← Chapters

ရွှေဗလာနယ်ဓားကို ရရှိပြီ

Vol. 8 Ch. 145

ရွှေဗလာနယ်ဓားကို ရရှိပြီ

Vol. 8 Ch. 145

စနစ်မှပြသပေးသော သန့်စင်ခြင်းဖြစ်စဉ်စဆုံးကို လေ့လာပြီးသောအခါ ကျန်းချန်ရွှမ်အနေနှင့် မူလဓမ္မရတနာကို အောင်မြင်စွာသွန်းလောင်းနိုင်ရန် ၈၀ ရာခိုင်နှုန်းထိ ယုံကြည်မှုတိုးလာပြီဖြစ်သည်။ ထို့ကြောင့် အချိန်မဆွဲတော့ဘဲ လုပ်ငန်းစရန်ပြင်ဆင်လိုက်သည်။ လူထွားကြီးထံမှ သင်ကြားရရှိခဲ့သော နည်းနာ၊ အတွေ့အကြုံများကို အသုံးချပြီး ဓမ္မရတနာလောင်းကို အဆင့်၃ မူလဓမ္မရတနာဓားပျံအဖြစ် စတင်ပြောင်းလဲရမည်ဖြစ်သည်။

၆လခန့်ကြာသွားသည်။

ကျန်းချန်ရွှမ်ရှိနေသော အခန်းထဲတွင် ဓားအလင်းတန်းများသည် လှပစွာ ဖြာထွက်တောက်ပလျက်ရှိသလို ဓား၏ အော်ညည်းသံသဲ့သဲ့ကလည်း လိုက်ဖက်ညီစွာ ပနံတင့်နေသည်။ ကျန်းချန်ရွှမ်၏ လက်ဖဝါးထက်တွင် မီးလျှံနှင့်တူသည့် ဓားပျံတစ်စင်း ဝဲပျံနေသည်။ အဆိုပါ ရတနာဓားကို ဖန်တီးရာတွင် ကျန်းချန်ရွှမ်သည် ဟင်္သာပြဒါးသလင်းကျောကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး မှော်မီးကျောက်တုံးနှင့် ခရမ်းရောင်မီးလျှံသစ်သားကို တွဲဖက်ပစ္စည်းအဖြစ် အသုံးပြုထားသည်။ ထို့နောက် အဆင့် ၃ မှော်အက္ခရာများ ထွင်းထုလိုက်သောအခါ အဆင့် ၃ မီးဓာတ်အခြေခံ ရတနာဓားပျံတစ်စင်းဖြစ်လာတော့သည်။

“ဒါဖြင့် မင်းကို ပြဒါးနီမီးဓား လို့ခေါ်မယ်ကွာ”

ကျန်းချန်ရွှမ်က သူ့လက်ရာကို ကြည်နူးစွာ လေ့လာသုံးသပ်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ထို့နောက် ဓားအသွားကို လက်ဖြင့်ညင်သာစွာ တောက်လိုက်ရာ မီးကျီပမာ ရဲရဲနီနေသော လှိုင်းကြက်ခွပ်လေးများသည် မျက်နှာပြင်တစ်လျှောက် ပြေပြစ်စွာ လူးလွန့်သွားကြသည်။ နမူနာ ဓမ္မရတနာတစ်ပါးကို သန့်စင်အောင်မြင်ခဲ့ပြီဖြစ်၍ မူလဓမ္မရတနာအစစ်ကို သွန်းလောင်းချိန်တန်ပြီဟု ကျန်းချန်ရွှမ် စိတ်ပိုင်းဖြတ်လိုက်သည်။

ထို့နောက် ကျန်းချန်ရွှမ်သည် စိတ်ကိုအတည်ငြိမ်ဆုံး စုစည်းလိုက်ကာ ကိုယ်နေဟန်ကို ပြုပြင်လိုက်သည်။ သတ္တုဖြူကျောက်တုံး၊ ကောင်းကင်ဗလာကျောက်တုံး၊ အဖြူရောင်ဧကရာဇ် သလင်းကျောက်နှင့် ဆည်းဆာခရမ်းရောင်ချီအမျှင် အစရှိသည့် ပါဝင်ပစ္စည်းများသည်လည်း အသင့်ဖြစ်နေပြီဖြစ်သည်။ အဆိုပါပစ္စည်းများအားလုံးသည် ရှားပါးတန်ဖိုးကြီးသည့် ရတနာများချည်းဖြစ်၍ ကျန်းချန်ရွှမ်အနေနှင့် သူစီရင်မည့် မူလဓမ္မရတနာဓားပျံ၏ အရည်အသွေးနှင့် အလားအလာမှာ သည်ထက်မြင့်စရာမရှိတော့ဟု ယုံကြည်ထားမိသည်။

