ရှုန်းဝမ်တောက် လည်ပတ်ခြင်း
Vol. 8 Ch. 146
ရှန်းမိသားစုဌာနချုပ်ရှိရာ ဟွားဝူတောင်ထွတ်တွင်ဖြစ်သည်။ မီးသလင်းကျောက်အရေးကိစ္စအတွက် ဆွေးနွေးရန် အကြီးအကဲများအားလုံး စုဝေးရောက်ရှိနေပြီး သူတို့အားလုံး၏အကြည့်မှာ မိသားစုခေါင်းဆောင်ဖြစ်သည့် ရှန်းတောက်မင်နှင့် ဘိုးဘေးဖြစ်သူ ရှန်းယွမ်လုံတို့အပေါ် ကျရောက်လျက်ရှိသည်။ လက်ရှိတွင် မီးသလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ရရန် အထိုက်တန်ဆုံးသူများမှာ ရှန်းပိုင်ဖေး၊ ရှန်းရူရွမ်နှင့် ရှုန်းဝမ်တောက်တို့ဖြစ်သည်။ သူတို့သုံးဦးသည် ကြက်သွေးရောင်သတ္တုတွင်း စစ်ဆင်ရေးတွင် အထိုက်အလျောက် စွမ်းဆောင်ပေးခဲ့ကြသလို့ ဝါစဉ်နှင့် ကျင့်ကြံမှုအဆင့်အတန်းအရလည်း ကြက်သွေးရောင်မီးသလင်းကျောက်ကို ပိုင်ဆိုင်ရန် ထိုက်တန်သည်ဟု ဆိုနိုင်ပါမည်။
သို့သော် ပြဿနာက မီးသလင်းကျောက်နှင့် စစ်မှန်မှု ခရမ်းရောင်ဆေးပြားမှာ တစ်ခုစီသာရှိခြင်းဖြစ်သည်။ သည်ပြဿနာကို ကျနစွာ မကိုင်တွယ်နိုင်လျှင် ရှန်းမိသားစုအကြားတွင် မကျေနပ်မှုများ ကြီးထွားလာနိုင်သည်ကို သူတို့အားလုံး သဘောပေါက်ထားကြသည်။ ထို့ကြောင့် ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့အနေနှင့် အလျင်စလို မကိုင်တွယ်ရန် ဆုံးဖြတ်ထားသည်။ သမိုင်းအစဉ်အလာများအရ မိသားစု၊ ဂိုဏ်းတစ်ခုပြိုကွဲခြင်း၏ အစသည် ဆုလာဘ်ဝေခွဲမှု မညီမျှခြင်းကြောင့်ဖြစ်သည်က များသည်။ ထို့ကြောင့် ရှန်းယွမ်လုံက
“ဒီကိစ္စကို အလျင်စလို မဆုံးဖြတ်ဘဲ အဓိပတိအကြီးအကဲနှစ်ယောက်ဖြစ်တဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ ကျင့်ကြံမှုအပြီး ဂူထဲကထွက်လာကြမှ ဆွေးနွေးကြတာပေါ့၊ မင်းတို့ဘယ်လို သဘောရကြလဲ”
ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်နှင့် ရှုန်းဝမ်တောက်တို့က ဘိုးဘေး၏စကားကို သဘောတူလိုက်ကြသည်။ ကျန်နှစ်ဦးဖြစ်သည့် ရှန်းတောက်ယွမ်နှင့် ရှန်းယွင်ဟောင်တို့ကမူ တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ နှုတ်ဆိတ်လျက်ရှိသည်။ ထို့ကြောင့် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့မှာ ထိုနှစ်ဦးကို မျက်ခုံးပင့်၍ အကဲခတ်လိုက်မိကြသည်။ သို့သော် နှုတ်မှထုတ်ဖော်ကန့်ကွက်ခြင်းမရှိသောကြောင့် ရှန်းတောက်မင်တို့သည်လည်း ထွေထွေထူးထူးပြောမနေတော့ချေ။
