တောင်ကြားဒေသကိုထွက်ခွာခြင်း
Vol. 8 Ch. 148
ကျန်းချန်ရွှမ်၏စကားကြောင့် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ ငြိမ်ကျသွားပြီး နက်နဲစွာ တွေးတောနေမိကြသည်။ ကျန်းချန်ရွှမ်၏ အကြံပြုချက်မှာ ယထာဘူတကျရုံမက အနာဂတ်တွင် ရှန်းမိသားစုဝင်များအကြား အငြင်းပွားမှုများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ ရှန်းယွမ်လုံက အချိန်အတန်ကြာ စဉ်းစားလိုက်ပြီးမှ
“ချန်ရွှမ်ပြောတာ သဘာဝကျတယ်လို့မြင်တယ်”
ကျန်းချန်ရွှမ်က ပြုံးလျက်ပင်
“ကျွန်တော့်အမြင်ကိုပြောပြတာပါ၊ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ဘိုးဘိုး ၅ နဲ့ အစ်ကိုတောက်မင်တို့အပေါ်မှာပဲ မူတည်ပါတယ်”
ထို့နောက် ကျန်းချန်ရွှမ်ကပင် ဆက်လက်၍
“ကျွန်တော်အကြံပြုလိုတာကတော့ မီးသလင်းကျောက်နဲ့ ခရမ်းရောင် အဆီအနှစ်ဆေးပြား ပိုင်ဆိုင်ခွင့်ကို အကြီးအကဲရွှီထံ လွှဲပေးလိုက်ဖို့ပါပဲ၊ ဒီကိစ္စပြီးမှ စနစ်သစ်ကို အကောင်အထည် စဖော်ကြတာပေါ့”
ထိုအခါ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြပြီး နောက်ဆုံးတွင် ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
“ချန်ရွှမ်ပေးတဲ့ အကြံအတိုင်း လုပ်ကြတာပေါ့၊ ရွှီချန်းဟယ်ဆီကို ငါကိုယ်တိုင်သွားပြီး ဖျောင်းဖျကြည့်မယ်။ သူလက်ခံမှာပါ”
…
ရက်အနည်းငယ်ကြာပြီးနောက် ရှန်းယွမ်လုံကိုယ်တိုင် ကြက်သွေးရောင်သတ္တုတွင်းသို့ လိုက်သွားပြီး ရွှီချန်းဟယ်အား မီးသလင်းကျောက်ကို လက်ခံပြီး ရှန်းမိသားစုထံ ပြန်လာရန် စည်းရုံးတိုက်တွန်းရာ နောက်ဆုံးတွင် ရွှီချန်းဟယ်လည်း မငြင်းသာတော့ဘဲ လက်ခံလိုက်တော့သည်။ မကြာမီ ရှန်းပိုင်ဖေးတို့သုံးဦးလည်း ရွှီချန်းဟယ်တစ်ယောက် ကြက်သွေးရောင်မီးသလင်းကျောက်ကို လက်ခံရရှိလိုက်ပြီ ဆိုသောသတင်းကို ကြားလိုက်ရ၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ သူတို့အားလုံး တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ရှန်းတောက်မင်သည် ရင်းမြစ်ခွဲဝေမှု စနစ်သစ်ကို စတင်ပြီဖြစ်ကြောင်း ကြေငြာပြီး ရှန်းယွမ်လုံ၏ ထောက်ခံချက်နှင့်အတူ ရှန်းမျိုးနွယ်စု၏ စည်းမျဉ်းအသစ်အဖြစ် တရားဝင် အတည်ပြုလိုက်သည်။
စနစ်သစ်ကို ကြေငြာပြီးချိန်တွင် မျိုးနွယ်စုဝင်များနှင့် ဂိုဏ်းတပည့်များ အကြားတွင် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ပါးနပ်သူအချို့က စနစ်သစ်၏ ရည်ရွယ်ချက်ကို ကောင်းစွာနားလည်လိုက်ကြသည်။ ယခုအချိန်မှစ၍ ရှန်းမိသားစုဝင် ကျင့်ကြံသူများအနေနှင့် မိသားစု၏ ထောက်ပံမှုမယူဘဲ အခြေခံတည်ဆောက်ခြင်း နယ်ပယ်ကို တက်လှမ်းနိုင်ရန် ပိုမိုအားထုတ်လာကြမည်ဖြစ်သည်။ သို့မှသာ အဆိုပါနယ်ပယ်သို့ ရောက်ရှိပြီးလျှင် မျိုးနွယ်စုမှ ချပေးသော ရင်းမြစ်၊ ရတနာများကို ပိုင်ဆိုင်သုံးစွဲခွင့် ရရန် အခွင့်အလမ်းပိုများလာမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် မိသားစုအကူအညီမပါဘဲ အခြေခံတည်ဆောက်ခြင်းနယ်ပယ်ကို တက်လှမ်းရန် မစွမ်းဆောင်နိုင်သူများသည် မျိုးနွယ်စုအတွင်း နေရာပျောက်ကွယ်သွားမှာ သေချာပါသည်။ အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးနောက် ရှန်းပိုင်ဖေး၊ ရှုန်းဝမ်တောက်နှင့် ကျန်လူအချို့မှာ ရှန်းတောက်မင်တို့သည် စနစ်သစ်ကို အသုံးပြု၍ မျိုးနွယ်စုဝင်များ၏ အရည်အချင်းကို စစ်ချလိုကြောင်း နားလည်လိုက်သည်။
နောက် ၆ လခန့်အကြာတွင် ယွီဟွာတောင်သို့ သတင်းတစ်ခုရောက်ရှိလာသည်။ သတင်းရောက်ပြီးမကြာခင် ရှန်းယွမ်လုံက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဟွားဝူတောင်ထွတ်သို့ အမြန်လာခဲ့ရန် ဆင့်ခေါ်လာသည်။ ဟွားဝူတောင်ထွတ်သို့ ရောက်ရှိသောအခါ ရှန်းတောက်မင်သည်လည်း ရောက်ရှိနှင့်ပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ဆက်သွယ်ရေးကျောက်စိမ်းပြား တစ်ခုကိုတွေ့ရသည်။ ရှန်းယွမ်လုံက သူတို့စုံတွဲကို မြင်လျှင် ပြုံးလိုက်ပြီး
“ချန်ရွှမ်နဲ့ ရူယန်တို့ ရောက်လာကြပြီ၊ တောက်မင် သူတို့ကိုပြလိုက်ပါ”
ရှန်းတောက်မင်က ကျောက်စိမ်းပြားကို ကမ်းပေးလိုက်၍ ကျန်းချန်ရွှမ်တို့လည်း သတင်းကိုဖတ်ရှုကြည့်ရာ သူတို့ထင်မှတ်ထားသည့်အတိုင်း လော့ရှားမန်ဂိုဏ်းမှ စေလွှတ်လိုက်သော သတင်းစကားဖြစ်နေသည်။ ဂိုဏ်းသခင်ကြီး လုအော်ရင်ယွဲ့ကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။ လျှပ်စီးငှက်များ ဥချမည့်အချိန် နီးကပ်လာပြီဖြစ်၍ ကောင်းကင်ဘုံထွတ်ဖျား တောင်ကြားဒေသကို ထွက်ခွာချိန်တန်ပြီဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။ ပထမဆုံးအနေနှင့် ရှန်းမိသားစုဘက်မှ ဂိုဏ်းတပည့်များကို စုစည်း၍ ယွီဟွာတောင်အပြင်ရှိ လွင်ပြင်ဒေသသို့ ထွက်ခွာရမည်ဖြစ်သည်။ ထိုဒေသတွင် လော့ရှားမန်ဂိုဏ်းမှ အင်အားစုများနှင့် ပူးပေါင်းပြီး တောင်ကြားဒေသကို အတူချီတက်ကြမည်ဟု ရှင်းပြထားသည်။
ထို့နောက် ရှန်းယွမ်လုံကပင်
“အကြီးအကဲရွှီက ကျီဖုအဆင့်ကို တက်လှမ်းဖို့ ဂူပိတ်ကျင့်ကြံနေတယ်ဆိုတော့ ငါတို့လေးယောက်ထဲက တစ်ယောက်က မျိုးနွယ်စုကို အုပ်ချုပ်ဖို့ နေရစ်ခဲ့ရမယ်၊ ငါတော့ တောက်မင်ကို ထားခဲ့ပြီး မင်းတို့နှစ်ယောက်ကို ခေါ်သွားချင်တယ်။ မင်းတို့ဘယ်လိုသဘောရသလဲ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဘိုးဘေးစီမံသည့်အတိုင်း သဘောတူလိုက်သည်။
“ကန့်ကွက်စရာမရှိပါဘူး။ ဒါနဲ့ ခရီးစဉ်က ဘယ်တော့စမှာလဲ၊ လူအင်အား ဘယ်လောက်ခေါ်သွားမှာလဲ ဘိုးဘိုး ၅”
ရှန်းယွမ်လုံက အနည်းငယ်စဉ်းစားလိုက်ပြီး
“ငါတို့သုံးယောက်အပြင် ရှန်းပိုင်ဖေး၊ ရှုန်းဝမ်တောက်နဲ့ ရှန်းတောက်ယွမ်၊ ရှန်းယွင်ဟောင်တို့ကို ခေါ်သွားမယ်။ ချီသန့်စင်ခြင်းအဆင့် ဂိုဏ်းတပည့်တွေကိုတော့ သူတို့လေးယောက်စိတ်ကြိုက် ရွေးခိုင်းလိုက်မယ်၊ အချိန်ကတော့ လာမဲ့ ၇ ရက်အတွင်းပဲ”
ကျန်းချန်ရွှမ်တို့လည်း ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
….
