ချန်ထျန်းဂိုဏ်း၏ ဂိုဏ်းသခင်
Vol. 8 Ch. 142
“သူတောင် ဒီပွဲကိုတက်တယ်ပေါ့”
ပရိသတ်အားလုံးက ထိုသို့တွေးမိလိုက်ကြသည်။ ထိုစဉ် ရှန်းယွမ်လုံနှင့် ခပ်ချောချောအမျိုးသမီးတို့နှစ်ဦးသည် ကျန်းချန်ရွှမ်တို့ထံ လျှောက်လှမ်းလာကြသည်။ ဆောင်ဟွေ့က အမျိုးသမီးကို ဦးစွာ ဆီးကြိုနှုတ်ဆက်လိုက်သည်။
“ဂိုဏ်းသခင်ကြီးလုအော် မတွေ့တာကြာပြီပဲ၊ ဒီနေ့မှ မမျှော်လင့်ဘဲ ပြန်ဆုံခွင့်ရလို့ ဂုဏ်ယူမိပါတယ်”
ဂိုဏ်းသခင်ကြီးလုအော် ဆိုသည့် အမျိုးသမီးက ဆောင်ဟွေ့၏ နှုတ်ဆက်စကားကို အပြုံးတစ်ပွင့်နှင့် တုံ့ပြန်လိုက်သည်။
“အကြီးအကဲဆောင်က မြှောက်နေပြန်ပါပြီ”
ထို့နောက် ထိုအမျိုးသမီးသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ နှစ်ဦးကို သေချာစွာ ကြည့်ရှုလိုက်သည်။ ထိုအခါ ရှန်းယွမ်လုံက အလိုက်တသိနှင့် မိတ်ဆက်ပေးလိုက်သည်။
“ချန်ရွှမ်၊ ရူယန်နဲ့ တောက်မင် ဒီပုဂ္ဂိုလ်က ချန်ထျန်းဂိုဏ်းရဲ့ လက်ရှိဂိုဏ်းသခင် လုအော်ရင်ယွဲ့ တဲ့”
ကျန်းချန်ရွှမ်တို့လည်း ရှန်းယွမ်လုံစကားကြောင့် မှင်သက်သွားသည်။ သူတို့ရှေ့မှောက်တွင် ရှိနေသော အမျိုးသမီးသည် ချန်ထျန်းဂိုဏ်း၏ ဂိုဏ်းသခင်ကြီး ဖြစ်နေသည်လေ။ သတင်းစကားများအရ အဆိုပါအမျိုးသမီးသည် အသက်၅နှစ်တွင် ချီသန့်စင်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီး အသက် ၂၀ တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ အသက် ၆၀ မပြည့်ခင်တွင် ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုကြသည်။ နောက်ထပ် အနှစ် ၆၀ ကြာပြီးနောက်တွင်မူ ကျီဖုနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည့်အတွက် ထိုအမျိုးသမီးကို ယွင်နိုင်ငံကျင့်ကြံခြင်းလောက၏ ဉာဏ်ကြီးရှင်အဖြစ် သတ်မှတ်ဂုဏ်ပြုကြသည်။
ထိုကဲ့သို့ ဂုဏ်သရေကြီးမြင့်သော ပုဂ္ဂိုလ်မျိုးက ရှန်းမိသားစု၏ ကျီဖုအဆင့် ဂုဏ်ပြုပွဲကို တက်ရောက်လာခြင်းမှာ လူအတော်များများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။ လုအော်လို ပုဂ္ဂိုလ်မျိုးကို ရှန်းယွမ်လုံတစ်ယောက် ဘယ်လိုဘယ်ပုံ ဆွဲဆောင်သိမ်းသွင်း၍ ဖိတ်ကြားခဲ့သနည်း ဆိုသည်ကို ပရိသတ်အများစု စိတ်ဝင်စားနေကြသည်။ ထိုအချိန်တွင် လုအော်ရင်ယွဲ့သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန် နှင့် ရှန်းတောက်မင်တို့ကို စေ့စပ်စွာ အကဲခတ်လိုက်ပြီးနောက် ရောင်စဉ်များ ဖြာထွက်နေသော ခရမ်းရောင်ချီအမျှင်များကို ထုတ်ယူလိုက်သည်။ ထို့နောက် အမျိုးသမီးသည် ပြုံးလျက်
