မျက်လုံးပြာဝိညာဉ်သူငယ်အိမ်
Vol. 8 Ch. 152
လေထုသည် ရုတ်တရက်ပေါက်ကွဲသွားသည်။ တုတ်ချက်မကျရောက်မီ မေဖန်းဝူမှာ အလွန်ပြင်းထန်သည့်ဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး သူမ၏ခြေအစုံသည် မြေကြီးထဲသို့ပင် နစ်မြုပ်သွားသည်။ ထို့နောက် မေဖန်းဝူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး ဒယ်စောင်ကို ခေါင်းပေါ်တင်၍ ကာကွယ်လိုက်သည်။ တစ်ချိန်တည်းတွင် လမင်းဘီးသည် ရုတ်တရက်လည်ပတ်လာပြီး ကောင်းကင်ထက်မှ ကျလာသော တုတ်ရိုက်ချက်ကို ပစ်တိုက်လိုက်ပြန်သည်။
ဂျိန်း!
ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မေဖန်းဝူရပ်နေသော မြေပြင်တစ်ခုလုံးသည် ပေအနည်းငယ်ခန့် နိမ့်ဆင်းသွားသည်။ ထိုစဉ်မှာပင် မျောက်ဝံကြီးသည် တုံ့နှေးခြင်းမရှိ နောက်ထပ်တစ်ကြိမ် တုတ်ကြီးဖြင့်ထုချလိုက်ပြန်သည်။ မနီးမဝေးရှိ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မှာ မေဖန်းဝူတစ်ယောက် အခြေအနေမကောင်းမှန်းသိ၍ ကူညီရန်ပြင်ဆင်လိုက်သည်။ ကျန်းချန်ရွှမ်၏အနောက်တွင် နဂါးနှင့် ဆင်ပုံရိပ်များ ထပ်မံထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်၏ မူလဓမ္မ ရတနာဖြစ်သည့် ရွှေဗလာနယ်ဓားကို အားဖြည့်ပေးလိုက်သည်။ ရွှေဗလာနယ်ဓားသည်လည်း နဂါးဆင်နတ်ဘုရားစွမ်းအားကြောင့် ပေရာဂဏန်းခန့် ရှည်ထွက်သွားပြီး မျောက်ကြီး၏ တုတ်ကို ဘေးတိုက်ရိုက်ချလိုက်သည်။
တစ်ချိန်တည်းတွင် ရှန်းရူယန်သည် ခရမ်းရောင်လျှပ်စီးကြောင်းများကို ဆင့်ခေါ်လိုက်ပြီး အဆိုပါလျှပ်စီးများကို နဂါးတစ်ကောင်အသွင် စုစည်းသိပ်သည်းလိုက်သည်။ တစ်ဆက်တည်းတွင် အလျှံတညီးညီး တောက်လောင်နေသော မီးလျှံများသည် လျှပ်စီးနဂါးကို အပေါ်မှထပ်၍ ကွပ်လိုက်ပြန်သည်။ မီးနှင့်လျှပ်စီးများ တစ်သားတည်း ပေါင်းစည်းမိပြီးနောက် ပေတစ်ရာကျော် ရှည်လျားသည့် ခရမ်းရောင်ဓားပျံကြီးအဖြစ်ပြောင်းလဲသွားသည်။ ရှန်း ရူယန်၏ အဆင့် ၃ နတ်ဘုရားစွမ်းအားဖြစ်သည့် ခရမ်းရောင်လျှပ်စီးမီးလျှံဓားပင်ဖြစ်သည်။ ထို့နောက် အဆိုပါဓားပျံကြီးသည် မျောက်ဝံကြီး၏ တုတ်အရိပ်ထံသို့ ပစ်ဝင်သွားသည်။
