← Chapters

ကျန်းချန်ရွှမ်၏ အကြံပြုချက်

Vol. 8 Ch. 147

ကျန်းချန်ရွှမ်၏ အကြံပြုချက်

Vol. 8 Ch. 147

ရှုန်းဝမ်တောက်ထွက်ခွာပြီးမကြာခင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရှေ့ဆင့်နောက်ဆင့်ပင် ဟွားဝူတောင်ထွတ်သို့ ထွက်ခွာလာခဲ့ကြသည်။ တောင်ထွတ်ရှိ ခန်းမတစ်နေရာတွင် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ကို အခန့်သင့်တွေ့လိုက်ရသည်။ ရှန်းယွမ်လုံတို့က ကျန်းချန်ရွှမ်တို့စုံတွဲကိုမြင်လျှင် ဝမ်းသာအားရ နှုတ်ဆက်သည်။

“မင်းတို့ထွက်လာကြပြီပေါ့။ ငါတို့နှစ်ယောက် အခုလေးတင် ကောင်းကင်ဘုံထွတ်ဖျား တောင်ကြားကိုသွားမဲ့ကိစ္စကို ဆွေးနွေးနေကြတာ။ မင်းတို့နှစ်ယောက် ဘယ်အချိန်မှ ဂူထဲမှထွက်လာမလဲ မသိဘူးလို့တောင် စကားစပ်မိလိုက်သေးတယ်။ တိုက်ဆိုင်လိုက်တာများ”

“ဟုတ်ရဲ့လားဗျ”

ကျန်းချန်ရွှမ်တို့သည်လည်း မတွေ့ရတာကြာပြီဖြစ်သော ဘိုးဘေးဖြစ်သူနှင့် စီနီယာအစ်ကိုတို့အား ပြုံးရယ်လျက် နှုတ်ဆက်လိုက်ကြသည်။ ရှန်းရူယန်က

“ကျွန်မတို့လည်း ခရီးထွက်ချိန်နီးပြီထင်လို့ ဂူထဲကထွက်လာလိုက်ကြတာ”

ရှန်းယွမ်လုံက ကျန်းချန်ရွှမ်တို့နှစ်ဦးအား အားရကျေနပ်စွာ ကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက် ရှန်းယွမ်လုံက တစ်စုံတစ်ခုကို သတိရဟန်နှင့်

“စကားမစပ် မင်းတို့နှစ်ယောက်နဲ့ တိုင်ပင်စရာတစ်ခု ရှိတယ်ကွ”

ကျန်းချန်ရွှမ်ကပြုံးလျက်ပင်

“ဘိုးဘိုး ၅ ပြောမဲ့ကိစ္စ ကျွန်တော်တို့သိပြီးပါပြီ။ မီးသလင်းကျောက်ကို ဘယ်သူ့ကို ပေးရမလဲ ဆိုတဲ့ပြဿနာမဟုတ်လား”

“မင်းတို့သိပြီးပြီကိုး”

ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ ကျန်းချန်ရွှမ်စကားကိုကြားလျှင် အနည်းငယ် အံ့အားသင့်သွားသည်။ ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပါတယ်၊ အစ်ကိုရှုန်း ကျွန်တော်တို့ကို လာပြောသွားတာပါ”

ထို့နောက် ကျန်းချန်ရွှမ်သည် ရှုန်းဝမ်တောက် သူ့အား မီးသလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ရရေးအတွက် အကူအညီတောင်းသည့်ကိစ္စကို ဖုံးကွယ်မထားလိုတော့ဘဲ မခြွင်းမချန်ပြောပြလိုက်သည်။ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့မှာ အဆိုပါအဖြစ်မျိုးကို မျှော်လင့်ပြီးဖြစ်ဟန်နှင့် တစ်စုံတစ်ရာ မပြောဘဲ နှုတ်ဆိတ်၍နားထောင်နေသည်။ အမှန်တွင်တော့ ရှုန်းဝမ်တောက် တစ်ဦးတည်းတင်မက ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်နှင့် ရှန်းတောက်ယွမ်တို့သည်လည်း ရှန်းတောက်မင်ထံ တစ်ဦးချင်းစီ လာရောက်အကူအညီတောင်းပြီးဖြစ်သည်။