နောက်ထပ်တစ်နှစ်ကြာသွားသည်။

ကောင်းကင်ဗလာကျောက်တုံးနှင့်တကွ ကုန်ကြမ်းပစ္စည်းအားလုံးကို သန့်စင်ပြီးပြီဖြစ်၍ ဓားပျံ၏ ပုံထည်မှာ အသွင်ပေါ်လာစပြုလာပြီဖြစ်သည်။ ရတနာဓားပျံသည် တစ်ဝက်တစ်ပျက်သာ ရှိသေးသော်လည်း ဓားပျံထံမှ စူးရှတောက်ပြောင်သလို တစ်ချိန်တည်းတွင် အဓိပ္ပာယ်နက်ရှိုင်းပြီး နားလည်ရခက်သော အော်ရာတစ်မျိုးသည်လည်း ဖြာထွက်လျက်ရှိသည်။ သာမန် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ လက်နက်သန့်စင်သူတစ်ဦးသာ အဆိုပါဓားပျံကို အမှတ်မထင်ကြည့်ရှုမိလိုက်ပါက ဓား၏ထက်မြမှုနှင့် သတ်ဖြတ်ခြင်းအရိပ်အငွေ့များကြောင့် နေရာတွင်ပင် ချက်ချင်းလဲကျသေဆုံးသွားနိုင်လောက်သည်။

ကျန်းချန်ရွှမ်အနေနှင့် မူလစီစဉ်ထားသည့် နည်းစနစ်အတိုင်း ဆက်လက်သန့်စင်ခဲ့လျှင် သူ၏ဓားပျံသည် အဆင့်၃ မူလဓမ္မရတနာဓားပျံများတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်သည် မူလအစီအစဉ်ကို သွေဖည်လျက် ဆန်းသစ်တီထွင်လိုက်သည်။ ကျန်းချန်ရွှမ်လိုချင်သည်က လူမြင်ကွင်းတွင် အထင်းသားဖြစ်နေပြီး မြင်ရုံနှင့် ခန့်မှန်းရလွယ်သော လက်နက်မျိုးမဟုတ်ပါ။ ထို့ကြောင့် ဓမ္မရတနာလောင်းအတွင်းသို့ ဆည်းဆာခရမ်းရောင်ချီအမျှင်ကို ထည့်သွင်းရန်ဆုံးဖြတ်လိုက်သည်။ ထိုအခိုက်တွင် ခရမ်းရောင်ချီအော်ရာများ တိုးထွက်လာတော့သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် သူသင်ယူရရှိထားသည့်အတိုင်း ဓားပျံကို တစ်ဖန်ပြုပြင်သွန်းလုပ်လိုက်သည်။

နောက်နှစ်နှစ်ကြာသွားပြန်သည်။

ကျန်းချန်ရွှမ် လက်နက်သန့်စင်နေသော အခန်းထဲမှ ရွှေအိုရောင်အလင်းလှိုင်းများ ဖြာထွက်လာပြီး အခန်း၏အထက်တည့်တည့် ကောင်းကင်ပြင်ထိတိုင် အလင်းတန်းကြီးတစ်ခု တိုးထွက်သွားတော့သည်။ အလင်းတန်းကြောင့် မိုးသားတိမ်တိုက်များမှာ ရဟတ်ပမာ လည်ပတ်သွားပြီး စူးရှသည့် ဓားချီစွမ်းအင်တစ်မျိုး ပြိုဆင်းလာကာ ကီလိုမီတာအနည်းငယ်ခန့် အချင်းဝက်ရှိသည့် ကောင်းကင်ပြင်ရှိ တိမ်များကို ဖယ်ရှားရှင်းလင်းလိုက်သည့်အတွက် ကောင်းကင်ထက်တွင် တိမ်များရုတ်တရက် ကင်းစင်သွားပြီး မိုးသားပြာပြာတစ်ခုသာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် တစ်ကိုယ်တည်းဂူပိတ်ကျင့်ကြံနေသော ရှန်းရူယန်သည် စွမ်းအင်ပေါက်ကွဲမှုတစ်ခုကို အာရုံခံမိ၍ ဓားချီများစုပြုံထွက်ပေါ်လာသော လမ်းကြောင်းကို စူးစမ်းကြည့်ရှုမိလိုက်သည်။ ထို့နောက်တွင် ပြုံးလျက် တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

“ငါ့ယောက်ျားတော့ အောင်မြင်သွားပြီထင်တယ်”

