← Chapters

မဟာ​မိတ်

Vol. 8 Ch. 143

မဟာ​မိတ်

Vol. 8 Ch. 143

ဟွမ်လင်းအယ်နှင့်အတူပါလာသူများမှာ ကျန်း​ချန်​ရွှမ်​တို့​နှင့် တွေ့ဆုံခဲ့​ဖူး​သော အဘိုးကြီးဝူဖြစ်ပြီး ကျန်တစ်ဦးမှာ လမင်း​ကြည့်​ဂိုဏ်း၏ အကြီးအကဲဖြစ်သူ တျန့်ချင်ဖြစ်သည်။ တျန့်ချင်သည် ဟွမ်​ဝမ်​ယု၏ အရင်း​နှီး​ဆုံး​မိတ်ဆွေ​လည်း​ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့​မှာ ဟွမ် လင်း​အယ်​ ယူဆောင်​လာသော​ ပစ္စည်း​များကို​ကြည့်ပြီး မျက်လုံးပြူး​သွား​ကြ​သည်။ ထိုအရာများမှာ ဝိညာဉ်​အနှစ်သာရ​သစ်သီး​များ​ဖြစ်ပြီး ကျင့်ကြံသူ၏ဝိညာဉ်​ကို​ အား​ဖြည့်​ပေးနိုင်​သည့်အတွက်​ ကျန်း​ချန်​ရွှမ်​တို့​လည်း​ ဝမ်းမြောက်​သွားကြသည်။ ထို့ကြောင့်​ ဟွမ်လင်းအယ်နှင့် သူ့​အဖေ​ကို ကျေးဇူးတင်​စကား​ဆိုလိုက်သည်။

ထိုစဉ် ဟွမ်လင်းအယ်ဘေးရှိ တျန့်ချင်သည် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တိုအား ပြုံး​ပြ​ပြီး စကား​စလိုက်​သည်။

“ကျုပ်​က လမင်း​ကြည့်​ဂိုဏ်းက​ တျန့်ချင်ပါ၊ ခင်ဗျား​တို့​ပွဲကို မဖိတ်ဘဲ လာမိတဲ့အတွက် စိတ်​မရှိ​ဖို့​ မျှော်လင့်​ပါတယ်​”

“မဟုတ်​တာ တာအို​ရောင်းရင်းတျန့်ချင် “

ကျန်း​ချန်​ရွှမ်တို့လည်း ပြုံး​လျက်​ ခွန်း​တုံ့ပြန်လိုက်သည်။

“ခင်ဗျား​ဒီကို​ကြွရောက်ပေးတဲ့အတွက် ကျုပ်​တို့က​ကျေး​ဇူး​တင်ရမှာပါ”

အမှန်​တွင် တျန့်ချင်​လိုက်​ပါလာရသည့် အကြောင်း​အရင်း​ကို ကျန်း​ချန်​ရွှမ်တို့​ ရိပ်မိပြီးဖြစ်သည်။ ရွက်​ကြွေ​တောင်​တန်း​တွင် ဖြစ်​ပွား​ခဲ့သည့် ဖြစ်စဉ်မျိုး နောက်​တစ်​ကြိမ်​ မဖြစ်​စေရန်​ သမီး​ဖြစ်​သူ၏လုံခြုံရေး​အတွက်​ ဟွမ်ဝမ်ယုက တမင်​တကာ ထည့်ပေးလိုက်ခြင်း​ဖြစ်​လိမ့်မည်​။

“စကား​မစပ်၊ ဒါက ကျုပ်​ရဲ့ဂုဏ်ပြုလက်ဆောင်ပါ”

