မူလမှော်စာလုံးတောင်ထွတ်အားစိန်ခေါ်ခြင်း
Vol. 26 Ch. 350
ယောင်ယောင် ထွက်ခွာသွားပြီးသည့်နောက်တွင်ထိုအဖြစ်အပျက်သည် ကန်ရွှမ်းကလန်တစ်ခုလုံးသို့
လေပြင်းတိုက်သကဲ့သို့ပျံ့နှံ့သွားပြီး ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားစေခဲ့၏။
ကန်ရွှမ်းကလန်သို့ စရောက်လာစဥ်ကတည်းမှစ၍ ယောင်ယောင်မှာ ဘာမှသိပ်၍လုပ်ဆောင်ခြင်းမရှိေသာ်လည်း သူမအား ဇူယွမ်ထက်များစွာ အာရုံစိုက်နေခဲ့ကြသည်။
ကန်ရွှမ်းကလန်တွင် အလှပဆုံးဟု လူတိုင်းလက်ခံထားကြသော လီချင်းချန်၏ နေရာသည်ပင်လျှင် မကြာမီတွင် ယောင်ယောင့်အား ဖယ်ပေးရတော့မည့်သဘောတွင် ရှိပေသည်။
တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနားတုန်းက လှပတင့်တယ်၍ ထူးခြားသော ယောင်ယောင်၏ အကြည့်လေးတစ်ချက်ကပင် များစွာသော ယောက်ျားလေးတပည့်များ၏ စိတ်နှလုံးသားထဲ၌ တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ ထင်ကျန်ရစ်စေခဲ့သည်။
ယောင်ယောင်မှာ အချို့သော မိန်းမလှလေးများကဲ့သို့ လှပတင့်တယ်ခြင်းတစ်ခုသာ ပိုင်ဆိုင်ရုံမျှမကပဲ မူလမှော်စာလုံးပညာတွင်လည်း အလွန်ပင် ပါရမီရှိကာ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ၏ ကောင်းမွန်စွာ တန်ဖိုးထားခြင်းကိုပင် ခံယူရသူ ဖြစ်သည်။ သူ၏ ယောင်ယောင့်အပေါ် တန်ဖိုးထားမှုမှာ လွန်စွာမြင့်မားပြီး အနာဂတ်တွင် တောင်ထွတ်ဆရာသခင်နေရာအား လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိသည်ဟု ကြေညာခဲ့သည်အထိပင်ဖြစ်၏။
ထိုအတွက်ကြောင့် ယောင်ယောင်သည် အေးအေးဆေးဆေးပင် နေသော်လည်း သူမ၏ ထင်ကြားကျော်ကြားမှုမှာ ရွေးချယ်ခံဆယ်ယောက်ထက် မနိမ့်ပေ။
ထို့ကြောင့်ပင် မကြာသေးမီက မူလမှော်စာလုံးတောင်ထွတ်တွင် ဖြစ်ပွားခဲ့သော ယောင်ယောင်၏ ပြဿနာသည် ကန်ရွှမ်းကလန်တစ်ခုလုံးသို့ အချိန်တိုလေးအတွင်းမှာပင် ပျံ့နှံ့သွားခြင်းဖြစ်လေသည်။
“သူတော်စင်မှော်စာလုံးတောင်ထွတ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူက ဂျူနီယာ ညီမတော်ယောင်ယောင်ကို အချိန်မရွေး လာလည်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“ငါကြားခဲ့တာတော့ ကျန်တဲ့တပည့်တွေက တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူရဲ့ ဂိုဏ်းချုပ်နေရာ လွှဲပေးချင်တဲ့အပေါ် ကျေနပ်မှုမရှိခဲ့ကြဘူးတဲ့။
အဲ့ဒါကြောင့် ဂျူနီယာ ညီမတော်ယောင်ယောင်ကို စမ်းသပ်ဖို့ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်တစ်ခု တည်ဆောက်ခဲ့ကြတယ်ပြောတယ်။”
“အဲ့နေရာကို ယဲ့ကယ်တောင် ရောက်လာခဲ့တာတဲ့။”
“ယဲ့ကယ်က ရွေးချယ်ခံဆယ်ယောက်ထဲက တစ်ယောက်ပဲ၊ သူ့ကိုတွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်ဘူး။ သူက ဘာဖြစ်လို့ ရောက်လာရတာပါလိမ့်။”
“နောက်ဆုံး ဘာဖြစ်သွားလဲ။”
“ယောင်ယောင်က မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို မချိုးဖြတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူမက မနက်ဖြန်ကျရင် ချိုးဖျက်ပြမယ်လို့ ပြောသွားတယ်။”
“ဒါဆို ယောင်ယောင်က မူလမှော်စာလုံးတောင်ထွတ်က တပည့်အကုန်လုံးကို စိန်ခေါ်သွားတာပေါ့။တကယ်လို့ သူမသာ ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် မူလမှော်စာလုံးတောင်ထွတ်က တပည့်တွေအားလုံး အနာဂတ်မှာ သူမနဲ့ မတွေ့ရဲ့တဲ့အထိ ရှက်ရွံ့နေရလိမ့်မယ်။”
“ဟားဟား...စိတ်ဝင်စားစရာကောင်းတာပဲ။ မနက်ဖြန်ကြရင် အဲ့ကိုသွားပြီး ငါ့ရဲ့နတ်ဘုရားမလေးကို အားပေးရမယ်။”
“.......”