“မင်းတို့ သုံးယောက်အတွက် ဆည်းဆာ ခရမ်းရောင်ချီသုံးမျှင်ကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ ချီးမြှင့်လိုက်မယ်”
ထို့နောက် ကျန်းချန်ရွှမ်တို့သုံးဦးအား ခရမ်းရောင်ချီ တစ်မျှင်စီ ခွဲဝေပေးလိုက်သည်။ ဘေးတွင်ရပ်ကြည့်နေသော ကျင့်ကြံသူအများအပြားမှာ ကျန်းချန်ရွှမ်တို့ ရရှိလိုက်သည့် လက်ဆောင်များကို ကြည့်ရင်း မနာလိုဝန်တိုစိတ်များပင် ဖြစ်ပေါ်လာကြတော့သည်။ ကျန်းချန်ရွှမ်တို့ ကိုယ်တိုင်လည်း အံ့သြမိသည်။ အဆိုပါ ဆည်းဆာ ခရမ်းရောင်ချီမျှင်သည် ချန်ထျန်းဂိုဏ်းတစ်ခုတည်းသာ ပိုင်ဆိုင်သော ရှားပါးရတနာဖြစ်ပြီး ဓမ္မရတနာများကို မွမ်းမံသန့်စင်ရာတွင် အဓိကအသုံးပြုသည့် ပစ္စည်းဖြစ်သည်။ ချီမျှင်တစ်ခုတည်း အသုံးပြုရုံဖြင့် ဓမ္မရတနာ၏ အဆင့်အတန်းကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။ ကံအကြောင်းမလှ၍ ဓမ္မရတနာကို အဆင့်မမြှင့်နိုင်ခဲ့လျှင်ပင် ဓမ္မရတနာ၏ အခြေခံအုတ်မြစ်နှင့် အလားအလာကို မြှင့်တင်ပေးနိုင်ဦးမည်ဖြစ်သည်။
ထို့ကြောင့်လည်း ဂုဏ်ပြုပွဲလာ ပရိသတ်အားလုံးမှာ လုအော်ရင်ယွဲ့၏ လက်ဆောင်ကို ကြည့်ပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့သုံးဦးလည်း လုအော်ရင်ယွဲ့ကို ကျေးဇူးတင်စကား အမြန်ဆိုလိုက်ကြရသည်။ ထို့နောက်တွင် ဧည့်သည်များ အလျှိုလျှိုရောက်လာကြသော်လည်း လုအော်ရင်ယွဲ့ထက် ဂုဏ်သိက္ခာကြီးသည့် ဧည့်သည်တစ်ဦးမျှမပါဝင်ပါ။ နာရီအနည်းငယ်ကြာသွားပြီးနောက် အဝေးတစ်နေရာမှ ဓားအလင်းတန်းတစ်ခု ပျံသန်းဝင်ရောက်လာသည်။ ကျန်းချန်ရွှမ်တို့သုံးဦးနှင့် ရှန်းယွမ်လုံတို့၏ အမူအရာမှာရုတ်ချည်းလေးနက်သွားသလို လုအော်ရင်ယွဲ့ပင်လျှင် မျက်ခုံးပင့်လျက် ပြုံးလိုက်ရင်း မှတ်ချက်ချလိုက်သည်။
“စိတ်ဝင်စားစရာပဲ”
ရှန်းယွမ်လုံ ဦးဆောင်သော ရှန်းမိသားစုမှ ကျီဖုအဆင့် ကျင့်ကြံသူလေးဦးသည် ရောက်ရှိလာမည့် ဧည့်သည်ကို ဆီးကြိုရန် တံခါးဝသို့ ထွက်လာကြသည်။ ထိုမြင်ကွင်းကြောင့် ပရိသတ်အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ရှန်းယွမ်လုံကိုယ်တိုင် အလေးအနက်ထားပြီး ကြိုဆိုရသည့်ဧည့်သည်မှာ မည်သူဖြစ်မည်နည်း။ မကြာမီ ခန်းမထဲသို့ ရောက်ရှိလာသည့် အလင်းတန်းသည် အဖြူရောင်ဝတ်ရုံ ဆင်မြန်းထားသည့် လူတစ်ဦးအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုပုဂ္ဂိုလ်မှာ ကန်းယန်ဂိုဏ်း၏ ကျီဖုအဆင့် အကြီးအကဲဖြစ်သလို ကျန်းပိုင်လုံ၏ အတွင်းတပည့်ဖြစ်သည့် ယွင်တုန်းရှန်ပင်ဖြစ်သည်။ သူ့လက်ထဲတွင်လည်း စာလွှာပြန်တမ်းတစ်ခု ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ ယွင်တုန်းရှန်က ရှန်းယွမ်လုံနှင့် ကျန်းချန်ရွှမ်တို့ကို တစ်လှည့်စီ ကြည့်ရှုလိုက်ပြီးနောက်
“အားလုံးပဲ၊ ကျုပ်ဆရာကိုယ်စား ကျုပ်ကပဲ ဒီပွဲကို လာတက်တာပါ၊ ဒါက ကျုပ်ဆရာကိုယ်တိုင် ဓမ္မစွမ်းအင်ကို အသုံးပြုပြီး ရေးထားတဲ့ ဂုဏ်ပြုစာပါ၊ ကျေးဇူးပြု၍ လက်ခံပေးပါ”
ထို့နောက် ယွင်တုန်းရှန်သည် စာလွှာကိုဖွင့်လိုက်ရာ ရွှေအမြုတေအဆင့် ဖိအားတစ်ခုက အခန်းထဲသို့ ပျံ့နှံ့သွားပြီး ပရိသတ်အားလုံး တုန်လှုပ်သွားကြတော့သည်။ ကျန်းပိုင်လုံကိုယ်တိုင် ရှန်း မိသားစု၏ ကျီဖုအဆင့် ဂုဏ်ပြုပွဲအတွက် တကူးတက ဂုဏ်ပြုစာလွှာ ရေးပေးလိမ့်မည်ဟု သူတို့အားလုံးမမျှော်လင့်ထားကြပါ။ သို့ဖြစ်၍ ယနေ့မှစပြီး သူတို့အနေနှင့် ရှန်းမိသားစုကို ဆက်ဆံရာတွင် ပိုမိုသတိရှိရတော့မည်ဟု စိတ်ထဲတွင် တေးမှတ်မိလိုက်ကြတော့သည်။
စာလွှာထဲတွင် ရေးသားထားသည်က
“ရှန်းတောက်မင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သုံးဦး ကျီဖုနယ်ပယ်သို့ တက်လှမ်းနိုင်သည့်အတွက် ဂုဏ်ပြုပါသည်”
စာမှာ ဤမျှသာဖြစ်သော်လည်း အဓိပ္ပာယ်ကတော့ အတော်လေး တာသွားပါသည်။ အထူးသဖြင့် စာလွှာကို ကျန်းပိုင်လုံကိုယ်တိုင် ရေးသားထားခြင်းဖြစ်၍ ကျန်းပိုင်လုံကို တိုက်ရိုက်ကိုယ်စားပြုသလို စာလွှာသည်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ဓမ္မစွမ်းအင်ကို အသုံးပြု၍ ရေးသားခြင်းကို ခံနိုင်ရည်ရှိသည်ကို ထောက်၍ တန်ဖိုးမြင့်ရတနာတစ်ပါးဟုဆိုရမည်ဖြစ်သည်။ ရှန်းယွမ်လုံက စာလွှာကို ရိုသေစွာ လက်ခံရယူလျက်
“အင်မော်တယ်ပိုင်လုံရဲ့ ဂုဏ်ပြုစကားအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်”
ယွင်တုန်းရှန်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းချန်ရွှမ်တို့ သုံးဦးအတွက် ဂုဏ်ပြုလက်ဆောင်များကို ပြသလိုက်သည်။
“ဒါတွေက ရနံ့မွှေး ဝိညာဉ်သစ်တော်သီးတွေပါ၊ ကျုပ်ရဲ့ လက်ဆောင်ဖြစ်ပါတယ်”
