ဆင့်ကဲဓားချက်သုံးချက်
Vol. 8 Ch. 154
ကျန်းချန်ရွှမ်တို့နှင့် မနီးမဝေးတွင် သစ်သားဓာတ်အခြေခံ မိစ္ဆာဝိညာဉ် အမြောက်အများကို တွေ့လိုက်ရသည်။ မိစ္ဆာဝိညာဉ်များမှာ ပုံပန်းအသွင်အမျိုးမျိုးနှင့်ဖြစ်ပြီး လူဦးခေါင်းရှိသည့် သစ်ပင်များ၊ ပန်းပွင့်ခေါင်းလူကိုယ်ရှိသည့် သတ္တဝါများ၊ သစ်ပင်ပုံ မကောင်းဆိုးဝါးများစသဖြင့် အမျိုးစုံလှသည်။ သူတို့အားလုံးတွင် တူညီသည့်အချက်က ကျန်းချန်ရွှမ်တို့ကို အာသာပြင်းပြင်းနှင့် စူးရဲစွာ ကြည့်ရှုနေကြခြင်းပင်ဖြစ်သည်။ အဆိုပါမိစ္ဆာဝိညာဉ်များသည် လူသားများ အထူးသဖြင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အသွေးအသားများ၊ အရိုးများ၊ ကိုယ်အင်္ဂါများနှင့် ဝိညာဉ်များကို အထူးတပ်မက်နှစ်သက်ကြသူများ ဖြစ်ကြသည်။ ထိုတစ်ခဏတွင် နတ်ဆိုးများသည် ကျန်းချန်ရွှမ်တို့ထံ တစ်ဟုန်ထိုးပြေးဝင်လာကြတော့သည်။
မကြာခင် အသက်လုတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာတော့သည်။ ကံကောင်းသည်က အဆိုပါမိစ္ဆာများအနက် အဆင့် ၃ မိစ္ဆာဝိညာဉ်များ မပါဝင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့အနေနှင့် ပါဝင်တိုက်ခိုက်စရာပင် မလိုဘဲ သူတို့ခေါ်ဆောင်လာသော ကျင့်ကြံသူများဖြင့်ပင် အလွယ်ဖြေရှင်းနိုင်ပါသည်။ သို့သော် ထိုခဏတွင် အလွန်ချိုအီသော မွှေးရနံ့တစ်ခုကို ရရှိလိုက်ကြသည်။ ထို့နောက်တွင် သစ်သားဓာတ်မိစ္ဆာများကို တိုက်ပွဲဝင်နေသော ကျင့်ကြံသူများအားလုံး၏ လှုပ်ရှားမှုများမှာ နှေးကွေးလာပြီး တုံ့ပြန်ပုံများသည်လည်း ဒယိမ်းဒယိုင်ဖြစ်လာကြသည်။
“မကောင်းတော့ဘူး၊ ဝိညာဉ်ပြုစားရနံ့ပဲ”
အဆိုပါရနံ့သည် လူ၏အာရုံကြောများကို အားပြုတိုက်ခိုက်သည့် အဆိပ်လက်နက်တစ်မျိုးဖြစ်ပြီး ကိုယ်တွင်းရှိ အဆီအနှစ်ချီစွမ်းအင် လည်ပတ်မှုကို နှောင့်နှေးစေနိုင်သည်။ ထိုအချိန်တွင် လော့ရှားမန်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူအချို့နှင့် ရှန်းမျိုးနွယ်စုဝင်အချို့မှာ သစ်သားမိစ္ဆာများ လက်ချက်ကြောင့် နေရာတွင်ပင် အသက်ပျောက်ကုန်ကြသည်။
“မင်းတို့သေချင်ပြီထင်တယ်”