နေ့တဝက်ခန့်အချိန်လောက်နှင့်ပင် ထိုအကြောင်းအရာက ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲကို ကျော်ဖြတ်ကာ ကလန်တစ်ခုလုံး၌ လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာခဲ့၏။အလှနတ်ဘုရားမလေး၏ အံ့အားသင့်ဖွယ်ကောင်းသော အရည်အချင်းအား စောင့်ကြည့်ကြရရန် စိတ်ထားထက်သန် နေကြပေသည်။
***
နှင်းပဒုမ္မာတောင်ထွတ်…။
လီချင်းချန်သည်ပင် ထိုကိစ္စအား ကြားရသောအခါတွင် အံ့သြမှင်တက်သွားကာ သူမ၏ လှပသော မျက်ဝန်းများက ကျဥ်းမြောင်းသွားပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။ “ယဲ့ကယ်က လူတွေအာရုံစိုက်ခံရတာကို မကြိုက်ဘူးမလား။ ဘာလို့သူက ယောင်ယောင့်ကို တားဖို့အတွက်နဲ့ လူလုံးထွက်ပြရတာလဲ။”
“မူလရေကန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့်များလား။ ဒါပေမဲ့ သူက အဲ့လောက်ထိ သဘောထားသေးသိမ်မယ့် သူမျိုးလည်း မဟုတ်ပါဘူး။”
သူမ၏ သွယ်လျသောလက်ချောင်းလေးများက တတောက်တောက်ခေါက်နေရင်း ခေတ္တမျှစဥ်းစား ချင့်ချိန်ပြီးနောက်တွင် တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ “အာ..ယဲ့ကယ်က တခြားရည်ရွယ်ချက်တစ်ခု ရှိနေပုံပဲ။”
လီချင်းချန်၏ ဖူးငုံသော နှုတ်ခမ်းသားလေးများပင် ခေတ္တမျှ ပွင့်ဟသွားမိသည်။ ထို့နောက် သူမ ခေါင်းကိုမော့လိုက်ကာ သူတော်စင်မှော်စာလုံးတောင်ထွတ် ရှိရာအရပ်သို့ လှမ်း၍ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ “ယဲ့ကယ် နင့်ရဲ့ မိန်းကလေးလိုက်တဲ့နည်းလမ်းက ပုံမှန်မိန်းကလေးတွေအပေါ်မှာတော့ အလုပ်ဖြစ်မှာပေါ့။ဒါပေမဲ့ ယောင်ယောင်အတွက် ဆိုရင်တော့ နင့်ရဲ့အချိန်တွေကို အလဟဿ ဖြုန်းတီးနေသလို ဖြစ်နေမှာ ငါစိုးရိမ်မိတယ်။”
“ကြည့်ရတာ ငါလည်း မနက်ဖြန် သွားကြည့်သင့်တယ်နဲ့ တူတယ်။ ယောင်ယောင်က မူလမှော်စာလုံးပညာမှာ အတော်လေးကို အရည်အချင်းရှိတဲ့သူပဲ။ဒါပေမဲ့ သူမ ဘာမှမလုပ်နိုင်ပဲ ပြန်လာခဲ့ရတာက ငါတောင်အံ့သြမိတယ်။ထင်တာတော့ ယဲ့ကယ်က အတော်လေး အားစိုက်ထားတယ်နဲ့တူတယ်။”
***
သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ထွက်လာပြီးသည့်နောက်တွင် ယောင်ယောင်မှာ ခရမ်းရောင်ဂူနန်းသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့၏။
ဂူနန်း၏ အပြင်ဖက်တွင် ထန်ထန်သည် ပျင်းရိစွာ လှဲအိပ်လျက်ရှိပြီး ယောင်ယောင်၏ လှပသော ပုံရိပ်လေးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်ဝန်းအစုံမှာ လင်းလက်သွားကာ ယောင်ယောင့်ထံသို့ ပြေးလွှားသွားလေသည်။