နောက်ထပ်သုံးနှစ် ကုန်လွန်ခဲ့ပြန်သည်။ ကျန်းချန်ရွှမ်သည် ယွင်တုန်းရှန် ပေးအပ်ခဲ့သော ရနံ့မွှေးဝိညာဉ်သစ်တော်သီးကို ကျီဖုနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ရေးအတွက် အသုံးချခဲ့ပြီးဖြစ်သည်။ အဆိုပါသစ်သီးကို စားသုံးလိုက်ပါက နှစ်သုံးဆယ်စာ ကျင့်ကြံသည်နှင့် ညီမျှသော ဓမ္မစွမ်းအင်ကို ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမရှိဘဲ ရရှိမည်ဖြစ်သည်။ ဝိညာဉ်သစ်တော်သီးအပြင် ဟွမ်ဝမ်ယုလက်ဆောင်ပေးခဲ့သော ဝိညာဉ်အဆီအနှစ်သစ်သီးကိုလည်း အစပထမက တစ်ပါတည်း သုံးစွဲရန်ကြံစည်ခဲ့သေးသော်လည်း ရှန်းရူယန်၏ အကြံပြုချက်ကြောင့် အကြံကိုရုပ်သိမ်းလိုက်ရသည်။
ကျန်းချန်ရွှမ် ဂူပိတ်ကျင့်ကြံမှု မစတင်မီက ရှန်းရူယန်က ထိုသစ်သီးကို လတ်တလောတွင် မသုံးစွဲသေးရန် အကြံပြုခဲ့သည်။ အဆီအနှစ်သစ်သီးသည် အဆင့် ၃ ဝိညာဉ်ရတနာများအနက် ထိပ်ဆုံးအဆင့်ရှိ သဘာဝရတနာတစ်မျိုးဖြစ်ပြီး သဘာဝအတိုင်း စားသုံးလိုက်ပါက စားသုံးသူ၏ ဝိညာဉ်ကို အားအင်ဖြည့်တင်းပေးနိုင်စွမ်းရှိသည်။ သို့သော် အစိမ်းအတိုင်း အသုံးပြုသည်ထက် ဝိညာဉ်ဆေးပြားများအဖြစ် သန့်စင်ပြီးမှ အသုံးပြုသည်က အကျိုးအာနိသင် ပိုမိုထက်မြက်ကြောင်း ရှန်းရူယန်က သတိပေးခဲ့သလို အနာဂတ်တွင် အဆီအနှစ်သစ်သီးကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြု၍ ဝိညာဉ်အဆီအနှစ် ဆေးပြားနှစ်ပြား ဖော်စပ်ရန်လည်း ကြံရွယ်ထားကြောင်း သိလိုက်ရသည်။
နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် မကြာမီကာလတွင် ကောင်းကင်ဘုံထွတ်ဖျား တောင်ကြားဒေသကို ခရီးထွက်ရမည့်အချိန် ကျရောက်လာတော့မည်ကို သတိပြုမိလိုက်၍ ဂူပိတ်ကျင့်ကြံမှုကို အဆုံးသတ်လိုက်သည်။ အခန်းတံခါးကိုဖွင့်ပြီး အပြင်ကိုရောက်လျှင် ဇနီးဖြစ်သူ ရှန်းရူယန်မှာ သူ့ထက်အရင် ကျင့်ကြံမှုပြီးဆုံး၍ ဂူပြင်သို့ ရောက်နှင့်နေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ ရှန်းရူယန်၏ ဘေးတွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးကို တွေ့လိုက်ရ၍ ကျန်းချန်ရွှမ် အနည်းငယ်အံ့အားသင့်မိသည်။ ထိုသူမှာ သူနှင့် ဆက်ဆံရေးကောင်းမွန်သော ရှုန်းဝမ်တောက်ဖြစ်သည်။ ရှန်းရူယန်က ကျန်းချန်ရွှမ်ကို မြင်လျှင် မျက်နှာပြုံးရွှင်သွားပြီး သူ့အနားကို လျှောက်လာသည်။
“ယောက်ျား ရှင်ထွက်လာပြီလား”
ရှုန်းဝမ်တောက်သည်လည်း ကျန်းချန်ရွှမ်ကိုမြင်လျှင် ရိုကျိုးသောအမူအရာနှင့် ကပျာကယာ နှုတ်ဆက်သည်။
“အဓိပတိအကြီးအကဲကျန်း ကျင့်ကြံမှုပြီးပါပြီလား”
ထိုအခါ ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းကိုယမ်းရင်း
“အစ်ကိုရှုန်း ကျုပ်တို့က ရင်းနှီးပြီးသား မိတ်ဆွေတွေလေ။ ဒီလိုယဉ်ကျေးပြစရာ မလိုပါဘူးဗျ၊ ကျုပ်ကို ညီလေးကျန်းလို့ပဲခေါ်ပါ”
“ဟုတ်ပြီ ညီလေးကျန်း”