တျန့်ချင်က နောက်​ထပ်​လက်ဆောင်​များ​ကို ကမ်း​လိုက်ပြန်သည်။ အစော​ပိုင်းက​ ဝိညာဉ်သစ်သီး​များ​မှာ ဟွမ်ဝမ်ယု​က မိတ်​ဆွေ​တစ်​ဦးက ဂုဏ်ပြု​သည့်​အနေနှင့် ပေးအပ်လိုက်​သည့်​ ပစ္စည်း​ဖြစ်ပြီး သည်​တစ်ခါက ဟွမ်ဝမ်ယု​နှင့်​ လမင်း​ကြည့်​ဂိုဏ်း​ကိုယ်စား​ဖြစ်သည်။ ထို​အချက်​ကို​ ကျန်း​ချန်​ရွှမ်လည်း ကောင်း​စွာ​နားလည်​သည့်အတွက် ကျေး​ဇူး​တင်​စကား​ဆိုပြီး​နောက်​ ဟွမ်​လင်း​အယ်​တို့​သုံး​ဦးအား လောက​ဝတ်ပြု​ပြီး နေရာချပေးလိုက်သည်။ ထို​မြင်​ကွင်းကို​ ပရိသတ်​များ​ သတိထား​မိပြီး​ အံ့အားသင့်သွားကြသည်​။ အထူးသဖြင့်​ ဟွမ်​လင်း​အယ်​နှင့်​ တျန့်ချင်​တို့ကို​ သိရှိ​ထားသည့် ကျင့်ကြံသူ​များ​ဖြစ်သည်။

လမင်း​ကြည့်​ဂိုဏ်းသည် ရွှေအမြုတေ​အဆင့်​ ဂိုဏ်း​တစ်​ခု​ဖြစ်ရန် အလားအလာကောင်းနေသော​ အဖွဲ့အစည်း​တစ်​ခု​ဖြစ်သည်။ အစောပိုင်းက ကျန်းချန်ရွှမ်တို့စုံတွဲနှင့် လမင်း​ကြည့်​ဂိုဏ်း​မှ ဟွမ်လင်းအယ်၊ တျန့်ချင် တို့အကြား​ ပြောဆို​ဆက်ဆံ​ပုံကို​ကြည့်၍ ရှန်း​မိသားစု​နှင့်​ လမင်း​ကြည့်​ဂိုဏ်း​အကြား​တွင်​ ခိုင်​မာ​သော​ ဆက်ဆံရေး​တစ်​ခု တည်ဆောက်​ထား​နိုင်သည်​ဟု ယူဆပြီး ကျင့်ကြံသူ​ပရိသတ်​များ​မှာ ရှန်း​မိသားစု​ကို ပို၍ပင် အထင်​ကြီး​သွား​ကြ​တော့​သည်။ ဤသို့နှင့် ဂုဏ်ပြု​ပွဲ​ကို ရက်အနည်းငယ်​အထိ ဆက်လက်​ကျင်းပ​ကြသည်။ ဂုဏ်ပြု​ပွဲ​ပြီးဆုံး​သော​အခါ ဧည့်သည်များမှာ တစ်ယောက်​ပြီး​ တစ်ယောက်​ ထွက်​ခွာ​သွား​ကြ​သည်။ ထို​သူများ​ထဲတွင်​ ဟွမ်​လင်း​အယ်​တို့လည်း ပါဝင်​သည်။ မူလ​တွင်​ ဟွမ်​လင်း​အယ်​တစ်ယောက်​ ရက်အနည်းငယ်​ ဆက်​လက်​နေထိုင်​ရန် ကြံစည်​ထား​သော်လည်း​ တျန့်ချင်မှာ ဂိုဏ်းကိစ္စတစ်​ခု​ကြောင့်​ လမင်း​ကြည့်​ဂိုဏ်း​ကို ချက်ချင်း​ပြန်​ရတော့​မည်ဖြစ်၍ အစီအစဉ်​ပြောင်း​သွား​သည်​။

သို့သော်​ လုအော်​ရင်​ယွဲ့က အလျင်စလို​ မပြန်သေးဘဲ ရှန်း​မိသားစု​တွင်​ ဆက်လက်နေထိုင်​လျက်ရှိ​သည်။ ထို​အခြင်း​အရာကြောင့် ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်​နှင့် ​ရှန်းတောက်​မင်​တို့​မှာ​ ဇဝေဇဝါ​ဖြစ်နေကြ​သည်။ မကြာ​မီမှာပင်​ ရှန်း​ယွမ်လုံက သူတို့​သုံးဦးအား အခေါ်​လွှတ်​လိုက်သည်။ ရှန်း​ယွမ်လုံ​ရှိနေ​သော ဟွားဝူတောင်ထွတ်သို့ ရောက်လျှင်​ ရှန်းယွမ်လုံနှင့်အတူ လုအော်​ရင်​ယွဲ့လည်း ထူး​ဆန်း​စွာ ​ရောက်ရှိနေသည်ကို မြင်​လိုက်​ရသည်။ ရှန်းယွမ်လုံက သူတို့​သုံး​ဦးကို မြင်​လျှင်​ ပြုံး​ရယ်​လျက်​