ယွင်တုန်းရှန်၏လက်ဆောင်များကို မြင်သောအခါ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့်ရှန်းတောက်မင်တို့မှာ အလွန်တရာ စိတ်ဝင်စားသွားကြသည်။ ကန်းယန်ဂိုဏ်းတွင် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်အမြစ်များ အမြောက်အများရှိသည့်အထဲ လူသိအများဆုံးမှာ အဆင့်၄ ဝိညာဉ်အမြစ်ဖြစ်သည့် ကန်းယန်သစ်တော်ပင် ဖြစ်သည်။ ထိုအပင်မှ ရရှိသည့် သစ်တော်သီးများကို အဆင့်၄ ဝိညာဉ်ဆေးပြားဖြစ်သည့် နာမည်ကျော် ကန်းယန်ဆေးပြား ဖော်စပ်ရာတွင် အဓိကအသုံးပြုပါသည်။ နောက်ထပ် နာမည်ကြီးသော ဝိညာဉ်အမြစ်မှာ အဆင့်၃ ရနံ့မွှေး ဝိညာဉ်သစ်တော်ပင် ဖြစ်သည်။
ထိုအပင်မှရရှိသော ဝိညာဉ်သစ်တော်သီးများမှာ အနှစ်သုံးဆယ်စာနှင့် ညီမျှသော ဓမ္မစွမ်းအင်ကို ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ ဖြည့်တင်းပေးနိုင်စွမ်းရှိသည်။ ထိုသစ်တော်သီးများကို စားသုံးခွင့်ရရန်မှာ များစွာသော ကျီဖုအဆင့် ကျင့်ကြံသူများ၏ အိပ်မက်ဆိုလျှင်လည်း မမှားပေ။ သို့သော် အခြားဝိညာဉ်ရတနာများကဲ့သို့ပင် အဆိုပါသစ်တော်သီးကို ပထမဆုံးအကြိမ် စားသုံးဖူးသူသာ အထက်က အကျိုးကျေးဇူးမျိုး ရရှိနိုင်မည်ဖြစ်သည်။ ယွင်တုန်းရှန်၏ လက်ဆောင်မှာ တန်ဖိုးကြီးမားပြီး လုအော်ရင်ယွဲ့၏ ချီစွမ်းအင်အမျှင်ပြီးလျှင် ဒုတိယမြောက် တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်နိုင်ပါမည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့ သုံးဦးလည်း ယွင်တုန်းရှန်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်မိလိုက်ကြသည်။
ထိုအချိန်တွင် ယွီဟွာတောင်အနီးသို့ လူရိပ်သုံးခု ပျံသန်းလာသည်ကို တွေ့လိုက်ရပြန်သည်။ ထိုပုဂ္ဂိုလ်သုံးဦးကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အံ့အားသင့်သွားပြီး အကြည်ချင်းဆုံမိသွားကြသည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် အဆိုပါပုဂ္ဂိုလ်များအား ကြိုဆိုရန် ခန်းမရှေ့သို့ ပျံသန်းလိုက်ကြသည်။ ထိုလူသုံးဦးအနက် မိန်းကလေးတစ်ဦး၏ အသံက ဦးစွာရောက်ရှိလာသည်။
“အစ်ကိုကျန်းနဲ့ အစ်မရှန်း ပြန်တွေ့ရပြန်ပြီနော်၊ ကျွန်မအဖေက ဂူပိတ်ကျင့်ကြံနေလို့ အဖေနဲ့ လမင်းကြည့်ဂိုဏ်းကိုယ်စား ကျွန်မလာခဲ့တာပါ၊ ကျီဖုအဆင့်ကို တက်လှမ်းနိုင်လို့ ဂုဏ်ပြုပါတယ်ရှင့်”
ပြောပြောဆိုဆိုနှင့် မိန်းကလေးသည် လက်ဖဝါးကိုဖြန့်လိုက်ရာ ပစ္စည်းတစ်ခု ပေါ်ပေါက်လာပြီး ကျန်းချန်ရွှမ်တို့ထံ ကမ်းပေးလိုက်သည်။
“ကျွန်မအဖေက ရှင်တို့နှစ်ယောက်ကို သေချာပေးခိုင်းလိုက်တာ”
***