သစ်သားဓာတ်ဝိညာဉ်သွေးကြော
Vol. 8 Ch. 153
တောင်ကြီး၏အထွတ်တစ်နေရာမှ နတ်ဘုရားအလင်းတန်းတစ်ခု ဖွဲ့တည်လာပြီး ရွှေနက်ရောင်တုတ်ကြီးထံ ပစ်ဝင်လာသည်။ မေဖန်းဝူ၏ ဦးခေါင်းကို ရိုက်ခွဲတော့မည့် တုတ်ကြီးသည် ဟန်ချက်ပျက် ယိမ်းယိုင်ကာ မြေပေါ်သို့ ကျဆင်းသွားတော့သည်။ မျောက်ဝံကြီးလည်း အဆိုပါမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီးနောက်တွင် တစ်စုံတစ်ခုကို နားလည်သွားဟန်နှင့် ရေရွတ်လိုက်သည်။
“အစွန်းနှစ်ဖက် နတ်ဘုရားအလင်းတော်”
ထိုအချိန်တွင် မျောက်ဝံကြီး၏ ဦး ခေါင်းအထက် တစ်နေရာမှ ဧရာမပိုက်ကွန်ကြီးတစ်ခု ကျဆင်းလာပြီး မျောက်ကြီးကို တုပ်နှောင်ဖမ်းဆီးလိုက်သည်။ ပိုက်ကွန်ရှိ လျှပ်စီးကြောင်း၏ ဖိအားကြောင့် မျောက်ဝံကြီးမှာ မလူးသာမလွန့်သာ ဖြစ်နေစဉ် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားနှင့် ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ်လျှပ်စီးဓားတို့သည် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို တစ်ချိန်တည်းတွင် ပြိုင်တူထိုးဖောက်လိုက်ကြတော့သည်။ မျောက်ဝံကြီးလည်း နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ယင်း၏မျက်လုံးပြာများတွင်လည်း သွေးကြောများပင် ယှက်သန်းလာတော့သည်။ ထို့နောက် ကျန်းချန်ရွှမ်တို့ နှစ်ဦးကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး
“မင်းတို့နှစ်ယောက်စလုံးကို သတ်ပစ်မယ်”
ထို့နောက် သူ၏ခန္ဓာကိုယ်ကြီးသည် အလင်းတန်းပမာ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားသည်။
“သတိထား”
မိုးခြိမ်းသံတစ်ခုပေါ်လာပြီး ကျန်းချန်ရွှမ်ကို အုပ်မိုးထားသည့် နဂါးဆင်ပုံရိပ်နှင့် ရှန်းရူယန်၏ ခရမ်းရောင်လျှပ်စီးမီးလျှံတို့မှာ ချေမွခံလိုက်ရသည်။ သို့သော် အဆိုပါတိုက်ခိုက်မှုကြောင့် မျောက်ဝံကြီးမှာ မြင်ကွင်းရှေ့ ပြန်ပေါ်လာရသည်။ မျောက်ဝံကြီးက နောက်ထပ်တိုက်ခိုက်ဦးမည်အလုပ်တွင် ငွေရောင်လမင်းဘီးသည် ဒလက်ပမာ လည်ပတ်လျက် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို မွေ့ယမ်းတိုက်ခိုက်လိုက်ရာ ခန္ဓာကိုယ်ကြီးတွင် ပြတ်ရှရာများ ပေါ်လာပြီး သွေးများစီးကျလာတော့သည်။ ပုံရိပ်ထောင်ချောက်မိသွားသော မေဖန်းဝူမှာ ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။
အခြေအနေပြောင်းလဲသွားကြောင်း ရိပ်စားမိသည့် မျောက်ဝံကြီးမှာ တုန်လှုပ်စပြုလာသည်။ ဒေါသကြောင့် ခေတ္တပျောက်ဆုံးသွားသည့် ဆင်ခြင်တုံတရား ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ ထိုစဉ်မှာပင် အဝေးတစ်နေရာမှ အသံနက်ကြီးတစ်ခု ကြားလိုက်ရသည်။ လျှပ်စီးလေငှက်ကြီး၏ ခေါင်းဆောင်မှာ လုအော်ရင်ယွဲ့၏ လက်ချက်ဖြင့် ခေါင်းပြတ်သွားပြီး ခန္ဓာကိုယ်ကြီးသည်လည်း မြေပြင်ထက်သို့ ကျဆင်းသွားသည်။ လျှပ်စီးလေငှက်များ အားလုံးသည်လည်း ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ မျောက်ဝံကြီးလည်း လန့်ဖျတ်သွားကာ ရှိသမျှအားအင် အကုန်ထုတ်၍ ကိုယ်လွတ်ရုန်းပြေးတော့သည်။ သို့သော် ဆည်းဆာပန်းချီကားကြီးက သူ့ပြေးလမ်းကြောင်းတွင် ဆီးကြိုလျက်ရှိပြီး ပန်းချီကားအလယ်မှ ချီစွမ်းအင်မြစ်ကြီးတစ်စင်း စီးထွက်လာပြီး မျောက်ကြီးကို လွှမ်းခြုံသွားတော့သည်။
