ရှန်းမိသားစုကို ခွဲချိန်တန်ပြီလား
Vol. 8 Ch. 156
သစ်သားသွေးကြော၏ အဆင့်အတန်းအရ နောက်နှစ်ငါးဆယ်ကြာတိုင်း အဆင့် ၃ သစ်သားဓာတ်အခြေခံ ဝိညာဉ်ရတနာများကို ဆက်လက်ထုတ်လုပ်ပေးနိုင်မည်ဟု ခန့်မှန်းရသည်။ နောက်ထပ် အဇူရာနဂါး သလင်းကျောက်ကိုပင် ပျိုးထောင်နိုင်ချေ ရှိသည့်အတွက် ရှန်းမျိုးနွယ်စုနှင့် လော့ရှားမန်ဂိုဏ်းတို့အကြား သယံဇာတ ရင်းမြစ်များ ခွဲဝေမည့်အရေးကို ကြိုတင်ဆွေးနွေးထားရန် လိုအပ်ပါသည်။ သည်အချက်ကိုလည်း နှစ်ဖက်စလုံး သဘောပေါက်ပြီးဖြစ်သည်။
နှစ်ဖက် အကျေအလည် ညှိနှိုင်းရင်း နောက်ဆုံးတွင် သဘောတူညီမှုရလိုက်သည်။ ထွက်ပေါ်လာမည့် ဝိညာဉ်ရတနာများကို ရှန်းမျိုးနွယ်စုနှင့် လော့ရှားမန်ဂိုဏ်းတို့ အညီအမျှခွဲဝေရမည်ဖြစ်သည်။ ပထမဆုံးရရှိမည့် သလင်းကျောက်ကို လော့ရှားမန်ဂိုဏ်းက ရယူမည်ဖြစ်ပြီး နောက်ထပ်ပေါ်လာမည့် သလင်းကျောက်ကို ရှန်းမိသားစု ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ သစ်သားသွေးကြော၏ လုံခြုံရေးကိုမူ နှစ်ဖက်စလုံးမှ တာဝန်ယူရမည်ဖြစ်ပြီး ပထမဆုံး ဆယ်နှစ်ကို လော့ရှားမန်ဂိုဏ်းက တာဝန်ယူရပါမည်။
သဘောတူညီမှုရပြီးနောက်တွင် သစ်သားသွေးကြောကို ကာကွယ်ရန် အစီအရင်အကွက်များ နေရာချထားကြသည်။ ဦးဆောင်သူမှာ ထုံးစံအတိုင်း အဆင့် ၃ အစီအရင်ပညာရှင်ဖြစ်သည့် လုအော်ရင်ယွဲ့ ပင်ဖြစ်သည်။ သွေးကြောကို စေ့စပ်စွာ ကာကွယ်မိရန် သုံးလကြာအချိန်ယူပြီး စိုက်ထူခဲ့ရသည်။ နောက်ဆုံးတွင် လုအော်ရင်ယွဲ့သည် အစီအရင်အကွက်ကို ထိန်းချုပ်သည့် စီရင်ပြားကို မေဖန်းဝူလက်ထဲထည့်ပြီး အနည်းငယ်မှာကြားနေသည်ကို တွေ့ရသည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်တို့အားလုံး သစ်သားသွေးကြောကြီးထဲမှ ထွက်လာခဲ့ကြတော့သည်။
အပြင်ရောက်လျှင် လုအော်ရင်ယွဲ့က
“အားလုံးပဲ လာရင်းကိစ္စအထမြောက်ခဲ့ပြီဆိုတော့ လမ်းခွဲကြရအောင်၊ လိုတာရှိရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်”
ထိုအခါ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းယွမ်လုံတို့သည်လည်း ပြုံးလျက် နှုတ်ဆက်လိုက်ကြသည်။ ထို့နောက်တွင် လုအော်ရင်ယွဲ့နှင့် မေဖန်းဝူတို့ ဦးဆောင်သော လော့ရှားမန်ဂိုဏ်းသားတို့သည် အလိုရှိရာသို့ လမ်းခွဲထွက်ခွာသွားကြတော့သည်။ ရှန်းယွမ်လုံကလည်း ရှန်းမျိုးနွယ်စုဝင်များကို ကြည့်ပြီး