“ချန်​ရွှမ်၊ ရူယန်နဲ့ တောက်မင် မင်း​တို့​ရောက်​လာကြ​ပြီကိုး”

လုအော်ရင်ယွဲ့ကလည်းသူတို့​နှစ်ဦး​အား​ ပြုံး​လျက်​ ခေါင်း​ညိတ်​ပြလိုက်သည်။ ရှန်းယွမ်လုံက

“မင်း​တို့​သုံး​ယောက်ကို ခေါ်​လိုက်ရတာ အရေး​ကြီး​ကိစ္စ​ ဆွေးနွေး​စရာ​ရှိ​လို့​ပဲ”

“ဟုတ်​ကဲ့​ ပြောပါ​”

ကျန်း​ချန်​ရွှမ်တို့လည်း ရှန်းယွမ်လုံပြောမည့်စကားကို နား​စွင့်လိုက်ကြသည်။

“ငါတို့​ရှန်း​မိသားစု​နဲ့ ချန်​ထျန်း​ဂိုဏ်း အင်အား​ချင်း​ပေါင်းဖို့ စီစဉ်ထားတယ်”

“အင်​အား​ပေါင်း​မယ်​ ဟုတ်​လား​”

.ရှန်းယွမ်လုံက ခေါင်း​ညိတ်​လျက်​

“ဟုတ်​တယ် အတိုပြောရရင် မဟာ​မိတ်​ဖွဲ့ဖို့ပေါ့၊ မင်း​တို့​သိတဲ့​အတိုင်း​ ငါတို့​ရှန်း​မိသားစု​နဲ့ ဟုန်​မိသားစု​က အဆင်မပြေကြသလို ချန်​ထျန်း​ဂိုဏ်း​နဲ့ ဟုန်​မိသားစု​အကြား​မှာလည်း အခြေအနေ​တင်း​မာ​နေတယ်”

ထို​အချိန်​တွင်​ လုအော်ရင်ယွဲ့က ကြား​ဝင်​ပြီး

“ဟုတ်​တယ်၊ နတ်ဆိုး​သား​ရဲကပ်တုန်းက ဟုန်​မိသားစု​ရဲ့​ဘိုးဘေး တျန့်ချီရဲ့ မျက်​နှာ​လွှဲခဲပစ်လုပ်မှုကြောင့် ငါ့ရဲ့ တာအို​ညီမ​ တျန့်ချင်းသေခဲ့ရတယ်၊ တျန့်ချီလို အဆင့်​မြင့်​ကျင့်ကြံသူ​တစ်​ယောက်​အနေနဲ့​ ငါတို့​အသက်​တွေထက် သူတို့​အစီအစဉ်​ အောင်မြင်ရေးကို ပိုဦးစားပေးမယ်ဆိုတာ ငါတို့​သိပါ​တယ်။ ဒါပေမဲ့​ သူသာ အဲဒီအစီအစဉ်ကို ငါတို့​ကို ကြို​ပြော​ပြ​ခဲ့ရင်​ လူ့အသက်တွေ အများကြီးဆုံးခဲ့မှာမဟုတ်ဘူး”

ထို့နောက်​ လုအော်ရင်​ယွဲ့က စကား​ကို​ခေတ္တ​ရပ်​လိုက်​သည်။ အချိန်​အနည်းငယ်​ကြာ​မှ ပြန်​ဆက်သည်။