မျက်စိတစ်မှိတ်အတွင်း ၇ ရက် ကုန်လွန်သွားခဲ့သည်။ ၇ ရက်ပြည့်သည့်နေ့တွင် ယွီဟွာတောင်ထိပ်တွင် ကျင့်ကြံသူရာဂဏန်း သယ်ဆောင်နိုင်သော ရတနာလှေကြီးတစ်စင်း ရုတ်တရက်ပေါ်လာတော့သည်။ အဆိုပါယာဉ်သည် ရှန်းမိသားစုပိုင် သယ်ယူပို့ဆောင်ရေးယာဉ်ကြီးဖြစ်ပြီး ကန်းယန်ဈေးမှ ဝိညာဉ်ကျောက်တုံးများစွာ အသုံးပြု၍ ဝယ်ယူထားရခြင်းဖြစ်သည်။ လှေပေါ်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်အပါအဝင် လိုက်ပါမည့်လူအားလုံး စုံသည့်အခါ ရှန်းယွမ်လုံက အချိန်မဖြုန်းတော့ဘဲ ထွက်ခွာမိန့်ပေးလိုက်တော့သည်။ ထိုစဉ် လှေကြီးမှာ အလင်းတန်းအသွင်ပြောင်းပြီး ပျောက်ကွယ်သွားသည်။ လှေကြီး၏အမြန်နှုန်းအရ လွင်ပြင်ဒေသကို ရောက်ရှိရန် ခန့်မှန်းချေ ဆယ်ရက်ခန့်ကြာမြင့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ခရီးစဉ်ကာလအတွင်း အချိန်မဖြုန်းဘဲ မိမိတို့၏ ကျင့်ကြံမှုနည်းစနစ်များကို ပြန်လည်သုံးသပ်နေကြသည်။ အထူးသဖြင့် ရှန်းရူယန်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်တာအတွင်း ရှန်းရူယန်သည်လည်း ကျန်းချန်ရွှမ်ကဲ့သို့ပင် ကျီဖုနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အပြင် တတိယအဆင့် နယ်ပယ်အတွင်းသို့ပင် ချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့သည်။ ထိုအတောအတွင်း အဆင့် ၃ ဓမ္မရတနာဖြစ်သည့် မိုးကြိုးဆင်း ကောင်းကင်ဘုံတံဆိပ်တော်ကိုလည်း သန့်စင်နိုင်ခဲ့သေးသည်။ အဆိုပါရတနာသည် ရှန်းရူယန်အသုံးပြုနေကျ မိုးကြိုးဆင်းတံဆိပ်တော်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ထို့ပြင် ယောင်ကျန်းထျန်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ကို သန့်စင်၍ အဆင့် ၃ ဓမ္မရတနာတစ်ပါးဖြစ်သည့် ကောင်းကင်နွယ်ပိုက်ကွန်ကိုလည်း ဖန်တီးနိုင်ခဲ့သည်။
ရှိနှင့်ပြီးနတ်ဘုရားစွမ်းအားဖြစ်သည့် ခရမ်းရောင်လျှပ်စီးမီးလျှံဓားအပြင် ရှန်းရူယန်သည် နောက်ထပ် နတ်ဘုရားစွမ်းအားဖြစ်သည့် အလင်းခွဲအရိပ်ခြေလှမ်းကိုလည်း ပိုင်ဆိုင်လာခဲ့သည်။ အဆိုပါစွမ်းအားသည် လှုပ်ရှားမှုနှင့် ကိုယ်ဖော့ခြင်းအခြေခံ စွမ်းအားဖြစ်သည်။ နာမည်အတိုင်းပင် အရိပ်ပေါင်း ရာဂဏန်းခန့်ကို တစ်ပြိုင်နက်တည်း ခွဲထုတ်နိုင်သလို အမြန်နှုန်းမှာလည်း သွေးအရိပ်လွတ်မြောက်ခြင်းကို ယှဉ်ပြိုင်နိုင်သည်အထိ မြန်ဆန်လာမည်ဖြစ်သည်။ ထိုစွမ်းအားသည် ထွက်ပြေးနေသော ရန်သူများနောက်ကို လိုက်ရန်အတွက် အထူးအသုံးဝင်သည်။ ထိုအချိန်မှာပင် ကျန်းချန်ရွှမ်တို့ လိုက်ပါလာသော ရတနာလှေကြီးသည် ကီလိုမီတာ သန်းဂဏန်းခန့်ကို ခရီးနှင်ပြီး၍ လော့ရှားမန်ဂိုဏ်းနှင့် ချိန်းဆိုထားသော လွင်ပြင်ဒေသကို ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။
***