သို့ပေသည့် ယောင်ယောင်၏ စူးရှသောမျက်ဝန်းများနှင့် ကြည့်ခံလိုက်ရပြီးသည့်နောက်တွင် ထန်ထန်၏ ခြေလှမ်းများမှာ ရပ်တန့်သွားရသည်။ယခုအချိန် ယောင်ယောင့်ထံ ပြေးဝင်သွားပါက ကန်ထုတ်ခံရမည်ဟု အာရုံရနေသောကြောင့်ဖြစ်၏။
ယောင်ယောင်၏ လှပတင့်တယ်သော မျက်နှာလေးပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မမြင်ရသော်လည်း သူမ စိတ်ရှုပ်နေသည်မှာ ထင်ရှားပေသည်။
ဂူနန်းအတွင်းဖက်သို့ ယောင်ယောင်ဝင်သွားသည်ကို ခေတ္တမျှ ငေးကြည့်နေကာ ချီတုံချတုံဖြစ်နေပြီးနောက်တွင် ထန်ထန်မှာ သူ၏ခြေတံသေးသေးလေးများဖြင့် အနောက်မှ လိုက်ဝင်သွားလေတော့သည်။
ဂူနန်း၏အတွင်းဖက်အကျဆုံးအပိုင်းတွင် မူလစဦး ချီစွမ်းအင်စမ်းချောင်း တည်ရှိနေပေသည်။
ဇူယွမ်သည် စိမ့်စမ်းချောင်းထဲတွင် မျက်လုံးများကိုပိတ်ထားကာ ထိုင်လျက်ရှိနေပြီး သူ၏လက်ထဲတွင် လက်ဝါးအရွယ်ခန့်ရှိသော ရွှေရောင်နှလုံးသားတစ်ခုရှိနေပြီး အပူလှိုင်းများကိုထုတ်လွှတ်လျက်ရှိကာ ရွှေရောင်မီးတောက်များပင် ဖြာထွက်လျက်ရှိ၏။
ဤအရာမှာ ရွှေရောင်ကျီးကန်း၏ နှလုံးသားပင် ဖြစ်သည်။
ဇူယွမ်၏လက်ဖဝါးမှ မူလစဦးချီများသည် ရွှေအိုရောင်ကျီးကန်းနှလုံးသားအား ချေဖျက်လျက်ရှိပြီး ခန္ဓာကိုယ်ထဲသို့ မရှူသွင်းခင်၌ ပေါင်းစပ်နေခြင်းဖြစ်သည်။တဖြည်းဖြည်းနှင့်ပင် ရွှေအိုရောင်ကျီးကန်းနှလုံးသားမှာ သေးငယ်လာခဲ့၏။
အချိန်တချို့ကြာအောင် ဆက်လက်လေ့ကျင့်ပြီးသည့်နောက်တွင်တော့ ဇူယွမ်၏မျက်လုံးများက ဖြေးညှင်းစွာ ပွင့်ဟလာခဲ့သည်။
မျက်လုံးဖွင့်စ၌ပင် မြင်လိုက်ရသည်က ယောင်ယောင်မှာ သူ၏ဘေးတွင် မတ်တပ်ရပ်လျက်ရှိနေပြီး သူမ၏တောက်ပသော မျက်ဝန်းအစုံဖြင့် သူ့အားစိုက်ကြည့်နေလျက်ရှိသည်။
ဇူယွမ်အကြောများကို ဆန့်ထုတ်လိုက်ရင်း ပြုံးကာမေးလိုက်သည်။ “အမကြီးယောင်ယောင် နင်ဒီနေ့သူတော်စင်မှော်စာလုံးတောင်ထွတ်ကို သွားမှာမဟုတ်ဘူးလား။”
ထိုစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယောင်ယောင်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားပြီး စိတ်တိုနေသောအရိပ်အယောင်များ သူမထံမှရလိုက်သည်။
အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်လာရသည့်အတွက် ဇူယွမ်မှာ ယောင်ယောင်၏မျက်ဝန်းအတွင်းမှ သေးငယ်သောပြောင်းလဲမှုလေးကိုပင် ချက်ချင်းသိနိုင်ပေသည်။ချက်ချင်းပင် ချောင်းတစ်ချက်ဟန့်ကာ ဂရုတစိုက်ဖြင့် မေးမြန်းလိုက်၏။ “တစ်ခုခုဖြစ်လာခဲ့တာလား။”