ကျန်းချန်ရွှမ်၏ အခန်းထဲတွင် ရွှေအိုရောင်အဆင်းရှိသော လေးပေခန့်ရှိ ဓားပျံတစ်စင်း ပျံဝဲလျက်ရှိသည်။ ဓား၏ပုံရိပ်မှာ ရံဖန်ရံခါတွင် အစစ်အမှန် အသွင်ဆောင်နေသလို တစ်ခါတစ်ရံတွင် ပုံရိပ်ယောင်ပမာ အရိပ်မြူအသွင်သို့ တစ်လှည့်စီပြောင်းလဲလျက်ရှိသည်။ အဆိုပါဓားသည် ကျန်းချန်ရွှမ်တစ်ယောက် လေးနှစ်ကြာ အပတ်တကုတ် ကြိုးစားသွန်းလောင်းခဲ့ရသည့် မူလဓမ္မရတနာ ရွှေဗလာနယ်ဓား ပင်ဖြစ်သည်။ ဓားသည် အလွန်ထက်ရှသည့်အတွက် သံချပ်ကာမှန်သမျှကို ထိုးဖောက်နိုင်သည့် အသွင်ဆောင်နေသည်။ တစ်ချိန်တည်းတွင် ဓားသည် ကိုယ်ဖျောက်သကဲ့သို့ ပုံရိပ်ကို ဝေဝါးစေခြင်းအားဖြင့် ရန်သူများ၏ အမြင်အာရုံကို လှည့်စားနိုင်စွမ်းရှိသည်။ ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိလျှင် ဓားပျံသည် ဗလာနယ်အဆင့်သို့ ကူးပြောင်းနိုင်မည်ဖြစ်၍ အနာဂတ်တွင် ဆက်လက်တိုးတက်လာမည့် အလားအလာများစွာရှိသည့် မူလဓမ္မရတနာလက်နက်တစ်ခုဖြစ်သည်။ ကျန်းချန်ရွှမ်သည် အဆိုပါရတနာကို ဒန်တျန့်ထဲတွင် သိမ်းဆည်းလိုက်သည့် အချိန်တွင်ပင် စနစ်မှ အချက်ပေးသံဝင်ရောက်လာသည်။

[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ မူလဓမ္မရတနာတစ်ပါးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါပြီ။ ဆုလာဘ်အနေနှင့် ဓမ္မရတနာလောင်းဖြစ်သည့် အစွန်းနှစ်ဖက် နတ်ဘုရားတောင်ကိုရရှိပါမည် ]

[ အစွန်းနှစ်ဖက် နတ်ဘုရားတောင်သည် ဒွိအစွန်းနတ်ဘုရား အလင်းတော်ကို ထုတ်လွှတ်နိုင်စွမ်းရှိသည့်အပြင် သတ္တုဓာတ်အခြေခံ ဓမ္မရတနာများအားလုံးကို တန်ပြန်ဆန့်ကျင်နိုင်သည်။ တစ်ချိန်တည်းတွင် ပေတစ်ထောင်ကျော်ရှိသည့် တောင်ကြီးအဖြစ် အသွင်ပြောင်းပြီး ရန်သူကို ဖိနှိပ်လှောင်ပိတ်ထားနိုင်သည်]

[ မှတ်ချက် - ဤရတနာလောင်းသည် အင်အားကြီးထွားလာရန် အလားအလာမြင့်သည့်အတွက် ဓမ္မရတနာအစစ်အမှန်အဖြစ်သို့ အသွင်ပြောင်းနိုင်လျှင် အဆင့်၄ သို့ရောက်ရှိပါမည်။

မှတ်ချက် ၂ - ဤဓားသည် စနစ်ပိုင်ရှင်ထံတွင် ရှိနှင့်ပြီးဖြစ်သည့် သတ္တုအခြေခံ ဓမ္မရတနာများအပေါ်တွင် သက်ရောက်မှုရှိမည်မဟုတ်ပါ ]

အဆိုပါရတနာသည် ဓမ္မရတနာလောင်းအဆင့်သာ ရှိနေသေး၍ ကျန်းချန်ရွှမ်အနေနှင့် နည်းလမ်းရှာ၍ ဓမ္မရတနာအစစ် အဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သည်။ ရတနာ၏စွမ်းပကားမှာ မှင်သက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေသည် မဟုတ်ပါလား။ သတ္တုအခြေခံ ဓမ္မရတနာအားလုံး၏ တိုက်ခိုက်မှုကို တန်ပြန်ချေဖျက်နိုင်စွမ်းက အတော်လေး တာသွားသည်ဟုဆိုရမည်။ ကျင့်ကြံခြင်းလောကတွင် လူသုံးများ၊ ကျော်ကြားသော ဓမ္မရတနာအများစုဖြစ်သည့် ဓား၊ လှံ၊ ပုဆိန်၊ အသွားတပ်ဓားရိုးရှည်လှံ စသည့် ဓမ္မရတနာများသည် သတ္တုအခြေခံများဖြစ်သည်။ စနစ်မှပေးအပ်သော လက်နက်ထက် အဆင့်သာလွန်သော သတ္တုအခြေခံလက်နက်များ အပေါ်တွင်တော့ အကျိုးသက်ရောက်မှု ရှိချင်မှရှိလိမ့်မည်ဟု ကျန်းချန်ရွှမ်တွေးမိသည်။ အားလုံးခြုံကြည့်လျှင်တော့ ရတနာလောင်း၏ စွမ်းအားသည် သူ့အတွက် အထင်ကြီးစရာကောင်းနေသည်။ ထို့အတွက် ကျန်းချန်ရွှမ်လည်း ရတနာလောင်းကို ထုတ်ယူလျက် စတင်သန့်စင်တော့သည်။