ရှုန်းဝမ်တောက်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူ့အမူအရာက အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေကြောင်း ကျန်းချန်ရွှမ်သတိပြုလိုက်သည်။
“ညီလေးကျန်းတို့ကို လာတွေ့ရတာက အရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ပြုလုပ်ချင်လို့ပါ”
ကျန်းချန်ရွှမ်က သူ့စကားကို နားမလည်ဘဲဖြစ်နေသောကြောင့် ရှန်းရူယန်က ကြားမှဝင်၍ ရှင်းပြလိုက်သည်။ ကြက်သွေးရောင်မီးသလင်းကျောက် ကိစ္စဖြစ်၍ ရှုန်းဝမ်တောက်အနေနှင့် အဆိုပါ ရတနာကိုပိုင်ဆိုင်ခွင့်ရရန် ကျန်းချန်ရွှမ်၏ ထောက်ခံချက်လိုအပ်နေကြောင်း စသဖြင့်ဖြစ်သည်။ ရှန်းရူယန်၏ စကားဆုံးသောအခါ ကျန်းချန်ရွှမ်၏မျက်နှာတွင် တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ်နောက်ကျိသွားသည်။ ရှုန်းဝမ်တောက်မှာ သူ၏မိတ်ဆွေကောင်းတစ်ဦး ဖြစ်နေသောကြောင့် အဆိုပါသလင်းကျောက်ကို ပိုင်ဆိုင်ခွင့်ရရန် သူပြောသလို ကူညီပေးချင်ပါသော်လည်း ကျန်ပုဂ္ဂိုလ်များဖြစ်သည့် ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်အစရှိသည့် အကြီးအကဲများသည်လည်း မကြာခင် သူ့အား အကူအညီတောင်းလျှင်ရော ကျန်းချန်ရွှမ်တစ်ယောက် ဘယ်လိုဘယ်ပုံ ဆုံးဖြတ်ရတော့မည်နည်း။
သည်သလင်းကျောက်ကိစ္စသည် တိမ်မယောင်နှင့် နက်ရှိုင်းပြီး အကိုင်အတွယ် မတတ်ပါက ပြဿနာရန်စကို မီးညှိပြီး မီးဖုံးထားသလို ဖြစ်သွားနိုင်သည်။ နောင်တစ်ချိန် လေတိုက်၍ ပြာမှုန်များလွင့်သွားပါက အဆိုပါမီးစသည် ပြန်လည်တောက်လောင်လာပြီး ရှန်းမိသားစုပြိုကွဲသည်အထိ မီးဟုန်းဟုန်းတောက်သွားနိုင်သည်။ ထို့အပြင် ကျန်းချန်ရွှမ်တွင် ထိုသလင်းကျောက်ကို မည်သူရသင့်သည်ဟု ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိပါ။ အကယ်၍ ရှိခဲ့လျှင်တောင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကဲ့သို့ သွေးသားအရ ရှန်းမိသားစုဝင် မဟုတ်ဘဲ ပြင်ပမိသားစုဝင်သာ ဖြစ်နေသည်ကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် ရှုန်းဝမ်တောက်၏ တောင်းဆိုချက်ကို တိကျသေချာသည့် အဖြေမျိုးမပေးနိုင်ကြောင်းနှင့် သူမဖြစ်မနေ စဉ်းစားရမည့် အခြေအနေအလုံးစုံကို ရှုန်းဝမ်တောက်အား ရှင်းပြလိုက်သည်။
ရှုန်းဝမ်တောက်မှာ ပထမတွင် စိတ်ပျက်သွားဟန်တူသော်လည်း ကျန်းချန်ရွှမ်၏ ရှင်းပြချက်အားလုံးကို ကြားသိပြီးနောက် နားလည်သွားပုံပေါ်သည်။ မကြာခင် ရှုန်းဝမ်တောက်လည်း သူတို့နှစ်ဦးအား နှုတ်ဆက်၍ပြန်သွားတော့သည်။ ရှုန်းဝမ်တောက်၏ ကျောပြင်ကိုငေးကြည့်နေရင်း ကျန်းချန်ရွှမ် ကျိတ်၍သက်ပြင်းချလိုက်သည်။ ရှုန်းဝမ်တောက် သူ့ဆုံးဖြတ်ချက်ကို အမှန်တကယ် နားလည်မှုရှိမရှိကို သူမဝေခွဲနိုင်ပါ။ လောကဝတ်အရသာ နားလည်ဟန်ဆောင်သွားပြီး အမှန်တကယ် နားလည်မှုမရှိပါက သူတို့နှစ်ဦးအကြား ဆက်ဆံရေးတွင် အက်ကြောင်းများ ထလာနိုင်ချေရှိပါသည်။
ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် ရွှီချန်းဟယ်ကဲ့သို့ ပွင့်လင်းသည့်နှလုံးသားမျိုး လူတိုင်းတွင် ရှိမည်မဟုတ်သည်ကတော့ သေချာသည်။ ရွှီချန်းဟယ်သည် သူ့သက်တမ်းကုန်ဆုံးတော့မည် ဖြစ်၍ သလင်းကျောက်ကိုမလိုအပ်ကြောင်း လူသိရှင်ကြား ကြေညာ၍ သူရသင့်သောရတနာကို စွန့်လွှတ်ခဲ့သည်။ သို့သော် ရွှီချန်းဟယ်ကဲ့သို့ ဖြူစင်ပွင့်လင်းသည့် လူစားမျိုးကိုပင် တစ်သမတ်တည်းမှတ်ယူ၍မရပါ။ သူသာ အနှစ်တစ်ရာလောက် ငယ်ရွယ်နေလျှင် ယခုသလင်းကျောက်ပြိုင်ပွဲတွင် ဝင်ရောက်ဆင်နွှဲမှာ သေချာပါသည်။ ကျင့်ကြံခြင်းခရီးသည် ရှည်လျားထွေပြားသလို အဖြစ်သနစ်မျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မည်။ ထိုအထဲတွင် မြင်သာထင်သာသော အခက်အခဲ၊ အတားအဆီးများအပြင် ပုန်းကွယ်ငုပ်လျှိုးနေသော ဘေးအန္တရာယ်များနှင့် လူတို့၏ပြောင်းလဲတတ်သော စိတ်နှလုံးသားတို့လည်း ပါဝင်သည်။
ကျန်းချန်ရွှမ်တစ်ယောက် အတွေးယဉ်ကြောတွင် နစ်မျောနေစဉ် သူ့လက်ကို တစ်စုံတစ်ဦးကို ဆွဲယူလိုက်မှ သတိဝင်လာတော့သည်။ ထိုသူမှာ ရှန်းရူယန်ဖြစ်သည်။ ကျန်းချန်ရွှမ်၏ လက်အစုံကို ကြင်နာစွာဆုပ်ကိုင်ရင်း ရှန်းရူယန်က
“ယောက်ျား ရှင့်ဆုံးဖြတ်ချက်မှန်ပါတယ်”
ထို့နောက် ခေတ္တတိတ်ဆိတ်သွားပြီးမှ ရှန်းရူယန်က စကားကိုဆက်သည်။
“ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ရှင့်ဘေးမှာ ကျွန်မရှိနေမယ် သိလား”
ထိုအခိုက်တွင် ကျန်းချန်ရွှမ်၏ နှလုံးသားမှာ နွေးထွေးသွားသလို သူတို့နှစ်ဦး၏ လက်များထပ်သွားပြီး လက်ချောင်းများသည်လည်း ယှက်ဖြာသွားတော့သည်။တစ်ချိန်တည်းတွင် တစ်စုံတစ်ရာကို နားလည်သဘောပေါက်လိုက်သည်။ သူတို့အားလုံး ဗဟိုပြုသော တာအိုအမတစွမ်းအင်သည် နှလုံးသားကင်းမဲ့သော်လည်း အဆိုပါလမ်းစဉ်ကို ကျင့်ကြံသူများထံတွင်တော့ နှလုံးသားများကိုယ်စီရှိပါသည်။ လူတစ်ဦးတွင် သူ့အပေါ်နားလည်မှုရှိသူ၊ ကောင်းကျိုးကိုလိုလားသူ၊ ဘေးတွင်အမြဲရှိနေမည့် လက်တွဲဖော်တစ်ဦးကို ပိုင်ဆိုင်ထားရလျှင် လောကကြီးမည်သို့မည်ပုံ ပြောင်းလဲသွားပါစေ၊ လူတို့၏စိတ်နှလုံးများ ဘယ်လိုဘယ်ပုံ ဖောက်ပြန်သွားပါစေ၊ ထိုပုဂ္ဂိုလ်သည် မိမိ၏ဖြူစင်သောနှလုံးသားကို မပြောင်းလဲစေဘဲ သက်ဆုံးတိုင်ထိန်းသိမ်းသွားရမည်ဖြစ်သည်။
***