ခေတ္တမျှကြာပြီးနောက် မျောက်ဝံခေါင်းဆောင်ကြီး၏ အသက်မဲ့ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ လဲပြိုသွားတော့သည်။ နောက်ဆုံးတွင် နတ်ဆိုးသားရဲကပ်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော မျောက်ဝံကြီးမှာ ရှန်းယွမ်လုံ၊ လုအော်ရင်ယွဲ့၊ ကျန်းချန်ရွှမ်နှင့် ကျန်လူများ၏ ဝိုင်းဝိုင်းတိုက်ခိုက်မှုကြောင့် ဇီဝိန်ကြွေသွားတော့သည်။ လျှပ်စီးလေငှက်ခေါင်းဆောင်၊ မျောက်ဝံခေါင်းဆောင်နှင့် အခြား အဆင့်၃ မျောက်ဝံနှစ်ကောင်ကို ရှင်းလင်းပြီးနောက်တွင် ကျန်ရှိနေသော အဆင့်နိမ့်သားရဲများမှာ သူတို့အတွက် ပြဿနာမဟုတ်တော့ပါ။ ကိစ္စအားလုံးရှင်းလင်းပြီးသောအခါ လုအော်ရင်ယွဲ့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို ကျေးဇူးတင်စကားဆိုသည်။
“အကြီးအကဲမေဆီက ဖြစ်ပျက်သမျှအားလုံးကြားပြီးပါပြီ၊ မင်းတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် သူအသက်ရှင်နိုင်မှာ မဟုတ်ဘူး”
တစ်ချိန်တည်းတွင် ရှန်းယွမ်လုံနှင့် မေဖန်းဝူအပါအဝင် လော့ရှားမန်ဂိုဏ်းဝင်အားလုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ပွဲဝင်စွမ်းရည်ကို ကြည့်ပြီး မှင်သက်နေမိကြသည်။ အဆိုပါစုံတွဲမှာ ကျီဖုနယ်ပယ် ဒုတိယအဆင့်သာ ရှိသော်လည်း သူတို့၏စွမ်းအားမှာ ထင်ထားသည်ထက် များစွာသာလွန်နေသည် မဟုတ်ပါလား။ ကျန်းချန်ရွှမ်က ပြုံးလျက်
“ကျုပ်တို့က မဟာမိတ်တွေဆိုတော့ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ရမှာပေါ့”
လုအော်ရင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး
“ဘာပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းက မင်းတို့ကို အကြွေးတင်သွားပြီ၊ ဒီတစ်ခါရမဲ့ အကျိုးအမြတ်ထဲက ၂၀% ကို မင်းတို့ယူပါ၊ တာအိုမိတ်ဆွေ ယွမ်လုံနဲ့ အကြီးအကဲမေတို့ ကန့်ကွက်စရာရှိလား”
နှစ်ဦးစလုံးခေါင်းခါပြသည်။ ရှန်းယွမ်လုံမှာ ကျန်းချန်ရွှမ်တို့၏ ဘိုးဘေးဖြစ်ပြီး မေဖန်းဝူမှာလည်း ကျန်းချန်ရွှမ်တို့ ကယ်တင်၍သာ အသက်ရှင်ရသူဖြစ်သောကြောင့် လုအော်ရင်ယွဲ့၏ အဆိုကို သဘာဝကျစွာ လက်ခါလိုက်ကြသည်။
“ဒါဖြင့် ဒီကိစ္စကို အတည်ပြုလိုက်ပြီ”
ထို့နောက်တွင် လုအော်ရင်ယွဲ့က ဦးဆောင်ပြီး သည်တစ်ခေါက်စစ်ဆင်ရေး၏ ရည်ရွယ်ချက်ဖြစ်သည့် သစ်သားသွေးကြောရှိရာသို့ ဆက်လက်ခရီးနှင်ကြသည်။ တောင်ကြားဒေသ၏ အတွင်းနက်နက်အထဲထိ ခရီးဆက်လိုက်ကြပြီး တစ်နေရာအရောက်တွင် ရပ်တန့်လိုက်ကြသည်။ လုအော်ရင်ယွဲ့က ပြုံးလိုက်ပြီး အစီအရင်အလံအချို့ကို ပစ်သွင်းလိုက်သည်။ သူတို့ရှေ့မှောက်ရှိ လေထုထဲတွင် လှိုင်းကြက်ခွပ်အသွင် စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးနောက် သိပ်သည်းသော သစ်သားဓာတ် အော်ရာတစ်မျိုး ထုတ်လွှင့်နေသည့် တံခါးတစ်ချပ်ပေါ်လာတော့သည်။ အဆင့်၃ သစ်သားသွေးကြော ပင်ဖြစ်သည်။
