အဆင့် ၃ လက်နက်သန့်စင်သူ
Vol. 8 Ch. 144
“အတူရှာကြမယ် ဟုတ်လား”
ကျန်းချန် ရွှမ်တို့သုံးဦးမှာ လုအော်ရင်ယွဲ့ စကားကြောင့် ဇဝေဇဝါဖြစ်သွားသည်။
“ဟုတ်တယ် ငါတို့ရှာရမဲ့ အဆင့်၃ သစ်သားသွေးကြောက ကောင်းကင်ဘုံထွတ်ဖျား လို့ခေါ်တဲ့ တောင်ကြားမှာရှိတယ်”
ထိုကောင်းကင်ဘုံထွတ်ဖျား ဆိုသည့် တောင်ကြားဒေသတွင် အဆင့်၃ နတ်ဆိုးသားရဲများဖြစ်သည့် လျှပ်စီးလေငှက်များ ကျက်စားလေ့ရှိကြောင်းကို ကျန်းချန်ရွှမ်တို့ သုံးဦးစလုံး ကြားဖူးနားဝရှိထားကြ၍ အနည်းငယ်တွေဝေသွားမိသည်။ ထို့ပြင် မျက်လုံးပြာ နတ်ဆိုးမျောက်ဝံကြီးများ ကျက်စားနေထိုင်သည့် တောကြီးနှင့်လည်း တစ်ဆက်တည်းဖြစ်နေသေးသည်။ သို့သော် တစ်ခုရှိသည်က လျှပ်စီးလေငှက်များနှင့် မျက်လုံးတွေပြာမျောက်ဝံများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မသင့်မြတ်ဘဲ ရန်စောင်လေ့ရှိသည့် အချက်ဖြစ်သည်။
သူတို့ပိုင်နက်ထဲကို ကျူးကျော်လာသူများက တစ်ဖွဲ့ကို တိုက်ခိုက်နေလျှင် ကျန်တစ်ဖွဲ့မှာ နတ်ဆိုးသားရဲမျိုးနွယ်တူများ ဖြစ်သော်လည်း ကူညီမည်မဟုတ်ဘဲ အသာထိုင်ကြည့်နေမည်ဖြစ်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့အနေနှင့် လုအော်ရင်ယွဲ့ ဆိုလိုသည့် သဘောကို နားလည်လိုက်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်က
“ဂိုဏ်းသခင်ကြီးက ကျုပ်တို့မိသားစုနဲ့ ခင်ဗျားတို့ဂိုဏ်းပူးပေါင်းပြီး လျှပ်စီးလေငှက်နဲ့ မျက်လုံးပြာနတ်ဆိုး မျောက်ဝံတွေကို အတူ ရှင်းလင်းချင်တဲ့ သဘောလား”
လုအော်ရင်ယွဲ့က ပြုံးလျက် ခေါင်းညိတ်ပြသည်။
“မှန်တယ်၊ နတ်ဆိုးသားရဲတွေကို ရှင်းပြီးလို့ သစ်သားသွေးကြောကို ရှာတွေ့ရင် ရလာမဲ့ဝေစုကို သည်တစ်ခေါက် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ခွဲမယ်လို့စီစဉ်ထားတယ်”
လုအော်ရင်ယွဲ့၏ အကူအညီရှာသည့် ရည်ရွယ်ချက်သည် ယုတ္တိတန်သည် ဟုဆိုရမည်။ သစ်သားသွေးကြောသည် ကျင့်ကြံခြင်းမိသားစုတိုင်း မက်မောကြသော ရတနာတွင်းကြီးသဖွယ် ဖြစ်နေ၍ ချန်ထျန်းဂိုဏ်းအနေနှင့် ဘယ်နည်းနှင့်မှ လက်လွတ်ခံမည်မဟုတ်။ သို့သော် လျှပ်စီးလေငှက်များနှင့် နတ်ဆိုးမျောက်ဝံတို့၏ အန္တရာယ်ကို သူတို့တစ်ဖွဲ့တည်း ကိုင်တွယ်ရန်မဖြစ်နိုင်၍ ရှန်းမိသားစုကို လာရောက်ညှိနှိုင်းခြင်းဖြစ်နိုင်သည်။ အဆိုပါအန္တရာယ်သာ မရှိပါက လုအော်ရင်ယွဲ့က သည်သတင်းကို သူတို့အား ဝေမျှခြင်းပြုမည်မဟုတ်ပါ။
“ဒါဖြင့် ဘယ်အချိန်စချင်လဲ ဂိုဏ်းသခင်ကြီး”
ရှန်းတောက်မင်က မေးခွန်းထုတ်လိုက်သည်။ လုအော်ရင်ယွဲ့က ပြုံးလျက်