“ကလေကချေတချို့က နင့်ကိုဒေါသထွက်စေခဲ့တာလား။နင့်ကိုစိတ်ဆိုးအောင်လုပ်တာဘယ်သူလဲ ငါ့ကိုပြော။ငါချက်ချင်း အဲ့ကောင်ကို သွားဖျက်စီးလိုက်မယ်။” ဇူယွမ်က ရင်ဘတ်ကိုပုတ်ကာ ဖြောင့်မတ်မှန်ကန်သောပုံစံဖြင့် ပြောလိုက်သည်။
ယောင်ယောင်၏ကျဥ်းမြောင်းနေသော မျက်ဝန်းအစုံမှာ ပုံမှန်ပြန်ဖြစ်သွားကာ ဇူယွမ်၏ဘေးသို့ ဝင်၍ထိုင်လိုက်ပြီးနောက် စကားဆိုလိုက်၏။ “သူတော်စင်မှော်စာလုံးတောင်ထွတ်က တပည့်တွေက သူတော်စင်မှော်စာလုံးခန်းမရဲ့ရှေ့မှာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်တစ်ခုကို လုပ်ထားပြီး ငါချိုးဖျက်နိုင်မှ ခန်းမထဲ ဝင်လို့ရမယ်လို့ပြောတယ်။”
ဇူယွမ်အံ့အားသင့်သွားကာ ခေတ္တမျှတွေဝေနေပြီးနောက် စကားဆိုလိုက်သည်။ “တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူကရော၊ သူကိုယ်တိုင်ပဲ နင့်ကို သူတော်စင်မှော်စာလုံးတောင်ထွတ်ကို အလိုရှိသလို ဝင်ထွက်သွားလာဖို့ ခွင့်ပြုပေးထားတာမဟုတ်ဘူးလား။”
ယောင်ယောင်မှ တည်ငြိမ်စွာဖြင့် ပြန်၍ပြောလိုက်၏။
“မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို သူကိုယ်တိုင်ရေးဆွဲထားတာ ဖြစ်ဖို့များတယ်။ယဲ့ကယ်တောင်မှ ဒီလိုအသေးစိတ်ကျပြီး ရှုပ်ထွေးတဲ့အစီအရင်ကို ရေးဆွဲနိုင်မှာမဟုတ်ဘူး။ငါချိုးဖျက်ဖို့ လုပ်ခဲ့သေးတယ်၊ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။”
“အမကြီးယောင်ယောင်ကတောင် မချိုးဖျက်နိုင်ဘူးလား။” သည်တစ်ကြိမ်တွင်တော့ ဇူယွမ် အမှန်တကယ်ကို အံ့အားသင့်မိသွား၏။ ယောင်ယောင်မှာ မူလမှော်စာလုံးပညာရပ်နှင့်ပက်သက်လျှင် အလွန်ပင်အရည်အချင်းရှိသူတစ်ဦး ဖြစ်ပေသည်။
“ဒီအစီအရင်က နှစ်ပိုင်းခွဲထားတာ။လူတစ်ယောက်ထဲက ဒီအစီအရင်ကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး။ လူနှစ်ယောက်က တစ်ချိန်တည်းမှာ အတူတကွလုပ်ဆောင်ပြီး ချိုးဖျက်ဖို့လိုတယ်။”
ယောင်ယောင်မှ ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။ “ယဲ့ကယ်က ငါ့ကို သူနဲ့အတူ တွဲလုပ်ဖို့ အရိပ်အမြွက် ပေးနေတယ်။”
“ဘာလို့ သူက အရမ်းသဘောကောင်းနေရတာလဲ။” ဇူယွမ်မှ သံသယဖြစ်စွာ မေးမြန်းလိုက်၏။
သူတို့သည် မူလရေကန်၌ ခုန်းရှန်နှင့်ယဲ့ကယ်တို့၏ အစီအစဉ်အား ပျက်စီးစေခဲ့သည်။ ထို့ကြောင့် ယဲ့ကယ်မှ သဘောထားကြီးစွာဖြင့် သူမအား ကူညီချင်နေသည်မှာ သံသယဖြစ်ဖွယ်ကောင်းလေသည်။