“ငါတို့လည်း ပြန်ကြစို့၊ တောက်မင်တို့ မျှော်နေရော့မယ်”
ထို့နောက် ရတနာလှေကို ထုတ်ယူလိုက်ပြီး ဟွားဝူတောင်ကို အောင်မြင်စွာ ပြန်လာခဲ့ကြတော့သည်။ သူတို့ပြန်ရောက်သည့်သတင်းက မိသားစုတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ကျန်းချန်ရွှမ်တို့နှင့်အတူ ပါလာသည့် ရတနာပစ္စည်းများ အကြောင်းကို ကြားသိရလျှင် မိသားစုဝင်အားလုံး ထခုန်မိမတတ် ဝမ်းမြောက်ကုန်ကြသည်။ အဇူရာနဂါး သစ်သားသလင်းကျောက်နှစ်ခု၊ အဆင့် ၃ နတ်ဆိုးသားရဲဥနှင့် အဆင့် ၃ မိစ္ဆာအမြုတေများအပြင် သစ်သားဓာတ် ဝိညာဉ်ရတနာ အမြောက်အများ ပါလာသည်ကို သိလျှင် လူအားလုံး စိတ်လှုပ်ရှားကုန်ကြသည်။
အဇူရာနဂါး သစ်သားသလင်းကျောက်သည် ကျီဖုနယ်ပယ်သို့ တက်လှမ်းရာတွင် အလွန်အထောက်အကူပြုသည့်အပြင် နတ်ဆိုးသားရဲဥမှ ပေါက်ဖွားလာမည့် အဆင့် ၃ လျှပ်စီးလေငှက်သည်လည်း မိသားစု၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေပါလိမ့်မည်။ အဆင့် ၃ မိစ္ဆာအမြုတေများသည်လည်း အခြေခံတည်ဆောက်ခြင်း အဆင့် ဆေးပြားများ ဖော်စပ်ရာတွင် အဓိက အသုံးပြုနိုင်သည်။ ခန့်မှန်းခြေအရ အဆိုပါ အမြုတေနှစ်ခုမှ ဆေးပြား ၆ ပြားမှ ၁၀ ပြားအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရသည်။ သည်တစ်ခေါက်ခရီးမှ ရှန်းမိသားစုအတွက် အကျိုးအမြတ် အတော်လေးဖြစ်ထွန်းခဲ့သည်ဟု ဆိုရမည်။
လူအားလုံးပြုံးပျော်နေကြချိန် ရှန်းရူယန်တစ်ယောက်ကတော့ မျက်နှာသာယာခြင်းမရှိပါ။ အကြောင်းမှာ ကျန်းချန်ရွှမ်တစ်ယောက် အဇူရာနဂါး သစ်သားနဂါး သလင်းကျောက်နှစ်ခု ရရှိလာကြောင်းကို ရှန်းပိုင်ဖေး၊ ရှုန်းဝမ်တောက်နှင့် ရှန်းရူရွှမ်တို့လူစု သတင်းရလျှင်ရချင်း သူတို့နေထိုင်ရာ ကျောက်စိမ်းပျံဂူသို့ လာရောက်အရေးဆိုကြ၍ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ သူတို့သုံးယောက်လုံးအနေနှင့် ကျီဖုအဆင့်ကို တက်လှမ်းရန် ယုံကြည်ထားကြသည့်အတွက် သလင်းကျောက်နှစ်ခုကို လာရောက်တောင်းယူကြခြင်း ဖြစ်သည်။ အမှန်တွင် ကျန်းချန်ရွှမ်အနေနှင့် သလင်းကျောက်နှစ်ခုကို လဲလှယ်ခဲ့သည်မှာ သူ၏နတ်ဘုရားစွမ်းအားတစ်ပါးဖြစ်သည့် အဇူရာဧကရာဇ် ကောင်းကင်ဘုံ ရန်နှိမ်ဓားကို ပျိုးထောင်လို၍ဖြစ်သည်။
