို့​နောက်​တွင်​ ဧည့်သည်​များ​ အလျှို​လျှို​ရောက်​လာကြ​သော်လည်း​ လုအော်​ရင်​ယွဲ့​ထက် ဂုဏ်သိက္ခာကြီးသည့် ဧည့်သည်​တစ်ဦး​မျှမပါဝင်ပါ။ နာရီ​အနည်းငယ်​ကြာသွားပြီး​နောက်​ အဝေး​တစ်​နေရာ​မှ ဓား​အလင်း​တန်း​တစ်ခု ပျံသန်း​ဝင်ရောက်​လာသည်။ ကျန်း​ချန်​ရွှမ်တို့​သုံး​ဦးနှင့် ရှန်းယွမ်လုံ​တို့၏ အမူအရာ​မှာ​ရုတ်​ချည်း​လေးနက်သွားသလို လုအော်ရင်ယွဲ့ပင်လျှင် မျက်​ခုံး​ပင့်လျက် ပြုံး​လိုက်ရင်း မှတ်ချက်​ချလိုက်​သည်။

“စိတ်​ဝင်​စား​စရာပဲ”

ရှန်းယွမ်လုံ ဦးဆောင်သော ရှန်းမိသားစု​မှ ကျီဖုအဆင့် ကျင့်ကြံသူလေးဦးသည် ရောက်ရှိလာ​မည့် ဧည့်သည်​ကို​ ဆီး​ကြို​ရန် တံခါး​ဝသို့ ထွက်​လာကြသည်။ ထိုမြင်ကွင်းကြောင့် ပရိသတ်​အား​လုံး​ လှုပ်​လှုပ်​ရွ​ရွ​ဖြစ်​သွား​သည်။ ရှန်း​ယွမ်လုံ​ကိုယ်​တိုင် အလေးအနက်​ထားပြီး ကြို​ဆို​ရသည့်​ဧည့်သည်​မှာ မည်​သူဖြစ်မည်နည်း။ မကြာ​မီ ခန်းမထဲသို့ ရောက်​ရှိ​လာသည့် အလင်း​တန်း​သည်​ အဖြူရောင်​ဝတ်ရုံ ဆင်​မြန်းထားသည့် လူတစ်ဦးအဖြစ်​သို့​ပြောင်းလဲ​သွား​သည်။ ထို​ပုဂ္ဂိုလ်​မှာ ကန်း​ယန်​ဂိုဏ်း၏ ကျီဖုအဆင့်​ အကြီးအကဲ​ဖြစ်သလို ကျန်း​ပိုင်​လုံ၏ အတွင်း​တပည့်​ဖြစ်​သည့်​ ယွင်​တုန်း​ရှန်ပင်ဖြစ်သည်။ သူ့​လက်​ထဲတွင်​လည်း စာ​လွှာ​ပြန်တမ်း​တစ်ခု ကိုင်​ဆောင်​ထား​သည်ကို တွေ့လိုက်ရသည်။ ယွင်တုန်း​ရှန်​က ရှန်းယွမ်လုံနှင့် ကျန်း​ချန်​ရွှမ်တို့ကို တစ်​လှည့်စီ ကြည့်ရှု​လိုက်ပြီး​နောက်

“အားလုံး​ပဲ၊ ကျုပ်​ဆရာ​ကိုယ်​စား ကျုပ်​ကပဲ ဒီပွဲကို လာတက်တာပါ၊ ဒါက ကျုပ်​ဆရာကိုယ်တိုင် ဓမ္မ​စွမ်းအင်​ကို အသုံးပြု​ပြီး​ ရေးထား​တဲ့ ဂုဏ်ပြု​စာပါ၊ ကျေးဇူး​ပြု၍ လက်​ခံပေးပါ”