ယောင်ယောင်၏လှပသော မျက်နှာလေးသည် မည်သည့် စိတ်ခံစားချက်မှ ရှိနေပုံမရပေ။သူ့ကို လှည့်ကြည့်ရုံမျှသာ ကြည့်လိုက်သည်။
ချက်ချင်းပင် ထိုမျက်ဝန်းများ၏ အဓိပ္ပါယ်ကို သူနားလည်လိုက်သည်။ “အဲ့ကောင်က မင်းကို မျက်စိကျရဲတယ်လား။”
ဇူယွမ်၏မျက်ဝန်းများသည်ဒေါသကြောင့်ပြူးကျယ်သွားကာ ကျိန်ဆဲလိုက်မိသည်။ “ဖားပြုတ်ကောင်က ငန်းမလေးကို တပ်မက်ရဲတယ်လား။ ဒီကလေကချေကောင် ယဲ့ကယ်ကတော့။”
ယဲ့ကယ်သည် အကြံအစည်ပင်ထုတ်ကာ ယောင်ယောင်နှင့် ဆက်ဆံရေး တိုးတက်လာဖို့အတွက်ပင် လုပ်ဆောင်လိုက်သေးသည်။ မည်မျှပင် ဉာဏ်နီဉာဏ်နက် များလိုက်သနည်း။
ထို့အပြင် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ ဆရာသခင်မျက်ခုံးဖြူသည်လည်း ဤအကြောင်းအား သိရှိနေပုံရ၏။ မျက်ခုံးဖြူဆရာမှပင် ယဲ့ကယ်အား အနောက်မှ ပံ့ပိုးပေးလိုက်သေးသည်။
“ဒီလူအိုကြီးကတော့” အကြောင်းအရာများကိုတွေးတောပြီးသည့်နောက်တွင် ဇူယွမ်မှာ အံကိုတင်းတင်းကြိတ်လိုက်၏။
“သူတို့က ငါ့ရဲ့အနက်ရှိုင်းဆုံးနေရာကသူကို တကယ်လာထိပါးရဲတယ်လား။”
“ဟမ်”ယောင်ယောင်၏ အလိုမကျဟန်ရှိသော မျက်ဝန်းများ တည်ငြိမ်သွားပြီး အန္တရာယ်ရှိသော အငွေ့အသက်များ သူမထံမှ ထွက်ပေါ်လာကာ မေးမြန်းလိုက်သည်။ “နင်ဘာပြောလိုက်တာလဲ။”
ဇူယွမ်၏နှဖူးပေါ်တွင် ချွေးသီးချွေးပေါက်များပင် သီးလာပြီး လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ “ငါဆိုလိုချင်တာက သူတို့သာ နင့်ကိုငါ့ဆီကနေ ခေါ်သွားမယ်ဆိုရင် အနာဂတ်မှာ ငါ့ကိုဘယ်သူက ညွှန်ကြားပြသပေးမှာလဲ။”
ယောင်ယောင်သည် သူမ၏စူးရှသော အကြည့်များအား ရုတ်သိမ်းလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မေးမြန်းလိုက်သည်။ “နင့်ရဲ့ စိတ်ဝိဉာဥ်ကျင့်ကြံခြင်းက ဘယ်အဆင့်ထိ ရောက်နေပြီလဲ။”
ဇူယွမ်မှာ ရိုးသားစွာပင် ပြန်၍ဖြေလိုက်၏။”စိတ်ဝိဉာဥ် အစပိုင်း ဒြပ်ထည်အဆင့်”
ယောင်ယောင်၏မျက်ခုံးများ မြင့်တက်သွားပြီး စိတ်ကျေနပ်မှုမရှိဟန်ဖြင့် မေးလိုက်သည်။ “ဒီလအနည်းငယ်အတွင်း နည်းနည်းလေးမှ မတိုးတက်လာဘူးလား။”
ဇူယွမ်မှာ အနည်းငယ် ကိုးရို့ကားယားနိုင်သလို ခံစားလိုက်ရသည်။ဤအချိန်များအတွင်း သူသည် ချီကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားပြီး စိတ်ဝိဉာဥ်ကျင့်ကြံခြင်းအား အလုံးစုံ လျစ်လျူရှုထားခဲ့မိသည်။ သို့သော်လည်း သူသည် အလျင်အမြန်ပင်ထပ်၍ဖြေကြားလိုက်၏။ “ဒါပေမဲ့ ငါစိတ်ဝိဉာဥ်ဒြပ်ထည်အစပိုင်းရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ။ နောက်တစ်ဆင့်ကိုတက်ဖို့ သိပ်မလိုတော့ဘူး။”