ရှန်းရူယန်က ကျန်းချန်ရွှမ်မျက်နှာအား အတန်ကြာ ငေးကြည့်နေပြီးနောက်
“ယောက်ျား ဘိုးဘိုး ၅ ပြောဖူးတဲ့စကားကို မှတ်မိလား၊ တစ်ချိန်ချိန်မှာ ကျွန်မတို့နှစ်ယောက် ရှန်းမိသားစုကို စွန့်ခွာလာချင်လိမ့်မယ်တဲ့၊ အခု အဲဒီအချိန်ရောက်လာပြီလို့ ထင်တယ်”
ကျန်းချန်ရွှမ်က တစ်စုံတစ်ရာမတုံ့ပြန်ဘဲ အဝေးတစ်နေရာသို့ ငေးလျက် နက်နက်နဲနဲ စဉ်းစားနေမိသည်။ ရှုန်းဝမ်တောက်တို့လူစု သူ့ထံမှ သလင်းကျောက်ရယူလိုခြင်းမှာ ကျင့်ကြံသူအများစု၏ သဘောသဘာဝသာ ဖြစ်ပြီး သူ့အနေနှင့် ရှုံ့ချစရာမရှိပေ။ သို့သော် သည်တစ်ခါ သလင်းကျောက်များကို မိသားစုအကျိုးကို ရှေးရှု၍ အပ်လိုက်လျှင် နောင်အနာဂတ်တွင်လည်း သူတို့ကြိုးစားရှာဖွေထားသည့် ပစ္စည်းများကို မိသားစုလက်ထဲ အပ်နှံရဦးမည်လား။ အထူးသဖြင့် သူတို့နှစ်ဦး အသည်းအသန်လိုအပ်နေသည့် ရတနာမျိုးဆိုလျှင်ရော။
ထိုအခါ သူတို့နှစ်ဦးနှင့် မိသားစုဝင်များ အကြားတွင် ပဋိပက္ခများ၊ နားလည်မှုလွဲမှားခြင်းများ ပေါ်ပေါက်လာနိုင်သည်။ ကျန်းချန်ရွှမ်အတွက် သူနှင့်ရူယန်တို့၏ အနာဂတ်ထက် အရေးကြီးသည့်အရာ မရှိဟု မှတ်ယူထားပြီးဖြစ်သည်။ ထိုအချက်ကို ရှန်းရူယန်လည်း စဉ်းစားမိဟန်တူသည်။ ထို့ကြောင့်သာ မိသားစုမှ ထွက်ခွာရန် အဆိုပြုလာခြင်းဖြစ်လိမ့်မည်။ အတန်ကြာ စဉ်းစားနေပြီးနောက် ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“မိန်းမပြောတာမှန်တယ်၊ ဒီပြဿနာကို အနှေးနဲ့အမြန် ရင်ဆိုင်ရတော့မယ်။ ဒါပေမဲ့ လောလောဆယ် ဘိုးဘိုး ၅ နဲ့ အစ်ကိုတောက်မင်တို့ကို အရင်ပြောပြပြီး ဆွေးနွေးကြည့်ရအောင်”
သူတို့နှစ်ဦးအနေနှင့် မိသားစုမှ ထွက်ခွာသည့်တိုင် ကောင်းသောလမ်းခွဲခြင်းမျိုးနှင့်သာ နှုတ်ဆက်ထွက်ခွာလိုပါသည်။ အထူးသဖြင့် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ကို မျက်နှာမပျက်စေချင်ပါ။ ရှန်းမိသားစုထံမှ ကတ္တီပါလမ်းခွဲမျိုးနှင့်သာ ထွက်ခွာရန် ကျန်းချန်ရွှမ်တို့နှစ်ဦး ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား ဟွားဝူတောင်ထွတ်သို့ ထွက်ခွာလာကြတော့သည်။ တောင်ထွတ်ရောက်လျှင် ရှန်းယွမ်လုံကို အခန့်သားတွေ့ရသည်။ ရှန်းယွမ်လုံသည် သူတို့နှစ်ဦးကိုမြင်လျှင် နာကျင်စွာပြုံးလိုက်ပြီး
