နတ်ဆိုးမျောက်ဝံနှစ်ကောင်ကို သတ်ဖြတ်ခြင်း
Vol. 8 Ch. 151
ပြောမည့်သာပြောလိုက်ရသော်လည်း မေဖန်းဝူမှာ အားလျော့နေမိသည်။ ကျီဖုနယ်ပယ် စတုတ္ထအဆင့်နှင့် ဆဌမအဆင့်တို့မှာ ကြားထဲတွင် နှစ်ဆင့်သာရှိသော်လည်း စွမ်းအားချင်းမှာ အတော်ပင်ကွာဟသည်။ ထို့ပြင် ခေါင်းဆောင်မျောက်ဝံကြီးမှာ ဝိညာဉ်ပြာမျက်လုံးများ နိုးထပြီးဖြစ်သည့်အတွက် ရန်သူများ၏ အားနည်းချက်များကို ထိုးထွင်းသိမြင်နိုင်စွမ်းအပြင် ပုံရိပ်ယောင်ထောင်ချောက်များ ဖန်တီးနိုင်စွမ်းလည်းရှိသည်။ ကျန်းချန်ရွှမ်တို့အတွက် အလွန်ခက်ခဲသော ရန်သူဖြစ်မည်မှာ သေချာသည်။
တစ်ဟုန်ထိုးပြေးလာသော မျောက်ဝံခေါင်းဆောင်ကြီးသည် သူရှေ့တွင် မေဖန်းဝူဦးဆောင်သော ကျင့်ကြံသူအချို့ ပိတ်လျက်ကာဆီးနေသည်ကိုမြင်လျှင် စဉ်းလဲသည့်အပြုံးတစ်ခု ထင်ဟပ်လာပြီး သွားဖြဲလိုက်သည်။ အစွယ်များမှာ ဓားသွားပမာ ချွန်ထက်လှသည်။ ထို့နောက် မျောက်ဝံကြီးသည် မြေပြင်ကို အားနှင့် ထုချလိုက်ရာ ကျောက်သားပမာ မာကျောသည့် မြေပြင်သည် မို့မောက်ကွေးတက်လာပြီး ချိုင့်ကြီးများ ဖြစ်ပေါ်လာကြသည်။ တစ်ဆက်တည်းတွင် မျောက်ကြီး၏လက်ထဲတွင် ရွှေရောင်နှင့် အနက်ရောင် ရောနှောထားသော တုတ်ကြီးတစ်ချောင်း ရောက်လာပြီး လေတွင် အားကုန်ဝှေ့ယမ်းလိုက်ရာ တဝူးဝူးမြည်သံများပင် ထွက်ပေါ်လာတော့သည်။
ထို့နောက်တွင် ရုတ်တရက် တုတ်ကြီးကိုလွှဲ၍ မေဖန်းဝူ၏ဦးခေါင်းထက်သို့ အားကုန်ရိုက်ချလိုက်သည်။ ထိုစဉ် မေဖန်းဝူ၏ ရှေ့မှောက်တွင် ခြေသုံးချောင်းနှင့် လက်ကိုင်နှစ်ခု ပါဝင်သည့် ဒယ်စောက်နှစ်ခု ပေါ်လာပြီး မျက်လုံးပြာမျောက်ဝံကြီး လွှဲရိုက်လိုက်သည့် တုတ်ချက်ကို ထိပ်တိုက်ဆီးခံလိုက်သည်။ ထိုခဏတွင် မေဖန်းဝူ၏ ဒယ်စောက်မှာ သွက်သွက်ခါ တုန်ယင်သွားပြီး ဒယ်မျက်နှာပြင်ပေါ်ရှိ မှော်သင်္ကေတများသည်လည်း တုတ်ရိုက်ချက်၏ မယုံနိုင်စရာ ပြင်းထန်သည့် အင်အားတစ်ရပ်ကို အစွမ်းကုန်ခုခံနေရသည့် လက္ခဏာနှင့်အတူ တဖျတ်ဖျတ် လင်းချည်မှိတ်ချည် ဖြစ်နေသည်။ မေဖန်းဝူ၏ နွဲ့နှောင်းလှပသော ကိုယ်ဟန်မှာ ရုတ်တရက် ဟန်ချက်ပျက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူမမျက်နှာတွင် တုန်လှုပ်သည့် အရိပ်အယောင်များကို အတိုင်းသားမြင်နေရသည်။
