← Chapters

မျက်လုံး​ပြာ​ဝိညာဉ်​သူငယ်​အိမ်

Vol. 8 Ch. 152

မျက်လုံး​ပြာ​ဝိညာဉ်​သူငယ်​အိမ်

Vol. 8 Ch. 152

လေထုသည် ရုတ်တရက်​ပေါက်​ကွဲသွားသည်။ တုတ်​ချက်​မကျရောက်မီ မေဖန်းဝူမှာ အလွန်​ပြင်းထန်​သည့်​ဖိအား​တစ်ရပ်​ကို ခံစား​လိုက်​ရပြီး သူမ၏ခြေအစုံသည် မြေကြီးထဲသို့ပင် နစ်မြုပ်​သွားသည်။ ထို့နောက်​ မေဖန်းဝူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး ဒယ်စောင်ကို ခေါင်း​ပေါ်​တင်၍ ကာကွယ်​လိုက်​သည်။ တစ်ချိန်​တည်း​တွင်​ လမင်းဘီးသည် ရုတ်တရက်​လည်ပတ်​လာပြီး​ ကောင်း​ကင်​ထက်​မှ ကျလာ​သော တုတ်ရိုက်ချက်ကို ပစ်​တိုက်​လိုက်​ပြန်​သည်။

ဂျိန်း!

ဖုန်မှုန့်​တိမ်​တိုက်​ကြီး​တစ်ခု​ ဖြစ်​ပေါ်​လာပြီး​ မေဖန်းဝူ​ရပ်​နေသော မြေပြင်​တစ်ခု​လုံး​သည် ပေ​အနည်း​ငယ်​ခန့်​ နိမ့်​ဆင်း​သွားသည်။ ထိုစဉ်​မှာပင်​ မျောက်ဝံ​ကြီး​သည် တုံ့နှေး​ခြင်း​မရှိ နောက်​ထပ်​တစ်ကြိမ်​ တုတ်​ကြီး​ဖြင့်​ထုချလိုက်ပြန်သည်။ မနီးမဝေးရှိ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ မှာ မေဖန်းဝူ​တစ်ယောက် အခြေအနေ​မကောင်း​မှန်းသိ၍ ကူညီ​ရန်​ပြင်ဆင်လိုက်​သည်။ ကျန်း​ချန်​ရွှမ်​၏အနောက်​တွင် နဂါး​နှင့် ​ဆင်​ပုံရိပ်များ ထပ်မံထွက်ပေါ်​လာပြီး ကျန်း​ချန်​ရွှမ်၏ မူလ​ဓမ္မ ရတနာ​ဖြစ်သည့် ရွှေ​ဗလာ​နယ်​ဓားကို အားဖြည့်​ပေးလိုက်​သည်။ ရွှေ​ဗလာ​နယ်​ဓားသည်​လည်း နဂါး​ဆင်​နတ်​ဘုရား​စွမ်းအားကြောင့် ပေ​ရာဂဏန်းခန့် ရှည်​ထွက်​သွားပြီး မျောက်​ကြီး၏ တုတ်​ကို​ ဘေးတိုက်ရိုက်​ချလိုက်​သည်။

တစ်ချိန်​တည်းတွင်​ ရှန်း​ရူယန်သည် ခရမ်းရောင်​လျှပ်​စီး​ကြောင်း​များ​ကို ဆင့်ခေါ်​လိုက်​ပြီး​ အဆိုပါ​လျှပ်​စီး​များ​ကို နဂါး​တစ်​ကောင်​အသွင်​ စုစည်း​သိပ်​သည်း​လိုက်သည်။ တစ်ဆက်တည်း​တွင်​ အလျှံ​တ​ညီး​ညီး တောက်​လောင်​နေသော မီးလျှံ​များ​သည် လျှပ်စီးနဂါးကို အပေါ်​မှထပ်၍ ကွပ်လိုက်ပြန်သည်။ မီး​နှင့်​လျှပ်​စီးများ တစ်​သား​တည်း​ ပေါင်း​စည်းမိပြီးနောက် ပေတစ်ရာကျော် ရှည်လျား​သည့်​ ခရမ်း​ရောင်​ဓား​ပျံကြီးအဖြစ်​ပြောင်း​လဲ​သွား​သည်။ ရှန်း ရူယန်၏ အဆင့် ၃ နတ်​ဘုရား​စွမ်းအား​ဖြစ်သည့် ခရမ်းရောင်​လျှပ်​စီး​မီးလျှံ​ဓားပင်ဖြစ်သည်။ ထို့နောက်​ အဆိုပါဓားပျံကြီးသည် မျောက်ဝံ​ကြီး၏ တုတ်အရိပ်​ထံသို့ ပစ်​ဝင်​သွားသည်။