“မင်းတို့နှစ်ယောက် ငါ့ဆီလာမယ်ဆိုတာ ငါသိပါတယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဘိုးဘေးဖြစ်သူ၏ စကားကိုကြားလျှင် စိတ်တွင် တစ်မျိုးတစ်မည်ဖြစ်သွားကြသည်။ ရှန်းယွမ်လုံမှာ သူတို့ရင်ဆိုင်လာရမည့် ပြဿနာများကို ကြိုတင်သိရှိပြီး ဖြစ်ဟန်တူသည်။ ထိုစဉ် ရှန်းတောက်မင်သည်လည်း တောင်ထွတ်ပေါ်သို့ ရောက်ရှိလာပြန်သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးကိုမြင်လျှင် သူ၏တုံ့ပြန်မှုသည်လည်း ရှန်းယွမ်လုံနည်းနှင်ဖြစ်သည်။ သို့သော် ရှန်းတောက်မင်က တည့်တိုးပိုဆန်သည်။ ကျန်းချန်ရွှမ်တို့ကို သေချာစိုက်ကြည့်ပြီးနောက် မချိပြုံးပြုံးလိုက်ရင်း
“ညီမလေးနဲ့ ယောက်ဖ မင်းတို့နှုတ်ဆက်မလို့ လာတာမလား”
ရှန်းတောက်မင်က ရှုန်းဝမ်တောက်တို့လူစုကို လျစ်လျူရှုရန်၊ ဂရုမစိုက်ရန် စသည်ဖြင့် ဖျောင်းဖျနှစ်သိမ့်မနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။ ထိုလူစုကို တားမြစ်၍ရမည် မဟုတ်မှန်းလည်း နားလည်ထားပုံရသည်။ ရှန်းယွမ်လုံက သူတို့နှစ်ဦးကို ကြည့်ရင်း အတန်ကြာတွေးတောနေပြီးမှ
“ဖြစ်ခဲ့တာအားလုံး ငါကြားပြီးပါပြီ၊ သူတို့အနေနဲ့ မင်းတို့ကို အခက်တွေ့အောင် လုပ်ခဲ့တာ အမှန်ပဲ၊ ဒီအတွက် မင်းတို့ ဒီမိသားစုကို စွန့်ခွာလိုတဲ့ ဆန္ဒကိုလည်း ငါနားလည်ပါတယ်။ ငါအရင်ကမင်းတို့ကိုပြောဖူးတယ်၊ တစ်နေ့နေ့ မင်းတို့ဒီကနေ ထွက်သွားချင်တဲ့ ဆန္ဒရှိလာရင် နောက်ဆံမတင်းဘဲ ထွက်သွားလို့ရတယ်လို့ ငါပြောခဲ့တယ်၊ ဒီနေ့လည်း ဒီစကားကိုပဲ ထပ်ပြောမယ်။ မင်းတို့ ဒီမိသားစုကို စွန့်ခွာချိန်တန်ပြီလို့ထင်ရင် အားနာမနေဘဲ ထွက်သွားလိုက်ပါ၊ ငါခွင့်ပြုတယ်”
ထို့အနောက် ရှန်းတောက်မင်ကလည်း
“ဘိုးဘိုး ၅ ပြောတာမှန်တယ် ချန်ရွှမ်နဲ့ ရူယန်၊ မင်းတို့ရဲ့ပါရမီကြောင့် ဒီနေရာထက် အများကြီးခမ်းနားကျယ်ပြောတဲ့ ကျင့်ကြံခြင်းလောကကို သွားဖို့လိုနေပြီ။ မင်းတို့ဆုံးဖြတ်ချက်ကို ငါအပြည့်အဝထောက်ခံပါတယ်”
***