မေဖန်းဝူတစ်ယောက် ဒေါသထွက်သွားပြီး လက်ကိုမြှောက်လိုက်ရာ သိပ်သည်းပြင်းထန်သည့် လေပွေများသည် တဟူးဟူးအော်မြည်လျက် ဝိညာဉ်ပြုစားသည့် ရနံ့များကို အဝေးသို့ တိုက်ထုတ်လိုက်သည်။ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း လက်မနှေးဘဲ စတင်တိုက်ခိုက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ သစ်သားမိစ္ဆာများ ကုန်သလုနီးပါး ဖြစ်သွားသည်။ အဆိုပါမိစ္ဆာဝိညာဉ် အလောင်းများထံမှ မိစ္ဆာအမြုတေ အများအပြားကိုလည်း ရရှိလိုက်ကြသည်။ သည်အမြုတေများကို တန်ဖိုးကြီးဆေးပြားများ ဖော်စပ်ရာတွင် အဆင့်မြင့်ကုန်ကြမ်းပစ္စည်းများ အဖြစ် အဓိက အသုံးပြုကြသည်။ လိုအပ်သည်များကို သိမ်းဆည်းရယူပြီးသောအခါ လုအော်ရင်ယွဲ့က ဦးဆောင်ပြီး ဆက်လက်ခရီးနှင်လိုက်ကြသည်။
နောက်ထပ် သစ်သားမိစ္ဆာဝိညာဉ်များကို တစ်လှိုင်းပြီး တစ်လှိုင်း ရင်ဆိုင်ရပြန်သည်။ သို့သော် သူတို့မျှော်လင့်ထားသည့်အတိုင်း အဆင့် ၁ နှင့် ၂ မိစ္ဆာများသာ ဖြစ်သည့်အတွက် အလွယ်တကူပင် သုတ်သင်နိုင်ခဲ့ကြသည်။ သစ်သားဝိညာဉ်သွေးကြော၏ ဗဟိုချက်မသို့ ချဉ်းနင်းဝင်ရောက်လာမိချိန်တွင်တော့ အဆင့် ၃ မိစ္ဆာဝိညာဉ်များနှင့် စတင်ရင်ဆိုင်ကြရတော့သည်။ ကျန်းချန်ရွှမ်တို့အဖွဲ့ မိုးထိမြင့်မားသော သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော တောအုပ်အတွင်းသို့ ဝင်ရောက်မိချိန်တွင် အင်အားကြီးမားသော အော်ရာအများအပြား အလျင်အမြန် ချဉ်းကပ်လာသည်ကို ရုတ်တရက် ခံစားမိလိုက်ကြသည်။
ရှေ့သို့အနည်းငယ် မျှော်ကြည့်မိလိုက်ရာတွင် အဆင့် ၃ မိစ္ဆာဝိညာဉ် ၇ ကောင် သူတို့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်ကို တွေ့လိုက်ကြရတော့သည်။ ထိပ်ဆုံးမှ ဦးဆောင်လာသော မိစ္ဆာသည် အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိ ဝိညာဉ်ဖြစ်နေသည်ကို ကျန်းချန်ရွှမ်တို့မြင်လျှင် မျက်နှာများ တင်းမာသွားကြသည်။ ထိုစဉ် လုအော်ရင်ယွဲ့က
“တာအိုမိတ်ဆွေ ယွမ်လုံ၊ အကြီးအကဲမေ၊ ချန်းရွှမ်နဲ့ ရူယန် ရှင်တို့လေးယောက်က ကျန်တဲ့ အဆင့် ၃ မိစ္ဆာတွေကို တာဝန်ယူပါ၊ ကျွန်မက ခေါင်းဆောင်မိစ္ဆာကို ထိန်းထားမယ်”
ကျန်းချန်ရွှမ်တို့လေးဦးလည်း ခေါင်းညိတ်လိုက်ကြသည်။ ရှန်းယွမ်လုံနှင့် မေဖန်းဝူတို့သည် ကျီဖုနယ်ပယ် အလယ်အဆင့် ကျင့်ကြံသူများဖြစ်သလို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ကျီဖုနယ်ပယ် ဒုတိယအဆင့်သာ ရှိသော်လည်း တိုက်ပွဲဝင်စွမ်းရည်မှာ ကျီဖုအလယ်အဆင့် ကျင့်ကြံသူများထက် နိမ့်ကျခြင်းမရှိ ၍ အဆင့် ၃ သစ်သားဓာတ် မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ရာတွင် အခက်အခဲမရှိပါ။ သူတို့လေးဦး ချိတ်ဆက်တိုက်ပွဲဝင်ပါက အဆိုပါနတ်ဆိုးများကို တစ်ချီတည်း သုတ်သင်နိုင်ရန်ပင် အခွင့်အရေးရှိပါသေးသည်။ မကြာမီတွင် ကျီဖုအဆင့် တိုက်ပွဲကြီး စတင်ပါတော့သည်။