“အရေးတကြီး ဆောင်ရွက်စရာမလိုသေးဘူး၊ ငါတို့ရထားတဲ့သတင်းအရ လျှပ်စီးလေငှက်တွေရဲ့ခေါင်းဆောင်က မကြာခင်မှာ ဥချလိမ့်မယ်၊ အဲဒီအချိန်က သူတို့အင်အားအနည်းဆုံးအချိန်ပဲ၊ ဒီအခွင့်အရေးကို ငါတို့ အမိအရ အသုံးချနိုင်ရင် နိုင်ဖို့အခွင့်အလမ်းများတယ်၊ အချိန်အတိအကျကိုတော့ လောလောဆယ် မသိနိုင်သေးဘူး၊ ဒါပေမဲ့ ခန့်မှန်းရသလောက်က လာမဲ့ ၁၀ နှစ်ကနေ အနှစ် ၂၀ အတွင်းပဲ၊ အချိန်ကျရင် ငါတို့ဆက်သွယ်လိုက်ပါ့မယ်”
ကျန်းချန်ရွှမ်တို့သုံးဦးသည်လည်း လုအော်ရင်ယွဲ့စကားကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးနောက် ဘဝင်ကျဟန်နှင့် ခေါင်းညိတ်လိုက်မိသည်။ ထို့နောက်တွင်တော့ လုအော်ရင်ယွဲ့သည် သည်အကြောင်းနှင့်ပတ်သက်၍ စကားမဆက်တော့ဘဲ အခြားအရေးမကြီးသည့်ကိစ္စများကိုသာ ပြောဆိုနေတော့သည်။ အချိန်အတန်ကြာ စကားပြောနေကြပြီးနောက် လုအော်ရင်ယွဲ့လည်း ကျန်းချန်ရွှမ်နှင့် ရှန်းယွမ်လုံတို့အား နှုတ်ဆက်ပြီး ယွီဟွာတောင်မှ ထွက်ခွာသွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မိမိတို့နေထိုင်ရာ ကျောက်စိမ်းပျံလှိုဏ်ဂူသို့ ပြန်လာခဲ့ကြသည်။
ပြန်ရောက်ပြီးမကြာခင်တွင်ပင် ဇနီးမောင်နှံနှစ်ဦးသည် သီးခြားဂူပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး ကျီဖုအဆင့်ကို ရောက်ရှိသည်မှာ မကြာသေး၍ အားစိုက်ကျင့်ကြံရမည့် အပိုင်းများရှိနေပါသေးသည်။ အထူးသဖြင့် ကျန်းချန်ရွှမ်ဖြစ်သည်။ သူ၏မူလဓမ္မရတနာကို ကောင်းကင်ဘုံထွတ်ဖျား တောင်ကြားထံ မသွားရောက်ခင် အချိန်မီ သန့်စင်ထားရန် အရေးကြီးနေပါသည်။ ရှန်းရူယန်သည်လည်း ထိုနည်းတူဖြစ်သည်။ အတိတ်ဘဝက မှတ်ဉာဏ်များကို အသုံးပြု၍ နောက်ထပ် နတ်ဘုရားစွမ်းအားတစ်မျိုးကို ကျင့်ကြံရဦးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ကျီဖုနယ်ပယ် ပထမအဆင့်သာ ရှိသေးသော်လည်း နှစ်ဦးစလုံး၏ တိုက်ပွဲဝင်စွမ်းရည်က စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။
ကျန်းချန်ရွှမ်သည် ကိုယ်ပိုင်ကျင့်ကြံရာအခန်းသို့ ရောက်ရှိပြီးနောက် အဆင့်၃ ဓမ္မရတနာလောင်းကို နောက်တစ်ကြိမ် သန့်စင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သည်တစ်ကြိမ်တော့ ချောချောမွေ့မွေ့နှင့် အောင်မြင်သွားသည်။ တစ်နှစ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် အဆင့် ၃ ဓမ္မရတနာလောင်းကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ လက်နက်သွန်းလုပ်သန့်စင်ခြင်း စွမ်းရည်သည် အဆင့်၃ သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် စနစ်မှအချက်ပေးသံ ဝင်လာသည်။