ယောင်ယောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားကာ ဇူယွမ်အားကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“မနက်ဖြန် ငါနဲ့အတူ သူတော်စင်မှော်စာလုံးတောင်ထွတ်ကို လိုက်ပြီး အစီအရင်ကို ချိုးဖျက်ရမယ်။ လိုက်မှာလား၊မလိုက်ဘူးလား။”
ဇူယွမ်မှာ နှုတ်ခမ်းသားအစုံ ပွင့်ဟမိသည်အထိ အံ့သြသွားမိသည်။ သူသည် မှော်စာလုံးရေးဆွဲခြင်းတွင် တော်လျှင်တော်ပေလိမ့်မည်။ သို့သော် ထ်ိအရာက မူလမှော်စာလုံးတောင်ထွတ်တွင်မူ ဘာမျှမဟုတ်တော့ချေ။ နှိုင်းယှဥ်၍ပြောရလျှင် ယောင်ယောင်ကမူ သူတော်စင်မှော်စာလုံးတောင်ထွတ်ရှိ တပည့်များအားလုံးနှင့်ပင် ယှဥ်ပြိုင်နိုင်သော်လည်း သူကတော့ မဟုတ်ပေ။
မနက်ဖြန်သာ သူမနှင့်အတူ လိုက်သွားပါက မည်မျှပင် ရီချင်စရာကောင်းနေမည်ကို ဇူယွမ်တွေးတောကြည့်ရုံသာ တက်နိုင်ပေသည်။
“နင်ကမလိုက်ချင်ဘူးလား။” ယောင်ယောင်၏လှပသော မျက်နှာလေးသည် ပြုံးယောင်သမ်းနေရင်း ညင်သာစွာ မေးမြန်းလိုက်၏။
ဇူယွမ်တကိုယ်လုံးရှိ အမွှေးပေါင်းတစ်ထောင် ထသွားရကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ခိုင်မာသောအသံဖြင့် ပြောလိုက်သည်။ “အမကြီးယောင်ယောင်သာ အလိုရှိတယ်ဆိုရင် ငါဓားတောင်ကိုတက်ပြီး မီးပင်လယ်ကိုဖြတ်ရလည်း အဆင်ပြေတယ်။သူတော်စင်မှော်စာလုံးတောင်ထွတ်ဆိုတာ ဘာမှမဟုတ်တော့ဘူး။”
“မနက်ဖြန် ငါတို့အတူ ချိုးဖျက်ကြမယ်။”
စကားအပိုတွေ ပြောနေသည်ကို သိသော်ငြားလည်း ယောင်ယောင်၏လှပသော မျက်နှာလေးတွင် အပြုံးလေးတစ်ခု တွဲလဲခိုနေကာ မျက်ဝန်းများတွင် နွေးထွေးမှုများ ယှက်သန်းနေလေသည်။ သူမသည် ဇူယွမ်၏ပခုံးအား ညင်သာစွာပုတ်လိုက်ကာ သူမ၏ လက်နှစ်ဖက်ကို ကျောဖက်တွင် ယှက်သန်းထားလိုက်၏။
ယောင်ယောင်၏ ညှို့ငင်အားပြင်းလှသော ပုံရိပ်လေးအား ကြည့်ရှုလိုက်ပြီး ဇူယွမ်မှာ ပါးကိုပွတ်ကာ စဥ်းစားလျက်ရှိသည်။ မနက်ဖြန်၌ တိုက်ပွဲတစ်ခုကတော့ ဖြစ်ပွားတော့မည့် အလားအလာ ရှိပေသည်။
ဘာပဲဖြစ်ဖြစ်.....
အဲ့ကောင်တွေက ယောင်ယောင့်ကို ထိပါးဖို့ စဥ်းစားရဲသည်တဲ့လား....ဇူယွမ်၏ မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
သူတို့က ယောင်ယောင်အား ထိပါးလာမည်ဆိုပါက တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူပင် ဖြစ်နေပါစေ။ ဇူယွမ်ခွင့်ပြုနိုင်မည် မဟုတ်ပေ။