ထို့နောက်​ ယွင်တုန်းရှန်သည် စာလွှာကိုဖွင့်လိုက်ရာ ရွှေအမြုတေအဆင့် ဖိအား​တစ်​ခုက အခန်း​ထဲ​သို့​ ပျံ့နှံ့​သွားပြီး​ ပရိသတ်​အား​လုံး ​တုန်​လှုပ်​သွားကြတော့သည်။ ကျန်းပိုင်လုံကိုယ်တိုင် ရှန်း မိသားစု၏ ကျီဖုအဆင့် ဂုဏ်ပြုပွဲအတွက် တကူးတက​ ဂုဏ်ပြု​စာ​လွှာ​ ရေးပေးလိမ့်မည်ဟု သူတို့​အားလုံး​မ​မျှော်လင့်​ထား​ကြပါ။ သို့​ဖြစ်၍ ယနေ့မှစပြီး သူတို့​အနေနှင့်​ ရှန်း​မိသားစု​ကို ဆက်​ဆံ​ရာတွင်​ ပိုမို​သတိ​ရှိ​ရတော့မည်ဟု စိတ်​ထဲတွင်​ တေးမှတ်မိလိုက်ကြတော့သည်။

စာလွှာထဲတွင် ရေးသား​ထား​သည်က

“ရှန်းတောက်​မင်၊ ကျန်း​ချန်​ရွှမ်နှင့်​ ရှန်းရူယန်တို့သုံးဦး ကျီဖုနယ်ပယ်သို့ တက်လှမ်းနိုင်သည့်အတွက်​ ဂုဏ်ပြု​ပါသည်​”

စာမှာ ဤမျှသာဖြစ်သော်လည်း အဓိပ္ပာယ်​ကတော့ အတော်​လေး တာသွားပါသည်။ အထူးသဖြင့်​ စာလွှာကို ကျန်း​ပိုင်​လုံ​ကိုယ်တိုင်​ ရေးသား​ထား​ခြင်း​ဖြစ်၍ ကျန်း​ပို​င်လုံကို တိုက်​ရိုက်​ကိုယ်​စား​ပြုသလို စာလွှာ​သည်လည်း ရွှေ​အမြုတေ​အဆင့်​ကျင့်ကြံသူ​၏ ဓမ္မစွမ်းအင်​ကို အသုံးပြု၍ ရေးသားခြင်းကို ခံနိုင်​ရည်​ရှိသည်ကို ထောက်၍ တန်ဖိုး​မြင့်​ရတနာ​တစ်ပါး​ဟု​ဆို​ရမည်​ဖြစ်​သည်။ ရှန်း​ယွမ်လုံက စာလွှာ​ကို ရိုသေ​စွာ​ လက်ခံရယူလျက်

“အင်​မော်​တယ်​ပိုင်​လုံရဲ့ ဂုဏ်ပြု​စကား​အတွက်​ လှိုက်​လှိုက်​လှဲ​လှဲ ကျေးဇူးတင်​မိပါ​တယ်”

ယွင်တုန်းရှန်က ခေါင်း​ညိတ်ပြ​လိုက်​ပြီး ကျန်း​ချန်​ရွှမ်တို့ သုံး​ဦးအတွက် ဂုဏ်ပြုလက်ဆောင်​များ​ကို ပြသလိုက်သည်။

“ဒါတွေ​က ရနံ့​မွှေး ဝိညာဉ်​သစ်တော်သီးတွေပါ၊ ကျုပ်​ရဲ့ လက်ဆောင်​ဖြစ်ပါတယ်”

ယွင်တုန်းရှန်၏လက်​ဆောင်​များ​ကို​ မြင်​သောအခါ​ ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်​နှင့်​ရှန်းတောက်မင်​တို့​မှာ အလွန်​တရာ​ စိတ်​ဝင်​စား​သွားကြသည်။ ကန်း​ယန်​ဂိုဏ်း​တွင်​ ကောင်း​ကင်​နှင့် မြေကြီး​ ဝိညာဉ်​အမြစ်​များ အမြောက်​အများ​ရှိသည့်အထဲ လူသိအများဆုံးမှာ အဆင့်​၄ ဝိညာဉ်​အမြစ်​ဖြစ်သည့် ကန်း​ယန်​သစ်တော်ပင် ဖြစ်သည်။ ထိုအပင်မှ ရရှိ​သည့်​ သစ်​တော်သီးများကို အဆင့်​၄ ဝိညာဉ်​ဆေး​ပြား​ဖြစ်သည့် နာမည်ကျော်​ ကန်း​ယန်​ဆေးပြား​ ဖော်​စပ်​ရာတွင်​ အဓိက​အသုံးပြု​ပါသည်။ နောက်​ထပ်​ နာမည်​ကြီး​သော ဝိညာဉ်​အမြစ်မှာ အဆင့်​၃ ရနံ့မွှေး ဝိညာဉ်​သစ်​တော်ပင် ဖြစ်​သည်။