အဆက်​မပြ​တ် ပေါက်​ကွဲ​သံများ ဆင့်ကဲ​ထွက်​ပေါ်လာပြီးနောက် မျောက်ဝံ​ကြီး၏ တုတ်ချက်​ကြောင့် ကျန်း​ချန်​ရွှမ်၏ ဓား​အလင်း​တန်း၊ ရှန်း​ရူယန်၏ မီးလျှံ​နှင့်​ လျှပ်စီးများမှာ ရုတ်တရက်​ကျေပျက်သွားတော့သည်။ ကျန်း​ချန်​ရွှမ်​မှာ အနောက်​သို့​လွင့်ထွက်သွားပြီး အဝေး​မှာတောင်​တစ်​လုံး​နှင့် ပစ်ဆောင့်မိရာ တောင်​ကြီး​တစ်ခု​လုံး​ ကျေမွသွားသည်။ ရှန်းရူယန်​သည်​လည်း​ လွင့်ထွက်သွားသော်လည်း ကျန်း​ချန်​ရွှမ်ကဲ့သို့ ထိခိုက်​ခြင်း​မရှိပါ။ ကျန်း​ချန်​ရွှမ်တို့၏ ကြား​ဝင်​ဟန့်တားမှု မအောင်မြင်သော်လည်း မေဖန်းဝူအပေါ် ကျဆင်း​လာ​သည့် တုတ်​ချက်​ဖိအား​မှာ အတော်​အတန် လျော့ကျသွားသည်။

မေဖန်းဝူက သတိမလွတ်ဘဲ ဒယ်​စောက်ကို မြှင့်​တင်လိုက်ပြီး တုတ်​ချက်​ကို နောက်ဆုံးအကြိမ်​ ခုခံ​လိုက်​သည်။ မျက်​လုံး​ပြာ​မျောက်ဝံ​ခေါင်း​ဆောင်​ကြီး​သည် ကျီဖုနယ်ပယ်​ နောက်ဆုံး​အဆင့်ကို ဝင်ရောက်​လုနီးပါး​ဖြစ်​နေသည့် လူသား​ကျင့်ကြံသူ​တစ်ဦး​နှင့်​ အဆင့်​တူ​သောကြောင့်​ ကျန်း​ချန်​ရွှမ်​တို့​အဖို့ အလွန်​ခက်​ခဲသည့် ရန်သူ​ဟု ဆိုရမည်။ သူတို့​နှစ်ဦး​စလုံး​ အစွမ်း​ကုန်​သုံး၍ ဟန့်တားရန် ကြိုး​ပမ်း​သော်လည်း​ မျောက်ဝံကြီး၏ တုတ်​ချက်​ကို အပြည့်အဝ ခုခံ​နိုင်​ခြင်း​မရှိခဲ့ပါ။ ထို့​ကြောင့်​ သုံး​ဦး​ပေါင်း၍ တိုက်ခိုက်​ရန်​ စုဖွဲ့​လိုက်သည်။ အဆိုပါ​မြင်​ကွင်း​ကို​ကြည့်ရင်း​ မျောက်ဝံ​ကြီး​သည် အံကိုကြိတ်လိုက်သည်။