ခေါင်းဆောင်မျောက်ဝံကြီး၏ စွမ်းအားကို လျှော့တွက်မိသည့်အတွက် မေဖန်းဝူတစ်ယောက် နောင်တနေမိသည်။ သို့သော် သည်အချိန်မျိုးရောက်မှတော့ နောက်ဆုတ်၍ မဖြစ်တော့ပေ။ မေဖန်းဝူသည် ငွေရောင်လခြမ်းကွေးတစ်ခုကို ဆင့်ခေါ်လိုက်ပြန်သည်။ အဆင့်၃ ဓမ္မရတနာဖြစ်သည့် ငွေရောင်လမင်းဘီး ပင်ဖြစ်သည်။ အဆိုပါလခြမ်းကွေးသည် လေထုထဲရှိ ချီဓာတ်များကို စုပ်ယူပြီး ငွေရောင်အမှုန်များအဖြစ် အသွင်ပြောင်းလျက်ရှိသည်။ ထို့နောက် အဆိုပါအမှုန်များကို လခြမ်းကွေးမှတဆင့် ရဟတ်ပမာ လည်ပတ်လျက် မျောက်ဝံကြီးထံသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်လည်း အခြားသော အဆင့်၃ မျောက်ဝံနှစ်ကောင်နှင့် တိုက်ခိုက်နေရသည်။
ကျန်းချန်ရွှမ်အနေနှင့် နားလည်မိသည်က သည်တစ်ခေါက် စစ်ဆင်ရေးအောင်မြင်မှုသည် လျှပ်စီးလေငှက်ခေါင်းဆောင်ထံ မျက်လုံးပြာမျောက်ဝံများ စစ်ကူရောက်မရောက်အပေါ် မူတည်လျက်ရှိပြီး သည်နတ်ဆိုးမျောက်ဝံများကို လျှပ်စီးလေငှက်များနှင့် မပူးပေါင်းမိစေရန် အစွမ်းကုန်တားဆီးရမည်ဖြစ်သည်။ လတ်တလောတွင် မျောက်ဝံခေါင်းဆောင်ကြီးကို ခုခံနေရသော မေဖန်းဝူမှာ အခြေအနေမကောင်းလှ၍ လက်ရှိရင်ဆိုင်နေရသော မျောက်ဝံနှစ်ကောင်ကို အမြန်ဆုံးရှင်းလင်းပြီး သူမကိုကူညီရပါမည်။
ဘုန်း!
ခေါင်းဆောင်မျောက်ဝံကဲ့သို့ပင် ကျန်းချန်ရွှမ်ရင်ဆိုင်နေသော မျောက်ဝံ၏လက်ထဲတွင် အနက်ရောင်တုတ်တစ်ချောင်း ရောက်လာပြီး ကျန်းချန်ရွှမ်၏ ခေါင်းကို အားကုန်လွှဲရိုက်လိုက်သည်။ ကျန်းချန်ရွှမ်လည်း လက်ကိုဝှေ့ယမ်းလိုက်ရာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး အဆင့် ၃ ဓမ္မရတနာ ပြဒါးနီမီးဓားကို ဆင့်ခေါ်လိုက်သည်။ ဓား၏ကိုယ်ထည်ပတ်လည်တွင် မီးစက်ကွင်းများ ပေါ်လာပြီး နောက်ဆုံးတွင် ချင်းချင်းနီသော အနီရောင်အလင်းတန်းကြီးအဖြစ် တစ်ဆင့်ချင်း အသွင်ကူးပြောင်းသွားကာ မျောက်ကြီး၏ တုတ်ရိုက်ချက်ကို ဆီးခံလိုက်သည်။
ဂျိန်း!