ဤသည်မှာ လူ့သဘာဝဖြစ်သည့်အတွက် အံ့အားသင့်စရာမရှိသလို ရှုတ်ချရန်လည်းမလိုပါ။ သို့သော် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ သည်ပြဿနာဖြစ်ပေါ်လာမှ သတိထားလိုက်မိသည့် အချက်တစ်ခုရှိနေသည်။ ရှန်းမျိုးနွယ်စု၏ ရင်းမြစ်ခွဲဝေမှုစနစ်တွင် အားနည်းချက်များ ရှိနေခြင်းဖြစ်သည်။ ရှန်းမိသားစု၏ သမိုင်းတလျှောက်တွင် အထွတ်အထိပ်ရောက်ခဲ့သည့် ရွှေခေတ်ကာလမှလွဲ၍ ကျန်အချိန်များတွင် ကျီဖုအဆင့် ကျင့်ကြံသူမှာ အများဆုံး နှစ်ဦးသာရှိပြီး ပုံမှန်အားဖြင့် တစ်ဦးသာရှိသည်က များသည်။ သို့ဖြစ်၍ ရင်းမြစ်နှင့် ရတနာပစ္စည်းခွဲဝေရာတွင် ပြဿနာမရှိခဲ့ဘဲ ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်သည့် အဆိုပါကျီဖုကျင့်ကြံသူကိုသာ အဖိုးတန်ဆုံး ရတနာပစ္စည်းကို ပေးလိုက်ရုံသာဖြစ်သည်။

ယခုလက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာမျိုးကို ရှေးယခင်က တစ်ခါမှ မကိုင်တွယ်ဖူးသည်မှာ သေချာသလောက်ရှိနေပါသည်။ ရှန်းယွမ်လုံက ဦးခေါင်းကိုမော့၍ နက်နက်နဲနဲ စဉ်းစားနေပြီးမှ ကျန်းချန်ရွှမ်ထံလှည့်၍

“ချန်ရွှမ် ငါတို့ရဲ့ ရင်းမြစ်ခွဲဝေမှု စနစ်ကိုပြုပြင်ဖို့ မင်းမှာ အကြံရှိလား”

ကျန်းချန်ရွှမ်က ခေတ္တမျှစဉ်းစားနေပြီး နောက်ဆုံးတွင်

“ကျွန်တော်တွေးမိတာ တစ်ခုတော့ရှိတယ်။ အသုံးဝင်မဝင်ကတော့ ဘိုးဘိုး ၅ နဲ့ အစ်ကိုတောက်မင်တို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ”

“အားမနာဘဲ ပြောပါ”

ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့လည်း ကျန်းချန်ရွှမ်ပြောမည့် စကားကို စိတ်ဝင်တစား နားစွင့်လိုက်ကြသည်။

“ပထမဆုံးအနေနဲ့ ရင်းမြစ်ခွဲဝေမှုမှာ အဓိက အဆုံးအဖြတ်ဖြစ်တဲ့ စွမ်းဆောင်မှု တစ်နည်းအားဖြင့် အဲဒီရင်းမြစ် သို့မဟုတ် ရတနာကို ရှန်းမိသားစုပိုင်ဆိုင်နိုင်ဖို့ ဘယ်လောက်ထိ အားစိုက်ထည့်ခဲ့သလဲ ဆိုတဲ့အချက်အပေါ် မူတည်ပြီး ရင်းမြစ်ပစ္စည်းကို ဘယ်သူပိုင်ဆိုင်သင့်လဲ ဆိုပြီး ဆုံးဖြတ်ကြတယ်။ ဒီအချက်က မှားတယ်တော့ မဟုတ်ဘူး။ မျိုးနွယ်စုဝင်အားလုံး ကျေနပ်လက်သင့်ခံတဲ့ စနစ်ပါပဲ၊ ဒါပေမဲ့ ပြဿနာက စွမ်းဆောင်မှုချင်းတူနေသူ နှစ်ဦးရှိနေရင်တော့ ဒီစနစ်က ဝိဝါဒကွဲပြားစရာ ဖြစ်လာတယ်။ ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့ ပြဿနာကလည်း ဒါပဲ”

ကျန်းချန်ရွှမ်ပြောသည်မှာ ယုတ္တိတန်သည်ဟု ဆိုရမည်။ မီးသလင်းကျောက်ကိစ္စတွင် အဓိကစွမ်းဆောင်ခဲ့သည့် ကျန်းချန်ရွှမ်တို့ လေးဦးအနက် ကျီဖုအဆင့် ကျင့်ကြံသူ သုံးဦးကိုပယ်လိုက်လျှင် ရွှီချန်းဟယ်သည်သာ အရထိုက်ဆုံးသူဖြစ်သည်။ သို့သော် ရွှီချန်းဟယ်က သလင်းကျောက်ကို စိတ်မဝင်စားသည့်အတွက် ကျန်သုံးဦးဖြစ်သည့် ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်နှင့် ရှုန်းဝမ်တောက်တို့အထဲမှ တစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။ သို့သော် သူတို့သုံးဦးစလုံးအနေနှင့် ရှန်းမျိုးနွယ်စုအတွက် စွမ်းဆောင်ထားမှုမှာ ညီတူညီမျှဖြစ်နေ၍ တစ်ဦးကိုပေးလိုက်လျှင် ကျန်နှစ်ဦးမှာ အနည်းနှင့်အများ အလိုမကျမှုများ ရှိလာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ရှိနေ၍ ပြဿနာမှာ အလွယ်တကူ ငြိမ်းသွားနိုင်သော်လည်း သူတို့နှစ်ဦးမရှိတော့လျှင်တော့ ပြဿနာမီးစမှာ တစ်ဖန်လောင်ကျွမ်းလာနိုင်ပါသည်။ ထိုကဲ့သို့ အခြေအနေမျိုး ဆိုက်ရောက်လာလျှင်တော့ ရှန်းမိသားစုအတွက် လားရာမှာ နှစ်ခုသာရှိပါသည်။ ပထမတစ်ခုမှာ မျိုးနွယ်စုဝင်အချင်းချင်း အကြားတွင် ရန်လိုမုန်းတီးမှုများ တိုးပွားလာပြီး အပြင်ပန်းတွင် စည်းလုံးညီညွတ်သယောင် ရှိသော်လည်း အတွင်းတွင် အက်ကြောင်းများထလျက် လိပ်ခဲတည်းလည်း အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်သည်။