ထိုအချိန် ပြင်ပရှိ ရှန်းမိသားစုထံသို့ သတင်းကောင်းတစ်ခု ရောက်ရှိလာသည်။ ကြက်သွေးရောင်ရွှေသတ္တုတွင်းရှိ ကြက်သွေးရောင်မီးသလင်းကျောက်သည် ပျိုးထောင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည့် သတင်းဖြစ်သည်။ သတင်းကြားကြားချင်းပင် ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့သည် သတ္တုတွင်းထံ အလျင်အမြန်သွားရောက်၍ သလင်းကျောက်ကို သိမ်းဆည်းလိုက်တော့သည်။ မကြာခင် ထိုသတင်းကို ရှန်းမျိုးနွယ်စုဝင်အားလုံးကို အသိပေးလိုက်သည်ဖြစ်၍ အကြီးအကဲများနှင့် ဂိုဏ်းတပည့်များအားလုံး အကြားတွင် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။

ချက်ချင်းဆိုသလိုပင် ရှန်းပိုင်ဖေး၊ ရှန်းရူရွမ်၊ ရှုန်းဝမ်တောက်၊ ရှန်းတောက်ယွမ်တို့အပြင် လွန်ခဲ့သည့်နှစ်နှစ်ကမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ရှန်းယွင်ဟောင်ဆိုသူ ဂိုဏ်းတပည့်တစ်ဦး ပါဝင်သည့် လူအုပ်ကြီးသည် သလင်းကျောက်သိမ်းဆည်းထားရာ ဟွားဝူတောင်ထွတ်သို့ စုဝေးရောက်ရှိလာတော့သည်။ သူတို့၏ရည်ရွယ်ချက်က ရိုးရှင်းပါသည်။ ကျင့်ကြံမှုဖြစ်စဉ်တွင် အရေးပါသည့် မီးသလင်းကျောက်ကို ယှဉ်ပြိုင်ရယူရန်ဖြစ်သည်။ ထိုအချိန်တွင် မီးသလင်းကျောက်ကို အချိန်ပြည့်စောင့်ကြပ်ပေးခဲ့သူ ရွှီချန်းဟယ်ကမူ သူ့တာဝန်ပြီးဆုံးသွားသော်လည်း ယွီဟွာတောင်ကို ပြန်မလာတော့ဘဲ သတ္တုတွင်းမှာပင် နေထိုင်မည်ဟု ဆိုလာသည်။

ရှန်းမိသားစုဝင် အကြီးအကဲများအကြားတွင် သလင်းကျောက်အတွက် အားပြိုင်မှုများ ဖြစ်ပေါ်နေသော်လည်း ရွှီချန်းဟယ်ကတော့ စိတ်ဝင်စားပုံမရ။ အမှန်တွင် သတ္တုတွင်းကို သိမ်းပိုက်သည့်စစ်ဆင်ရေးတွင် ရွှီချန်းဟယ်၏ စွမ်းဆောင်ခဲ့မှုများအရ သလင်းကျောက်ကို အရသင့်ဆုံးလူမှာ သူပင်ဖြစ်သော်လည်း ရွှီချန်းဟယ်သည် သလင်းကျောက်ကို မရယူလိုတော့ဟု ပြောလာသည်။ အကြောင်းမှာ သူ၏သက်တမ်းမှာ ကုန်းဆုံးတော့မည့်အပြင် ကျီဖုအဆင့်သို့ ကျိန်းသေတက်ရောက်နိုင်မည်ဟုလည်း ကိုယ့်ကိုယ်ကို မသေချာ၍ သလင်းကျောက်ကို ငယ်ရွယ်ပြီး အလားအလာရှိသော ကျင့်ကြံသူလက်ထဲသို့သာ အပ်နှံလိုခြင်းဖြစ်သည်။

***

All Chapters