အဆက်မပြတ် ပေါက်ကွဲသံများ ဆင့်ကဲထွက်ပေါ်လာပြီးနောက် မျောက်ဝံကြီး၏ တုတ်ချက်ကြောင့် ကျန်းချန်ရွှမ်၏ ဓားအလင်းတန်း၊ ရှန်းရူယန်၏ မီးလျှံနှင့် လျှပ်စီးများမှာ ရုတ်တရက်ကျေပျက်သွားတော့သည်။ ကျန်းချန်ရွှမ်မှာ အနောက်သို့လွင့်ထွက်သွားပြီး အဝေးမှာတောင်တစ်လုံးနှင့် ပစ်ဆောင့်မိရာ တောင်ကြီးတစ်ခုလုံး ကျေမွသွားသည်။ ရှန်းရူယန်သည်လည်း လွင့်ထွက်သွားသော်လည်း ကျန်းချန်ရွှမ်ကဲ့သို့ ထိခိုက်ခြင်းမရှိပါ။ ကျန်းချန်ရွှမ်တို့၏ ကြားဝင်ဟန့်တားမှု မအောင်မြင်သော်လည်း မေဖန်းဝူအပေါ် ကျဆင်းလာသည့် တုတ်ချက်ဖိအားမှာ အတော်အတန် လျော့ကျသွားသည်။
မေဖန်းဝူက သတိမလွတ်ဘဲ ဒယ်စောက်ကို မြှင့်တင်လိုက်ပြီး တုတ်ချက်ကို နောက်ဆုံးအကြိမ် ခုခံလိုက်သည်။ မျက်လုံးပြာမျောက်ဝံခေါင်းဆောင်ကြီးသည် ကျီဖုနယ်ပယ် နောက်ဆုံးအဆင့်ကို ဝင်ရောက်လုနီးပါးဖြစ်နေသည့် လူသားကျင့်ကြံသူတစ်ဦးနှင့် အဆင့်တူသောကြောင့် ကျန်းချန်ရွှမ်တို့အဖို့ အလွန်ခက်ခဲသည့် ရန်သူဟု ဆိုရမည်။ သူတို့နှစ်ဦးစလုံး အစွမ်းကုန်သုံး၍ ဟန့်တားရန် ကြိုးပမ်းသော်လည်း မျောက်ဝံကြီး၏ တုတ်ချက်ကို အပြည့်အဝ ခုခံနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် သုံးဦးပေါင်း၍ တိုက်ခိုက်ရန် စုဖွဲ့လိုက်သည်။ အဆိုပါမြင်ကွင်းကိုကြည့်ရင်း မျောက်ဝံကြီးသည် အံကိုကြိတ်လိုက်သည်။
သူ၏လက်ရှိအဆင့်ဖြင့် ကျန်းချန်ရွှမ်တို့သုံးဦးစလုံးနှင့် တိုက်ပွဲဝင်ရန် မဖြစ်နိုင်သေးပါ။ ထို့အပြင် ကျီဖုနယ်ပယ် အလယ်အဆင့်နှင့် နောက်ဆုံးအဆင့်ကျင့်ကြံသူနှစ်ဦးလည်း ရှိနေသေးသည်လေ။ ထိုအတွေးကြောင့် မျောက်ဝံကြီးသည် ဆက်လက်မတိုက်ခိုက်လိုတော့ဘဲ ဆုတ်ခွာရန်ကြံစည်လိုက်သည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ နာကျင်စွာ အော်ဟစ်လိုက်သံကြီးကို သူတို့အားလုံးကြားလိုက်ရသည်။ ရှန်းယွမ်လုံနှင့် လုအော်ရင်ယွဲတို့ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခြင်းကို အလူးအလဲခံနေရသည့် လျှပ်စီးလေငှက်ခေါင်းဆောင်သည် နောက်ဆုံးတွင် လုအော်ရင်ယွဲ့၏ဓားချက်မိသွားသည်။ ဥချပြီးသည်မှာ မကြာသေး၍ လျှပ်စီးလေငှက်ကြီးသည် အားအင်ကုန်ခန်းလျက်ရှိသဖြင့် သူတို့နှစ်ဦးအတွက် အခွင့်သာသွားခြင်းဖြစ်သည်။
ရှန်းယွမ်လုံက ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ စကြဝဠာဗလာနယ်ဓားကို အလင်းတန်းအသွင်ပြောင်းပြီး လျှပ်စီးလေငှက်ကြီး၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်တော့သည်။ ငှက်ကြီးလည်း နာကျင်စွာ အော်ဟစ်ကာ မြေပြင်ထက်သို့ နိမ့်ဆင်းသွားတော့သည်။ အဆိုပါမြင်ကွင်းကြောင့် မျောက်ဝံကြီးသည်လည်း အလျင်အမြန် ဆုတ်ခွာသွားတော့သည်။ မကြာခင် ငှက်ကြီးသေဆုံးတော့မည်ကို မျောက်ဝံကြီးသိရှိလိုက်ပြီဖြစ်၍ ညှပ်ပူးညှပ်ပိတ် အတိုက်မခံရရန် အချိန်မီဆုတ်ခွာရန် ကြိုးစားသည်။ သို့သော် ကျန်းချန်ရွှမ်တို့သုံးဦးက အလွတ်မပေးလိုပါ။ မျောက်ဝံကြီးလွတ်သွားပါက အနာဂတ်တွင် ဒုက္ခကောင်းကောင်းပေးနိုင်သည်ကို သူတို့အားလုံး နားလည်ပြီးဖြစ်သည်။