“အဲဒီ​နေ့​ကစပြီး ငါတို့​နဲ့ ဟုန်​မိသားစု​ကြားမှာ ပွတ်တိုက်​မှုတွေ ရှိလာ​ခဲ့တယ်။ အခု​ဆိုရင်​ ငါတို့​နှစ်​ဖွဲ့​ကြား​က ဆက်​ဆံ​ရေးက​ ဘယ်​လို​မှ အဖတ်ဆယ်​လို့မရတော့ဘူး”

သူမ၏စကားကို​ကြားသောအခါ ကျန်း​ချန်​ရွှမ်တို့လည်း ကောင်း​စွာ​နားလည်​လိုက်​ကြသည်။

“ဒါကြောင့်​ ဟုန်​မိသားစု​ကို ရင်ဆိုင်​တဲ့​နေရာ​မှာ ငါတို့​နှစ်​ဖွဲ့ အတူလက်တွဲနိုင်ဖို့ မျှော်လင့်တာပါ။ ငါတို့​ဘက်​က ရိုးသား​မှုကို​ပြတဲ့အနေနဲ့ အဆင့်​၃ သစ်သားသွေးကြောရှိတဲ့ တည်နေရာကို​ မဟာ​မိတ်​ဖွဲ့​တဲ့ လက်​ဆောင်​အဖြစ်နဲ့ ပေးဖို့ စဉ်းစား​ထားပါတယ်​”

ထို​စကား​ကြောင့် သူတို့​အားလုံး​ မှင်​သက်​သွား​ကြသည်။ အဆင့်​၃ သစ်သား​ဓာတ်​ အခြေခံဝိညာဉ်​သွေးကြော​တစ်ခု၏ တန်ဖိုး​သည်​ သာမန်​ အဆင့်​၃ ဝိညာဉ်သွေးကြောထက် အဆများစွာ ​သာ​လွန်ကြောင်း သူတို့​အားလုံး​ သိရှိ​ပြီး​ဖြစ်​သည်။ အကြောင်း​ရင်း​မှာ အဆင့်​၃ သစ်သား​ဓာတ် သွေး​ကြော​ကဲ့သို့ ဂုဏ်​သတ္တိ​တစ်ခုရှိသည့် ဝိညာဉ်​သွေးကြော​များ​သည် အချိန်​တစ်​ခု​အတွင်း​၌ သစ်​သား​ဓာတ်​ အခြေခံ​ဝိညာဉ်​ရတနာ​များ​ကို ပုံမှန်​ထုတ်​လုပ်​ပေးလေ့ ရှိသော​ကြောင့်​ဖြစ်​သည်။ ထို​ရတနာ​အားလုံး​အနက်​ အဇူရာနဂါး သစ်သား​သလင်း​ကျောက်​သည် တန်​ဖိုး​အကြီးဆုံးဖြစ်သည်။

ထိုစဉ် ရှန်း​တောက်​မင်က

“ဂိုဏ်း​သခင်​ကြီးလုအော်ရဲ့ ရည်ရွယ်​ချက်​ကို တည့်တည့်ပဲပြောပါလား၊ ခင်ဗျား​စိတ်​ထဲမှာ ဆောင်ရွက်​ချင်တာကို​ပြော​ပြ​လို့ရ​ပါတယ်”

ကျန်း​ချန်ရွှမ်​တို့​သုံး​ဦး၏ တည်​ငြိမ်​စွာ​ ကိုယ်​ရှိန်သတ်ထားနိုင်မှုကို အကဲခတ်​ရင်း​လုအော်ရင်ယွဲ့က ခေါင်း​ညိတ်​လိုက်​သည်။ အကယ်၍ ကျန်ချန်းရွှမ်တို့ သုံး​ဦးသာ သစ်သားသွေး​ကြော​ကို အငမ်းမရဖြစ်နေပါက ရှန်း​မိသားစု​နှင့်​ မဟာမိတ်​ဖွဲ့​ရန်ကိစ္စကို တဖန်ပြန်စဉ်းစားရတော့မည်ဖြစ်သည်။ ထို့နောက်​ လုအော်​ရင်​ယွဲ့က ​ပြုံး​ရင်း

“ငါတို့​အတူ သစ်သား​သွေး​ကြောကို​ ​ရှာဖွေ​ကြမယ်”

***

All Chapters