ပူပြင်းတောက်ပသည့် မီးလှိုင်းများ လှိမ့်ထွက်လာပြီး မီတာရာဂဏန်းရှိသည့် ဧရိယာတစ်ခုလုံးရှိ အရာအားလုံး ပြာကျသွားတော့သည်။ မျောက်ဝံကြီးသည် ကြောက်မက်ဖွယ်ဟိန်းဟောက်လိုက်ပြီး လျင်မြန်စွာ ခုန်ရှောင်လိုက်သည်။ ထို့နောက် အခြားလမ်းကြောင်းတစ်ခုမှ တစ်ဖန်ပြန်ဝင်လာပြီး ကျန်းချန်ရွှမ်ထံ ဦးတည်ပြေးဝင်လာသည်။
“သေပေတော့”
မျောက်ကြီးလက်ထဲရှိ တုတ်မှာ ပေတစ်ရာခန့်အထိ ဆန့်ထွက်သွားသည်။ ကျန်းချန်ရွှမ်မှာ သူ့ပတ်ပတ်လည်ရှိ အရာအားလုံးကို အနက်ရောင်တုတ်ကြီး၏ အရိပ်က အုပ်မိုးလိုက်သလို ခံစားလိုက်ရသည်။ အဆိုပါတုတ်ချက်ကို မည်သည့်နည်းနှင့်မျှ ရှောင်ရှားနိုင်မည့်ပုံ မပေါ်ပါ။ ထိုစဉ် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံသည် လက်ခနဲဖြစ်သွားပြီး နဂါးနှင့်ဆင် ပေါင်းစပ်သည့် ကြောက်မက်ဖွယ် အသွင်သဏ္ဌာန်ကြီးတစ်ခု သူ့ကိုယ်ထဲမှ နိုးထလာသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်ကိုင်ဆောင်ထားသော ပြဒါးနီမီးဓားသည် ပေတစ်ရာကျော် ဆန့် ထွက်သွားပြီး မျောက်ကြီး၏တုတ်ချက်ကို ရိုက်ထုတ်လိုက်သည်။
ဒုန်း!
မျောက်ဝံကြီး၏ အနက်ရောင်တုတ်ကြီးသည် မီတာရာဂဏန်းအထိ လွင့်စင်သွားသလို တုတ်ကိုကိုင်ထားသည့် မျောက်ဝံကြီး၏လက်တစ်ဖက်သည်ပင် ပြဒါးနီမီးဓား၏ အဟုန်ဟပ်မိပြီး ပြတ်ထွက်ပေါက်ကွဲသွားတော့သည်။
“အား ယားယား”
မျောက်ဝံကြီးသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ထိုအချိန်တွင် ရွှေအိုရောင် ဓားအလင်းတန်းတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် မျောက်ဝံကြီး၏ မျကခုံးနှစ်ဖက်အကြားက နဖူးတည့်တည့်နေရာတွင် စူးရှသော ဝေဒနာတစ်ရပ် ခံစားလိုက်ရပြီး မျောက်ကြီးသည် အသိစိတ်လွတ်ကာ သူ့မျက်လုံးထဲတွင် အမှောင်ထုကကြီးစိုးသွားတော့သည်။ အဆိုပါမြင်ကွင်းသည် မျောက်ဝံကြီး၏ ရှုထောင့်မှဖြစ်ပြီး ဘေးတွင်ရပ်ကြည့်နေသူများအနေနှင့် မျောက်ဝံကြီး၏ တုတ်မှာ ကျန်းချန်ရွှမ်၏ ဓားချက်ဖြင့် လွင့်ထွက်သွားပြီး မျောက်ကြီး၏ လက်တစ်ဖက်ပြတ်ထွက်သွားသည်။ ထို့နောက် မျောက်ဝံကြီး၏ မျက်ခုံးနှစ်ဖက်ကြားတွင် အပေါက်တစ်ခုပေါ်လာပြီး မျောက်ကြီးမှာ ရုတ်တရက်သေဆုံးသွားသည် ဟူ၍သာ မြင်ရမည်ဖြစ်သည်။