ကျန်းချန်ရွှမ်တို့အားလုံးလည်း အတိုင်းမသိ ဝမ်းသာသွားကြသည်။ ထိုအခါ လုအော်ရင်ယွဲ့က
“ကျွန်မ ဒီသွေးကြောကို မတော်တဆ တွေ့ခဲ့တုန်းက အကာအရံ အစီအရင်တချို့ စိုက်ထူထားခဲ့တယ်။ လျှပ်စီးလေငှက်တွေရှိနေလို့ အထဲဝင်ဖို့ အခွင့်မသာဘဲ အပြင်ပန်းကပဲ လေ့လာနိုင်ခဲ့တယ်”
“ဒါဆိုရင် သစ်သားသွေးကြောထဲမှာ ဘာတွေရှိနေလဲ ဆိုတာ မသိသေးဘူးပေါ့”
ရှန်းယွမ်လုံက မနေနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်မိသည်။ လုအော်ရင်ယွဲ့က ခေါင်းညိတ်ပြရင်း
“ဟုတ်တယ်၊ ဒါကြောင့် ဒီဝိညာဉ်သွေးကြောရဲ့ ချက်မအူတိုင်ကို သွားတဲ့အခါ သတိကြီးကြီး ထားဖို့လိုမယ်၊ ကံမကောင်းရင် အဆင့်၃ သစ်သားဓာတ်နတ်ဆိုးဝိညာဉ်နဲ့ ပက်ပင်းတိုးနိုင်တယ်”
ကျန်လူများအားလုံး လုအော်ရင်ယွဲ့၏စကားကို ခေါင်းညိတ်ပြလိုက်ကြသည်။ ထို့နောက်တွင် သူတို့အားလုံး အဝင်တံခါးကို ကျော်ဖြတ်ပြီး သစ်သားသွေးကြောအတွင်းသို့ ခြေချလိုက်တော့သည်။ ခြေလှမ်းအနည်းငယ် ဝင်ရောက်ပြီးနောက်တွင် စိမ်းလန်းသော သစ်ပင်၊ မြက်ခင်းပြင်တစ်ခုကို တွေ့ရသည်။ ဆေးဖက်ဝင် ဝိညာဉ်သစ်ဥသစ်ဖုများ၊ ပန်းမန်များကို အစုအပြုံလိုက် တွေ့လိုက်ရသောကြောင့် သူတို့အားလုံး ထခုန်မိမတတ် ဝမ်းသာသွားကြတော့သည်။ ပတ်ဝန်းကျင်လေထုထဲတွင်လည်း သစ်သားဓာတ်အခြေခံ ဝိညာဉ်ချီများ အလျှံပယ်ကြွယ်ဝလျက်ရှိသည်။
သစ်သားဓာတ်အခြေခံ နည်းစနစ်များနှင့် မန္တန်များကို သည်နေရာတွင် ကျင့်ကြံမည်ဆိုပါက ပုံမှန်ထက် ထက်ဝက်သာ အားစိုက်ရုံနှင့် ကျင့်ကြံနှုန်းနှစ်ဆကို ရရှိမည်ဖြစ်သည်။ နောက်ထပ် အနည်းငယ် ဆက်လျှောက်လိုက်ရာ အဖိုးတန်ရှားပါး ဝိညာဉ်ရတနာများကို များပြားစွာ တွေ့မြင်လာရပြန်သည်။ အပြင်ကမ္ဘာတွင် တွေ့ရခဲလှသည့် သစ်သားဓာတ် အခြေထံ ဝိညာဉ်ရတနာများကို သည်နေရာတွင် အမြောက်အများ တွေ့ရှိနေရသည်။ ထိုရတနာများထဲတွင် အထူးခြားဆုံးမှာ စစ်မှန်သော သစ်သားဓာတ် သလင်းကျောက်ပင်ဖြစ်သည်။ ထိုရတနာသည် အဆင့်၃ သစ်သားဓာတ် မန္တန်များကို ကျင့်ကြံရာတွင် အဓိကအသုံးပြုသည့် ထိပ်တန်းအဆင့် ဝိညာဉ်ရတနာဖြစ်သည်။
ပုံမှန်အားဖြင့် စျေးကွက်တွင်ရှိသော်လည်း အလျင်အမြန် ရောင်းကုန်သွားတတ်ကြသည်။ ကျန်းချန်ရွှမ်နှင့်တကွ လူအားလုံး၏ မျက်နှာတွင် ပျော်ရွှင်ကြည်နူးသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သည်ဝိညာဉ်သွေးကြောထံမှ ရရှိမည့် အရင်းအမြစ်မှာ မနည်းလှ၍ သူတို့နှစ်ဖွဲ့လုံး၏ အခြေခံအုတ်မြစ်ကို ဆထက်တိုး မြှင့်တင်နိုင်ရန် သေချာလုနီးပါးရှိနေသည်။ ထိုစဉ် ရုတ်တရက် နားကွဲလုမတတ် အော်သံကြီးတစ်ခုကို သူတို့အားလုံး ကြားမိလိုက်ကြသည်။
***