ကျန်းချန်ရွှမ်ရင်ဆိုင်ရသော ရန်သူမှာ အဆင့် ၃ အနိမ့်စား မိစ္ဆာဝိညာဉ်တစ်ကောင် ဖြစ်သည်။ ကျန်းချန်ရွှမ်က တုံ့နှေးခြင်းမရှိဘဲ အဇူရာဧကရာဇ် ကောင်းကင်ဘုံရန်နှိမ် နတ်ဘုရားစွမ်းအားကို တစ်ပါတည်း ထုတ်ဖော်လိုက်သည်။ ထုထည်များပြားသော သစ်သားချီလှိုင်းများက ကျန်းချန်ရွှမ်လက်ထဲသို့ အဟုန်ဖြင့် စီးဝင်လာကြသည်။ သူတို့ရောက်ရှိသောနေရာမှာ အဆင့် ၃ သစ်သားသွေးကြော၏ ချက်မနေရာအနီးဖြစ်၍ သစ်သားဓာတ်ချီများမှာ အထူးပေါများလှသည်။ ထို့ကြောင့် သစ်သားဓာတ် အခြေခံသော နတ်ဘုရားစွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မကြာမီ သစ်သားချီများသည် ပေ ၁၀၀ ခန့်ရှည်လျားသည့် ဧရာမဓားပြားကြီးအဖြစ်သို့ စုစည်းမိကြသည်။
တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ အနောက်တွင် အရိပ်သတ္တဝါကြီးတစ်ကောင် ပေါ်လာပြီး ကျန်းချန်ရွှမ် ဓားကိုဝှေ့ယမ်းတိုက်ခိုက်ချိန်တွင် အဆိုပါအရိပ်ကြီးသည်လည်း တစ်ပါတည်း လိုက်ပါလှုပ်ရှားပြီး ရန်သူကို တစ်ဆက်တည်းတိုက်ခိုက်လိုက်သည်။ ထိုတစ်ခဏတွင် တိုက်ပွဲဧရိယာ၏ ပတ်ပတ်လည်ကို ပြင်းထန်သည့် ဖိအားလှိုင်းတစ်ခုက ဖိဆောင့်လိုက်ပြီး နတ်ဆိုး၆ကောင်၏ လှုပ်ရှားမှုများ နှေးကွေးသွားတော့သည်။ ရှန်းယွမ်လုံနှင့် ကျန်နှစ်ဦးလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ တရစပ်တိုက်ခိုက်လိုက်ရာ အချိန်တိုအတွင်း မိစ္ဆာဝိညာဉ်နှစ်ကောင် ဒဏ်ရာအကြီးအကျယ် ရရှိသွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရင်ဆိုင်နေသော အဆင့် ၃ မိစ္ဆာ၏ ခန္ဓာကိုယ်သည်လည်း တစ်ချိန်တည်းတွင် တောင့်တင်းအေးစက်သွားရာ ကျန်းချန်ရွှမ်၏ အဇူရာဧကရာဇ် ဓားချက်စာမိပြီး နေရာတွင်ပင် ပေါက်ကွဲသွားတော့သည်။ ထူးဆန်းသည့်တစ်ချက်က ကျန်းချန်ရွှမ်၏ ဓားချက်မိသွားသော မိစ္ဆာ၏ကိုယ်သည် တစ်စစီ ပေါက်ကွဲသွားသော်လည်း ခန္ဓာကိုယ်အစအနများမှာ ပြန့်ကျဲသွားရမည့်အစား အဇူရာဧကရာဇ် ကောင်းကင်ဘုံရန်နှိမ်ဓား အတွင်းသို့ ဝဲဂယက်ပမာ ဝင်ရောက်သွားခြင်းဖြစ်သည်။ ထိုခဏတွင် ကျန်းချန်ရွှမ် တစ်စုံတစ်ခုကို ကောင်းစွာနားလည်လိုက်သည်။