သူ၏လက်ရှိ​အဆင့်​ဖြင့်​ ကျန်း​ချန်​ရွှမ်​တို့​သုံးဦး​စလုံး​နှင့်​ တိုက်​ပွဲ​ဝင်​ရန် မဖြစ်​နိုင်​သေးပါ။ ထို့အပြင် ကျီဖုနယ်ပယ်​ အလယ်​အဆင့်နှင့် နောက်ဆုံး​အဆင့်​ကျင့်ကြံသူနှစ်ဦးလည်း ရှိနေ​သေး​သည်လေ။ ထိုအတွေးကြောင့် မျောက်ဝံ​ကြီး​သည် ဆက်လက်​မတိုက်ခိုက်လိုတော့ဘဲ ဆုတ်ခွာ​ရန်​ကြံစည်​လိုက်​သည်။ ထို​အချိန်​တွင် အဝေး​တစ်​နေရာ​မှ နာကျင်​စွာ အော်​ဟစ်​လိုက်​သံကြီးကို သူတို့​အားလုံး​ကြားလိုက်​ရသည်။ ရှန်း​ယွမ်လုံ​နှင့်​ လုအော်ရင်ယွဲတို့ ညှပ်​ပူး​ညှပ်​ပိတ်​တိုက်​ခိုက်​ခြင်း​ကို အလူးအလဲခံနေရသည့် လျှပ်စီးလေငှက်​ခေါင်း​ဆောင်သည် နောက်ဆုံး​တွင်​ လုအော်ရင်ယွဲ့၏ဓားချက်မိသွားသည်။ ဥချပြီးသည်မှာ မကြာ​သေး၍ လျှပ်စီးလေငှက်ကြီးသည် အား​အင်​ကုန်​ခန်း​လျက်​ရှိ​သဖြင့်​ သူတို့​နှစ်ဦး​အတွက်​ အခွင့်သာသွား​ခြင်းဖြစ်သည်။

ရှန်း​ယွမ်​လုံက ထို​အခွင့်အရေးကို လက်​လွတ်​မခံဘဲ စကြဝဠာ​ဗလာနယ်ဓားကို အလင်းတန်းအသွင်ပြောင်းပြီး လျှပ်​စီး​လေငှက်ကြီး၏ ဝမ်း​ဗိုက်​ကို ထိုးဖောက်လိုက်တော့သည်။ ငှက်​ကြီး​လည်း​ နာကျင်​စွာ အော်​ဟစ်​ကာ မြေပြင်​ထက်​သို့​ နိမ့်​ဆင်း​သွား​တော့သည်။ အဆိုပါ​မြင်​ကွင်း​ကြောင့် မျောက်ဝံ​ကြီးသည်​လည်း အလျင်အမြန်​ ဆုတ်ခွာ​သွား​တော့သည်။ မကြာ​ခင်​ ငှက်​ကြီး​သေဆုံး​တော့မည်ကို မျောက်ဝံ​ကြီး​သိရှိ​လိုက်ပြီဖြစ်၍ ညှပ်​ပူး​ညှပ်​ပိတ်​ အ​တိုက်​မခံရရန် အချိန်​မီ​ဆုတ်​ခွာရန် ကြိုး​စား​သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တို့​သုံးဦး​က အလွတ်​မပေး​လိုပါ။ မျောက်ဝံ​ကြီး​လွတ်သွားပါက အနာ​ဂတ်တွင် ဒုက္ခ​ကောင်း​ကောင်း​ပေးနိုင်သည်ကို သူတို့​အားလုံး​ နားလည်​ပြီး​ဖြစ်​သည်။

ထို့​ကြောင့်​ မျောက်ဝံ​ကြီး​ကိုပါ​ တစ်ပါတည်း​ ကိစ္စ​တုံး​ရန်​ ပြင်ဆင်​လိုက်​သည်။ ထွက်ပြေးနေ​သော​ မျောက်​ဝံကြီးသည် ကျယ်​လောင်​စွာ​ ဟိန်း​ဟောက်​လိုက်​ပြီး တုတ်ကိုမြှောက်လိုက်သည်။ သူပြေးနေသည့် လမ်း​ကြောင်း​တည့်တည့်တွင် လမင်း​ဘီးက ဆီးကြို​လျက်ရှိ​သလို သူ့အနောက်တွင်လည်း ရောင်​စဉ်​ငါး​သွယ် လျှပ်​စီး​ဓား​ပျံက အရိပ်ပမာ​ လိုက်​လျက်​ရှိ​သည်။