ထို့ကြောင့် မျောက်ဝံကြီးကိုပါ တစ်ပါတည်း ကိစ္စတုံးရန် ပြင်ဆင်လိုက်သည်။ ထွက်ပြေးနေသော မျောက်ဝံကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး တုတ်ကိုမြှောက်လိုက်သည်။ သူပြေးနေသည့် လမ်းကြောင်းတည့်တည့်တွင် လမင်းဘီးက ဆီးကြိုလျက်ရှိသလို သူ့အနောက်တွင်လည်း ရောင်စဉ်ငါးသွယ် လျှပ်စီးဓားပျံက အရိပ်ပမာ လိုက်လျက်ရှိသည်။
“မင်းတို့သေချင်နေပြီ”
မျောက်ဝံကြီးသည် ဒေါသတကြီး မြည်တမ်းလိုက်ပြီး တုတ်ကြီးကို အားကုန်ဝှေ့ယမ်းလိုက်ရာ သတ္တုချင်းထိခတ်သည့် အသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မျောက်ဝံကြီးမှာ ဒေါသကြီးသထက်ကြီးလာသည်။ ဆုတ်ခွာရန် အချိန်နှောင့်နှေးလေလေ သူ့အတွက် အန္တရာယ်များလေလေ ဖြစ်ကြောင်းကို ရိပ်မိလိုက်သည့် မျောက်ဝံကြီးသည် ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
“ငါ့ကို ရွေးစရာမရှိအောင် ဖိအားပေးနေတာပဲ”
ထိုခဏတွင် မျောက်ဝံကြီး၏ မျက်နှာမှာ ခက်ထန်ကြမ်းကြုတ်သည့် အသွင်ပြောင်းသွားပြီး မျက်လုံးအစုံမှာလည်း တစ်ပြင်လုံး ပင်လယ်ပြာရောင်ပြောင်းသွားတော့သည်။ တစ်ချိန်တည်းတွင် အလွန်သိပ်သည်းပြင်းထန်သည့် အားလှိုင်းတစ်ခုဖြစ်ပေါ်လာသည်။ မျောက်ဝံကြီးအနီးရှိ မေဖန်းဝူမှာ အဆိုပါမြင်ကွင်းကြောင့် ငေးငိုင်သွားသလို လှုပ်ရှားမှုသည်လည်း နှေးကွေးသွားသည်။
“တာအိုမိတ်ဆွေမေ သတိထား၊ မျက်လုံးပြာဝိညာဉ်သူငယ်အိမ် နတ်ဘုရားစွမ်းအားပဲ”
ရှန်းရူယန်က အော်ဟစ်သတိပေးလိုက်သော်လည်း အချိန်နှောင်းသွားသည်။ မေဖန်းဝူမှာ ဝိညာဉ်သူငယ်အိမ်၏ ဖမ်းစားမှုကိုခံရပြီး ပုံရိပ်ထောင်ချောက်အတွင်းသို့ ကျရောက်သွားသည်။ ထိုအခါ မျောက်ဝံကြီးသည် သွားဖြဲ၍ ပြုံးလိုက်ပြီး ရွှေနက်ရောင်တုတ်ကြီးဖြင့် မေဖန်းဝူကို အားကုန်လွှဲရိုက်လိုက်သည်။ တုတ်ကြီး၏ အရှိန်ကြောင့် မေဖန်းဝူ၏ ဦးခေါင်းမှာ တစ်စစီ ကွဲကြေတော့မည်မှာ သေချာသလောက်ဖြစ်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ လင်းလက်သွားပြီး လက်ကိုမြှောက်လျက် တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်သည်။ ကောင်းကင်ထက်မှ ပေရာပေါင်းများစွာမြင့်သော တောင်ကြီးတစ်လုံး ကျဆင်းလာတော့သည်။
***