သူ၏နတ်ဘုရားစွမ်းအားသည် ဒဏ်ရာများကို ပြန်လည်ကုစားပေးနိုင်ရုံမက ရန်သူ၏ အသက်ဓာတ်စွမ်းအင်ကိုပါ စုပ်ယူ၍ နောက်ထပ် ဆင့်ကဲဓားချက်တစ်ခုကိုပါ ဆက်လက်ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ အရောင်လက်သွားပြီး တုံ့ဆိုင်းခြင်းမရှိ ဒုတိယဓားချက်ကို ထုတ်ဖော်လိုက်သည်။ သည်တစ်ခါပစ်မှတ်မှာ ရှန်းရူယန်နှင့် ရင်ဆိုင်နေသော အဆင့် ၃ အနိမ့်စား မိစ္ဆာဝိညာဉ်ဖြစ်သည်။ ကျန်းချန်ရွှမ်၏ ဧရာမဓားပြားကြီး ကောင်းကင်ထဲမှ ဝဲလျက်ကျဆင်းလာချိန်တွင် အဆိုပါမိစ္ဆာ၏ ခန္ဓာကိုယ်သည် ရေခဲပမာ တောင့်တင်းသွားပြန်သည်။ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ကျန်းချန်ရွှမ်၏ ဓားပြားကြီးက သူ့ကိုယ်ပေါ် ကျရောက်သွားပြီး အသက်ဓာတ်အားလုံးကို စုပ်ယူလိုက်ရာ ကျန်ရစ်ခဲ့သော အလောင်းမှာ ရေဓာတ်ကုန်ခန်းသကဲ့သို့ ခြောက်လျက်သားကျန်ခဲ့တော့သည်။
အဆိုပါမြင်ကွင်းကြောင့် လုအော်ရင်ယွဲ့အပါအဝင် လူအားလုံး တုန်လှုပ်သွားကြသည်။ ကျန်းချန်ရွှမ်၏ နတ်ဘုရားစွမ်းအားသည် သူတို့မြင်ဖူးတွေ့ဖူးသည်များနှင့် များစွာခြားနားနေသည့်အပြင် နတ်ဆိုးကျင့်ကြံသူများ အသုံးပြုသည့် နတ်ဘုရားစွမ်းအားများနှင့် ဆင်တူနေသောကြောင့်ဖြစ်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားစွမ်းအားများနှင့် မတူညီသည့်အချက်က ကျန်းချန်ရွှမ်၏ နတ်ဘုရားစွမ်းအားသည် နက်ရှိုင်းအဆင့်မြင့်သလို တင့်တယ်သည့်အသွင်ဆောင်ပြီး ကောက်ကျစ်စဉ်းလဲသည့် အရိပ်အငွေ့များကိုပင် တစိုးတစိမျှ မတွေ့ရခြင်းဖြစ်သည်။
ဘုန်း!
ထိုစဉ် ပထမနှင့် ဒုတိယဓားချက်များထက် အဆများစွာ ပိုမိုပြင်းထန်သော တတိယဓားချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ပြန်သည်။ သည်တစ်ခါပစ်မှတ်က ရှန်းယွမ်လုံရှေ့မှောက်ရှိ အဆင့် ၃ အလယ်အလတ်အဆင့် မိစ္ဆာဝိညာဉ်ဖြစ်သည်။ ကျန်းချန်ရွှမ်၏ ဓားချက်က အဆိုပါမိစ္ဆာကို တန်းတန်းမတ်မတ် ထိမိသွားသည်။ သို့သော် သည်မိစ္ဆာဝိညာဉ်သည် ကျန်းချန်ရွှမ်သတ်ဖြတ်ခဲ့ပြီးသော အဆင့် ၃ အနိမ့်စား နှစ်ကောင်ထက် ခံနိုင်ရည်များစွာ မြင့်မားသည့်အတွက် တစ်ခါတည်း သေဆုံးသွားခြင်းမရှိဘဲ ဒဏ်ရာအကြီးအကျယ် ရရှိသွားသည်။ သို့သော် ကျန်းချန်ရွှမ်အနေနှင့် စတုတ္ထဓားချက်ကို ဆက်လက်ဖော်ထုတ်နိုင်စွမ်း မရှိတော့ပါ။ လတ်တလောတွင် သူ့အနေနှင့် သုံးချက်သာ အများဆုံး အသုံးပြုနိုင်ပြီး ထိုထက်အသုံးပြုပါက နတ်ဘုရားစွမ်းအား၏ တန်ပြန်ဆိုးကျိုးကို ခံစားရမည်ဖြစ်သည်။
သို့သော် ကျန်းချန်ရွှမ်အတွက် အသုံးပြုစရာလည်း မလိုတော့ပါ။ ဒဏ်ရာအကြီးအကျယ် ရရှိသွားသော မိစ္ဆာဝိညာဉ်ကို ရှန်းယွမ်လုံက စကြဝဠာဗလာနယ်ဓားကို အသုံးပြုလျက် အဆုံးသတ်ပေးလိုက်သည်။ နတ်ဆိုး၏ဦးခေါင်းမှာ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်ကြီးသည်လည်း နေရာမှာပင် ပေါက်ကွဲသွားတော့သည်။
***