← Chapters

အခြေအနေပြောင်းလဲခြင်း

Vol. 8 Ch. 150

အခြေအနေပြောင်းလဲခြင်း

Vol. 8 Ch. 150

ထို့နောက်တွင် မိစ္ဆာအမြုတေဓာတ်လုံးကြီး‌ ပေါက်ကွဲသွားကာ ပြင်းထန်သည့် စွမ်းအင်တစ်ရပ်က အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့သွားတော့သည်။ ကောင်းကင်ထက်တွင်လည်း စိမ်းပြာရောင် မှိုပွင့်ပုံတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အဝေးမှရပ်ကြည့်နေသော မေဖန်းဝူ၏ မျက်နှာတွင် တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

“အတင့်ရဲလိုက်တာ အမြုတေကိုတောင် ဖောက်ခွဲရဲတယ်ပေါ့”

မလှမ်းမကမ်းမှ အကဲခတ်နေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုလိုက်ကြသည်။ မိစ္ဆာအမြုတေဆိုသည်မှာ နတ်ဆိုးသားရဲတစ်ကောင်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အမြုတေကို ဆုံးရှုံးရခြင်းသည် အဆိုပါသားရဲ၏ စွမ်းအားထက်ဝက်ခန့်ကို ဆုံးရှုံးရသည်နှင့် အလားတူသည်။ ထို့အပြင် မိစ္ဆာအမြုတေကို တစ်ကြိမ်ဖောက်ခွဲဖူးသော သားရဲသည် အနာဂတ် တာအိုလမ်းစဉ်ကို လျှောက်လှမ်းရာတွင် တိုးတက်မှုနှုန်း နှေးကွေးသွားမည်ဖြစ်သည်။

ထို့အပြင် ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့၏ လျှပ်တပြက် အလစ်တိုက်ခိုက်မှုသည်လည်း လွယ်ကူချောမွေ့လွန်းနေသည်ဟု ကျန်းချန်ရွှမ်တို့ ခံစားမိသည်။ လျှပ်စီးလေငှက်တို့အတွက် ဥချခြင်းဖြစ်စဉ်သည် မျိုးနွယ်စုရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်ဖြစ်၍ ဥချမည့် ငှက်အကြီးအကဲသည် ဘယ်နည်းနှင့်မှ သတိလက်လွတ်နေမည်မဟုတ်ပါ။ သို့ဖြစ်၍ ရှန်းယွမ်လုံတို့ တိုက်ခိုက်လိုက်သော ငှက်ကြီးသည် လျှပ်စီးလေငှက်တို့၏ ခေါင်းဆောင် အစစ်အမှန်မဟုတ်လျှင်…….။

အဆိုပါအတွေးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် အဖွဲ့သားအားလုံး မတိုင်ပင်ဘဲ ပြိုင်တူတွေးမိကြသည်။ ထိုအချိန်တွင် မလှမ်းမကမ်းရှိ တောင်ထွတ်တစ်နေရာမှ သွေးပျက်တုန်လှုပ်ဖွယ် အော်သံကြီးတစ်ခုကို လူအားလုံးကြားလိုက်ကြရသည်။ တစ်ဆက်တည်းတွင် လျှပ်စီးနှင့် လေတို့ ရောယှက်တိုက်ခတ်လာသော အသံကြီးနှင့်အတူ လျှပ်စီးလျှပ်ပန်းများ ဝိုင်းရံထားသော လေဆင်နှာမောင်းကြီးသည် ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့ ရှိနေသော တောင်ထွတ်ပေါ်သို့ ရိပ်ခနဲ ရောက်ရှိလာတော့သည်။ မေဖန်းဝူ၏မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး

“မကောင်းတော့ဘူး၊ ဒီတစ်ကောင်ကမှ လျှပ်စီးလေငှက် အကြီးအကဲအစစ်ပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း မကြုံစဖူးအခြေအနေကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ရှန်းမျိုးနွယ်စုဝင်များနှင့် လော့ရှားမန်ဂိုဏ်းသားတို့သည်လည်း ချွေးစီးများကျဆင်းလာပြီး တုန်လှုပ်စပြုလာကြသည်။ အခြေအနေသည် သူတို့ထင်မှတ်ထားသလို မလွယ်ကူတော့သည်က သေချာသည်။ မိစ္ဆာအမြုတေပေါက်ကွဲမှုနှင့် လျှပ်စီးလေမုန်တိုင်းတို့ကို ရှေ့ဆင့်နောက်ဆင့် ရင်ဆိုင်လိုက်ရသော ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေပင်ဖြစ်သည်။

လူအားလုံးလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြသည့်အချိန်တွင် ဆည်းဆာပန်းချီကားသည် အလင်းများ အဆက်မပြတ်ထုတ်လွှတ်လာပြီး အစိမ်း၊ လိမ္မော်၊ အနီ၊ အပြာ၊ ခရမ်း၊ မဲနယ် နှင့် အဝါစသည့် ရောင်စဉ်ခုနှစ်မျိုးမှာ အတူတကွ ပေါင်းစည်းမိကာ သက်တန့်ရောင်တံတိုင်းကြီးအဖြစ် အသွင်ပြောင်းလဲပြီး လုအော်ရင်ယွဲ့နှင့် ရှန်းယွမ်လုံတို့ ခေါင်းဆောင်သောအဖွဲ့ကို ရစ်ပတ်ကာရံလိုက်တော့သည်။ ဂျိန်းခနဲ မြည်သံကြီးနှင့်အတူ လျှပ်စစ်မုန်တိုင်းနှင့် သက်တန့်တံတိုင်းတို့ တိုးတိုက်မိကြပြီး ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ သို့သော် မုန်တိုင်းသည် သက်တန့်တံတိုင်းကို တစ်စုံတစ်ရာ ထိခိုက်မှုမျိုး မဖြစ်စေပါ။

ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်ရှုနေသော မေဖန်းဝူမှာ ဝမ်းသာလုံးဆို့သွားပြီး

“ဆည်းဆာမှန်တံတိုင်းပဲ၊ ဂိုဏ်းသခင်ကြီးက ကျွန်မတို့ဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ကာကွယ်ရေး နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်သွားပြီပဲ”

ထိုစဉ် ဆည်းဆာမှန်တံတိုင်းမှ များပြားလှသော စွမ်းအင်မြစ်ကြီးတစ်စင်း ပြိုဆင်းလာပြီး ပင်လယ်လှိုင်းလုံးကြီးများပမာ လည်ပတ်နေသော လျှပ်စီးမုန်တိုင်းကြီးကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်တော့သည်။ ဒုံးကျည်ပေါက်ကွဲမှုနှင့် ညီမျှသော ပေါက်ကွဲမှုကြီးများ တစ်ဆက်တည်း ဖြစ်ပေါ်လာကာ တောင်ကြားဒေသတစ်ခုလုံး သိမ့်သိမ့်တုန်လျက်ရှိသည်။ တံတိုင်းအတွင်းရှိ လုအော်ရင်ယွဲ့သည် မလှမ်းမကမ်းရှိ တောင်ထွတ်ဖျားဆီမှ နောက်ထပ်ငှက်ကြီးတစ်ကောင် ပေါ်ပေါက်လာပြီး သူတို့ရှိရာသို့ တစ်ဟုန်ထိုးပျံသန်းလာသည်ကို မြင်လျှင် နှာခေါင်းရှုံလိုက်ပြီး

“ဉာဏ်များတဲ့သတ္တဝါပဲ၊ ဥချနေတုန်းမှာ အကာအကွယ်ရအောင် တခြားငှက်တစ်ကောင်ကို အစားထိုးပြီး လှည့်စားသွားတာပဲ၊ သူ့အကြံမဆိုးဘူး ပြောရမယ်။ ကျွန်မသာ ဒီကိုမလာခင် ကျင့်ကြံမှုနောက်တစ်ဆင့်ကို မတက်လှမ်းနိုင်ခဲ့ရင် ကျွန်မတို့ အခုလို အသက်ရှင်ချင်မှရှင်နိုင်မယ်”

ထို့နောက်တွင် လုအော်ရင်ယွဲ့၏လက်မှ ရောင်စုံချည်ကြိုးများ ဖြာထွက်လာပြီး အစားထိုးငှက်အတုထံသို့ ပစ်လွှတ်လိုက်သည်။ ချည်ကြိုးများသည် အသံထက်မြန်ဆန်သည့် အမြန်နှုန်းဖြင့် ခေါင်းဆောင်ငှက်အတု၏ အကာအကွယ်စက်ဝန်းကို လျင်မြန်စွာထိုးဖောက်ပြီး တစ်ကိုယ်လုံးကို နှောင်ဖွဲ့လိုက်သည်။

“မင်းက မင်းလုံခြုံရေးအတွက် အဖွဲ့သားတစ်ကောင်ကို အစားထိုးပြီး စတေးချင်တယ်ပေါ့၊ မင်းဆန္ဒပြည့်ဝစေရမယ်”

လုအော်ရင်ယွဲ့က လက်သီးဆုပ်ကို ဆတ်ခနဲတင်းလိုက်ရာ ငှက်အတုကြီးအား နှောင်ဖွဲ့ထားသော ကြိုးများမှာ ရုတ်တရက်တင်းသွားပြီး ငှက်ကြီး၏ခန္ဓာကိုယ်မှာ တစ်စစီဖြစ်သွားပြီး အသားတစ်များက တောင်ကြားဒေသတစ်ခုလုံးအနှံ့ လွင့်စင်သွားတော့သည်။