ထို​အပင်မှရရှိသော ဝိညာဉ်​သစ်​တော်​သီးများမှာ အနှစ်​သုံး​ဆယ်​စာနှင့် ညီ​မျှသော ဓမ္မစွမ်းအင်​ကို ဘေး​ထွက်​ဆိုးကျိုး​ လုံးဝ​မရှိဘဲ ဖြည့်​တင်း​ပေးနိုင်​စွမ်းရှိသည်။ ထိုသစ်တော်သီးများကို စားသုံး​ခွင့်​ရရန်မှာ များ​စွာ​သော ကျီဖုအဆင့်​ ကျင့်ကြံ​သူများ၏ အိပ်​မက်​ဆိုလျှင်လည်း မမှားပေ။ သို့​သော်​ အခြား​ဝိညာဉ်​ရတနာ​များ​ကဲ့သို့ပင်​ အဆိုပါ​သစ်တော်သီးကို ပထမဆုံး​အကြိမ်​ စားသုံး​ဖူးသူသာ အထက်​က အကျိုး​ကျေးဇူး​မျိုး​ ရရှိနိုင်​မည်​ဖြစ်​သည်။ ယွင်​တုန်း​ရှန်၏ လက်​ဆောင်​မှာ တန်​ဖိုး​ကြီး​မား​ပြီး လုအော်ရင်ယွဲ့၏ ချီစွမ်းအင်အမျှင်ပြီးလျှင် ဒုတိယ​မြောက်​ တန်ဖိုး​အမြင့်ဆုံး​ဟု သတ်မှတ်နိုင်​ပါမည်။ ထို့ကြောင့် ကျန်း​ချန်​ရွှမ်တို့ သုံး​ဦးလည်း ယွင်တုန်း​ရှန်​ကို စိတ်​ရင်း​ဖြင့်​ ကျေး​ဇူး​တင်​မိလိုက်ကြသည်။

ထို​အချိန်​တွင် ယွီဟွာတောင်အနီးသို့ လူရိပ်သုံးခု ပျံသန်း​လာ​သည်​ကို တွေ့လိုက်ရပြန်သည်။ ထို​ပုဂ္ဂိုလ်​သုံးဦးကိုမြင်လျှင် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာ အံ့အားသင့်​သွား​ပြီး အကြည်​ချင်း​ဆုံမိ​သွားကြသည်။ ထို့နောက်​ ဇနီး​မောင်နှံ​နှစ်ဦး​သည် အဆိုပါ​ပုဂ္ဂိုလ်​များ​အား​ ကြို​ဆို​ရန် ခန်း​မရှေ့သို့ ပျံသန်း​လိုက်​ကြသည်။ ထိုလူသုံးဦးအနက် မိန်း​ကလေး​တစ်ဦး၏ အသံက ဦးစွာ​ရောက်​ရှိ​လာ​သည်။

“အစ်ကို​ကျန်းနဲ့ အစ်မရှန်း ပြန်​တွေ့​ရပြန်ပြီနော်၊ ကျွန်မ​အဖေက ဂူ​ပိတ်​ကျင့်ကြံနေလို့ အဖေ​နဲ့ လမင်း​ကြည့်​ဂိုဏ်း​ကိုယ်စား​ ကျွန်​မလာခဲ့တာပါ၊ ကျီဖုအဆင့်​ကို​ တက်​လှမ်း​နိုင်​လို့​ ဂုဏ်ပြု​ပါတယ်​ရှင့်​”

ပြော​ပြောဆို​ဆိုနှင့် မိန်းကလေး​သည်​ လက်​ဖဝါး​ကို​ဖြန့်​လိုက်ရာ ပစ္စည်း​တစ်​ခု ပေါ်ပေါက်လာပြီး ကျန်း​ချန်​ရွှမ်တို့ထံ ကမ်း​ပေးလိုက်သည်။

“ကျွန်မ​အဖေက ရှင်​တို့​နှစ်ယောက်​ကို သေချာ​ပေးခိုင်းလိုက်တာ”

***

All Chapters