[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ လက်နက်သန့်စင်ခြင်း စွမ်းရည် အဆင့်၃ ကို ရောက်ရှိပါပြီ။ လက်နက်သန့်စင်ဆရာတစ်ပါးကို အနီးကပ်လေ့လာခွင့် အခွင့်အရေးကို ရရှိပါမည် ]
[ အဆိုပါအခွင့်အရေးကို အသုံးပြုလိုက်လျှင် လက်နက်သန့်စင်ရာတွင် ကျွမ်းကျင်သူတစ်ဦး ဆောင်ရွက်နေသည့် လက်နက်သန့်စင်ခြင်းဖြစ်စဉ်စဆုံးကို လေ့လာခွင့်ရရှိမည်ဖြစ်၍ စနစ်ပိုင်ရှင်၏ လက်နက်သွန်းလုပ်သန့်စင်ခြင်း အတတ်ပညာကို ပိုမိုနားလည်လာမည့်အပြင် အတွေ့အကြုံအဆင့်သည်လည်း မြင့်တက်လာပါလိမ့်မည်]
သည်တစ်ခါ စနစ်မှချီးမြှင့်သော ဆုလာဘ်သည် လက်ရှိကျန်းချန်ရွှမ်၏ အခြေအနေနှင့် ကွက်တိဟုဆိုရမည်။ လက်ရှိတွင် ကျန်းချန်ရွှမ်သည် လက်နက်သန့်စင်ခြင်းစွမ်းရည် အဆင့် ၃ ကိုရရှိခဲ့ပြီးဖြစ်သော်လည်း သူ၏လက်ရှိစွမ်းရည်နှင့် မူလဓမ္မရတနာကို သန့်စင်ပါက အောင်မြင်ရန် အခွင့်အလမ်းနည်းပါးသည်။ ဤသို့ဖြစ်ရခြင်းမှာ ဓမ္မရတနာတစ်ပါးကို သန့်စင်ရာတွင် လိုအပ်သည့် အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့နေသေး၍ဖြစ်သည်။ ထို့ကြောင့် စနစ်၏ဆုလာဘ်မှာ ကျန်းချန်ရွှမ်၏ လက်ရှိအခြေအနေနှင့် လိုက်ဖက်ညီစွာ ရေကန်အသင့်ကြာအသင့်ဖြစ်နေတော့သည်။
ကျန်းချန်ရွှမ်လည်း စနစ်မှပေးသော အခွင့်အရေးကို အသုံးပြုလိုက်သည်။ ထိုတစ်ခဏတွင် ကျန်းချန်ရွှမ်၏ စိတ်ဝိညာဉ်သည် အခြားသောကမ္ဘာတစ်ခု၊ သို့မဟုတ် စင်ပြိုင်ဖြစ်တည်မှုတစ်ခုကို ရောက်ရှိသွားသည်။အသိအာရုံကို စူးစိုက်လိုက်မိချိန်တွင် ကျန်းချန်ရွှမ်သည် ကြွက်သားများဖုထစ်နေသော လူထွားကြီးတစ်ဦးဘေးတွင် ရပ်လျက်ရှိကြောင်း သတိပြုမိလိုက်သည်။ သတ္တုချင်းပွတ်တိုက်မိသံများက သူ့နားထဲတွင် ညံစီလျက်ရှိသည်။ လက်နက်သန့်စင်သူဖြစ်ဟန်တူသည့် အဆိုပါလူထွားကြီးသည် ကျန်းချန်ရွှမ်၏ ရှေ့တွင်ပင် သတ္တုကုန်ကြမ်းပစ္စည်းများကို ဓမ္မစွမ်းအင်သက်သက်ဖြင့် ပုံသွင်းထုရိုက်ပြနေသည်။ ထုရိုက်ခံလိုက်သော သတ္တုချပ်သည် လျင်မြန်စွာ ပုံပျက်သွားပြီး ဓမ္မစွမ်းအင်ဖြင့် ဖိသိပ်ခံလိုက်ရပြန်သည်။ မီးပွင့်များက နေရာအနှံ့ လွင့်စင်နေသလို သတ္တုအကြမ်းထည်ကြီးသည်လည်း သတ္တုပျော်ရည်အဖြစ် ဖြည်းဖြည်းချင်း အသွင်ပြောင်းလျက်ရှိသည်။ ထို့နောက်တွင် လူထွားကြီးသည် သန့်စင်ခြင်းလုပ်ငန်းကို စတင်လိုက်ပြီး ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ကျင်လည်စွာ ပေါင်းစပ်ဖွဲ့စည်း၍ သတ္တုကုန်ကြမ်းကို အရောင်တင်မွမ်းမံပြသည်။ သူအသုံးပြုသော နည်းစနစ်နှင့် လှုပ်ရှားမှုများမှာ စမ်းရေပမာ ဟန်ချက်ညီချောမွေ့နေတော့သည်။
***