အဆိုပါမြင်ကွင်းကြောင့် ခေါင်းဆောင်ငှက်ကြီးသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး တစ်ဆက်တည်းတွင် ငှက်ကြီးအား ဝန်းရံထားသော လေပွေများနှင့် လျှပ်စီးတိမ်တိုက်တို့မှာ ရုတ်တရက် အဆမတန် သိပ်သည်းလာကာ စိမ်းပြာရောင်နှင့် ငွေရောင် ရောနှောဖွဲ့စည်းထားသည့် အရောင်သစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။ အဆိုပါစွမ်းအင်လှိုင်းကြီးသည် ငှက်ကြီးကိုဗဟိုပြုပြီး အရပ်ဆယ်မျက်နှာသို့ အရှိန်အဟုန်ဖြင့် ဖြာထွက်သွားသည်။ ရှန်းယွမ်လုံတို့အဖွဲ့ကို ကာရံထားသော ဆည်းဆာမှန်တံတိုင်းနှင့် တိုးတိုက်မိသောအခါ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်လာတော့သည်။ သို့သော် မှန်တံတိုင်း၏အစွမ်းကြောင့် သူတို့အားလုံး ထိခိုက်ခြင်းမရှိပါ။

ထိုအခါ လုအော်ရင်ယွဲ့က

“မင်းရဲ့ အထွတ်အထိပ်အချိန်တုန်းကဆိုရင်တော့ ငါကြောက်ကောင်းကြောက်မိမယ်။ အခုက မင်းအားနည်းနေတဲ့အချိန်ဆိုတော့….”

ပြော‌ပြောဆိုဆိုနှင့် ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲ့တို့နှစ်ဦးသည် သူတို့ပိုင်ဆိုင်ထားသည့်အထဲမှ အမြင့်ဆုံးစွမ်းအာများကို ထုတ်ဖော်တိုက်ခိုက်လိုက်ရာ ငှက်ကြီးမှာ နောက်သို့ တရွေ့ရွေ့ဆုတ်လျက် ခုခံနေရသည်။ ထိုစဉ် ငှက်ကြီးသည် အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်ပြီး

“မျောက်ဝံတွေ မင်းတို့ ဒီအချိန်ထိ မကူသေးဘူးဆိုရင် ဒီကောင်တွေ ငါတို့ကိုရှင်းပြီးရင် မင်းတို့ကိုပါ ဆက်ရှင်းလိမ့်မယ်”

ထိုစဉ် အဝေးတစ်နေရာသို့ မျှော်ကြည့်နေသည့် မေဖန်းဝူမှာ ရုတ်တရက် မျက်နှာပျက်သွားသောကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ယောင်ယမ်း၍ လှည့်ကြည့်မိလိုက်ရာ ရာပေါင်းများစွာသော မျက်လုံးပြာ မျောက်ဝံတို့သည် သူတို့ရှိရာသို့ တစ်ဟုန်ထိုးပြေးဝင်လာကြသည်ကို တုန်လှုပ်ဖွယ် တွေ့မြင်လိုက်ရသည်။ ဦးဆောင်လာသူမှာ အဆင့် ၃ အလယ်အဆင့် နတ်ဆိုးမျောက်ဝံကြီးဖြစ်ပြီး သူ၏စွမ်းအားမှာ လူသားမျိုးနွယ်တို့တွင် ကျီဖုနယ်ပယ် ဆဌမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည်။ ထို့ပြင် ထိုမျောက်ဝံခေါင်းဆောင်၏ ဘေးတွင် လိုက်ပါလာသည့် မျောက်ဝံနှစ်ကောင်သည်လည်း အဆင့် ၃ အော်ရာများ ထုတ်လွှင့်လျက်ရှိသည်။ ထိုမြင်ကွင်းကြောင့် မေဖန်းဝူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ အခြေအနေမှာ သူတို့ထင်မှတ်ထားသည်ထက် များစွာဆိုးဝါးနေသည် မဟုတ်ပါလား။ သူတို့အစက ထင်မှတ်ထားသည်က ခေါင်းဆောင်မျောက်ဝံသည် အလွန်ဆုံးရှိ ကျီဖုနယ်ပယ် စတုတ္ထအဆင့်သာ ရှိဦးမည်ဟု ထင်မှတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် မေဖန်းဝူက ကျန်းချန်ရွှမ်တို့နှစ်ဦးထံ ကပ်၍

“အခြေအနေက ကျွန်မတို့မှန်းထားတာနဲ့လွဲနေတယ်။ ကျွန်မက ခေါင်းဆောင်မျောက်ဝံကို ထိန်းထားမယ်၊ ကျန်တဲ့နှစ်ကောင်ကို ရှင်တို့ထိန်းထားကြ။ ဂိုဏ်းသခင်ကြီးနဲ့ ရှင်တို့ဘိုးဘေးတို့နှစ်ယောက် ငှက်ကြီးကိုသတ်ပြီးရင် ကျွန်မတို့ကို လာကူလိမ့်မယ်”

***

All Chapters