“မင်း​တို့​သေချင်နေပြီ”

မျောက်ဝံ​ကြီးသည် ဒေါသ​တကြီး မြည်​တမ်း​လိုက်​ပြီး တုတ်​ကြီးကို အားကုန်​ဝှေ့ယမ်းလိုက်​ရာ သတ္တု​ချင်း​ထိခတ်သည့် အသံများ အဆက်​မပြတ်ထွက်ပေါ်လာသည်။ မျောက်ဝံကြီး​မှာ ဒေါသကြီးသထက်ကြီးလာသည်။ ဆုတ်​ခွာ​ရန် အချိန်​နှောင့်နှေးလေလေ သူ့​အတွက် အန္တရာယ်​များ​လေလေ ဖြစ်​ကြောင်း​ကို​ ရိပ်မိ​လိုက်​သည့် မျောက်ဝံ​ကြီး​သည် ဒေါသ​တကြီး ကြိမ်း​ဝါးလိုက်သည်။

“ငါ့​ကို​ ရွေး​စရာ​မရှိအောင် ဖိအားပေး​နေတာပဲ”

ထို​ခဏတွင် မျောက်ဝံ​ကြီး​၏ မျက်နှာ​မှာ ခက်​ထန်ကြမ်းကြုတ်သည့် အသွင်ပြောင်းသွားပြီး​ မျက်လုံး​အစုံမှာလည်း တစ်ပြင်​လုံး​ ပင်​လယ်​ပြာ​ရောင်​ပြောင်း​သွားတော့သည်။ တစ်ချိန်​တည်း​တွင်​ အလွန်​သိပ်​သည်း​ပြင်း​ထန်​သည့် အား​လှိုင်း​တစ်ခု​ဖြစ်​ပေါ်​လာ​သည်။ မျောက်ဝံ​ကြီး​အနီး​ရှိ မေဖန်းဝူ​မှာ အဆိုပါ​မြင်​ကွင်း​ကြောင့်​ ငေးငိုင်သွားသလို လှုပ်ရှားမှုသည်​လည်း​ နှေး​ကွေး​သွားသည်။

“တာအို​မိတ်ဆွေ​မေ သတိထား၊ မျက်လုံး​ပြာ​ဝိညာဉ်​သူငယ်​အိမ်​ နတ်​ဘုရား​စွမ်းအား​ပဲ”

ရှန်းရူယန်က အော်​ဟစ်​သတိပေး​လိုက်​သော်လည်း​ အချိန်​နှောင်း​သွားသည်။ မေဖန်းဝူမှာ​ ဝိညာဉ်​သူငယ်​အိမ်၏ ဖမ်း​စား​မှုကိုခံရပြီး ပုံရိပ်​ထောင်​ချောက်​အတွင်း​သို့ ကျရောက်သွားသည်။ ထိုအခါ မျောက်ဝံ​ကြီး​သည် သွား​ဖြဲ၍ ပြုံး​လိုက်ပြီး ရွှေနက်ရောင်တုတ်​ကြီး​ဖြင့်​ မေဖန်းဝူကို အားကုန်​လွှဲရိုက်လိုက်သည်။ တုတ်​ကြီး၏ အရှိန်ကြောင့် မေဖန်းဝူ၏ ဦးခေါင်း​မှာ တစ်စစီ ကွဲကြေ​တော့မည်မှာ သေချာ​သလောက်​ဖြစ်သည်။ ထို​အချိန်​တွင် ကျန်းချန်​ရွှမ်၏ မျက်လုံး​အစုံမှာ လင်း​လက်​သွား​ပြီး လက်​ကို​မြှောက်​လျက်​ တစ်စုံ​တစ်​ခုကို ပစ်​လွှတ်​လိုက်​သည်။ ကောင်း​ကင်​ထက်မှ ပေရာပေါင်းများစွာမြင့်သော တောင်​ကြီး​တစ်လုံး​ ကျဆင်း​လာ​တော့​သည်။

***

All Chapters