ဒုတိယတစ်ခုမှာ ရှန်းမိသားစု အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ခြင်းဖြစ်သည်။ ထိုအချက်များကို ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့လည်း ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။ သူတို့မရှိတော့လျှင် ရှန်းမိသားစု ထိုကဲ့သို့ဖြစ်ကျန်ခဲ့မည်ဟု နှစ်ဦးလုံး မမြင်လိုကြပါ။ ထို့ကြောင့် သူတို့နှစ်ဦး၏ မျက်နှာများမှာ တင်းမာလေးနက်လာကြသည်။ ရှန်းတောက်မင်က

“ချန်ရွှမ် မင်းမှာ ဒီကိစ္စအတွက် အဖြေရှိလား”

ကျန်းချန်ရွှမ်က ပြုံးလျက်

“အစ်ကိုတောက်မင် မစိုးရိမ်ပါနဲ့၊ ကျွန်တော့်စကား ဆုံးအောင်နားထောင်ပါဦး”

ထို့နောက် ကျန်းချန်ရွှမ်က စကားကိုဆက်ပြန်သည်။

“ဒီပြဿနာကို ဖြေရှင်းဖို့က လွယ်တယ်လို့ပြောလို့ရသလို ခက်တယ်လို့လည်း ပြောလို့ရတယ်။ ခက်တဲ့အပိုင်းကတော့ စစချင်းမှာ မိသားစုဝင်တွေအနေနဲ့ နားမလည်နိုင်ဘဲ စောဒကတက်လာကြမဲ့အရေးပဲ။ ဒါပေမဲ့ အစပိုင်းမှာ နည်းနည်းရုန်းကန်ပြီးရင် နောက်ပိုင်း ကျင့်သားရသွားကြမှာပါ”

ကျန်းချန်ရွှမ်၏ အကြံကို ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့မှာ ကြားဖြတ်၍ ဝင်မပြောဘဲ အာရုံစူးစိုက်စွာ နားစိုက်ထောင်နေကြသည်။

“ကျွန်တော် အကြံပြုလိုတာကတော့ ဝေစုခွဲတဲ့နေရာမှာ အခြေအနေဦးစားပေး စနစ်ကို ပြောင်းသုံးဖို့ပါပဲ”

“ဘယ်လို အခြေအနေဦးစားပေးစနစ် ဟုတ်လား”

“ဟုတ်တယ်”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး ရှင်းပြသည်။

“စွမ်းဆောင်ရည်ချင်းတူနေတဲ့အခါမျိုးမှာ အဲဒီပစ္စည်းကို အလိုအပ်ဆုံးနဲ့ အသင့်တော်ဆုံးလူကို ရွေးချယ်ရမယ်။ ဒါပေမဲ့ စည်းမျဉ်းအချို့တော့ ချမှတ်ထားရမယ်။ အခြေခံတည်ဆောက်ခြင်းနယ်ပယ်ကို မိသားစုက ထောက်ပံ့တဲ့ ဆေးပြား အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုး တက်လာသူက ဆေးပြားအကူအညီနဲ့ တက်လှမ်းလာသူထက် အခွင့်အရေးပိုရမယ်၊ နောက်ပြီး ကျင့်ကြံမှုအဆင့်မြင့်တဲ့လူက ပိုပြီးရနိုင်ချေများရမယ်၊ အသက်ငယ်တဲ့လူက ကြီးတဲ့လူထက် အခွင့်အရေး ပိုများရမယ်။ ဒီအချက်တွေအားလုံး တူညီနေရင်တော့ တရားသဖြင့် ယှဉ်ပြိုင်စေပြီး နိုင်သူယူစတမ်းပေါ့၊ ဒါပေမဲ့ ဒီအခြေအနေကတော့ ဖြစ်နိုင်ချေနည်းပါတယ်”

***

All Chapters