ဘေးတွင် ရပ်ကြည့်နေသူများမှာ မည်သို့မည်ပုံ ဖြစ်ပျက်လိုက်မှန်းမသိဘဲ အကြောင်သား ငေးမောလျက်ရှိကြစဉ် ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခု ကြားလိုက်ရ၍ အသံထွက်ပေါ်လာရာ အရပ်သို့ စောင်းငဲ့ကြည့်မိလိုက်ကြပြန်သည်။ အခြားသော အဆင့်၃ မျောက်ဝံတစ်ကောင်နှင့် တိုက်ခိုက်နေသော ရှန်းရူယန်သည်လည်း အသာစီးရလျက်ရှိပြီး လျှပ်စီးကြောင်းများ လူးလွန့်နေသော တံဆိပ်တစ်ခုကို ထိန်းချုပ်လျက် ရာပေါင်းများစွာသော လျှပ်စီးကြောင်းများကို မျောက်ဝံကြီးထံ ပစ်လွှတ်နေသည်။ မျောက်ဝံကြီးလည်း တတ်စွမ်းသမျှ ခုခံသော်လည်း များပြားလှသော လျှပ်စီးကြောင်းများ၏ ဖိအားကို မခံနိုင်တော့ဘဲ တစ်ကိုယ်လုံးမှာ မီးသွေးခဲပမာ မဲနက်သွားပြီး ပြိုလဲလုနီးနီးဖြစ်သွားသည်။ ထိုစဉ် ဓားအော်သံတစ်ခု ကြားလိုက်ရပြီး ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ် လျှပ်စီးဓားသည် မျောက်ဝံကြီး၏ ကိုယ်ပေါ်ကျရောက်သွားပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းတိတိ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကျန်းချန်ရွှမ်အနေနှင့် အဆင့် ၃ မျောက်ဝံကြီးကို သတ်ဖြတ်ပြလိုက်ခြင်းမှာ ကံကောင်းထောက်မ၍ဟု ဆိုကောင်းဆိုနိုင်မည်ဖြစ်သော်လည်း ရှန်းရူယန်၏ သတ်ဖြတ်မှုကတော့ ကံကောင်းသောကြောင့်ဟု ထင်ရက်စရာမရှိဘဲ သူမ၏မြင့်မားကြမ်းတမ်းသော စွမ်းအားကြောင့်ဟု အထင်းသား ပေါ်နေပါတော့သည်။ မျောက်ဝံခေါင်းဆောင်ကို အသည်းအသန်ခုခံနေရသော မေဖန်းဝူသည်ပင် အဆိုပါမြင်ကွင်းကို သတိပြုမိလိုက်သည်။
“တာအိုမိတ်ဆွေ ချန်ရွှမ်နဲ့ ရူယန်တို့ ကျွန်မကိုလာကူပါဦး”
တစ်ချိန်တည်းတွင် အဖော်နှစ်ကောင် သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသော ခေါင်းဆောင်မျောက်ဝံကြီးသည် ဒေါသတကြီးနှင့် ရင်ဘတ်ကို တဒုန်းဒုန်း ထုရိုက်လိုက်သည်။
“မင်းတို့သုံးယောက်လုံးကို သတ်ပစ်မယ်”
မျက်လုံးပြာမျောက်ဝံခေါင်းဆောင်ကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့လက်ထဲရှိ ရွှေရောင်နှင့် အနက်ရောင်ရောနှောထားသည့် ဧရာမတုတ်ကြီးထံမှ အလင်းလှိုင်းများ တရစပ်ထုတ်လွှတ်ပြီး မြန်ဆန်စွာ တုန်ခါယိမ်းထိုးလာသည်။ မြန်ဆန်လွန်းသော အဟုန်ကြောင့် တုတ်ကြီးထံမှ ရာပေါင်းများစွာသော အရိပ်များထွက်ပေါ်လာပြီး နောက်ဆုံးတွင် ပေတစ်ထောင်ကျော် ရှည်လျားသည့် တုတ်အရိပ်ကြီးအဖြစ် ပြောင်းလဲကာ မေဖန်းဝူကို အားကုန်ထုရိုက်လိုက်တော့သည်။
***